Monday, December 9, 2013

မြန်မာအကြောင်းသိချင်ရင် ဆီးဂိမ်းမှာကြည့် -အပိုင်း(၁)

Ko Kyi Win December 6, 2013 at 2:58pm
“ရွာအကြောင်း သိချင်ရင် ဘုန်းကြီးကျောင်းကြည့်” ဆိုတဲ့ ဆိုရိုးတစ်ခု ငယ်ငယ်က မှတ်သားခဲ့ဖူးပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုရှိနေတဲ့ မြန်မာနိုင်ငံမှာ ရွာတစ်ရွာကို ရောက်တဲ့အခါ အဲဒီရွာရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ စိတ်ဓာတ် အဆင့်အတန်းတွေ သိချင်ရင် ဘုန်းကြီးကျောင်းကို ကြည့်တာနဲ့ သိနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ စာရေးသူတို့ မြန်မာလူမျိုးတွေဟာ အလှူရေစက် လက်နဲ့ မကွာ၊ တစ်မူးရှိရင် တစ်ပဲလှူပြီး မရှိလို့ မလှူဆိုတာကို လက်မခံကြပါဘူး။ ဒါကြောင့် ရွာတစ်ရွာရဲ့ အဆင့်ကို သိချင်ရင် ဘုန်းကြီးကျောင်းကို ကြည့်တဲ့အခါ အမှန်အတိုင်း တွေ့မြင်ကြရတယ် လို့ ရှေးမြန်မာကြီး များက လက်ခံခဲ့ကြပြီး အစဉ်အဆက် ကျင့်သုံးလာခဲ့ကြတာ မျက်မှောက်ခေတ် အထိ မပျောက်ကွယ်သေးပါဘူး။

ဆီးဂိမ်းနဲ့ အရှေ့တောင်အာရှ အဆင်းရဲဆုံး နိုင်ငံ

ပြီးခဲ့တဲ့ နိုဝင်ဘာလက Global Finance အဖွဲ့ရဲ့ ထုတ်ပြန် ကြေငြာချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းမှာ ၂၃ နေရာ ရောက်ရှိနေပြီး ဒေသတွင်း အာဆီယံ နိုင်ငံတွေထဲမှာတော့ အဆင်းရဲဆုံး၊ တိုင်းပြည်ထုတ်ကုန်ကနေ ၀င်ငွေ အနည်းဆုံး ရရှိတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒီလို အရှေ့တောင် အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံက ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပဖို့ ထိုင်း၊ ဗီယက်နမ်တို့နဲ့ အပြိုင် လျှောက်ထားလိုက်တယ်။ ဆီးဂိမ်း ပြိုင်ပွဲကြီးကို နှစ်ပေါင်း ၄၄ နှစ်ကြာမှ မြန်မာ့မြေပေါ်မှာ ပြန်လည်ကျင်းပနိုင်ဖို့ ကြိုးပမ်းမှုက အံ့အားသင့်ဖွယ် အောင်မြင်ခဲ့တယ်။ အဲဒီအတွက် ဒေသတွင်း နိုင်ငံတွေသာမက တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေကြပါတယ်။
မှန်ပါတယ်။ ၂၀၁၃ ဆီးဂိမ်းကို ကာလရှည် တံခါးပိတ်ထားခဲ့ပြီးမှ တံခါးဖွင့်ဖွင့်ချင်း အာဆီယံ အဆင့် ပြိုင်ပွဲကို အာဆီယံ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာက လက်ခံကျင်းပမယ်ဆိုတဲ့ အချက်နဲ့တင် နိုင်ငံတကာက စောင့်ကြည့်ရမယ့် အနေအထား ဖြစ်လာပါတယ်။ ဒီလို စိတ်ဝင်တစား စောင့်ကြည့်ကြမယ်ဆိုတာကိုလည်း မြန်မာ ခေါင်းကြီးများ ကြိုတင် တွက်ဆပြီး ဖြစ်နေပါလိမ့်မယ်။

၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းတုန်းက အစိုးရက ၂၀၁၀ ဘတ်ဂျက်ကနေ အမေရိကန် ဒေါ်လာ ၃၈.၇ သန်း ကျခံ သုံးစွဲခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၂၃၀ ထုတ်ပေးခဲ့တယ်။ ဆီးဂိမ်းပြီးလို့ စာရင်းချုပ်လိုက်တော့ စပွန်ဆာ ၀င်ငွေတွေ၊ ပညာရေး ဘတ်ဂျက်တွေပေါင်းပြီး စုစုပေါင်း အစိုးရက ဒေါ်လာ သန်း ၁၁၀ ထပ်ထုတ်ပေးရတယ်ဆိုတော့ ဆီးဂိမ်းအတွက် အစိုးရက ဒေါ်လာသန်း ၃၇၈.၇ သန်း ကုန်ကျခဲ့တာပါ။

