Friday, December 27, 2013

ဒီမိုကရေစီဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)

Zaw Win's photo.

Photo: ဒီမိုကရေစီဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)

လူတွေက တိုင်းသူပြည် သားတွေက “အစိုးရ”အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။
    လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေဒီမိုကရေစီ အစစ် မဖြစ်နိုင်ဘူး။ အတုတွေ သာဖြစ်တယ်။

အဲဒီလို စံနစ်မျိုးနဲ့သမ္မတ အစိုးရမျိုးမှသာ ကျုပ်တို့ တိုင်းသူပြည်သားတွေကို အကျိုးထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီ တိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီးသံဖမ်းပြောကြတာတွေလဲ အများကြီးဘဲ။

ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘာလဲ? လူလူချင်း၊ လူတန်းစား အချင်းချင်း။ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီကျပ်ပြည့် တင်းပြည့် မဟုတ်သေးဘူး။

အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲ လောက်ဘဲ ဒီမိုကရေစီ တွေဖြစ်ကြသေးတယ်။

    အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ပစ္စည်းရှင် အရင်းရှင်တွေ စီးပွားရေးခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီး ထားတဲ့ အုပ်ချုပ်ရေးဘဲ။

ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည်တည်ထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စနစ်ရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီ ဆိုတာ ဘယ်လို အင်္ဂါမျိုးနဲ့ ညီညွတ်ရမလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လိုတည် ဆောက်ရမလဲ။ ချက်ချင်း ဖြစ်မလား။ ဘယ်လောက်ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲ ဆိုတာတွေကို အခု ကျုပ်တို့ တိုင်းပြည် တည် ထောင်ရမဲ့အခါ အထူးစဉ်းစားရမဲ့အချက်တွေဘဲ။

နိုင်ငံရေးဟာ စီးပွားရေး အခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်း စီးပွားရေးသဘောတရားတွေ နှင့်ကင်းလို့ မဖြစ်နိုင်ဘူး။ အရင်းရှင် ဒီမိုကရေစီသမား သက်သက် မျက်စိနဲ့ကြည့်ပြောယင်တော့ ဒါမမှန်ဘူးလို့ ပြောရမှာဘဲ။ ဒါပေမဲ့ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ နိုင်ငံအသီးသီး ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွေကို အတွင်းကျကျလေ့လာယင် စီးပွားရေးသဘောတရားတွေ မူတည်ပြီး လုပ်ကြတယ်ဆိုတာ တွေ့ရလိမ့်မယ်။

    အရင်းရှင်ဒီမိုကရေစီသမားတွေအဖို့ ဆိုယင် အရင်းရှင်စနစ်သာလျှင် စီးပွားရေးစနစ်မှန်ဖြစ်တယ်။ ဒီ စံနစ်သာလျှင်တည်တံ့ရမယ်။ အဲဒီစနစ်ဟာ အမြဲတမ်းတည်တံ့သလိုလို ယူဆပြီး အလုပ်လုပ်ကြတယ်။ အမှန်မတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှာမှ အမြဲတည်တံ့တာမရှိဘူး။ သူ့အချိန် သူ့အခြေအနေလိုက်ဖြစ်လာကြတာဘဲ။

ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စံနစ်ထက်တောင်အောက်ကျနောက်ကျဖြစ်နေတဲ့ ကျွန်ဘ၀က လှမ်းတက်ရမယ်ဆို တော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီအရင်းရှင်စံနစ်ကို ကျော်မသွားနိုင်သေးပေမဲ့ အဲဒီစနစ်တွင်သာမလုပ်နိုင်ဘဲ ဒီစံနစ်ကို အမြန်ဆုံး ကျော်သွားနိုင်မဲ့ စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင် တကယ့်ဒီမိုကရေစီနိုင်ငံကို ရောက်အောင် သွားနိုင်လိမ့်မယ်။
    တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရဖြစ်ရုံနဲ့မပြီးသေးဘူး။

    အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့် တင်နိုင်အောင်ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီ အထိတက်လှမ်းနိုင်မယ်။

ဒါဖြင့် အဲဒီလိုဒီမိုကရေစီ အဆင့်အတန်းရောက်အောင် ဘယ်လို အခြေခံတွေ ချရမလဲ။

    ၁။ အရေးကြီးတဲ့ စက်မှုလက်မှု ပစ္စည်းလုပ်ငန်းတွေကို အစိုးရသိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံပျိုးထားရမယ်။

