Thursday, December 19, 2013

စိတ်ဓါတ်တွေ တံခါးဖွင့်တဲ့ပွဲ ခင်မောင်ညို (ဘောဂဗေဒ)

December 17, 2013 at 3:11am

          ဆရာကြီးတစ်ယောက်က၊ နေပြည်တော်မှာလုပ်မယ့် ဆွေးနွေးပွဲတစ်ခုကိုလိုက်ခဲ့ဖို့ခေါ်တယ်။ လိုက်ခဲ့ဆိုတော့လဲ၊ လိုက်သွားတာပါပဲ၊ ဘာခက်တာမှတ်လို့။ သီးသီးသန့်သန့်ကိုယ့်ကို တာဝန်ပေးထားတာမျိုး မဟုတ်ရင်၊ မိုက်ခဲထဲ မပါ ပါဘူး။ ဒါပေမယ့်၊ မကြာခဏ ဆိုသလို၊မိုက်ကိုင်ထားတဲ့သူတွေဆီက၊ မိုက် ပြန်တောင်း ရတဲ့ အလုပ်မျိုးတွေကို၊ မကြခဏ လုပ်လုပ်နေရတယ်။

          နေပြည်တော်လိုက်သွားတာက၊ ဆီးဂိမ်းလို့ခေါ်တဲ့ အရှေ့တောင်အာရှ အားကစားပွဲကို၊တစေ့တစောင်း ကြည့်ချင်တာလဲ ပါပါတယ်။ တမင်သက်သက်တော့ မရောက်ခဲ့ပါဘူး၊
ဧည့်သည်ဆိုတာက၊တက်ဆိုတက်၊ ဆင်းဆိုဆင်း၊ စားဆိုစား၊ အိမ်ရှင်တွေ ပင်ပန်းမယ့်၊ အလုပ်ပိုမယ့် အလုပ်မျိုးတွေမလုပ်ချင်လို့၊ မသွားတာလဲ ပါပါတယ်။ အသက်ရလာတဲ့အခါ၊ ကြည့်ရလဲ ကောင်းကောင်း၊ မကြည့်ရလဲဘာမှ မဖြစ်ဘူးဆိုတဲ့ စိတ်အခံလေး ရှိနေတာလဲ ပါတာပေါ့။

          တစ်ရာတစ်ဆယ့်ငါးမိုင် ယာဉ်ရပ်နားစခန်းလောက်ရောက်တော့၊ အားကစားသမားတွေကြိုမယ့်ယာဉ်တန်း ထင်ပါရဲ့၊ ရန်ကုန်ဘက်ကို မောင်းလာတာတွေ့ရတယ်။ တစ်ရာတစ်ဆယ့်ငါးမိုင်စခန်းမှာလဲမီးရှုးတိုင် ကြိုဆိုမယ့် စင်မြင့် ဆောက်ထားတာတွေ့ရတယ်။ နေပြည်တော်ဟိုတယ်ဇုန်အဝင်မှာလဲ၊အလံတွေ တွေ့ရတယ်။ နောက်တစ်ရက် အားကစားရုံမုဒ်ဦးရှေ့က ဖြတ်သွားတယ်၊ ဒီလောက်ပါပဲ။

          ဆရာကြီးတစ်ယောက်က၊ အိမ်ရှင်တွေကို၊ သမီးမှာတဲ့ ဇီးကွက်ရုပ်နှစ်ရုပ်ဝယ်ခိုင်းတယ်။ ဒါလဲ အားကစားလှုပ်ရှားမှုမှာ ပါဝင်တာပဲလေ။ ကျွန်တော်တို့တတွေက၊ အပြန်မှာတစ်ရာတစ်ဆယ့်ငါးမိုင်ရောက်တော့ Feel စားသောက်ဆိုင်ရှေ့မှာ ရောင်းနေတဲ့၊ တီရှပ်တွေ၊ဦးထုပ်တွေ အားပေးကြတယ်။ ပြည်ပခရီးသွားတဲ့အခါ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့၊ သပ်သပ်ယပ်ယပ်ရှိတဲ့၊အမှတ်တရပစ္စည်း၊ ပေးစရာများများစားစား မရှိဘူး၊ အခု ဒီပွဲမှာ၊ အမှတ်တရ ပစ္စည်းတွေ အတော်လေးစုံလင်တာနဲ့ပဲ၊သဘောကျတယ်။

          ရန်ကင်း စက်မှု (၁) လမ်းပေါ်မှာတော့၊ အားကစားသမားတွေ ဖြတ်သန်းသွားလာတဲ့ယာဉ်တန်းကို မကြာခဏတွေ့ရပါရဲ့၊ ဖွင့်ပွဲကျင်းပတဲ့နေ့ကလဲ၊ ကိုယ်ကတစ်နေ့လုံး လျှောက်သွားနေတာဆိုတော့၊တနေရာမှာ မီးရှုးတိုင် နေပြည်တော်ရောက်တာ တွေ့လိုက်တယ်။ ပြီးတော့ အိမ်မှာကလဲ၊ ရုပ်မြင်သံကြားလုံးဝမရှိဘူးဆိုတော့၊ ဘာမှ မကြည့်ဖြစ်ပါဘူး။