ပြည်တွင်း သတင်းစာမျက်နှာတွေမှာ ဘယ်နိုင်ငံက ချေးငွေ၊ ဘယ်နိုင်ငံက အကြွေးဆိုပြီး မကြာခဏ တွေ့မြင်နေရတဲ့ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ကြီးများ အနေနဲ့ အင်ဒိုဆီးဂိမ်းထက် မနည်းနိုင်တဲ့ ကုန်ကျစရိတ် ရှိမယ့် ၂၀၁၃ ဆီးဂိမ်းကို ဘာကြောင့် လက်ခံကျင်းပချင်ရတာလဲဆိုပြီး မေးခွန်းထုတ်ကြသူများ ရှိကောင်းပါရဲ့။ စာရေးသူကတော့ ရှင်းရှင်းလေးတွေးမိတယ်။ မရှိလို့ မလုပ်ဖြစ်ရင် နောင်မျိုးဆက်တွေအတွက် နိုင်ငံတကာအဆင့် အတွေးအမြင် အတွေ့အကြုံ ချန်ထားနိုင်မှာ မဟုတ်သလို စာရေးသူတို့ မြန်မာဆိုတာလည်း ကမ္ဘာမှာ ဘယ်နေရာသွားသွား မျက်နှာငယ်နေရဦးမှာပါ။ ရှေးထုံးလည်း မပယ်နဲ့ ဆိုသလို မရှိတဲ့ကြား ဒီလိုဆွဲမြှင့်မှ ဖွံဖြိုးတိုးတက်မှုနဲ့ မြန်မာရဲ့စိတ်ဓာတ်ကို နိုင်ငံတကာက သိရှိလာပြီး မျှော်လင့်နေတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ စီးပွားရေး အရှိန်အဟုန်ကောင်းလာမယ်ဆိုတာ စာရေးသူတို့ရဲ့ အကြီးအကဲ ခေါင်းဆောင်တွေ မစဉ်းစားဘဲ မနေဘူးလို့ ယုံကြည်တယ်။

ဥုံဖွ မန်းမှုတ်သလို ပေါ်လာတဲ့ ကွင်းရုံများ

ပြိုင်ပွဲလက်ခံ ကျင်းပဖို့ ပထမဆုံး ဖြည့်ဆည်းရတာက Infrastructure တွေပဲ။ ကွင်းရုံ၊ ဟိုတယ်တွေလုံလောက်ရဲ့လား။ ဒါလောက်ကတော့ ပြောပစရာ မရှိပါဘူး။ ကွင်းရုံးတွေ နေ့ချင်း ညချင်း ဆိုသလို နှစ်,နှစ်အတွင်း ဘွားကနဲ ပေါ်လာတာကို ကြည့်ပြီး စာရေးသူ ငယ်ငယ်က သင်ခဲ့ရတဲ့ ကံရာကြီး ကံရာဇာငယ် အကြောင်းကို သတိရမိတယ်။ ပြိုင်ပွဲ လက်ခံကျင်းပမယ့် ကွင်းရုံ ၂၉ ရုံအနက် ၂၃ ရုံက စာရေးသူတို့ သတိထားမိတဲ့ အချိန်မှာပဲ အသစ် တည်ဆောက် ပြီးစီးသွားခဲ့တယ်။ ဒီအတိုင်းသာဆို စင်ကာပူတောင် လိုက်မီမှာ မဟုတ်ဘူးလို့ ဂုဏ်ယူမိပါတယ်။

