Friday, December 6, 2013

နှစ်ဘက်အပြန်အလှန် ညှိနှိုင်းအလျွှော့ပေးစေ့စပ်တဲ့ဓလေ့မျိုး ထွန်းကားဖို့ လိုပါတယ် - ကျော်ဝင်း

December 5, 2013 at 11:00am
(Myanmar Peace Chronicle နှင့်အင်တာဗျူး)
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ တောတွင်းလက်နက်ကိုင်အင်အားစုတွေနဲ့၊ တစ်ချိန်တည်း တစ်ပြိုင်တည်းလောက် တွေ့ဆုံဆွေးနွေး ဖို့ကြိုးစားခဲ့ကြတာ သုံးကြိမ်ရှိတယ်။ ၁၉၆၃ တော်လှန်ရေးကောင်စီခေတ်ဦးက တစ်ခါ၊ အရင် အစိုးရလက်ထက် ၁၉၉၀ ပြည့်လွန်နှစ်တွေက တစ်ခါ၊ အခုအစိုးရသစ်လက်ထက်နောက် တစ်ခါ၊ စုစု ပေါင်းသုံးကြိမ်ပေါ့။ ပထမအကြိမ်က မအောင်မြင်ခဲ့ဘူး။ အဲ့ဒီတုန်းက အိုင်ဒီယိုလိုဂျီ အကြောင်းခံတဲ့ လက်နက်ကိုင်တွေ(ဗကပနဲ့အလံနီ)နဲ့ ငြိမ်းချမ်းရေးမရခဲ့တာ၊ အပြန်အလှန်ယုံကြည်မှုမရှိလို့ပါ။ လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဆွေးနွေးပွဲမှာ ကြုံခဲ့တဲ့ အဓိကအဖုအထစ်က ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုတဲ့ကိစ္စ။
(အခု - အိုင်ဒီအိုလိုဂျီ လက်နက်ကိုင်မရှိတော့ဘူး။ လူမျိုးစုလက်နက်ကိုင်တွေဘက်ကလဲ ခွဲထွက်ရေးကို မတောင်းတော့ဘူး။) ဒုတိယအကြိမ်မှာတော့၊ အပစ်အခတ်ရပ်စဲရေးပဲ ရခဲ့တယ်။ နိုင်ငံရေးဆွေးနွေးပွဲထိ မရောက်ခဲ့ဘူး။ ဒါကြောင့်လဲ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး မရခဲ့တာလို့ ထင်ပါတယ်။
အခုချိန်မှာတော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်စရာ ပိုများလာတယ်။ အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲ အထိ ဦးတည်ချက်ရှိတယ်။ လိုအပ်ရင် - constitution ကိုပါပြင်မယ်လို့ ဆိုတယ်။ လူမျိုးစုလက်နက်ကိုင် တွေဘက်ကလဲ ခွဲထွက်ရေးကိစ္စကို မပြောတော့ဘူး။ ပြီးတော့ ခါးသီးတဲ့ ပြည်တွင်းစစ်အတွေ့အကြုံက နှစ်ဖက်စလုံးကို ငြိမ်းချမ်းရေးဘက် မျက်နှာမူလာစေတယ်လို့ ထင်တယ်။ နောက် နိုင်ငံတကာအခင်း အကျင်း။ ဒီနေ့ကမ္ဘာကြီးမှာ ‘လက်နက်ကိုင်တော်လှန်ရေး’ တွေအတွက်ဘယ်လိုမှ အခွင့်မသာတော့ပါဘူး။ ဒါကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ကျွန်တော့အနေနဲ့တော့ အများကြီးမျှော်လင့်ထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ဆက်နွယ်နေတဲ့အကြောင်း သိပါရစေ။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံသွားနေတာက သုံးပွင့်ဆိုင်အပြောင်းအလဲပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပါ။ ဒီသုံးခုလုံးရဲ့ ရည်ရွယ်ချက်က ဖွံ့ဖြိုးတိုးတက်ရေးပဲ လေ။ ဒီသုံးခုဟာ တစ်ခုနဲ့ တစ်ခုဆက်နွယ်နေတယ်။ ဒီထဲမှာမှ အရေးအကြီးဆုံး ‘ဆုံချက်’ အကျဆုံးက၊ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ထင်ပါတယ်။ သမိုင်းကိုပြန်ကြည့်လိုက်ရင် ဒီအဆက်အစပ်ကို ‘ဆဝါး’ နိုင်စရာ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကို အကြောင်းခံပြီး ‘စစ်ဘောင်’ ကျယ်လာတာ၊ ‘စစ်ဘောင်’ ကျယ်လာတာနဲ့အမျှ ‘ဒီမိုကရက်တစ်ဘောင်’ ကျဉ်းလာတာ၊ နောက်ဆုံးလုံးဝ ကိုပျောက်သွားခဲ့ရတာ။ ပြည်တွင်းစစ် တန်းလန်းနဲ့တော့၊ ‘စစ်ဘောင်’ ကိုလျှော့ချဖို့ မလွယ်ပါဘူး။ ‘ဒီမိုကရက်တစ်ဘောင်’ ချဲ့ယူ ဖို့လဲ ခက်နေဦးမှာပါ။ ဒါက နိုင်ငံရေဒပြုပြင်ပြောင်းလဲမှုနဲ့ အဆက်အစပ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာလဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်နေတာတွေရှိတယ်။ စစ်ဖြစ်နေတဲ့၊ မတည်ငြိမ်တဲ့ နိုင်ငံမျိုးမှာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လက်တွေ့မှာခက်တယ်။ နောက် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့စီးပွားရေးက သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ် အဓိက အားပြုနေရဆဲပါ။ သယံဇာတအများစုက၊ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတော့ အပြည့်အဝထုတ်ယူသုံးစွဲဖို့ မလွယ်ပါဘူး။

တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးသာ အခြေအနေကောင်းလာရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်ရော၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်ပါ လမ်းပွင့်လာလိမ့်မယ်။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်လို့ရပြီပေါ့။

တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာတွေ ကွာခြားမှုရှိသလဲ။

ရေဘုယျတူညီချက်တွေ ရှိနိုင်ပေမဲ့၊ မတူတာတွေအများကြီးပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ ‘ထူးခြားချက်’ တွေကို ညဏ်မီသမျှ တန်းစီပြောသွားပါမယ်။

၁။ ကျွန်တော်တို့ လူအဖွဲ့အစည်းရဲ့ ‘ နိုင်ငံရေးဓလေ့’ (political culture) ကိုပြန်ကြည့်ရင် ‘ယုံကြည်မှု’ သိပ်အားနည်းတာကို တွေ့ရမယ်။ ပညာရပ် ဆန်ဆန်ပြောရရင် ‘ very short radius of trust’ ပေါ့။

၂။ ကျွန်တော်တို့ရဲ့ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုကို ပြန်ကြည့်ရင် ‘ စစ်ဓလေ့’ ကဲနေတာကို တွေ့ရတယ်။ Democratic politics ထက် militant politics ကပိုရှေ့ရောက်နေတယ်။

၃။ ဒီနေ့အထိ ကျွန်တော်တို့ နိုင်ငံရေးကို ကြည့်ရင်လဲ ‘ဆန့်ကျင်လက်အချင်းချင်း၊ အပြန်အလှန်ဖယ်ထုတ်ဖို့ အားသန်တဲ့ ရယ်ဒီကယ် နိုင်ငံရေး’ (radical politics) ကသာ အပေါ်စီးရနေတယ်။ ‘ဆန့်ကျင်ဘက်တွေ၊ အကြေအလည်ညှိနှိုင်း အဖြေရှာ၊ အပြန်အလှန် အလျှော့ပေးစေ့စပ်တဲ့ ဒီမိုကရေစီနိုင်ငံရေး’ (Democratic politics) က အခုထိ အားနည်းနေဆဲပဲ။

