Thursday, December 26, 2013

နှလုံးသားဒိုင်ယာရီ (၁၈)

December 19, 2013 at 2:54am



၂၆-၂-၂၀၀၂
အညတြသူပုန်တစ်ဦး စီးနင်းလိုက်ပါခဲ့သော သာစည်-ရန်ကုန်အမြန်ရထားကြီးမှာ အရှိန်အဟုန် ခပ်ပြင်းပြင်းဖြင့် သူ့ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။ ခရီးစဉ်တစ်လျောက် ပင်ပမ်းနွမ်းနယ်မှု ဒဏ် ကြောင့် မည်မျှကြာကြာ ကျနော်အိပ်ပျော်သွားသည် မသိ၊
မဟာရန်ကုန်မြို့သို့ဝင်ခါနီးမှလန့်ကာနိုးထခဲ့ရသည်။ ရန်ကုန်ရောက်တော့မည်ဆိုသည့်အသိက ရင်ကိုအတော်လှုပ်ခတ်စေခဲ့သည်။
ရန်ကုန်ရောက်လျှင်မည်သို့ဆက်လက်လွင့်မျောနေမည်ကို မတွေး ခဲ့၊ယခင်နေခဲ့ဖူးသော နေရာဟောင်းများက ရှိနေခဲ့သည်။ ရထားကြီးမလွှကုန်းဘူတာအနီးအရှိန်လျှော့တော့ ဆင်းရန်ပြင်လိုက်သေးသည်။ မြဲမြံစွာချည် နှောင်ထားသော ခရီးဆောင်အိတ်မှာလွယ်လင့်တကူ ဖြုတ်မရ၊ သို့နှင့်ဘူတာကြီးသို့ဆိုက်ရောက်သွား ခဲ့ရသည်။ ရထားပေါ်မှဆင်းပြီး ဘူတာကြီးအပြင်သို့ ဦးတည်လျှောက်လှမ်းလိုက်သည်။ ကျနော့အရှေ့ မနီးမဝေးတွင် ယူနီဖေါင်းအပြာရောင်နှင့်လူတစ်ဦးက ခရီးသည်များထံမှ တစ်ခုခုတောင်းခံနေကြောင်း တွေ့လိုက်ရသည်။

ကျနော်ကိုင်ဆောင်ထားသော မှတ်ပုံတင်မှာသေချာစွာကြည့်လျှင် အတုပြုလုပ် ထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ရှေ့တိုးအခက်၊ နောက်ဆုတ်အခက်ကြုံနေရသည်။ အနီးရောက်မှ ရထားလက်မှတ်များ ပြန်လည်တောင်းခံခြင်းဖြစ်ကြောင်း သိလိုက်သည်နှင့် ဆို့နင့်နေသောအပူလုံး တို့သည်လည်း ပျောက်ခြင်းမလှပျောက်ခဲ့ရတော့သည်။ ဘူတာကြီးအပြင်ရောက်တော့ ပတ်ဝန်းကျင် အနေအထားကို ဝေ့၀ဲကြည့်လိုက်မိပြန်သည်။ ယခင်အခြေအနေနှင့်ယခုအခင်းအကျင်းမှာ ကွာခြားမှု ကြီးကြီးမားမားမတွေ့ရ။ အငွေ့အသက်ဟောင်းတို့သာ လွှမ်းခြုံဆီးကြိုပွေ့ဖက်သလို ခံစားလိုက်ရ သည်။

ကျနော့အနီးသို့ Taxi ကားသမားတစ်ဦးချဉ်းကပ်လာပြီး “ ညီလေး အကိုဘယ်ပို့ပေးရမလဲ” ဟု မေးလာခဲ့သည်။ ဝေးဝေးလံလံတွေးမနေတော့၊ “ကြည့်မြင်တိုင် ကမ်းနားဈေးသွားမယ်ဗျာ၊ဘယ် လောက်ကျမလဲ” ဟု ပြန်လည် မေးလိုက်သောအခါ “နှစ်ထောင့်ငါးရာပေးပါ ညီလေးရာ”ဟုဆိုလာသည်။ လိုင်းကားဖြင့်ခရီးသွားခြင်းထက် Taxi ဖြင့်သွားခြင်းက လိုရာခရီးကိုအမြန်ရောက်နိုင်သလို လုံခြုံမှု လည်းစိတ်ချရသောကြောင့် Taxi ဖြင့်သွားဖြစ် ခဲ့သည်။ မိနစ်နှစ်ဆယ်ခန့်မောင်းနှင်ပြီးနောက် ကြည့်မြင် တိုင်ကမ်းနားဈေးသို့ရောက်ရှိခဲ့သည်။

