Friday, December 13, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - အဋ္ဌမပိုင်း

December 12, 2013 at 4:33am

 
“ပြည်လုံးဆိုင်ရာ စစ်အစိုးရဆန့်ကျင်ရေး ညီလာခံ”ကြီးသို့ ကိုယ်စားလှယ်များအဖြစ် ပြည်တွင်းမှ GSC (General Srtike Committee) အထွေထွေသပိတ်ကော်မတီမှ ကျောင်းဆရာမြင့်လှိုင်နှင့် ဂျီအက်စ်စီဥက္ကဋ္ဌ ဆေးကျောင်းသား ကိုဇော်ထွန်းတို့လည်း တက်ရောက်ကြသည်။ ညနေရေချိုးဆင်းချိန်တွင် ကိုမြင့်လှိုင်က ကျွန်တော့်အား “ဟေ့လူ ကျုပ်ကဦးသန့်တုန်းကထောင်ကျခဲ့တဲ့ ဆရာမြင့်လှိုင်ပဲ။ ခင်ဗျားက ကျောင်းသားဥက္ကဋ္ဌ လုပ်ရမှာ မဟုတ်ဘူး၊ ကျုပ်လူမိုးသီးဇွန် လာလိမ့်မယ် ခင်ဗျား ဆင်းပေးပါ” လို့ စော်ကားမော်ကား ပြောလာခဲ့ပါသည်။ ကျွန်တော်က “မင်းကဘာကောင်မို့လို့ ငါကဆင်းပေးရမှာလဲ မင်းကိုလည်း ငါမသိဘူး” လို့ပြောတော့ သူက “အံမာ မင်းက ဘာမို့လို့ ငါ့မသိရတာလဲ ဦးသန့်ကလူတိုင်း ငါ့ကိုသိတယ်” ဆိုပြီး ထိုးမယ့်ဟန်နင့်ရှေ့ကိုတိုးလာခဲ့သည်။
ကျွန်တော်ကလည်း ဗလာချီလာစော်ကားနေသည့်သူကို ရင်ဆိုင်ရန်ရှေ့သို့တက်ပြီး ထွက်လာစဉ် ကျွန်တော့်ဘေးတွင် ရောက်နေသည့် ဗဟိုကော်မတီဝင် အာကာစိုးနောင်က “ကျုပ်တို့ ဥက္ကဋ္ဌကို ခင်ဗျား ဘာစော်ကားတာလဲ” ဆိုပြီး ရှေ့ကို တိုးသွားသည့်အခါ ၎င်းသည် နောက်ဆုတ်ပြီး ထွက်သွားခဲ့သည်။ ကျွန်တော် သူ့ကို အမှန်တကယ် မသိခဲ့ပါ။ နောက်ပိုင်းမှ ၎င်းသည် အင်းစိန်ထောင်ရှိ တွဲဘက်ဆောင်တွင် နေရတာ သိရှိခဲ့ရသည်။ ကျွန်တော်က ဦးသန့်မှာ ကိုတင်မောင်ဦးနှင့်အတူ ရှောင်ထွက်သွားပြီး ဂျွန်အရေးအခင်းဆက်လုပ်ပြီး နောက်မှ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုနှင့် တစ်သက်တစ်ကျွန်းကျပြီး ဦးသန့်က လူတွေထားသည့် တွဲဘက်ထောင်သို့ မရောက်ဘဲ ထောင်မကြီး (၃) ဆောင်မှာ နေရသဖြင့် ထောင်ထဲမှာ မဆုံဖြစ်ခဲ့။ သူ့ကို မသိရ ကောင်းလားဟု ရန်စကားပြောသည်မှာ အတော်တော့ လူမိုက်ဆန်သည်ဟု ထင်မိသည်။

“ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံ” အစည်းအဝေး တတိယနေ့၌ အားလုံးပါဝင်သည့် အဖွဲ့ချုပ်ကြီး အမည်ပေးရန် ဆွေးနွေးကြရာတွင် ကေအိုင်အေဥက္ကဋ္ဌကြီး ဘရန်ဆိုင်းက “Democratic Alliance of Burma (DAB) မြန်မာပြည်ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်” ဟု မှည့်ရင်ကောင်းမလားဟု အကြံပြုသည်။ တိုင်းရင်းသားခေါင်းဆောင် တော်တော်များများကလည်း ထောက်ခံကြသည်။ ထိုစဉ် ကေအင်န်ယူ ဒုဥက္ကဋ္ဌကြီး ဖဒိုစောသန်းအောင်က “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်ဆိုရင်ကော မကောင်းဘူးလား” ဟု အဆိုပြုလာသည်။ အစည်းအဝေး တက်သူတွေ ဘာပြောရမှန်းမသိအောင် ဖြစ်သွားကြသည်။ ကေအင်န်ယူနှင့် ကေအိုင်အေ ခေါင်းဆောင်ကြီး နှစ်ယောက်၏ အဆိုကို မည်သည့်အဆိုကို အတည်ပြုမလည်းဆိုသည်မျိုး ဖြစ်လာသည်။ ထိုအခါ ဥက္ကဋ္ဌကြီးဘရန်ဆိုင်းက ခေါင်းဆောင်ပီသမှု၊ အမြင်ကျယ်မှုကို ပြသခဲ့သည်။ အမည်သည် အရေးမကြီးဘဲ ညီညွတ်ရေးရဖို့၊ တစ်ဦးကို တစ်ဦးနားလည်မှုယူနိုင်ဖို့သည် အရေးကြီးသည်ကို ပြသသည့်အနေနှင့် ဘရန်ဆိုင်းက “ကျွန်တော် အမည်တင်သွင်းတာကို ရုတ်သိမ်းပါတယ်၊ ဥက္ကဋ္ဌကြီး ဖဒိုစောသန်းအောင် တင်ပြတဲ့အမည်ဟာ အလွန်သင့်လျော်တဲ့အမည်ပါ”လို့ ပြောလိုက်သည်။ အားလုံးက ထိုအခါမှ ဖဒိုစောသန်းအောင်အဆိုကို ထောက်ခံကြသည့်အခါ ထိုအမည်ကို အတည်ပြုရန် ဆုံးဖြတ်မည့်အချိန်တွင် ကျွန်တော်မှထပြီး “အခုဥက္ကဋ္ဌကြီး စောသန်းအောင်တင်တဲ့အဆိုကို ကျွန်တော်ကန့်ကွက်ချင်လို့ မဟုတ်ပါ၊ ဥက္ကဋ္ဌကြီးပေးတဲ့ အမည်က ပြည်တွင်းက ဦးနုပါတီနဲ့ သွားပြီးဆင်နေပါတယ်၊ ဦးနုကလည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ထောင်ထားပါတယ်။ ရွေးချင်လည်း ရွေးကြပါ တင်ပြတာပါ” ဟု ပြောလိုက်သည့်အခါ ဖဒိုစောသန်းအောင်က ပြာပြာသလဲထပြီး “ဒီလိုဆိုရင် ဥက္ကဋ္ဌကြီးဘရန်ဆိုင်းပေးတဲ့အမည်ကို ပြန်ရွေးကြပါ၊ ကျွန်တော့အမည်ကို ပြန်ရုတ်သိမ်းပါတယ်” ဟုပြောပြီး သူ့အဆိုကို ရုတ်သိမ်းသွားသည့်အတွက် ညီလာခံကြီးမှ Democratic Alliance of Burma (DAB) မြန်မာပြည် ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်အမည်ကို တစ်ခဲနက်ထောက်ခံအတည်ပြုလိုက်ပါသည်။ ကျွန်တော်က “BAD ရဲ့ ဗြောင်းပြန်က DAB ဖြစ်တဲ့အတွက် BAD ရဲ့ ဆန့်ကျင်ဘက် GOOD လို့ အဓိပ္ပါယ်ရတာပေါ့ဗျာ” ဟု ပြောခဲ့ပါသည်။

ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံ (၁၉၈၈ ခုနှစ်၊ ၁၁ လ၊ ၁၄ ရက်နေ့) သို့တက်ရောက်လာသည့် ABSDF ကိုယ်စားလှယ်ကျောင်းသားခေါင်းဆောင်များ

ရှေ့တန်း ဘယ်မှညာသို့- ကိုကိုဦး (ဆလိုင်း)၊ ကိုသန်းဝင်း (အင်္ကျီအဖြူ)၊ ကိုထွန်းအောင်ကျော်