၎။ နောက် ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်က လွတ်လပ်ရေးနဲ့ ဖွားဖက်တော် ကမ္ဘာပေါ်မှာ အရှည်ဆုံး။ နှစ်ပေါင်း ၆၀ ကျော်ပြီ။

၅။ ဗဟုနိုင်ငံရေး စနစ်တွေနဲ့ ဝေးခဲ့ရတာကလဲ ရာစုဝက်နီးပါး။ ‘ဗဟုနိုင်ငံရေး’ အတွေ့အကြုံ ဆိုလို့ ဆယ်စုနှစ် တစ်ခုလောက်ပဲရှိတယ်။

၆။ တခြားနိုင်ငံတွေမှာ၊ လက်နက်ကိုင်အဖွဲ့၊ လွန်ရောကျွံရော သုံးဖွဲ့လောက်ထက် မပိုဘူး။ ကျွန်တော်တို့မှာ တော့ လူမျိုးစုတိုင်းလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်။ တချို့လူမျိုးစုတွေမှာ ဆိုရင် တစ်ခု မကဘူး။

၇။ ဒီလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ၊ တစ်ခုနဲ့တစ်ခု သဘောသဘာဝ အရရော၊ လက်နက်ကိုင် တိုက်ပွဲသက်တမ်းပါ မတူဘူး။ (တစ်ချို့က  ၄၈ ကတည်းက လက်နက်ကိုင်တာ၊ တစ်ချို့က ၈၈ နောက်ပိုင်း မှ) ဒီတော့ ပြည်တွင်းစစ်ရဲ့ ဒဏ်သင့်မှုတွေအပေါ် နားလည်ပုံ အတိုင်းအတာချင်းမတူနိုင်ဘူး။ ပြီးတော့ မြန်မာနိုင်ငံရေးမှာ သြဇာကြီးခဲ့ဖူးတဲ့ ‘လက်ဝဲအိုင်ဒီအိုလိုဂျီ’ အပေါ်တိမ်းညွတ်ပုံချင်းလဲ မတူကြဘူး။

၈။ ကျွန်တော်တို့နိုင်ငံရေးမှာ group psychology သဘောတွေအများကြီးရှိတယ်။ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းအရ ကိုယ်ပိုင်ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် ငြိမ်းချမ်းရေးတိမ်းညွတ်မှုတွေ ရှိကြပေမဲ့ အစုအဝေးသဘောဖြစ်လာရင် တစ်မျိုးတစ်မည် ဖြစ်တတ်တယ်။ (ဒါက အတော်အရေးကြီးမယ် ထင်တယ်)

၉။ ပြည်တွင်းစစ်က အနှစ်ခြောက်ဆယ်ကျော်ပြီဆိုတော့၊ ‘စစ်စီးပွားရေး’ နဲ့ ‘စစ်အင်စတီကျူးရှင်း’တွေက နှစ်ဘက်လုံးမှာ ‘ခိုင်’နေပြီ။ ‘ငြိမ်းချမ်းရေး စီးပွားရေး’ နဲ့ ‘ဒီမိုကရက်တစ် အင်စတီကျူးရှင်း’ တွေ တည်ဆောက်ဖို့ အများကြီး ကြိုးပမ်းရဦးမယ်။ အချိန်ပေးရလိမ့်မယ်။
ဒါတွေကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တခြားနိုင်ငံတွေထက် ပိုခက်နိုင်ပါတယ်။ ပိုအချိန်ယူ ရမယ်ထင်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့အတွက် ဘယ်အပိုင်းတွေကို  တိုးမြှင့်လုပ်ဆောင်သင့်သလဲ။