ကျသင့်ငွေကိုရှင်းပေးပြီးသည်နှင့် ခရီးဆောင်အိတ်ကိုလွယ်ရင်း မိခင်ခေါင်းချခဲ့ရာ ရွာလေးသို့ ဆက်လက် သွားရန်ပြင်ဆင်ရပြန်သည်။ ကျနော့မွေးရပ်မြေနှင့် မဟာရန်ကုန်မြို့တော်ကြီးမှာ ပန်းလှိုင်မြစ်တစ်ခုသာ ခြားနားသော်လည်း လူနေမှုအဆင့်အတန်း၊ ကျန်းမာရေး၊ပညာရေး အစစအရာရာနိမ့်ပါးခဲ့ကြရသည်။ လမ်းခရီးမှာလည်း ချောမွေ့ဖြောင့်ဖြူးသည်တော့မဟုတ်၊ လက်ခတ်လှေဖြင့် တစ်နာရီခွဲခန့်လှော်ခတ်ရပြီး စက်တပ်လှေ ဆိုလျှင် (၄၅)မိနစ်ခန့်မောင်းနှင်ရလေသည်။ မိုးတွင်းကာလဆိုလျှင် အသက်ကိုဖက်နှင့်ထုပ် သကဲ့သို့ ထားတတ်ကြရသည်။ အန္တရာယ်များက အမြဲတမ်းကြိုလင့်နေတတ်သောကြောင့်ဖြစ်သည်။ လှေဆိပ်ရှိ ရာသို့ကျနော်ဆင်းလိုက်သည်နှင့် လှေသမားများက စက်ကလေး၊စက်ဆန်း၊ဘော်လုံးညွန့်၊အေးရွာ၊၀ါး ရုံဆိပ် စသည့်ပို့ဆောင်ပေးမည့်ရွာအမည်နာမများကို ရွတ်ဆိုရင်း ခရီးသည်များကို ဆွဲဆောင်နေလျက် ရှိသည်။

 “အေးရွာ….အေးရွာ” ဟုအော်နေသော စက်လှေပေါ်သို့ကျနော်တက်သွားလိုက်သည်နှင့် လှေဝမ်း အတွင်းရှိ လူများက ကျနော့ကို တစိမ်းဆန်ဆန် ၀ိုင်းကြည့်နေကြသည်။ ရွာပြန်မရောက်သည်မှာ (၁၀)စု နှစ် တစ်ခုမက ရှိခဲ့ပြီ။ ထို့ကြောင့် သူတို့ကျနော့ကို ကြည့်နေခြင်းပဲဖြစ်လိမ့်မည်။ သူတို့အားလုံး အကြည့်ကို ဥပက္ခာပြုရင်း အဝေးသို့ ငေးမောရင်း စီးနင်းလိုက်ပါလာလိုက်သည်။ အတော်လေးစီးနင်းပြီးနောက် အေးရွာအလယ်တံတားသို့ စက်လှေလေးဆိုက်ကပ်လိုက်သည်။ ကျနော်မထ၊ ထိုင်မြဲထိုင်နေသော ကြောင့် စက်လှေသမားမှ “ညီလေး ဆင်းလို့ရပြီ၊ ဒါဂိတ်ဆုံးပဲကွ”ဟု ဆိုလိုက်သည်။ “၀န်သာ ထိမပို့ တော့ဘူးလားအကို”ဟုထပ်မံမေးလိုက်တော့ စက်လှေသမားမှ“၀န်သာမှမရှိတော့တာ” ဟုဖြေလေ သည်။