နောက်တန်း ဘယ်မှညာသို့- ကိုအောင်နိုင် (သန်းလွင်ထွန်း၊ ဗီအိုအေ)၊ ကိုဝင်းမိုး (ဦးထုတ်ဆောင်းထားသူ)
ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံ (၁၉၈၈ ခုနှစ်၊ ၁၁ လ၊ ၁၄ ရက်နေ့) သို့တက်ရောက်လာသည့် ABSDF ကိုယ်စားလှယ်ကျောင်းသားခေါင်းဆောင်များ ရှေ့တန်း ဘယ်မှညာသို့- ကိုကိုဦး (ဆလိုင်း)၊ ကိုသန်းဝင်း (အင်္ကျီအဖြူ)၊ ကိုထွန်းအောင်ကျော် နောက်တန်း ဘယ်မှညာသို့- ကိုအောင်နိုင် (သန်းလွင်ထွန်း၊ ဗီအိုအေ)၊ ကိုဝင်းမိုး (ဦးထုတ်ဆောင်းထားသူ)

DAB ဥက္ကဋ္ဌနေရာများကို ရွေးချယ်ပြီးနောက် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်မောင်ဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) အဖြစ် နိုင်ဟံသာကို ရွေးချယ်ပြီးနောက် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် တိုင်းရင်းသားအဖွဲ့များက ကျွန်တော့်ကို အဆိုပြုသည့်အခါ ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦးတို့က တွဲဖက် အတွင်းရေးမှူးနေရာကို မယူဘဲ ကိုအောင်နိုင်ကို ပေးရန် ဝိုင်းပြီးတိုက်တွန်းကြပါသည်။ သို့ရာတွင် ဗကသအုပ်စုသည် ကျွန်တော်တို့ကို အမြဲအတိုက်အခံ ပြုနေသဖြင့် လူ့သဘောအရ မိမိကို အတိုက်အခံပြုသူကို ရွေးမည်လော၊ မိမိနှင့် ရင်းနှီးကျွမ်းဝင်သူကို ရွေးချယ်မည်လောဟု စဉ်းစားရာ၌ ကိုယ်နှင့်အလုပ်တွဲလုပ်နိုင်မည့်သူကိုသာ ရွေးချယ်မည် ဖြစ်သည်။ ကျွန်တော့်အနေနှင့် KNU၊ KIO၊ NMSP ဥက္ကဋ္ဌကြီးများ DAB တွင် ဥက္ကဋ္ဌနေရာများကို ဆက်လက် ယူထားသည်ကို သိမြင်၍ ကျွန်တော့်အနေနှင့် ယခုဖွဲ့စည်းလိုက်သော DAB အဖွဲ့ကြီးတွင် တွဲဖက်အတွင်းရေးမှူး နေရာကို ယူသင့်သည်ကို သိသော်လည်း ကိုယ့်အချင်းချင်းနေရာမက်သည်ဟု အပြောမခံချင်သည့် မာနကြောင့် ကိုသန်းဝင်းအား “သန်းဝင်း မင်းလုပ်နိုင်သလား” ဟု မေးသောအခါ ကိုသန်းဝင်းက “ကျွန်တော် လုပ်နိုင်ပါတယ်၊ ကိုထွန်း” ဟု ပြန်ပြောရာ ကျွန်တော်က ထိုင်နေရာမှထပြီး ကျွန်တော့်တွင် ABSDF ဥက္ကဋ္ဌ အလုပ်တာဝန်များ ပိနေသဖြင့် DAB အတွင်းရေးမှူးနေရာကို မယူနိုင်ကြောင်း အခြားသူတစ်ယောက်ယောက်ကို ရွေးချယ်ရန် ပြောကြားသည့်အခါ ကရင်နီဗိုလ်ချုပ် အောင်သန်းလေးမှ ကျွန်တော်တို့ ABSDF ခေါင်းဆောင်တွေကို ပါစေချင်လို့ လက်ခံပါဟု ထ၍ မေတ္တာရပ်ခံပါသည် ထိုအခါ ကျွန်တော်က “ကျွန်တော့်မလုပ်နိုင်ပေမယ့် ကျွန်တော့်ကိုယ်စား ABSDF အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်းကို အဆိုပြုပါတယ်” ဟု ဆိုသဖြင့် ယင်းအဆိုကို ညီလာခံ ကိုယ်စားလှယ်များက လက်ခံခဲ့သဖြင့် ကိုသန်းဝင်းသည် DAB ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ဤနေရာတွင် ပြန်လည်သုံးသပ်ပါက ကျွန်တော်၏ တလွဲမာနကြောင့် ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်အနေနှင့် DAB အဖွဲ့ကြီးတွင် ခေါင်းဆောင်မှုယူသင့်လျက် မခံချင်စိတ်နှင့် လွဲမှားစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုကော်မတီများရွေးပြီးနောက် လုပ်ငန်းကော်မတီများရွေးအပြီးတွင် ထိုလုပ်ငန်းကော်မတီများ၏ အဖွဲ့ဝင်တစ်နေရာ အတွက် ဦးတင်မောင်ဝင်းက အထွေထွေသပိတ်ကော်မတီ (GSC) မှ တဦး အမည်တင်သွင်းပါဟု မျက်နှာသာပေး၍ ဖိတ်ခေါ်သည့်အခါ “ကျွန်တော့်အား ခင်ဗျားနေရာမယူပါနဲ့ ကျွန်တော့်လူ မိုးသီးအတွက် ဆင်းပေးပါ” လို့ ပြောခဲ့သည့် ကိုမြင့်လှိုင်က နေရာမှထပြီး “ကျွန်တော့်နာမည် မြင့်လှိုင်ပါ ကျွန်တော့်နာမည်ကို ပေးပါတယ်၊ နောက် ကိုဇော်ထွန်းအတွက်လဲ နေရာ စဉ်းစားပေးပါအုံး” ဟု ထပြောသည့်အခါ လမ်းဖွင့်ပေးခဲ့သည့် ဦးတင်မောင်ဝင်းပင် ခေါင်းခါသည်အထိ ရုပ်ပျက်ခဲ့ရသည်။ အထွေထွေသပိတ်ကော်မတီဥက္ကဋ္ဌဖြစ်သူ ကိုဇော်ထွန်းမှာ နေရာမရဘဲ ဥက္ကဋ္ဌအစား မိမိနာမည်ကိုသာ တင်သွင်းသည့် ကိုမြင့်လှိုင်က နေရာရသွားသည်။