    ၂။ အလုပ်သမားတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်းရုံးရေး၊ အိုနာစာအရေးအစရှိသဖြင့် အခွင့်အရေးတွေ ရှိရမယ်။

    ၃။ လယ်လုပ်တဲ့ လူတွေရဲ့ လက်ထဲ လယ်ရောက်အောင် စီစဉ် နိုင်ရမယ်။လယ်အမြောက်အမြားကို တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့စံနစ်ကို ပယ်ဖျက်နိုင်ရမယ်။

    ၄။ လူမျိုးအသီးသီးဟာလဲ သူတို့ရထိုက်တဲ့အခွင့်အရေးတွေ ရအောင်စီစဉ်ထားရမယ်။

    ၅။ တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်။

    ၆။ လူမျိုးဘာသာ လိင်မရွေးတိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပါရမယ်။

    ၇။ တိုင်းပြည်ကာကွယ်ရေးဟာ ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။ အခုကျွန်ဘ၀မှာလို ရှေးကလို အပျော်ထမ်း ရဲအဖွဲ့ အစရှိတဲ့အခု ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြား တည်ထောင်ရတဲ့ အခြေအနေမျိုး မရှိစေရဘူး။

    ၈။ တိုင်းပြည်ဥပဒေတရားရုံး စံနစ်ဟာလဲ ပြည်သူတွေရဲ့အကျိုး ရှေ့ ရှုမဲ့ ပြည်သူ့တရားရုံးစနစ်မျိုး ဖြစ်ရမယ်။

အဲဒီလို အချက်တွေ ပါမှသာလျှင် တကယ့်ဒီမိုကရေစီ အခြေခံတွေ ချ ရာရောက်မယ်။ ဒါမှသာလျှင် သူ့အချိန်အခါ ရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့အဆောက်အအုံကြီးကို မားမားမတ်မတ်တည်ဆောက်နိုင်မယ်။

ဒီအချက်တွေကို ထပ်ပြီး ကျွန်တော်ရှင်းပြပါဦးမယ်။

ပဌမ အချက်သဘောကတော့ ကုန်ပစ္စည်း လုပ်နည်း (Means of Production) များတွင် အချက်အချာ ဖြစ်တဲ့ သစ်တော၊ သတ္တု အစရှိတဲ့ မြေပေါ်ပစ္စည်း မြေတွင်းပ စ္စည်းများ၊ ရေတွင်း ရေပေါ် သက်ဆိုင်ရာများ၊ သဘာဝအား၊ လျှပ်စစ်အား၊ မီးရထား၊ လေကြောင်းသွားလာရေး၊ စာပို့တိုက်၊ သံကြိုးစကားပြောကြေးနန်း၊ အသံလွှင့်ရုံတို့ဟာ တိုင်းပြည်ရဲ့ကိုယ်စား အစိုးရပိုင်ဖြစ်ရလိမ့်မယ်။ တ ခြား ပစ္စည်းလုပ်ငန်းတွေကိုလဲ တတ်နိုင်သမျှ ပြည်သူ့သမ၀ါယမအသင်းများက ပိုင်ဆိုင်အောင်ကြိုးစားရလိမ့် မယ်။ အစိုးရသိမ်းသမျှ ပစ္စည်းလုပ်ငန်းများကို အစိုးရ ကိုယ်တိုင် လုပ်နိုင်ယင် လုပ်၊ မလုပ်နိုင်သေးယင် အခြားလူ တွေကို ငှားရမ်းတဲ့သဘောသာ ဖြစ်ရလိမ့်မယ်။ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး ကိစ္စဆိုယင် အစိုးရ အုပ်ချုပ်နိုင်အောင်စီစဉ်ရမယ်။ ဒီဟာတွေကို ဘာပြုလို့ အခြေခံချရမလဲဆိုယင် ပြည်သူတွေ အများအကျိုး ရှိနိုင်ဖို့ဘဲ။