မြန်မာဆိုတာပြမယ့် ယဉ်ကျေးမှုအဖွဲ့

ဆီးဂိမ်း လက်ခံ ကျင်းပမယ့် ကွင်းရုံတွေကို စင်ကာပူ Today သတင်းဌာနက အားကစား အယ်ဒီတာ မစ္စတာ ဖီးလစ် (Philip Goh) သွားကြည့်တော့ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းက Giant LED Board ကို သူ့ဘ၀ တစ်သက်တာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ တွေ့ရတဲ့ အကြီးမားဆုံး LED ကြီးပါတဲ့။ မီတာ ၁၁၀ (၃၅၂ ပေ) LED Board ကြီးကနေ အံ့သြဖွယ် ပုံရိပ်တွေ ဖန်တီးထားတာကို ၀တ်စုံပြည့် လေ့ကျင့်ရေးမှာ တွေ့လိုက်တော့ စာရေးသူလည်း စုပ်တသပ်သပ် ဖြစ်ခဲ့ရပါတယ်။ ဖွင့်ပွဲရောက်ရင် လူအင်အား ၁၀,၀၀၀ လောက်နဲ့ တင်ဆက်မှုတွေက အရှေ့တောင် အာရှရဲ့ အကောင်းဆုံး ဖွင့်ပွဲ ဖြစ်လာမယ်လို့ ဖီးလစ်က မှတ်ချက် ပေးသွားတယ်။ ဆလိုက်မီးတွေက ၁၂၀၀ ကျော်၊ ကင်မရာ ၂၁ လုံး ရိုက်ကူးမယ်လို့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင် လေ့ကျင့်ရေးကော်မတီ အတွင်းရေးမှူး၊ ယဉ်ကျေးမှု ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက အတွေ့အကြုံ၊ အခက်အခဲတွေ လက်ဆင့်ကမ်းပြောတော့ ဒါတွေကို တာဝန်ယူထားတဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ အခန်းကဏ္ဍရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုရမယ်ဆိုတာထက် ပိုနေမယ်လို့ တွေးမိတယ်။ စာရေးသူအတွက် နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကိုလည်း တစ်ထိုင်တည်း ရလိုက်တယ်။

တင်းကျပ်လွန်းတဲ့ လုံခြုံရေး

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကို သွားတော့ ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာက တစ်ခါဖူးမှ မကြုံဖူးတဲ့ စစ်ဆေးခံရခြင်းပါပဲ။ ကွင်းထဲကို ၀င်တဲ့ အပေါက်တိုင်းမှာ ရဲမှူးအဆင့်ရှိတဲ့သူတွေ ကြီးကြပ်နေတာကို သတိထားမိသလို ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကွန်မန်ဒိုရဲတပ်ရင်းရဲ့ စက်သေနပ်တပ်ဆင်ထားတဲ့ ကားကြီးတွေလည်း တွေ့မိတယ်။ လုံခြုံရေးက ဘယ်လောက် ကောင်းလဲတော့ စာရေးသူ သိပ်နားမလည်ပါဘူး။ မြန်မာ အားကစားသမားတွေတောင် ၀င်ထွက် သွားလာရတာ မလွယ်ကူဘူးတဲ့။ ဗျောက်အိုးတစ်ခုတောင် မလုပ်တတ်တဲ့ စာရေးသူတို့ အတွက် ဆီးဂိမ်းလုံခြုံရေး တင်းကြပ်မှုက ပြင်းထန်လွန်းတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ တစ်လကျော်က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် လာရောက်ကြမယ့် ပြည်ပဧည့်သည်တွေရဲ့ စိုးရိမ်မှုကို ချေဖျက်ဖို့ မှန်ကန်တဲ့ လုပ်ရပ်လို့ လက်ခံပေးနိုင်ပါတယ်။

လမ်းမကျယ်ကြီးမှာ ခပ်သေးသေးသာ မြင်ရတဲ့ကား

ဆီးဂိမ်းပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပဖို့ ကော်မတီတွေ ဖွဲ့တော့ ပို့ဆောင်ရေးလည်း ပါဝင်ခဲ့ပါတယ်။ မြို့တွင်း ယာဉ်လိုင်း(၅)လိုင်းမှ ယာဉ်စီးရေ(၁၃၀)၊ အထူးယာဉ်လိုင်း(၄)လိုင်းမှ ယာဉ်စီးရေ(၁၀၂)စီး၊ စင်းလုံးငှားTaxi ယာဉ် အသင်း(၈)သင်းမှ ယာဉ်စီးရေ(၂၅၃)စီး၊ အဝေးပြေးယာဉ်လိုင်း(၂) လိုင်းမှ နေပြည်တော်-ရန်ကုန်ခရီးစဉ်အား မော်တော်ယာဉ်(၆၆)စီး၊ နေပြည်တော်-မန္တလေးခရီးစဉ်အား မော်တော်ယာဉ်(၃၀)နဲ့ ဆီးဂိမ်း ကာလမှာ ပြေးဆွဲမယ်လို့လဲ သတင်းထုတ်ပြန်ခဲ့တယ်။ နေပြည်တော် ကောင်စီနယ်မြေအတွင်း ပြေးဆွဲမယ့် ကားအရေအတွက် ၂၅၀ ကျော်ပေမယ့် လမ်းမကြီးတွေက ကျယ်ပြီးရှည်လျားနေလို့ပဲလား မသိ၊ စာရေးသူကတော့ ခပ်ကျဲကျဲပဲ မြင်နေရပါတယ်။

ဆက်လက်ဖော်ပြပါမည် ..............။


(သိန်းသန်းတိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...