ထို့ကြောင့် ကျနော်လည်းတံတားပေါ်သို့တက်လိုက်တော့သည်။ ၀န်သာမှာ ကျနော်တို့နေထိုင်ရာ အေးရွာ အနောက်ပိုင်းကိုဆိုလိုခြင်းဖြစ်သည်။ ရွာကြီးတစ်ရွာဖြစ်သောကြောင့် အရှေ့ပိုင်း၊အလယ်ပိုင်း၊ အနောက်ပိုင်း ဟူ၍ အပိုင်း(၃)ပိုင်းဖြင့်ဖွဲ့စည်းထားသောရွာကြီးလည်းဖြစ်သည်။ အိတ်ကိုလွယ်ရင်း ရွာလယ်လမ်းမကြီးအတိုင်း အနောက်ဖက်သို့ လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက် ကျနော့်ကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်ဖုံ ကြည့်နေ ကြသည်ကိုတော့ ကျနော်တွေ့လိုက်ရသည်။ အ နောက်ပိုင်းရောက်တော့ ငယ်စဉ်ကတွေ့မြင်နေကျ မြင်ကွင်းတစ်ချို့ ပျောက်ကွယ်သွားသည်ကို အံ့သြ မှင်သက်ဖွယ်တွေ့လိုက်ရသည်။ ပန်းလှိုင်ဆန်စက်ကြီး မရှိတော့သလို၊ အုတ်ရေကန်များလည်း မတွေ့ ရတော့။ ထီးထီးမားမားရပ်နေသော ဆန်စက်ခေါင်းတိုင်ကြီး တစ်ခုသာကြိုလင့်နေသည်။ စိတ်ထဲတွင် အတော်ရှုပ်ထွေးသွားခဲ့သည်။ ဘိုးဘွားများ နေထိုင်ရာအိမ်သို့ ရောက်ပြန်တော့ အဖွါးဖြစ်သူမှာ အိပ်ရာထဲ ဘုန်းဘုန်းလဲနေသည်။

ကျနော့ကိုမြင်လိုက်သည်နှင့် အရိုး တစ်ပြိုင်းပြိုင်းပေါ်နေသော လက်ခလေး ဖြင့် လှမ်းဖက်ဆုပ်ကိုင်ရင်း မျက်ရည်မိုးတို့ရွာသွန်းလေသည်။ ကျနော်သည်လည်း ဆို့နင့်ကြေကွဲလျက်၊ ကျနော်ရောက်သည့်သတင်းက ဆွေမျိုးသားချင်းများထံ မည်သို့ရောက်သွားသည်မသိ၊ တဖွဲဖွဲရောက် လာကြတော့သည်။ မေးခွန်းပေါင်း များစွာဖြင့် တစ်ယောက်တစ်မျိုး ထိုးနှက်ကြပြန်သည်။ မုသားမပါ၊ လင်္ကာမချောဆိုသကဲ့သို့ တစ်နယ်၊ တစ်ကျေးတွင် သွားရောက်အလုပ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်းနှင့် ခဏတာလာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်းသာ ရှင်းပြလိုက်သည်။