ပြောရရင် ပြည်တွင်းစစ်အစ၊ လွတ်လပ်ရေးခေတ်ဦးကတည်းက ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ခရီးမရောက်ခဲ့ပါဘူး။ ဘာကြောင့်လဲ ပြန်ဆန်းစစ်ဖို့လိုမယ်။ ကျွန်တော်မြင်တာ ပြောရရင် အဲဒီတုန်းက တောတွင်းလက်နက်ကိုင်အင်အားစုတွေက ‘တွေ့ဆုံဆွေးနွေးရေးက ပထမ၊ ပြီးမှ လက်နက် စွန့်တန် စွန့်မယ်’ ဒီလိုရပ်တယ်၊ အစိုးရက ‘ လက်နက်အရင်စွန့်၊ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ပေးမယ်’ ဒီလိုရပ်တယ်။ ဒါနဲ့ပဲ ပြည်တွင်း စစ်မရပ်နိုင်ဘဲ ဒီမိုကရေစီသာ လုံးပါးပါးသွားခဲ့ရတာ။ အခုလည်း ဒီသဘောပဲ။ အစိုးရက ‘တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်။ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြမယ်’ လူမျိုးစု လက်နက်ကိုင်တွေကတော့ ‘နိုင်ငံရေး ဆွေးနွေးပွဲတွေ အရင်လုပ်မယ်။ အဖြေရမှ အပစ်အခတ်ရပ်စဲရေး လုပ်မယ်…’။ ဒါနဲ့ပဲ အရင်တုန်းကလို ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဖြစ်သွားမှာ ကျွန်တော် အစိုးရိမ်ဆုံးပဲ။ အဲလိုဆိုရင် အားယူခါစ ဒီမိုကရေစီ ယိုင်လဲသွားနိုင်တယ်။ သတိပြုကြဖို့ပါ။

ကြားထဲက ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာက “ယေဘုယျ နိုင်ငံရေးသဘောတူညီချက်တွေ ရအောင် အရင်လုပ်ကြပါ။ ဒါ ရရင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြပါ။ ပြီးမှ ကျန်တာတွေကို တစုံတရာ ငြိမ်းချမ်းတဲ့ အခြေအနေမှာ ဆက်ဆွေးနွေးကြပါ” လို့ အကြံပြုချင်ပါတယ်။

ဒီနေရာမှာ ‘ယေဘုယျ နိုင်ငံရေး သဘောတူညီချက်’ ဆိုတာကို ရှင်းပါ့မယ်။ အတိအကျ အခိုင်အမာ အနုစိတ်သဘော မဟုတ်ပါဘူး။ ယေဘုယျ သက်သက်ပါ။ နှစ်ဘက် သိပ်မဝေးတဲ့ ယေဘုယျ ဖက်ဒရယ် အနှစ်သာရပိုင်းကို ညှိကြဖို့ပါ။ တိတိကျကျ ပြောရရင် လက်ရှိ ၂၀၀၈ constitution ထဲက ဇယား ၁၊ ၂၊ ၃၊ ၅ ကို ပေးထားချက်လို့ ယူပြီး နှစ်ဘက် လက်ခံနိုင်မယ့် ကြားအဖြေ ရှာကြဖို့ပါ။ ရနိုင်စရာ ရှိပါတယ်။ လွှတ်တော် ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာရင် အဲဒါနဲ့လည်း ဆက်စပ်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ အားလုံး သဘောထား ကြီးကြရင် အကောင်းဆုံး မဟုတ်ရင်တောင်မှ ယာယီဖြစ်စေ လက်ခံနိုင်လောက်မယ့် အဖြေတစ်ခု ရနိုင်ပါတယ်။ ဒါကို မဖြစ်ဖြစ်အောင် အရယူပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် ၂၀၁၅ မတိုင်ခင် ဒါကို အကောင်အထည်ဖော်စေချင်တယ်။

