Monday, December 16, 2013

မဟာဗျူဟာပုစ္ဆာများနှင့် စာရေးသူစဉ်းစားမိသည်များ

November 1, 2013 at 1:48am
  • ပုစ္ဆာငါးရပ်
 “ခုတစ်လော ခင်ဗျားကို သဲကြီးမဲကြီး ပြန်ဆော်နေကြပြန်ပြီနော် …။”
သတင်းစာ၊ ဂျာနယ်များတွင် ခပ်စိပ်စိပ် တွေ့လာရသော၊ အရေးအသားတွေနှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်၏ မှတ်ချက် ဖြစ်ပါသည်။ စာရေးသူဘာမှ ပြန်မဖြေခဲ့ပါ။ သူ့စကား အသုံးအနှုန်းတိကျပုံ ကိုတော့ သဘောကျသွားသည်။ အထူးသဖြင့် “ခုတစ်လော” ဆိုသည်နှင့် “ပြန်”ဆိုသော ကြိယာဝိသေသနများ …။ ဟုတ်သည်ကော …။ စာရေးသူအနေနှင့် ဝေဖန်ရေး အမည်ခံ အပုပ်ချပွဲများနှင့် ကြုံရသည်မှာ တစ်ကြိမ်မှ မကတော့ဘဲ …။

ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလက တစ်ကြိမ်။ “ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားသင့်တယ်” ဆိုသော စာရေးသူအမြင်ကို ဝိုင်းတွယ်ကြသည်။ အခုလည်း “အခြေခံဥပဒေ အသစ်ရေးတာထက်၊
ပြင်ရေးက လက်တွေ့ကျမယ်၊ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို အဆောတလျင် မကိုင်သင့်” ဆိုသော သဘောထားများကို ခပ်ပြင်းပြင်း သမနေကြသည်။ ရှိစေ …။ စာရေးသူ အနေနှင့်တော့ အရေထူနေပါပြီ။ ပျင်းတောင်ပျင်းသေးတယ်ပေါ့။

စာရေးသူအပေါ် ဆွမ်းကြီးလောင်းကြသူ များကို ယေဘုယျအုပ်စု နှစ်ခုခွဲကြည့်ပါသည်။ ပထမအုပ်စုမှာ “ခါတော်မီ သူရဲကောင်းများ”။ “မူ” သဘော ဟုတ်ဟုတ်ညားညားမပါ။ ပုဂ္ဂိုလ်ရေး ဆဲရေးတိုင်းထွာမှု သက်သက် ဖြစ်၍ စာရေးသူဘက်မှ တုံ့ပြန်စရာမလိုဟု ခံယူထားသည်။ ဒုတိယအုပ်စု ကတော့ ပိုအရေးကြီးသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မကင်းသည့်တိုင် အိုင်ဒီအိုလိုဂျီ အခံများပါသည်။ သူတို့က စာရေးသူ၏ မဟာဗျူဟာအမြင်များ ကို ချေဖျက်ဖို့ ကြိုးစားကြသည့် သဘော ရှိသည်။

တစ်ခါက စာရေးသူ၏ မိတ်ဟောင်းဆွေဟောင်း (ဆိုကြပါစို့) ရဲဘော်ဟောင်းတွေ ဖြစ်ပါသည်။ “အုပ်စုအစွဲ” (Group Psychology) ဖြင့် “သစ္စာဖောက်သုတ်သင်ရေး” လုပ်ကြသည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ရှိစေ၊ မဟာဗျူဟာ သဘောဆောင်၍ စာရေးသူဘက်က တစ်စုံတစ်ရာ ပြန်ပြောဖို့ လိုမည်ထင်သည်။ သူတို့အတွက်ကား မဟုတ်။ စာဖတ်သူများအတွက် ဖြစ်သည်။

စာရေးသူ စဉ်းစားမိသမျှ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မဟာဗျူဟာ ပုစ္ဆာငါးရပ်ကို ဦးစွာဖော်ပြပါမည်။
၁။ လက်နက်ကိုင် တိုက်ပွဲလော …၊ ဥပဒေတွင်း နိုင်ငံရေးလော ..။
၂။ အထက်မှလာသော အပြောင်းအလဲလော …၊ အောက်မှလာသော အပြောင်းအလဲလော …။
၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …။
၎။ ထိပ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်းအဖြေ ရှာရေးလော …။
၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …။
အဆိုပါ ပုစ္ဆာငါးရပ်နှင့် ပတ်သက်ပြီး စာရေးသူ၏ သဘောထား (ပို၍ တိတိကျကျ ဆိုရလျှင် “အမြင်အရွေ့”) ကို ဆက်လက်ဖော်ပြသွားပါမည်။