ကျနော်ရွာပြန်မရောက်သည့် နှစ်များတွင် အဖိုးဖြစ်သူနှင့် ဦးလေး တစ်ယောက်လည်း တိမ်းပါးသွားကြောင်း သိခဲ့ရသည်။ အဖိုးဆုံးပြီး နောက် ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချ လုပ်ကိုင်စားသောက်ခဲ့သော လယ်ယာ အတော်များများ စားဝတ် နေရေးအတွက် ငွေနှင့်အလဲအလှယ် လုပ်လိုက်ရသည်။ အိမ်စီးပွါးရေးအခြေအနေက ယိမ်းယိုင်ပြိုလဲ လျက်ရှိနေသည်။ ယခင်ကတည်ရှိခဲ့သော ပန်းလှိုင်ဆန်စက်ကြီးအကြောင်းကိုလဲ စိတ်မကောင်း စရာ ကြားသိရပြန် သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာ သောအခါ ကျောင်း သား၊ ပြည်သူ၊ ရဟန်းရှင်တို့မှာ အသက်အိုးအိမ်စည်းစိမ်တို့ကိုဥပက္ခာပြုပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အာဏာရှင်စနစ်ဆိုးကို အသက်၊ သွေး၊ ချွေး တို့ဖြင့် တိုက်ပွဲဝင်နေချိန် တစ်ကိုယ်ကောင်းဆန် အတ္တ သမားများမှ “တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်” ဆိုသည့်အတိုင်း မိမိတို့အသက်ရှင်ကြီး ပြင်းခဲ့ရာ အေးရွာကိုပင် ပြန်၍ဓါးပြတိုက်၊ ဆက်ကြေးကောက်ခံခဲ့ကြသည်။ ဦးဆောင်သူမှာ ဂွေးနီ နှင့် လှဝင်း တို့နှစ်ဦးြ့ဖစ်သည်။ သူတို့နှစ်ဦးမှာ သိုင်းဆရာများဖြစ်သလို ဒုတ်ပြီး၊ ဓါးပြီးသည်ဟု နာမည်ကြီးသည့် အလျောက် ထင်ရာစိုင်း ခဲ့ကြသူများဖြစ်သည်။ သူတို့တောင်းဆိုမှုက  “ သွပ်မိုးပျဉ်ထောင် ငွေတစ်ထောင်၊ ဓနိကြမ်းခင်း ဆန်တစ်တင်း ” ဟူ၍ဖြစ် သည်။

သူတို့ရန်ကိုကြောက်သောကြောင့် ရွာသားများမှာလည်း မဖြစ်မနေ ပေးဆောင်ကြရသည်။ မြန်မာ နိုင်ငံတွင် အုပ်ချုပ်ရေးယန္တရားများ ပျက်စီးနေသော ကာလဆိုးကြီးလည်း ဖြစ်သည်။ ရွာကို ဆက်ကြေး ကောက်ရုံပင် အားမရနိုင်၊ အနှစ်နှစ်အလလ ရွာ၏၀မ်းရေးကို ငြှိမ်းသတ်ပေးခဲ့သော ပန်းလှိုင်ဆန်စက် ကြီးကိုပါ ရန်ရှာ လာကြသည်။ ဆန်စက်ပိုင်ရှင်ကို ငွေတစ်သိန်း လှမ်း၍တောင်းလိုက်သည်။ သတ်မှတ် ရက်အတွင်း မပေးပါက ဆန်စက်ကိုဖျက်ဆီးမည့်အကြောင်း ရာဇသံပေးလိုက်သည်။ မည်သို့မျှ အကြောင်းပြန်မလာသောအခါ ဂွေးနီ၊ လှဝင်းဦးစီး လူမိုက်ဂိုဏ်းအဖွဲ့မှဆန်စက်ကြီးကို ဖြိုလိုက်ကြ သည်။ စားဝတ်နေရေးအခက်ကြုံနေသော ရွာသားအချို့ကပါ ပူးပေါင်းဖြိုဖျက် နှိပ်စက်လိုက်ရာ(၃)ရက် မြောက်သောနေ့တွင် ဘွိုင်လာအိုးနှင့် ခေါင်းတိုင်ကြီးသာ ကျန်ခဲ့လေတော့သည်။ လူမိုက်တို့၏ အလို ရမ္မက်မှာ ကြီးလွန်းလှသည်။


တစ်ရွာလုံး အသုံးပြုလျက်ရှိသော ရေကန်များကိုလည်း ဖြိုဖျက်ပြီး အုတ်ခဲ များတူးယူကြပြန်သည်။ လုံးဝ မခံမရပ်နိုင်ကြသည့်အဆုံး ရွာသားများ ပူးပေါင်း၍ သူတို့နှစ်ဦးအား လုပ်ကြံ သတ်ဖြတ်လိုက်ကြတော့သည်။ လူမိုက်တို့ သွားရာလမ်းအတိုင်း သူတို့လျှောက်လှမ်း လိုက်ရလေတောသည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ လ(၁၈)ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဂွေးနီနှင့်လှဝင်း အား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ရွာသားအတော်များများကို ဖမ်းဆီးထောင်ချလိုက်ကြောင်းပြောပြ၍ သိ ခွင့်ရလိုက်သည်။