ဒီလိုမဟုတ်ယင် အရင်းရှင်တွေက ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်တဲ့အဖြစ်မျိုးရောက်ပြီး တိုင်းသူပြည်သားတွေ အပေါ်အရင်းရှင်တွေက လက်ဝါးကြီးအုပ်သွေးစုပ်နိုင်တဲ့ အခြေအနေမျိုးရောက်သွားမယ်။ အဲဒီလို အရင်းရှင်တွေကြီးစိုးရုံတွင်မကတသီးပုဂ္ဂလအရင်းရှင်ပိုင်ကုမ္မဏီကြီး တွေ (Monopoly) တဦးတည်းပိုင် သဘောမျိုးဖြစ်သွားပြီး ဈေးနာအရပ်ရပ်နဲ့ နိုင်ငံစီးပွားရေးအရပ်ရပ်ကို သူတို့စီမံရာ ခံရမယ်ဆိုတဲ့ စံနစ်မျိုး ရှိလာမယ်ဆိုယင် ကျွန်တော်တို့ဒီကမ္ဘာကြီးဟာ မနေ့တနေ့ကအလွန်အော့နှလုံးနာပြီး ရွံ့ မုန်းစရာဖြစ်တဲ့ ဖက်ဆစ်စံနစ်ကြီးဖြစ်ပေါ်လာဖို့ စီးပွားရေးအခြေခံကြီးကို ခွင့်ပြုရာကျတယ်။

ဒါကြောင့် အဲဒီလို (Monopoly) လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီကြီးများဖြစ်တဲ့ (Cartels, Syndicates,Trusts) အစရှိတဲ့ တသီး ပုဂ္ဂလ ပစ္စည်းလုပ်ငန်းကြီးတွေကိုတော့ ကျုပ်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတိအလင်းပိတ်ပင်ထား ရလိမ့်မယ်။

    အခု ကျွန်တော်တို့ ပြောနေတဲ့ အချက်အလက်တွေဟာ ဆိုရှယ်လစ်ဝါဒအရလားလို့ မေးချင်မေးကြလိမ့်မယ်။ မဟုတ်သေးဘူး။ အမှန်ကတော့ ကျွန်တော်တို့ဗမာပြည်မှာ ဆိုရှယ်လစ်စံနစ်ကို ကျွန်တော်တို့ ဘယ်လောက်ဘဲ ထူထောင်ချင်ပေမဲ့ အခု ဗမာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေးအခြေအနေအရ ဘယ်နည်းနဲ့မှမဖြစ်နိုင်သေးဘူး။

ကျုပ်တို့ပြည်မှာ အရင်းရှင်စံနစ်ဆိုတာတောင် ကောင်းကောင်းမရှိသေးဘူး။ အရင်းရှင်စံနစ်ထက် နောက်တစ် ဆင့်ကျတဲ့စီးပွားရေးစံနစ်မှာ ကျုပ်တို့ရောက်နေတယ်။ ဒီတော့ ကျုပ်တို့ဟာအရင်းရှင်စနစ်ကို မလွှဲမရှောင်သာ လို့ ခွင့်ပြုသင့်သလောက်ခွင့်ပြုရမှာဘဲ။ အရင်းရှင်စနစ်ကို ခွင့်ပြုထားတော့ ကိုယ်ပိုင်တသီးပုဂ္ဂလပစ္စည်း၊ ကိုယ် ပိုင်လုပ်ငန်းတွေရှိအုံးမှာဘဲ။

ဒါပေမဲ့ ကျွန်တော်တို့ဟာအရင်းရှင်စနစ်ကို မတက်သာလို့ခွင့်ပြုရပေမဲ့ တတ်နိုင်သမျှ ချုပ်ချယ် ရလိမ့်မယ်။ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေဆိုယင် အများအကျိုးကို မထိခိုက်စေရဘူး။ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင် လုပ်ငန်းတွေကို လိုတဲ့အခါ အစိုးရက တိုင်းပြည်ကိုယ်စားသိမ်းနိုင်မဲ့ အခြေခံမျိုးတွေ ဖွင့်ထားရလိမ့်မယ်။

    အလုပ်သမားအခွင့်အရေး ကာကွယ်မယ် အရင်းရှင်စံနစ်ကို ခွင့်ပြုထားတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကောင်းကောင်း သတ်မှတ်ပြီး သူ များသွေးစုပ်ချင်တိုင်း မခံရအောင် စီမံဖန်တီးပြီး အခြေခံတရားတွေ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ထားရလိမ့် မယ်။