DAB အဖွဲ့ကြီး၏ အလုပ်အမှုဆောင်များအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်-
၁။ ဗိုလ်ချုပ်ကြီး စောဘိုမြ (KNU) - ဥက္ကဋ္ဌ
၂။ ဘရန်ဆိုင်း (KIO) - ဒုဥက္ကဌ (၁)
၃။ နိုင်ရွှေကျင် (NMSP) - ဒုဥက္ကဌ (၂)
၎။ ဗိုလ်ချုပ်သွင် (PPP)- ဒုဥက္ကဌ (၃)
၅။ ဦးတင်မောင်ဝင်း (CRDB) - အထွေထွေအတွင်းရေးမှူး
၆။ နိုင်ဟံသာ (MNSP) - တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
၇။ဒေါက်တာ တူးဂျာ (KIO) တွဲဖက်အထွေထွေအတွင်းရေးမှုး (၂)
၈။ရဲဘော်သန်းဝင်း (ABSDF) - တွဲဖက်အထွေထွေအတွင်းရေးမှူး (၃)
၉။ ဦးအေးဆောင် (PLF) - အတွင်းရေးမှူး၊ စည်းရုံးရေးကော်မတီ
၁ဝ။ ဗိုလ်ချုပ်မောင်မောင် (KNU) - အတွင်းရေးမှူး၊ စစ်ရေးကော်မတီ
၁၁။ဦးရဲကျော်သူ (CRDB) - အတွင်းရေးမှူး၊ နိုင်ငံခြားရေးကော်မတီ
၁၂။ ဦးတင်မောင်သက် (ABMU) - အတွင်းရေးမှူး၊ ဘဏ္ဍာရေးကော်မတီ