အဲသလို ယေဘုယျနိုင်ငံရေးသဘောတူညီချက် ရတာနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်ပြီလို့တော့ မဆိုနိုင်သေးပါဘူး။ ဆက်လက်ဆွေးနွေးကြရမယ့် ပြဿနာတွေ၊ sensitive issues တွေ အများကြီး ရှိပါသေးတယ်။ လက်နက်ကိုင်တပ်တွေ လျှော့ချရေးတို့၊ ပြန်လည်နေရာချထားရေးတို့၊ ပြန်လည်ပေါင်းစည်းရေးတို့ (ပညာရပ်ဆန်ဆန် ပြောရရင် DDR - Disarmament, Demobilization and Reintegration ပေါ့)။ ဒီကိစ္စတွေက သိပ်သိမ်မွေ့တော့ ချက်ချင်းအဖြေရဖို့ မလွယ်ပါဘူး။ အချိန်အများကြီး ယူရပါလိမ့်မယ်။ ဆယ်စုတစ်ခုတောင် ကြာကောင်း ကြာသွားနိုင်ပါတယ်။ ဒါတွေအားလုံး အပြည့်အဝ ရမှ အပစ်အခတ် ရပ်မယ်ဆိုရင် ကျွန်တော်တို့ သက်တမ်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုမှ ရစရာမရှိပါဘူး။ ယေဘုယျ နိုင်ငံရေး သဘောတူညီချက် ရပြီး အပစ်အခတ်ရပ်မှ တစုံတရာ ငြိမ်းချမ်းတဲ့ အခြေအနေအောက်မှာ ဒီအကဲဆတ်တဲ့ ပြဿနာတွေကို အေးအေးညောင်းညောင်း အဖြေရှာနိုင်ပါလိမ့်မယ်။

ဒီအတွက်တော့ ဘယ်လောက် အချိန်ပေးရ ပေးရပေါ့။ ဆယ်နှစ်ကြာလည်း ဘာဖြစ်လဲ။ အနှစ်ခြောက်ဆယ်ကျော် စစ်တိုက်ပြီးပြီပဲ။ ၁၀ နှစ်လောက် သည်းခံပြီး သေနတ်သံမထွက်စေဘဲ ဆွေးနွေးကြည့်ဖို့ ကောင်းပါတယ်။ ဒီလောက်မှ စိတ်မရှည်ရင် ကျွန်တော်တို့ ပြည်တွင်းစစ် အနှစ်တစ်ရာကြာလည်း အဖြေရှာရမှာ မဟုတ်ဘူး။

ဒီတော့ ယေဘုယျ သဘောတူညီချက်တွေ ရအောင် ဝါယမစိုက်ပြီး လုပ်ပေးကြပါ။ ပြီးရင် တပြည်လုံး သေနတ်သံတွေ ရပ်ပေးကြပါ။ ကျန်တာတွေကို အချိန်ယူ ညှိနှိုင်း အဖြေရှာကြပါ လို့ နှစ်ဘက်လုံးကို မေတ္တာရပ်ခံချင်ပါတယ်။

ဖက်ဒရယ်ဆိုတာကို တိုင်းရင်းသားတွေက တိုင်းရင်းသားတွေက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်နေကြတယ်။ (ဥပမာ - ရှစ်ပြည်နယ် ဖြစ်သင့်တယ် ဆိုတာမျိုး) ဆရာ့အနေနဲ့ရော ဖက်ဒရယ်ဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ။

ဒီနေရာမှာ ကျွန်တော့်လို ပါမွှားတစ်ယောက်ထက် မိတ်ဆွေကြီး “အီဂေါ”ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပဲ ကိုးကားပြောချင်ပါတယ်။ “အီဂေါ”ဆိုတာက Educational Initiatives ရဲ့ ဒါရိုက်တာ Igor Blazevic ကိုပြောတာပါ။ သူက ဖက်ဒရယ်နဲ့ ပတ်သက်ရင် ကျွမ်းကျင်သူလို့ ဆိုနိုင်လောက်တဲ့ ပညာရှင်လည်း ဖြစ်တယ်။ ဘော့စ်နီးယား ဇာတိဖြစ်တာမို့ ‘ဘောလ်ကန်နိုက်ဇေးရှင်း’ (အစိတ်စိတ်အမွှာမွှာ ကွဲပြိုမှု) ကိုလည်း ကိုယ်တိုင် ကြုံဖူးတယ်။ ဒါကြောင့် သူ့ဖွင့်ဆိုချက်ကိုပဲ ညွှန်းပါ့မယ်။