    လယ်လုပ်သူသာ လယ်ပိုင်ရမယ် လယ်ယာမြေ ပိုင်ဆိုင်မှု ကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင် အခြေခံတွေချရလိမ့် မယ်။ လယ်မြေဧက အမြောက်အများပိုင်တဲ့ လယ်ရှင်ကြီးစံနစ်ကိုတော့ ဥပဒေအရ ကန့်သတ်ချုပ်ချယ်ဖျက်ပယ် ပစ်ရလိမ့်မယ်။ နောက်ပြီးဘယ်လို ကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ်၊ ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည် အားဖြင့် ဥပဒေအရကန့်သတ်ရလိမ့်မယ်။

ဒီလိုမှမလုပ်ယင် လယ်ပိုင်ရှင်စံနစ်ကြီးဟာ ရှိနေတာကိုမဖျက်နိုင်ရုံ တင်မဟုတ်ဘူး၊ ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။ လယ်ယာမြေများကို အမှန်အားဖြင့်ဆိုယင် နောက်ဆုံး တိုင်းပြည်ပိုင် (အစိုးရနှင့် သမ၀ါယမအဖွဲ့ပိုင်) လုပ်နိုင်ယင် ကောင်းမှာဘဲ။

    သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ် ယာမြေလုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။ ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ်တန်းနှင့် အောက်တန်းကျတဲ့တောင်သူလယ်သမားတွေကို တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေး အခြေခံတ ရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ဖို့လိုလိမ့်မယ်။

အခုနပြောခဲ့တဲ့ စီးပွားရေး အခြေခံသဘောတရားတွေဟာ အရင်းရှင်စံနစ်နဲ့ မကင်းသေးပေမဲ့ အမှန်ကတော့ အ ရင်းရှင်စံနစ်လဲမကဘူး။ ဆိုရှယ်လစ်စနစ်လဲ မကျသေးဘူး။

နိုင်ငံရေးဆိုတာ စီးပွားရေးအခြေခံသဘောတရား တွေကို ခေါင်ချုပ်သရုပ်ဆောင်တဲ့အတိုင်း ဒီလိုစီးပွားရေးအခြေခံတဲ့ အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးဟာ အရင်းရှင်သက်သက် ဒီမိုကရေစီလို အရင်းရှင်တွေရဲ့ အာဏာရှင်စံနစ်ကို ကာဆီးမထားဘဲ ပဒေသရာဇ်စံနစ် (Feudalism)ကို တွန်းလှန်ဖြိုဖျက်ပြီး
ပြည်သူတွေရဲ့အခွင့်အရေးကို ဆောင်ရွက်မဲ့ ပြည်သူ လူတန်းစားပေါင်းစုံအာဏာရှင်စနစ် ပုံသဏ္ဍာန်ဆောင်ထားတဲ့ ဒီမိုကရေစီသစ်နိုင်ငံရေးဖြစ်ရမယ်။

    အခု အချို့ နိုင်ငံတွေမှာ ကျုပ်တို့ ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်းစားတွေဖြစ်ဖြစ် လူတစုလောက်က ကြိုးကိုင်ထားတဲ့အာဏာရှင် လုပ်နေတဲ့စံနစ်တွေဖြစ်တယ်။

လူအများဆုံး အကျိုးရှိမှုရှေ့ ရှုတယ် ကျုပ်တို့ လုပ်ချင်တာကတော့ (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံး ချမ်းသာ သုခရအောင် အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာဘဲ။

အကုန်လုံး အကျိုးရှိတဲ့ ဒီမိုကရေစီ ဆိုတာတော့ ခုလိုအရင်းရှင် အလုပ်သမား၊ လယ်ရှင်အစရှိတဲ့ လူတန်းစား ကွဲပြားမှုတွေရှိနေသမျှကာလပတ်လုံး မဖြစ်နိုင်သေးဘူး။ လယ်ရှင် အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနိုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး။ သုတို့အချင်းချင်းအကျိုးတွေဟာ တခါတခါ စေ့စပ်လို့မရနိုင်ဘဲ တဦးအကျိုးရှိယင် တဦးထိမယ်။ ဆိုတဲ့အခြေမျိုးဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ် နိုင်မယ်။

    အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ

    အစိုးရက လူများစု ဖြစ်တဲ့ လူဆင်းရဲတွေဖက်က ထုံးစံတော့ ပင်းမယ် ဆိုတဲ့သဘောဘဲ။

    လူများစု အာဏာပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီသစ်အရ လုပ်မဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုယင်....