DAB အဖွဲ့၏ သတင်းထုတ်ပြန်ကြေညာချက်
DAB အဖွဲ့၏ သတင်းထုတ်ပြန်ကြေညာချက်

DAB အဖွဲ့ကြီးတွင်စတင်ဖွဲ့စည်းစဉ်က ပါဝင်သောအဖွဲ့အစည်း (၂၂ ) ဖွဲ့ မှာ အောက်ပါအတိုင်းဖြစ်သည်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF: All Burma Students’ Democratic Front)
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စ်ဆလင်လွတ်မြောက်ရေးအဖွဲ့ (ABMU: All Burma Muslin Union)
၃။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP: Arakan Liberation Party)
၎။ ချင်းအမျိုးသားတပ်ဦး (CNF: Chin National Front)
၅။ မြန်မာပြည်ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး ဦးစီးကော်မတီ (CRDB: Committee for Restoration of Democracy in Burma)
၆။ အထွေထွေသပိတ်ကော်မတီ (ရန်ကုန်) (GSC-Rgn: General Strike Committee, Rangoon)
၇။ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO: Kachin Independence Organization)
၈။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP: Karenni National Progressive Party)
၉။ ကရင်အမျိုးသားအစည်းအရုံး (KNU: Karen National Union)
၁၀။ လားဟူအမျိုးသားအဖွဲ့အစည်း (LNO: Lahu National Organization)
၁၁။ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စ်ဆလင်လွတ်မြောက်ရေးအဖွဲ့ (MLO: Muslin Liberation Organization of Burma)
၁၂။ မွန်ပြည်သစ်ပါတီ (NMSP: New Mon State Party)
၁၃။ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA: National United Front of Arakan)
၁၄။ ဒီမိုကရေစီရရှိရေး အမျိုးသားညီညွတ်ရေးပါတီ (NUPD: National Unity Party for Democracy)
၁၅။ ပြည်ပရောက် မြန်မာပြည်လွတ်မြောက်ရေးတပ်ဦး (OBLF: Overseas Burmese Liberation Front)
၁၆။ ပြည်ပရောက်ကရင်အဖွဲ့အစည်း (OKO: Overseas Karen Organization)
၁၇။ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF: People’s Liberation Front)
၁၈။ ပအိုဝ်းအမျိုးသားအဖွဲ့အစည်း (Pa-O: Pa-O National Organization)
၁၉။ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ (PSLP: Palaung State Liberation Party)
၂၀။ ပြည်သူ့ပြည်ချစ်ပါတီ (PPP: People’s Patriotic Party)
၂၁။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP: Shan State Progressive Party)
၂၂။ ဝအမျိုးသားအဖွဲ့အစည်း (WNO: Wa National Organization) တို့ဖြစ်သည်။

ဒီအေဘီအလံကိစ္စတွင် မထင်မှတ်ဘဲ ပါဝင်ပတ်သက်ခဲ့ရခြင်း
ဒီအေဘီ ဖွဲ့စည်းပြီးနောက် ဗိုလ်ချုပ်မြ၊ ဦးဘရန်ဆိုင်း၊ ဦးသွင်၊ နိုင်ရွှေကျင်၊ စောမော်ရယ်တို့က ဒီအေဘီအလံ ရွေးချယ်ရေး သဘာပတိ လူကြီးများလုပ်၍ ဒီအေဘီအလံစိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မတီတွင် ကျွန်တော်၊ ဦးတင်မောင်သက်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စ်ဆလင်လွတ်မြောက်ရေးအဖွဲ့ (ABMU: All Burma Muslin Union)၊ ဦးကျော်လင်း၊ အေဘီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ကိုမြင့်လှိုင်၊ GSC တို့နှင့် အခြားသူ ၃-၄ ယောက်ခန့်ပါဝင်သည်။ ထိုကော်မတီအစည်းအဝေးတွင် ကော်မတီမှ ၎င်းတို့ကိုယ်တိုင် ရေးဆွဲတင်သွင်းသည့် အလံများကို ရွေးချယ်နိုင်ရန် ပြုလုပ်မည်ဟု ပြောကြားသည်ကို နားထောင်ပြီး ထိုကဲ့သို့ လုပ်ရပ်သည် ရိုးသားမှု မရှိသဖြင့် အသာထ၍ ထွက်လာခဲ့သည်။ အကြောင်းမှာ ရိုးရိုးသားသား အလံရေးဆွဲတင်သွင်းသူများကို ခေါက်ပြီး သူတို့ရေးဆွဲသည့်အလံကိုသာ ရွေးချယ်ရန်ကြံစည်ခြင်းသည် မရိုးသားသောလုပ်ရပ်ဖြစ်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် သူတို့နှင့်မပေါင်းတော့ဘဲ အလံရွေးဆွဲလိုသူများအတွက် ပေးအပ်ထားသော ပုံဆွဲစာရွက် ၃ ရွက်ကို သွားရောက်ယူပြီး မိမိကိုယ်တိုင် မည်သူနှင့်မျှ မရောဘဲ ပေတန်တစ်ချောင်းနှင့် စိတ်ကူးရှိသလို ရေးဆွဲခဲ့သည်။ သူတို့က ရိုးရိုးသားသားလုပ်လျှင် အလံရေးဆွဲရာတွင် ကျွန်တော် ပါဝင်မည်မဟုတ်ချေ။ ထို့နောက် အလံစိစစ်ရေးကော်မတီမှ အလံများကို တင်သွင်းသည့်အခါ ကျွန်တော်ရေးဆွဲထားသည့် အလံပုံ ၃ ပုံကို ၎င်းတို့ရှေ့တွင် အောက်မှထား၍ တင်သွင်းလိုက်ပါသည်။ ထိုသို့တင်သွင်းလာသောအလံများကို သဘာပတိကြီးများက စစ်ဆေးပြီး ကျွန်တော်ရေးဆွဲထားသည့် အလံသုံးခုထဲမှ တစ်ခုကို ဥက္ကဋ္ဌကြီး ဘရန်ဆိုင်းက ဆွဲယူ၍ ဤအလံကို ရွေးလိုက်သည်ဟု ပြောသည့်အခါ ရှေ့နေဦးကျော်လင်းက ထိုအလံတွင် အနီရောင်ပါသဖြင့် သွေးထွက်သံယိုမှုကို ရည်ညွန်းသည့်အတွက် မသင့်တော်ကြောင်းကန့်ကွက်ပြောကြားသည့်အခါ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်းက “ခင်ဗျား ရူးနေသလား၊ အနီရောင်ဆိုတာ သူရသတ္တိရှိကြောင်းကို ဖော်ပြတဲ့အရောင်ဖြစ်တယ်” လို့ ပြောဆိုပြီး ပယ်ချလိုက် ပါသည်။ အလံစိစစ်ရေးကော်မတီက မရိုးမသား သူတို့ရေးဆွဲသည့်အလံကိုသာ အရွေးခံရအောင် ပြုလုပ်မည်ဟု ပြောဆိုနေသည်ကို ကြားသိရသဖြင့် မခံချင်စိတ်ဖြင့် ကျွန်တော် ရေးဆွဲလိုက်သည့်အလံက ရွေးချယ်ခံရခြင်းမှာ  အံ့သြစရာပင်ဖြစ်သည်။