၁။ ဗဟိုအစိုးရနဲ့ ဒေသအစိုးရကြားမှာ လုပ်ပိုင်ခွင့် အာဏာခွဲဝေကျင့်သုံးမှု ရှိမယ်။ (power sharing, tax sharing, resource sharing)

၂။ ဒါကို constitution မှာလည်း တရားဝင် ဖော်ပြထားမယ်။

၃။ ဒီခွဲဝေကျင့်သုံးမှုကို ပြောင်းချင်ရင် constitution ပြင်ဆင်ခြင်းနဲ့သာ ပြောင်းလို့ရတယ်။ လွှတ်တော်လမ်းကြောင်းနဲ့သာ ပြောင်းရမယ်။

ဒီအနှစ်သာရ သုံးခု ပြည့်စုံရင် ဖက်ဒရယ်လို့ ယေဘုယျ ပြောနိုင်တယ်လို့ ဆိုပါတယ်။ ခင်ဗျားတို့ပြောတဲ့ ရှစ်ပြည်နယ်ဆိုတာက ဒီဖက်ဒရယ် အနှစ်သာရကို အကောင်အထည်ဖော်ရတဲ့ ဖွဲ့စည်းပုံ ကိစ္စပါ။ ပုံသဏ္ဌာန် ပြဿနာပေါ့။ ဒီလိုပုံသဏ္ဌာန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ မူကွဲတွေ အများကြီး ရှိပါတယ်။

ဒီတော့ အထက်က ဖွင့်ဆိုချက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်ကြည့်ရင် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမှုကို တရားဝင် ဖော်ပြထားတာ တွေ့ရတယ်။ (ဇယား ၁၊ ၂၊ ၃၊ ၅) သယံဇာတ ခွဲဝေမှုကိုတော့ သီးခြားဇယားနဲ့ ဖော်ပြမထားဘူး။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်လုံးဝမဟုတ်တဲ့ တပြည်ထောင် (unitary) ဆိုတဲ့ ဝေဖန်ချက်ဟာ တစ်ဖက်သတ် ကျလွန်းတယ်လို့ မြင်ပါတယ်။ တပြိုင်တည်းမှာပဲ ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်ပါပဲဆိုတာမျိုးကလည်း များလွန်းတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြောခဲ့တဲ့ ဇယား ၁၊ ၂၊ ၃၊ ၅ တို့ဟာ ဘက်တစ်ဘက်တည်းရဲ့ ရပ်ခံချက်ဖြစ်တော့ လူမျိုးစုတွေဘက်က (ပြောရရင်) ဒေသအစိုးရတွေဘက်က ပြောင်းချင်တာ၊ ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာတွေ ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံကို “ပေးထားချက်”လို့ ယူဆပြီး အကြေအလည် ညှိနှိုင်းကြရင် အားလုံးသဘောညီတဲ့ ဖက်ဒရယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေဟာ အများညီ ဖက်ဒရယ်ကို ရောက်နိုင်တဲ့ ပလက်ဖောင်းတစ်ခုလို့ မြင်ပါတယ်။ အရေးကြီးတာက နှစ်ဘက် သဘောထားကြီးကြီးနဲ့ ညှိနှိုင်း ဆွေးနွေးကြဖို့ပါ။

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်မှု ရှိပါလဲခင်ဗျ၊

ဒီနေ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရော၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ခေါင်းဆောင်တွေပါ အနှစ် ၆၀ ကျော် ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို ခါးခါးသီးသီး ကြုံဖူးပြီးပြီမို့ သူတို့ရဲ့ ငြိမ်းချမ်းချင်တဲ့ ဆန္ဒကို ကျွန်တော် ယုံပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော် စစ်ပွဲကို နေ့ချင်း ညချင်း ရပ်ဖို့ဆိုတာ လက်တွေ့ မဖြစ်နိုင်ပါဘူး။ ကာလတစ်ခု အချိန်ယူ လုံးပမ်းဖို့ လိုပါလိမ့်မယ်။ ဒီအတွင်း ပြည်တွင်းစစ် အဆိုးကျော့သံသရာထဲ ပြန်လည်မသွားဖို့ အရေးကြီးတယ်။ ဒီအတွက် နှစ်ဖက် အပြန်အလှန် ညှိနှိုင်း၊ အလျှော့ပေး၊ စေ့စပ်တဲ့ ဓလေ့မျိုး ထွန်းကားဖို့ လိုပါတယ်။ ခက်တာက ဒီဓလေ့ဟာ အခုမှ သန္ဓေတည်စမို့ သမရိုးကျ ထိပ်တိုက်ရင်ဆိုင်ရေးဓလေ့ကို မကျော်နိုင်မှာတော့ စိုးရိမ်တယ်။