    တိုင်းသူပြည်သား လူများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိ တိုင်းပြည်အုပ်ချုပ်ရေး တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။

    သူတို့ရွေးကောက်လိုက်တဲ့ ကိုယ်စား လှယ်တွေကို မကြိုက်လို့ရှိယင်ပြန်ခေါ်နိုင်ရမယ်။ 

ဒီတော့ အခုဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။ တိုင်းပြည် သစ္စာမဖောက်တဲ့ တိုင်းပြည် ပြည်ကြီးသားတွေဟာ ပြည်သူ့လွတ်လပ်ခွင့်ကို အများအကျိုးအတွက် လုပ်မဲ့နေရာတွေမှာ ရရှိလိမ့်မယ်။

ဒီနေရာမှာ လူများစုလို့ ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီးသား လူများစု၊လူနည်းစု ဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု၊လူနည်းစု ကိစ္စတွေမှာတော့ လူများစု လူမျိုးစုက လူနည်းစုမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုးအရ၊ဘာသာအရ၊လိင်အရ အခွင့်အရေး ခွဲခြားမှု၊နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလိုနှိမ်နင်းတာမျိုးတွေ့ယင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်။ လူမျိုးရေးနှင့် ပတ်သက်၍ ထပ်မံပြီး ကျွန်တော် ဆွေးနွေးပါအုံးမယ်။

ဗျူရိုကရက် အုပ်ချုပ်ရေး ဖျက်ရမယ် အထက်မှာ ပြောခဲ့တဲ့ အထဲမှာ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူးဆိုတာဟာ ဘာဆိုလိုတာလဲ။ ကျွန်တော် ရှင်းပြလိုပါသေးတယ်။

လွတ်လပ်မဲ့ ဗမာပြည်ကြီးမှာ အခု အစိုးရ အရာထမ်း အမှုထမ်းတွေ၊လောကဓါတ်ဆရာ၊ပညာသည်၊စက်ဆရာ၊ဆေးဆရာ၊ အစရှိတဲ့ လူတွေကို မလိုတော့ဘူးလားဆိုယင် သူတို့ကိုလိုလိမ့်မယ်။ သူတို့အထဲက (Technicians) ခေါ်တဲ့ အထူး သင်ကြားမှု တက်တဲ့ လူတွေဆိုယင် အစိုးရက ကောင်းကောင်း မြှောက်စားရမှာဘဲ။

    ဒါပေမယ့် သူတို့ဟာ ပြည်သူ့အစိုးရ ပြည်သူ့ မိတ်ဆွေတွေ ဖြစ်ရမယ်။ ပြည်သူတွေကို ဂရုမစိုက်ဘဲ အထက်လူကြိုက်ပြီးရော လုပ်တဲ့ လူစားတွေ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ သစ္စာကို စောင့်ထိန်းတဲ့ လူတွေ ဖြစ်ရမယ်။

အဲဒီလိုလူတွေ အမှန်မတော့ တချို့လခတွေ ဘာတွေမှာ နည်းချင် နည်းလာပေမယ့် လွတ်လပ်မယ့် ဗမာပြည်မှာ ပိုပြီးအခွင့်အရေးတွေ ပေးလာနိုင်ပါလိမ့်မယ်။ အခုအခါ အင်္ဂလိပ်တွေသာ လုပ်နေရတဲ့ နေရာမျိုးတွေ ကျွန်နိုင်ငံ ဖြစ်နေလို့၊ သခင်နိုင်ငံလုပ်ရတဲ့နေရာမျိုးတွေမှာ သူတို့ ၀င်ခွင့်၊လုပ်ခွင့်ရှိလာကြမှာဘဲ။ သို့သော်လည်း ရှေးက အရာရှိ စံနစ်အတိုင်း ပြည်သူတွေနှင့် တခြားစီတော့ နေလို့ မဖြစ်နိုင်ဘူး။