အသိမဲ့ လူရမ်းကားတစ်စု၏ အစပျိုးမွှေးလိုက်သောမီးကြောင့် အိမ်ထောင်ဦးစီး အတော်များများ ထောင်နန်းစံ သွားသောကြောင့် ကျန်ရစ်သူ မိသားစုများမှာ ဒုက္ခပင်လယ်ဝေခဲ့ ကြရသည်။ ထိုအဖြစ်ဆိုးကြီးမှာ ရန်ကုန်မြို့ တော် ကြီးနှင့် မြစ်တစ်ခုသာခြားသော အေးရွာတွင် ဖြစ်ပေါ်ခဲ့ခြင်း ပင်ဖြစ်သည်။ နောက်တစ်နေ့ ရွာကလေးအတွင်း လှည့်လည်ကြည့်လိုက်သောအခါ မယုံကြည်နိုင်ဖွယ်ရာမြင် ကွင်းများက နှလုံးအိမ်အတွင်း ထိုးဖေါက်ဝင်ရောက် လာခဲ့ပြန်သည်။ ယနေ့တိုင်စိုးမိုးနေဆဲ…။ ငယ်သူ ငယ်ချင်းတစ်ချို့က ကျနော့ကို မမှတ်မိတော့။ မိသားစုစားဝတ်နေရေးထက် နေ့ရှိသမျှ အရက်သောက် ရရေးသာ အဓိကဖြစ်နေသည်။ အရက်ကသူတို့ကိုလက်ဦးမှုရယူထားသည်။ အချို့သူငယ်ချင်းများ ကတော့ မှတ်မိကြသည်။ သူတို့ဘ၀ကလည်း နေ့လား၊ ညလားမသိ၊ အဟာရချို့တဲ့မှု ဒဏ်ကြောင့် အောက်ပိုင်းများချိနဲ့၍ အိပ်ယာထဲ ဘုန်းဘုန်းလဲနေကြရသည်။

မိန်းခလေးသူငယ်ချင်းအများစုမှာ အိမ် ထောင်ကျသူကျ၊ အချို့လည်း မိသားစု စားဝတ်နေရေးအတွက် အရှက်နှင့်သိက္ခာကိုဥပက္ခာပြု၍ ဇိမ်ခန်းများရောက် နေကြပြီ။ တစ်လင်၊တစ်မယားစနစ် ပျက်သုဉ်းကာ လင်တစ်ယောက်၊ မယားနှစ်ယောက် က အစားထိုး ၀င်ရောက်နေသည်။ အသက်မပြည့်မီ အိမ်ထောင်ပြု သူတွေကလည်း ဒုနဲ့ဒေး။ ရွာလေးအတွင်းရှိ မြင် ကွင်းတို့ကို ဆက်လက်ကြည့်ရှုနိုင်စွမ်း ကျနော့မှာ မရှိတော့။ ခွန်အားသတ္တိများကုန်ဆုံးသွားခဲ့ရသည်။ စနစ်ဆိုးတစ်ခု မချုပ်ငြိမ်းသမျှ ဒီရွာလေးထဲရှိ ဘ၀တွေကလည်း မည်သို့စခန်းဆက်သွားအုံးမည်ဆို သည်ကို မသိနိုင်။

 ယခုအခါ နိုင်ငံရေးအခြေအနေ အရပ်ရပ်မှာလည်း တိုးတက်ကောင်းမွန်လာခဲ့ပြီ။ ရွာလေးထဲရှိ ဘ၀များ သည်လည်း စနစ်ဆိုးအောက်မှရုန်းထွက်နိုင်ပြီး အဆင့်အတန်းပြည့်ဝ၍ ဖွံ့ဖြိုးတိုးတက်သော ရွာလေး အဖြစ် ပြန်လည် ရောက်ရှိနေလေမည်လား ဟုမြင်ယောင်မိရင်း……….။

ဆက်ပါအုံးမည်။

အုပ်ကြီးဖေ
၁၈-၁၂-၂၀၁၃


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...