မြန်မာပြည် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်၏အလံ
မြန်မာပြည် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်၏အလံ

ဒီအေဘီအဖွဲ့အစည်းဖွဲ့ရာတွင်ပါဝင်တက်ရောက်ရင်းခရက်ဒေးစခန်း တွင်တရားခံဖြစ်သွားသူက ကိုအောင်နိုင်ဖြင်သည်။ ကိုအောင်နိုင်တို့အုပ်စု ခရက်ဒေးစခန်းမှ ထိုင်းဖက်ခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီးသွားလည်သည်။ ထူးအိမ်သင်နှင့် မွန်းအောင်တို့လည်း ပါသည်ဟုထင်သည်။ တစ်ဖက်ကမ်းတွင်တွေ့သော ခွေးလေးတစ်ကောင်ကို ကိုအောင်နိုင်က ယူလာခဲ့မိသည်။ ခွေးချစ်တတ်၍ ယူလာသော ကိုအောင်နိုင်ကို ခွေးပိုင်ရှင်မှ လိုက်တောင်းသည်လား ဘာလား ကျွန်တော် မသိ။ ဗဟိုကော်မတီဝင်များကို ကြည့်၍မရသော ခရက်ဒေးစခန်းမှ စခန်းကော်မတီများက ခွေးခိုး လာပါသည်ဟူ၍ စွပ်စွဲကာ ကိုအောင်နိုင်ကို “ခွေးသူခိုးအောင်နိုင်”ဟု နာမည်ပေး သိက္ခာချသည်အထိ ဖြစ်ခဲ့သည်။ အမှန်စဉ်စစ် ထိုကိစ္စသည် မဖြစ်သင့်မဖြစ်ထိုက်သည့် ကိစ္စဖြစ်သည်။ ပိုင်ရှင်ရှိမှန်းမသိသဖြင့် လမ်းတွင်တွေ့၍ ယူလာခဲ့သည် ပိုင်ရှင်ကတောင်း၍ ပြန်ပေးလိုက်သည် စသည်ဖြင့် နားလည်မှုပေးဖို့ကောင်းသည်၊ ထိုကဲ့သို့မဟုတ်ဘဲ ကိစ္စသေးသေးလေးကို ရေးကြီးခွင်ကျယ်ပြဿနာပြုခြင်းကို ကြည့်လျှင် ဗကသအုပ်စု သက်သက်ကိုသာမဟုတ်ဘဲ ယခုမှစတင်ဖွဲ့စည်းလိုက်သည့် ပူပူနွေးနွေး (၁၀) ရက်သားသာ ရှိသေးသည့် ဗဟိုကော်မတီတစ်ခုလုံးကို ကရင်နယ်မြေ စခန်းများမှ ထောက်ခံမှု မပြုသည့်သဘောကို ကြည့်လျှင် မြင်နိုင်ပါသည်။ အကြောင်းရင်းကို ထိုစဉ်က ကျွန်တော်ကိုယ်တိုင် သဘောမပေါက်ခဲ့ချေ။