  • ၁။ လက်နက်ကိုင်တိုက်ပွဲလော၊ ဥပဒေတွင်း နိုင်ငံရေးလော …။
စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုတွင် မဟာဗျူဟာ လမ်းကြောင်းနှစ်ရပ် ပေါ်ထွက်လာသည်။ “ဘရောက်ဒါဝါဒ” နှင့် “ဇဒါးနော့လမ်းစဉ်”။ “ဘရောက်ဒါဝါဒ” က “ငြိမ်းချမ်းစွာ ကူးပြောင်းရေး”ကို ညွန်းသည်။ “ဇဒါးနော့လမ်းစဉ်”က “ပြည်တွင်းစစ်ပေါ်လစီ” ကို ခင်းပြသည်။ မြန်မာကွန်မြူနစ်များက “ဇဒါးနော့လမ်းစဉ်” ကို ရွေးခဲ့ကြသည်။ သို့ဖြင့် လွတ်လပ်ရေးသက်တမ်း သုံးလမှ မပြည့်တတ်သေးမီ၊ ဗမာပြည်ကွန်မြူနစ်ပါတီက “စစ်အနိုင်တိုက်ရေး၊ အာဏာသိမ်းရေး” (၄၈ လမ်းစဉ်) ဖြင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည်။ ဒါကို ဖဆပလအစိုးရက “အပြုတ်တိုက်ရေး” ဖြင့် တုံ့ပြန်သည်။ အကျိုးဆက်ကား နုနယ်သောဒီမိုကရေစီ ဇီဝိန်ချုပ် ခဲ့ရသည်။ တိုင်းပြည် စုတ်ပြတ်သွားခဲ့သည်။

စာရေးသူ လူဖြစ်ကြီးပြင်းသော အချိန်တွင် ပါလီမန်မရှိတော့၊ ဈေးကွက်မရှိတော့၊ ဒီမိုကရေစီ မရှိတော့၊ ဥပဒေတွင်းနိုင်ငံရေးပင် မရှိတော့။ လက်နက်ကိုင် တိုက်ပွဲသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းလို ဖြစ်နေသည်။ သည်လိုနှင့် တောနှင့်တောင်သို့ ရောက်သွားသည်။ “ဘဝ၏ ထေ့ငေါ့သရော်ချင်စရာ” ဟု ဆိုရမည်လားမသိ။ ကွန်မြူနစ်ပါတီ အလံတော်အောက် ရောက်တော့မှ ကွန်မြူနစ်ဝါဒကို သံသယဖြင့် ကြည့်မြင်လာသည်။ လက်နက်ကိုင် တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများကို ဒုတ်ဒုတ်ထိ သိလာသည်။

မော်စီတုန်း၏ “ရေရှည်စစ်” ကို “ဒုတိယအတွေး” ဖြင့် အကြိမ်ကြိမ် ဖတ်ဖြစ်သည်။ သူတို့ခေတ် သူတို့အခါ (စစ်ကြိုခေတ်) သူတို့အခြေအနေ (အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေသော တရုတ်ပြည်)တွင် “ရေရှည်စစ်” မှာ အလုပ်ဖြစ်ခဲ့ပါလိမ့်မည်။ မြန်မာနိုင်ငံတွင်ကား အလုပ်မဖြစ်။ ဆန့်ကျင်ဘက် အကျိုးဆက် တွေနှင့်သာ ကြုံခဲ့ရသည်။ ပြည်တွင်းစစ်ကို အကြောင်းခံ၍ “စစ်ဘောင်” ကျယ်လာရာမှ နောက်ဆုံး “စစ်ဝါဒ” အမြစ်တွယ်လာခြင်း။ စာရေးသူအနေနှင့် “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကို ဘယ်လိုမှ ယုံကြည်လို့မရတော့ပါ။

  • ၂။ အထက်မှလာသော အပြောင်းအလဲလော၊ အောက်မှလာသော အပြောင်းအလဲလော …။
ယနေ့ မျက်မှောက်ပြုနေရသော နိုင်ငံရေးအရွေ့ကို စာရေးသူက “အထက်မှလာသော အပြောင်းအလဲ” (Top Down Change) သက်သက် ဟုလည်းမမြင်၊ “အောက်မှလာသော အပြောင်းအလဲ” (Bottom up Change) သက်သက်ဟုလည်းမထင်၊ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” အဖြစ် သဘောယူပါသည်။