တိုင်းပြည်ကာကွယ်ရေး အစိုးရ တာဝန် ပြီးတော့ ဂျပန်ပြည်မှာလို စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ခြယ်လှယ်တာမျိုး၊ ဂျာမနီမှာ ဟစ်တလာတို့ တက်လာ တာမျိုးကို စီးပွားရေး ၊နိုင်ငံရေးအရ နှိမ်နင်းတဲ့နေရာမှာ လွတ်လပ်တဲ့ ဗမာပြည်တွင် တိုင်းပြည်က ကာကွယ်ရေးဟာ အစိုးရရဲ့ တာဝန်၊တတိုင်းပြည်လုံးရဲ့ တာဝန် ဖြစ်လာတဲ့ အတိုင်း ကာကွယ်ရေး လုပ်ငန်းမှန် သမျှ အစိုးရသာလျှင် လုပ်နိုင်မယ်။ တသီးအခြား ကိုယ်ပိုင် အဖွဲ့တွေကလုပ်ဖို့လဲမလိုဘူး။ အခွင့်လဲ ပြုနိုင်မှာ မဟုတ်ဘူး။ အခုလို ကျွန်ဘ၀မှာတော့ တိုင်းပြည်ကာကွယ်တဲ့ တာဝန်က သခင်လူမျိုး အစိုးရ တာဝန်လို ဖြစ်ပြီး သူတို့ကလဲ ကောင်းကောင်းမလုပ်တော့ ကျွန်တော်တို့ ဖာသာ ကျွန်တော်တို့ တတ်သမျှ။မှတ်သမျှ၊ ဖြစ်သမျှ ပြည်သူ့ရဲဘော် တပ်ဖွဲ့ အစရှိတဲ့ အဖွဲ့မျိုးတွေ ဖွဲ့ပြီး လုပ်နေရတယ်။ ဒီလိုအဖွဲ့တွေဟာ လွတ်လပ်တဲ့ ဗမာနိုင်ငံမှာ မရှိတော့ဘူး။ သို့မဟုတ်ယင် လွတ်လပ်တဲ့ ဗမာပြည်မှာ ဒီလိုအဖွဲ့မျိုးဟာ စစ်သဘော နိုင်ငံရေးပါတီမျိုး ဖြစ်တက်ပြီး ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေ မွေးမြူလာတက်တယ်။ ဒါကိုလဲ ကောင်းကောင်း သတိပြုရမယ်။

အထူးသဖြင့် ဖက်ဆစ်ဝါဒ ဗမာပြည်မှာ မပေါ်နိုင်အောင် စီးပွားရေး ၊ နိုင် ငံရေးအရ၊ အဖက်ဖက်က နေပြီး တားရလိမ့်မယ်။ ဖက်ဆစ်စံနစ် ဖက်ဆစ် ၀ါဒဆိုလို့ ဗမာပြည်မှာ ယောင်ဝါးဝါး တွေ အများကြီးဖြစ်နေကြတယ်။

    ဖက်ဆစ်စံနစ်ဆိုတာ ဘာလဲ။ ကြမ်းသင့်လို့ ကြမ်းတာကို ဖက်ဆစ် စံနစ်လို့ခေါ် တာ မဟုတ်ဘူး။

    ငွေပင်ငွေရင်းရှင် (Financial Capitalists) ကြီးတွေက လက်ကိုင်ဒုတ် လုပ်ထားတဲ့ တပည့် တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေး တရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။

    အဲဒီတော့ စီးပွားရေး၊နိုင်ငံရေး၊လူမျိုးရေးတရားတွေနှင့် ပတ် သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေးတရားတွေ မပေါ်အောင် တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ် ကတည်းက စီမံထားရလိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း

( နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို လွှတ် တော်သို့ မတင်သွင်းမီ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ဂျူဗလီဟောညီလာခံကြီးတွင် တင်ပြခဲ့သည်။အထက်ပါမိန့်ခွန်းမှာ ဂျူဗလီဟောပဏာမ ပြင်ဆင်မှု ညီလာခံတွင်မိန့်ကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ဖော်ပြပါသည်။ မိန့်ခွန်းပြော သောနေ့မှာ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ဖြစ်သည်။)

လူတွေက တိုင်းသူပြည် သားတွေက “အစိုးရ”အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။
လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။

အခြားဟာတွေဒီမိုကရေစီ အစစ် မဖြစ်နိုင်ဘူး။ အတုတွေ သာဖြစ်တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...