ကေအင်ယူက ပထမအကြိမ် ဖွဲ့စည်းလိုက်သော ဗဟိုကော်မတီကို လုံးဝအယုံအကြည်မရှိဘဲ သူတို့နယ်မြေတွင်းရှိ ကျောင်းသားစခန်းများမှ စခန်းကိုယ်စားလှယ်များနှင့် တိတ်တဆိတ် လျှို့ဝှက်အစည်းအဝေးကို ခရက်ဒေးစခန်းရှိ ငှက်ပြောတောတွင် ပြုလုပ်ပေးခဲ့သည်။ တစ်ဖက်မှလည်း “ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံ” ကို ကရင်နယ်မြေတွင် ကျင်းပပေးပြီး တစ်ဖက်မှလည်း ကရင်နယ်မြေ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ပါသည်။ ကရင်နယ်မြေ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီကို ဖွဲ့စည်းပြီးစီးကြောင်းကြေညာချက်ကို ဒီဇင်ဘာလ (၇) ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ကိုကျော်ကျော် (ဆယ်ပြား) က ကရင်နယ်မြေ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီ၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရပြီး လူသူမသိဘဲ ဗဟိုနှစ်ခု အပြိုင် ပေါ်ပေါက်လာပါတော့သည်။ ကေအင်န်ယူ ဖက်မှနေ၍ စဉ်းစားလျှင် သူတို့နယ်မြေတွင် နေထိုင်နေသောသူများသည် သူတို့သြဇာကိုခံသူ၊ သူတို့ယုံကြည်သူကိုသာ ရှိစေချင်သည်မှာ သဘာဝကျသည်။
သူတို့ကို ကလန်ကဆန်လုပ်နေသူများ သူတို့၏ နယ်မြေတွင်နေပြီး အင်အားကြီးလာပါက သူတို့အတွက် အန္တရာယ် ရှိသည်ကို သူတို့က ကြိုတွက်ပြီး ကြိုကန်ထားပုံရသည်။ သို့ရာတွင် အေဘီအက်စ်ဒီအက်ဖ် အတွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းသည် မဟာမိတ်စည်းမျဉ်းကို ကျူးလွန်ဖေါက်ဖျက်ခြင်းဖြစ်သည်ဟု ကျွန်တော်ကမြင်သည်။ ဗဟိုဥက္ကဋ္ဌ ဖြစ်သော ကျွန်တော်သည် မွန်စခန်းမှတက်လာသော်လည်း မွန်မဟုတ်၊ ကရင်နှင့်တကွ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံးနှင့် ယုံယုံကြည်ကြည် လက်တွဲပြီး တော်လှန်ရေးကို လုပ်ချင်သူဖြစ်သည်။ ကရင်ကို ဆန့်ကျင်သည့် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦးတို့ ဗကသအုပ်စုနှင့် ခွဲမြင်သင့်သည်ဟု မြင်သည်။ နောင်တွင် ကျွန်တော်နှင့် ကရင်အကြား ဝမ်းခစခန်းသစ် ကျောင်းဆင်းပွဲတွင် ပြဿနာရှိခဲ့သည်။  အဖွဲ့အစည်း ရပ်တည်ချက်ကို အလေးထားမှုနှင့် ပတ်သက်သည့် ပြဿနာဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။







ဒီနေ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ  ၁၂ ရက် ကြာသာပတေးနဲ့ ရန်ကုန်တိုင်း(မ) နေ့စဉ်သတင်းစာမှာပါတဲ့ ကျွန်တော့်ရဲ့ဆောင်းပါးရှည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - အဋ္ဌမပိုင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...