လက်ရှိအပြောင်းအလဲကို စတင်ဖွင့်လှစ်ခဲ့သော “ရှစ်လေးလုံး အရေးတော်ပုံ” ကြီးမှာ “အောက်မှလာသော အရွေ့” ဟု ဆိုနိုင်ပါလိမ့်မည်။ ဘယ်သူ့ ပယောဂမှမပါ၊ လူထုကိုယ်တိုင်က မခံမရပ်နိုင်တော့၍ ပေါက်ကွဲ ပေါ်ထွက်လာသော လူထုလှုပ်ရှားမှုဟု မြင်သည်။ “အလိုလို ဖြစ်ပေါ်လာသော လှုပ်ရှားမှု (Spontaneous Movement) ဖြစ်သည်။ ဤသို့သော “အောက်မှလာသော အရွေ့” ဖြင့် ဒီမိုကရေစီလမ်း ပွင့်သွားသည်များ ရှိသလောက် ရှိပါသည်။ သို့တစေ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ ဥပမာ- ဖိလစ်ပိုင်ဆိုလျှင် ပြည်တွင်းပြည်ပ ထူးခြားချက်များ ရှိသည်။ ပြည်တွင်းတွင် “ရားမို့(စ်)ဖက်တာ” နှင့် ပြည်ပတွင် နိုင်ငံတကာမိသားစု (အထူးသဖြင့် အမေရိက) ၏ ထိရောက်သော အားများ မားကို့စ်အစိုးရအပေါ် ရှိသည်။ မြန်မာနိုင်ငံတွင် ဤနှစ်ခုလုံးမရှိ။ သို့နှင့်အမျှ People’s Power ဖြစ်မလာဘဲ People’s Funeral နှင့်သာ ကြုံခဲ့ရသည်။

အရှေ့ဥရောပ “ကတ္တီပါတော်လှန်ရေး” တွင်လည်း လမ်းပေါ်နိုင်ငံရေး” မှ “စားပွဲဝိုင်း နိုင်ငံရေး” သို့ ရွှေ့ပြောင်းနိုင်သော အားသာချက် ရှိသည်။ မြန်မာ့ရှစ်လေးလုံးတွင် ဤအားသာချက် မရှိ။ ဤအတွက် ပထမပိုင်း (ဦးစိန်လွင်လက်ထက်) တွင် အစိုးရမှာ တာဝန်ရှိသည်။ နောက်ပိုင်း (ဒေါက်တာမောင်မောင် လက်ထက်) တွင်ကား အတိုက်အခံဘက်မှာပါ အားနည်းချက်များ ရှိသည်ဟု ထင်သည်။ ဆိုရလျှင် “စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ဓလေ့” နှစ်ဖက်လုံးတွင် အားနည်းသည်ဟု ဆိုရပါလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲသည်ကား ပါမောက္ခရှမစ်ထာ ညွှန်းသော “သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ” (Imposed Transition) သဘော ဖြစ်သည်။ ယခင် တပ်မတော်အစိုးရ ကိုယ်တိုင် စတင်လမ်းဖွင့်ပေး လိုက်သော “အထက်မှလာသည့် အပြောင်းအလဲပုံစံ” ဖြစ်သည်။ “ရှစ်လေးလုံး အရေးအခင်း”၊ “ရွှေဝါရောင်အရေးအခင်း” များမှ အတွေ့အကြုံများကို သင်ခန်းစာ ယူပြီး “ပြေလည်ရေးလမ်းစ” ကို ဖော်ထုတ်လိုက်သည် ဖြစ်၍ ထိုစဉ်က နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကို အသိအမှတ် ပြုရပါလိမ့်မည်။

အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် အင်အားစုအချို့ ပါဝင်လာပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ ပါဝင်လာရာ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” ဖြစ်သွားသည်ဟု မြင်သည်။ “ငါတို့ကိုကြောက်လို့ လျှော့ပေးလာတာ” ဆိုသော တလွဲမာနဖြင့် အလုပ်မဖြစ်နိုင်ဟု သဘောရပါသည်။ “How we got here” ဆိုသည်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လျှင် “How we proceed” တွင် ပြဿနာရှိပါလိမ့်မည်။

  • ၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …
လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံရေးမှာ “ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ ကြိုးစားကြသော ချသမိုင်းကြီး” ဟု ဆိုရမလိုရှိသည်။ တိုင်းပြည်မျက်နှာ ထောက်ပြီး ဤချသမိုင်းကြီးကို ရပ်တန်းက ရပ်ကြဖို့ အချိန်တန်ပြီ ထင်ပါသည်။ ကွယ်လွန်သူ ဆရာကြီးဒဂုန်တာရာ တဖွဖွ ပြောသွားခဲ့သော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ” ဆိုသော နိုင်ငံရေးမှာ အဆိုပါ ချသမိုင်းကြီးကို သင်ခန်းစာထုတ်ယူရာမှ ပေါ်ထွက်လာသော “မဟာဗျူဟာမြောက်အဖြေ” ဟု သဘောရပါသည်။ ဆရာ ဆက်လက်ပြောကြားခဲ့သော “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရတာ၊ မုန်းသူကို ချစ်သူဖြစ်အောင် လုပ်ရတာ” ဆိုသည့် စကားမှာလည်း ဆိုခဲ့ပါမဟာဗျူဟာကို လက်တွေ့ အကောင်အထည် ဖော်ရမည့် နည်းဗျူဟာဟု မြင်ပါသည်။

သို့နှင့်အမျှ စာရေးသူအနေနှင့် ရန်သူတွေ၊ မိတ်ဆွေတွေ ခွဲကြည့်မနေ တော့ပါ။ Anti တွေ Pro တွေမရှိတော့ပါ။ တပ်မတော်အပါအဝင် အားလုံးကို အမျိုးသားရေး အင်အားစုအဖြစ်သာ သဘော ယူပါတော့သည်။ ယနေ့ နိုင်ငံရေးမှာလည်း အပြန်အလှန် ဖယ်ထုတ်ကြမည့် ရန်ဘက်နိုင်ငံရေး မဟုတ်။ အပြန်အလှန် ညှိနှိုင်းအဖြေရှာကြရမည့် မိတ်ဖက်နိုင်ငံရေး ဟူ၍သာ ခံယူထားပါသည်။

  • ၄။ ထိတ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်း အဖြေရှာရေးလော …
လက်ရှိ မြန်မာဒီမိုကရေစီ အပြောင်းအလဲမှာ သွေးတူမွေးတူ တစ်စုတစ်ဖွဲ့ တစ်ပါတီတည်း၊ ထီးထီးကြီး မောင်းနေသည့် ဖြစ်စဉ်မဟုတ်ပါ။ ယခင် အစိုးရခေါင်းဆောင် တွေလည်း ပါသည်။ တပ်မတော်လည်း ပါသည်။ လူမျိုးစု အဖွဲ့အစည်းတွေလည်း ပါသည်။ “ဒီမိုကရက်တစ် အင်အားစု” ဆိုသော ခေါင်းစဉ်အောက်မှာပင် ပါတီတွေ အမျိုးမျိုး ရှိနေသည်။ ဆိုရလျှင် သဘောသဘာဝ မတူသော၊ အစစအရာရာ ထပ်တူမကျနိုင်သော ပဒေသာစုံ အင်အားစုများ ဝိုင်းတွန်းကြရမည့် အရွေ့မျိုး ဖြစ်ပါသည်။

ဤအခင်းအကျင်းတွင် သဘောထားအမြင်ချင်း မတူကြသည်မှာ သဘာဝကျပါသည်။ သို့နှင့်တိုင် မတူတိုင်း ရန်ဖြစ်နေကြလျှင် ဘယ်လိုမှ ရှေ့သို့ရောက်နိုင် မည်မဟုတ်။ အဆင်မသင့်ပါက နောက်ပြန် ဆုတ်သွားစရာပင် ရှိသည်။ “ဘုံတူညီချက်” (Common Ground) တစ်ခုတွင် ခြေမြဲလက်မြဲ ရပ်ပြီး မတူခြားနားသည် များကို ညှိနှိုင်းအဖြေရှာ အပြန်အလှန် အလျှော့ပေးကြဖို့ လိုပါလိမ့်မည်။ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်၊ ညှိနှိုင်း အဖြေရှာရေးသာ ဖြစ်ရပါလိမ့်မည်။