          ဒါပေမယ့်၊ အင်တာနက်နဲ့ နောက်တစ်နေ့ သတင်းစာမှာ၊ ဓါတ်ပုံတွေ၊ သတင်းတွေ၊ဝေဖန်ချက်တွေ စုံနေတာ တွေ့ရပါတယ်၊ အဆင်မပြေတာတွေ၊ သဘောမကျတာတွေလဲ ကြားရပါရဲ့၊ ဒါပေမယ့်၊သဘောအကျဆုံး ဝေဖန်ချက်ကတော့၊ “ဒီပွဲဟာ၊ မြန်မာနိုင်ငံ တံခါးဖွင့်လှစ်တဲ့ အထိမ်းအမှတ်ဖြစ်တယ်”ဆိုတဲ့ ခေါင်းစဉ်ပါ။

          တဘက်မှာ၊ မြန်မာနိုင်ငံဟာ၊ ဆင်းရဲတဲ့သူတွေ အများကြီးရှိနေတာ၊ ပညာရေး၊ကျန်းမာရေး အသုံးစရိတ်တွေ နည်းနေတာ၊ နေပြည်တော်အားကစားကွင်းမှာ၊ မီးရှုးပန်းတွေ ပစ်ဖောက်နိုင်ပေမယ့်၊တနိုင်ငံလုံး မီးမလင်းသေးတာ၊ အားလုံးမှန်ပါတယ်။ ပျဉ်းမနားက ဟိုတယ်လေးတစ်ခုမှာ ခြင်တစ်ကောင်နှစ်ကောင်လောက် လာကိုက်တော့၊ အားကစားသမားတွေကိုရော ခြင်ကိုက်သလားလို့တောင်စဉ်းစားမိလိုက်သေးတယ်။ ဒီဖွင့်ပွဲအတွက်၊ အကူအညီယူတဲ့ကိစ္စတွေကိုလဲ၊ ဝေဖန်ကြတာ တွေ့ရတယ်။

          လုပ်စရာတွေကတော့ အများကြီးပါပဲ။ ဒီအထဲမှာ လုပ်သင့်တာတွေလဲ ရှိတယ်၊လုပ်ချင်တာတွေလဲ ရှိတယ်။ လုပ်သင့်ပေမယ့် မလုပ်နိုင်သေးတာ၊ လုပ်ချင်ပေမယ့် လုပ်လို့မရသေးတာတွေရှိတယ်။

          ဆွေးနွေးပွဲမှာလည်း၊ ဒီသဘောပဲ ထားပါတယ်။ သူတို့ကိုယ်တိုင် စွမ်းနိုင်သမျှ၊နားလည်သမျှ ကြိုးစားလုပ်ထားတာ ဆိုတဲ့ အခြေအနေကို သိနေတယ်။ သူတို့ နားမလည်တာ၊ နားမလည်သေးတာတွေကိုလည်းကိုယ်ကသိနေလေတော့၊ ထွေထွေထူးထူးဝေဖန်ချက် မပေးခဲ့ပါဘူး။ ဝေဖန်ချက် မပေးပဲနေတာတောင်မှ၊ပြောတဲ့သူတွေ ရှိနေလေတော့၊ အချိန်က မလောက်ချင်ပါဘူး။

          ဒီအားကစားပွဲနဲ့ အရင်အားကစားပွဲတွေယှဉ်ရင် အမြင်အမျိုးမျိုးနဲ့ပြောကြ ဆိုကြ ရေးသားကြ ဆွေးနွေးနိုင် ကြတာဖြစ်တယ်။ အရင်က အစိုးရမီဒီယာကပဲ တွေ့ရမြင်ရတယ် တဘက်သတ်ဆန်တယ်၊ အခုတော့ မီဒီယာပေါင်းစုံက သွားလာဝင်ထွက်၊ သတင်းတွေတင်ဆက်ခွင့် ရကြတယ်။ မြန်မာနိုင်ငံက ရုပ်ပိုင်းဆိုင်ရာတံခါး ဖွင့်လှစ်တဲ့အထိမ်းအမှတ်သာမက၊ ထူးခြားတဲ့ အသိအမြင်အသစ်တွေ၊တိုးတက်တဲ့ အတွေးအခေါ်တွေ၊ ကွဲလွဲတဲ့ စိတ်သဘောထားတွေကို လက်ခံနိုင်တဲ့၊ သဘောထားတွေ ဖွင့်လှစ်ပေးတဲ့၊အားကစားပွဲလည်း ဖြစ်ပါစေလို့၊ ကျွန်တော် ဆုတောင်းနေမိပါတယ်။

ခင်မောင်ညို (ဘောဂဗေဒ)
၁၃.၁၂.၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...