ဆရာ့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တခုခု ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား ခင်ဗျား။

ရှိတယ်။ လွှတ်တော်ရဲ့အခန်းကဏ္ဍပါ။ ရှေ့ပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ‘ယေဘုယျသဘောတူညီချက်’ရဖို့ အဆင့်မှာကိုပဲ။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်နေတယ်။ ဒီတော့ ဥပဒေပြုရေးအာဏာ ကိုင်ထားတဲ့ လွှတ်တော်မပါဘဲ ဒီကိစ္စ မဖြစ်ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ရတဲ့ သဘောတူညီချက်တွေနဲ့ လွှတ်တော် ၁၀၉ ဦးကော်မတီရဲ့ တင်ပြချက်တွေကို ဆက်စပ်ညှိနှိုင်းကြဖို့ အရေးကြီးပါတယ်။

ဒီလိုပြောရတာလဲ အကြောင်းရှိလို့ပါ။ နိုင်ငံရေး အင်အားစု တစ်ခု (ပွင့်ပွင့်လင်းလင်းပြောရရင်၊ တခါက ကျွန်တော် ပတ်သက်ခဲ့ဖူးတဲ့ ပါတီ)ရဲ့ ကြေညာချက်ကို online မှာ ဖတ်ရလို့ပါ။ အဲဒီပါတီက “အခြေခံဥပဒေကို လွှတ်တော်ပြင်ပ လမ်းကြောင်းနဲ့ ဖျက်ရေး”ဆိုတာ တင်နေတယ်။ ဒီနေ့ ဒီမိုကရေစီအပြောင်းအလဲ တစ်ခုလုံးကို ကတိမ်းကပါး ဖြစ်စေနိုင်လောက်အောင် အန္တရာယ်ကြီးလှတဲ့ လက်ဝဲသွေဖီရေးလို့ ကျွန်တော် မြင်ပါတယ်။ အဲဒီသွေဖီရေး အပေါ်စီးရသွားရင် ပြည်တွင်းစစ် သံသရာထဲက ရုန်းမထွက်နိုင်ရုံတင် မကဘူး။ ဒီမိုကရေစီ အလားအလာတွေပါ ပျောက်သွားနိုင်တယ်။ ငြိမ်းချမ်းရေး အင်အားစုတွေ ကြပ်ကြပ်သတိထားစေချင်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က စွဲလမ်းဖူးတဲ့ ကဗျာတစ်ပုဒ် ရှိတယ်။ ‘ဗားတော့ ဗရက်’ ရဲ့ ကဗျာပါ။ “အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး” ဆိုတဲ့ကဗျာပါ။ ဒီကဗျာစာသားကို ခိုင်ထူးကလည်း သီချင်းလုပ်ဆိုဖူးတယ်။ ကဗျာအနေနဲ့ သီချင်းအနေနဲ့ကတော့ ဖတ်ရတာ၊ ဆိုရတာ တယ်အရသာရှိတာပဲ။ လက်တွေ့မှာတော့ အလုပ်မဖြစ်ရုံသာမက အန္တရာယ်ကြီးတယ်။ နိုင်ငံရေးဆိုတာ၊ ကဗျာရွတ်တာမဟုတ်ဘူး။ လသာသာ သီချင်းအော်ဆိုရတာ မဟုတ်ဘူး။ အန္တရာယ်ကို ကြိုမြင်ရမယ်။ အမျှော်အမြင်ရှိဖို့ လိုတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...