အားလုံးကို “အမျိုးသားရေးအင်အားစု” ဟု သဘောထားနိုင်လျှင် ဤအတိုင်း အသေအချာ ဖြစ်နိုင်ပါသည်။ နာကြည်းစရာ အတိတ်ကအမှား များကို Blame Game ဖြင့် မတုံ့ပြန်ဘဲ သင်ခန်းစာ ယူကြခြင်းဖြင့်သာ သမိုင်းကို ချဉ်းကပ်ဖို့တော့ လိုပါလိမ့်မည်။ ယနေ့ လူပြောများလှသော
“အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသည်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် မရနိုင်။ ညှိနှိုင်းအဖြေရှာ အလျှော့ပေး စေ့စပ်နည်းဖြင့်သာ ရနိုင်စရာ ရှိပါသည်။

  • ၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …

လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ဖို့ဆိုလျှင် “နှုန်းစံ” များဖြင့် အစပြုလို့မရပါ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ “ပကတိအရှိ” က အစပြုဖို့ လိုလိမ့်မည်ဟု ဆင်ခြင်မိပါသည်။ စာရေးသူ “ဆဝါး” မိသလောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ပကတိအရှိကို ဖော်ပြရလျှင် -

(က) မြန်မာနိုင်ငံမှာ အနှစ် (၆၀) ကျော်ကြာ၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ယခုထက်တိုင် ရင်ဆိုင်နေရဆဲ ရှိသည်။

(ခ) ဒီမိုကရေစီ နိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ် တို့နှင့် အဆက်ပြတ် သွားခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ နီးပါး ရှိပြီဖြစ်သည်။

(ဂ) မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်နှင့် ပညာရေးရေချိန်မှာ ဆိုးဆိုးဝါးဝါး နိမ့်ပါးနေသည်။

(ဃ) မြန်မာစာပေလောကမှာ နဂါးနီခေတ်လောက်မှစ၍ ယနေ့အထိ လက်ဝဲစာပေသာ တစ်ဖက်သတ် လွှမ်းမိုးထားခဲ့ရာ နိုင်ငံတကာ ဒီမိုကရက်တစ် စာပေများနှင့် ထိတွေ့မှု လွန်စွာမှပင် အားနည်းသည်။

(င) ဆိုခဲ့ပါ အချက်များကြောင့် မြန်မာလူထုသာမက မြန်မာနိုင်ငံရေး ပလေယာများ၏ ဒီမိုကရက်တစ် အသိရေချိန်မှာ လက်ရှိအပြောင်းအလဲက တောင်းဆိုနေသည်နှင့် များစွာ အဟပ်ကွာနေဆဲ ရှိသည်။

(စ) နိုင်ငံတည်ဆောက်ရေး အတွက် အရေးကြီးသော ဗျူရိုကရေစီ နှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်း များမှာလည်း ၁၉၆၂ နောက်ပိုင်းမှစ၍ တစ်စတစ်စ ပြိုကျသွားခဲ့ရာ အခုမှ အသစ်ပြန်စရမည့် အခြေအနေရှိသည်။

ဤသို့သော ပကတိအရှိ များကြောင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ မှာ မည်မျှပင် ဆန္ဒရှိသည်ဖြစ်စေ၊ မြန်မြန်ဆန်ဆန် အောင်မြင် ပြီးမြောက်နိုင်ဖွယ်ရာ မရှိ။ စိတ်ရှည်လက်ရှည်နှင့် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲရမည့် သဘောရှိသည်။ ဤအနေအထားတွင် စိတ်မရှည်ဘဲ “ရှော့ခ်ရိုက်ကုထုံး” သုံးလိုက်လျှင် အကျိုးထက် အဆိုးက များပါလိမ့်မည်။ လက်ရှိအပြောင်းအလဲ ကိုပင် ကတိမ်းကပါး ဖြစ်သွားနိုင်စရာ ရှိသည်ဟု မြင်သည်။

  • လိပ်ပြာသန့်စိတ်
စာရေးသူရေးသမျှ၊ ပြောသမျှမှာ ဆိုခဲ့ပြီးသော မဟာဗျူဟာ စဉ်းစားချက်များ အပေါ် အခြေခံပါသည်။ စာရေးသူတစ်ခါက သက်ဝင်ယုံကြည်သည် များနှင့်မူ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါလိမ့်မည်။ မတတ်နိုင် …။ စာရေးသူဘက်ကတော့ လိပ်ပြာသန့်သည်။

ပြောရလျှင် ဆယ်ကျော်သက်အရွယ် မရှိတရှိကပင် စာအုပ်တွေမှ တစ်ဆင့် မတ်စ်ဝါဒကို စိတ်ဝင်စားခဲ့သည်။ လက်လှမ်းမီသလောက် ဖတ်ခဲ့ မှတ်ခဲ့သည်။ ကိုယ်တွေ့မဟုတ်၊ စာတွေ့နှင့်ပင် ကွန်မြူနစ်ဝါဒကို သက်ဝင် ယုံကြည်လာသည်။ သို့တိုင်အောင် လူကိုလူလို ဆက်ဆံမခံရသော ပတ်ဝန်းကျင်၊ ရှင်းရှင်းဆိုရလျှင် နံရံတံတိုင်းများကြားသို့ ရောက်သွားသောအခါ “လူ့အခွင့်အရေး ဆိုတာ ဓနရှင်တွေရဲ့ လိမ်လည်ချက်တစ်ရပ်” ဆိုသော လီနင်၏စကားကို ဇွတ်မှိတ် ယုံမရတော့။ တောနှင့်တောင်သို့ ရောက်သွားသော အခါတွင်လည်း လက်နက်ကိုင်တော်လှန်ရေး ဆိုသည်တွင် ပူးဝင်နေသော “စစ်ဝါဒတစ္ဆေ” ကိုတွေ့တော့ စဉ်းစားစရာတွေ ရှိလာသည်။ ထို့ထက် ဆိုဗီယက်ယူနီယံ ပြိုကျ၊ တရုတ်ပြည်ကြီး အသွေးအရောင်ပြောင်း၊ ဒီမိုကရေစီ လှိုင်းလုံးများနှင့် ကြုံလိုက်ရသောအခါ အရမ်းအကန်း ဇွတ်မှိတ် ယုံကြည်နေလို့ မရတော့။ ကမ္ဘာကြီး၏ သမိုင်းဆိုင်ရာ လိုအပ်ချက်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒမဟုတ်၊ စီမံကိန်းစီးပွားရေး မဟုတ်၊ ဒီမိုကရေစီ နှင့် ဈေးကွက်သာ ဖြစ်သည်ကို စာတွေ့မက၊ ကိုယ်တွေ့ဆင်ခြင်မိသည်။

အမှန်စင်စစ် ကွန်မြူနစ် အိုင်ဒီအိုလိုဂျီနှင့် ဒီမိုကရေစီမှာ ဘာမှမဆိုင်ပါ။ ဆန့်ကျင်ဘက်ဟူ၍ပင် ဆိုနိုင်စရာရှိသည်။ ကွန်မြူနစ်က လူကို အခြေမခံ၊ လူတန်းစားကို အခြေခံသည်။ သို့အတွက် လူ့အခွင့်အရေးကို အလေးမထား၊ လူတန်းစားဒီမိုကရေစီ ကိုသာ ယုံသည်။ ပစ္စည်းမဲ့အာဏာရှင် စနစ် (သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်) ဖြင့် လူတန်းစားမဲ့ လူ့ဘောင်ဆိုသည်ကို အန္တိမရည်မှန်းချက် ထားပါသည်။ စီးပွားရေး တွင်လည်း ဈေးကွက်ကို လက်ခံသည်မဟုတ်။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို လွတ်လပ်စွာ သွေးစုတ်ခွင့်ဟု အဓိပ္ပာယ်ဖွင့်သည်။ လူ့အခွင့်အရေးကို အလေးထားသော ပါလီမန်ဒီမိုကရေစီကို ယုံကြည်သော၊ ဈေးကွက်ကို အားပြုသော၊ ဒီမိုကရေစီ နှင့် ဘယ်လိုမှ မတူနိုင်ပါ။

အရှေ့ကို မျက်နှာမူလိုလျှင် အနောက်ကို ကျောခိုင်းရမည်သာ ဖြစ်ပါသည်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ ဒီမိုကရေစီ ချန်ပီယံလည်း လုပ်ချင်၊ ကွန်မြူနစ်စွဲမြဲသူလည်း ဖြစ်ချင်လို့မရ၊ ဤသို့ဆိုလျှင် နှစ်ခုလုံးကို နားမလည်ရာ ရောက်သည်။ နားလည်သည် ဆိုလျှင်လည်း မရိုးသားမှုသာ ဖြစ်လိမ့်မည်။ စာရေးသူတော့ လိပ်ပြာသန့်သန့်ဖြင့်ပင် အမြင်တွေ ပြောင်းသွားပါပြီ။ မည်သူမဆို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ ရိုးသားမှုတော့ ရှိစေချင်သည်။

ကျော်ဝင်း
၂၇.၁၀.၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...