Sunday, December 29, 2013

မြန်မာမိန်းကလေးများနင့် တရုတ်နိုင်ငံ၏လိုအပ်ချက်

Htun Aung Gyaw December 21, 2013 at 1:55am
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာ မိန်းကလေးများအား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတစ်ပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သတင်းကို ဖတ်ရှုလိုက်ရပါသည်။

သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ “ကလေးတစ်ယောက်ပေါ်လစီ” အရ တရုတ် မိသားစုများ ကလေးတစ်ယောက် ရပြီးလျှင် ဆရာဝန်က အလိုအလျောက် သားကြောဖြတ်လိုက်သဖြင့် တရုတ်မိသားစုများ မိန်းကလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျား ဦးရေနှင့် မိန်းမဦးရေ အချိုးအစား ကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းကလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။

တရုတ်၏ ထို “ကလေးတစ်ယောက်ပ်ါလစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါးမှုဒဏ်ကို တရုတ်နိုင်ငံသည် ခံစားနေသည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်း လမ်းခြင်းဖြင့် လက်ထပ်ယူနိုင်သော သူများရှိသော်လည်း၊ ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေဘောင်အပြင်မှ နည်းလမ်းများကို အသုံးချလာကြသည်ဟု ယူနက်စကို၊ ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှုပပျောက်ရေးတာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် (David Feingold) က ဆိုသည်။ သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ်သည်။

တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကြပ် စေခိုင်းခြင်းခံရသူ မိန်းကလေးအများစု လာရာနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။

ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော ဂေါက်သီးရိုက်ရာတွင်လည်း အလွန်အထုံဝါသနာပါသော မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအဖြစ် ထောက်ပြခဲ့သည်။

လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးလာပြီး စီးပွားရေး လွန်မင်းစွာ နိမ့်ကျလာမှုကြောင့် မြန်မာမိန်းကလေးများ လူအရောင်းအဝယ်ပွဲစားများ၏ ဈေးကွက်တွင်းသို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါ ကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုးသမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစုထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံသို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများ လက်တွင်းသို့ သက်ဆင်းကြရသည်ဟုဆိုသည်။ မြန်မာပြည်မှအမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကြပ် မယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူကဆိုသည်။

တရုတ်ပြည်တွင် ခိုးသွင်းလာသောအမျိုးသမီးတယောက်၏တန်ဖိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေးခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။

ယိုးဒယားအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းကလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟုဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ကလေးမွေးပေးနိုင်မဲ့ ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းကလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့(Kwat’s anti-trafficking programme in Yunan Province) ခေါင်းဆောင် ဂျူလီယာမရစ် (Julia Marip)ကဆိုသည်။ “မိန်းကလေးတွေကို ကလေးမွေးပေးဖို့ စက်တစ်ခုလိုပဲ သဘောထားကြတယ်” ဟု သူက မှတ်ချက်ပေးခဲ့ပါသည်။

ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့်ကလေးမ “အပ” (တိုင်းရင်းသူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေးသည့်အခါတွင် သူသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာမိန်းကလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထိုဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာစု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တစ်ပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စနစ်ဆီသို့ ပြန်ရောက်နေပြီလားးဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။

နိဂုံးအားဖြင့် ချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တစ်ပွင့်၊ အာရှတိုက်၏ စပါးကျီ ဝမ်းဗိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံး နိုင်ငံဘဝ၊ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစား လောက်သော အဆင့်မြင့်တက္ကသိုလ် ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ရှိသည့် အရှိန်အဟုန် ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းနှင့် ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံအဖြစ် အပြစ်တင်ခံခဲ့ရခြင်းမှာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။ ယခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖာနိုင်ငံကြီး” ဟူ၍ အထင်သေးအမြင်သေးရှုံ့ချကြသည်။ ယနေ့ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိသော ဖာအများစုသည် မြန်မာနိုင်ငံမှ အမျိုးသမီးများဖြစ်သည်။ မြန်မာပြည်တွင်း၌လည်း တရားမဝင်ဖာများ သောင်းနှင့်ချီ၍ မြို့နယ်၊ တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာရာအိုကေ နိုက်ကလပ်များတွင်ရှိနေကြပြီ ဖြစ်သည်။ ယခင်စစ်အာဏာရှင်များ၏ အတ္တစွဲကြီးမားလွန်းမှုကြောင့် လူမျိုးဂုဏ်သိက္ခာကို တန်ဖိုးထားသောနိုင်ငံဘဝမှ ဂုဏ်သိက္ခာသည် ကင်းမဲ့သော ဖာနိုင်ငံဘဝသို့ ရွေ့လျှောရောက်ရှိလာခြင်းကို မြန်မာပြည်ရှိ မည်သူကမျှ မတားဆီးနိုင်ခဲ့ပါ။

တရုတ်ပြည်ရှိ မယားလိုအပ်မှုအရ ရောင်းစားခံရသောမိန်းကလေးများတွင် လူချမ်းသာပညာတတ် တရုတ်များ၏ မယားဖြစ်ဖို့ထက် တရုတ်လယ်သမားများ၏ အဖြည့်ခံအလုပ်ကျွန်မယားဖြစ်ဖို့က များပါသည်။ ထိုမိန်းကလေးများသည် ထိုသူ၏သွေးသားဖြည့်ဆည်းပေးရာ မယားအဖြစ်လည်းကောင်း၊ မိမိကာမကို ဝယ်ယူထားသူ၏ မိဘဖြစ်သူ၏ အစေခံအဖြစ်လည်းကောင်း အလုပ်အကျွေးပြုရင်း အနှိပ်စက်ခံပြီး နေထိုင်ရသည်၊ မိမိဘယ်နေရာရောက်နေသည်၊ ဘယ်သူကို အကူအညီတောင်းရမည်ကို မသိကြချေ။ တရုတ်မိသားစု၏ အိမ်ကျွန်လုပ်ရင်း လွတ်လမ်းမမြင်သည့်အခါ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံးပိုးသတ်ဆေးသောက်၍ အဆုံးစီရင်ခြင်းကို အများဆုံး အသုံးပြုခြင်းဖြင့် ကြွေကွဲစွာ ဘဝကို အဆုံးသတ် သွားကြရသည်။

တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ် မဟုတ်ချေ။ မြန်မာပြည်ရှိ ဝနယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ ပြောင်းလာသူများ ၁၉၈၈ ခုနှစ် နောက်ပိုင်းအနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။

ထို့အပြင် တရုတ်ပြည်၏ မိန်းကလေးလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆီးပေးရမည့် အဓိကနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့် အဆင့်သို့ တရွေ့ရွေ့ ကျရောက်လျက်ရှိသောကြောင့်ဖြစ်သည်။

(၁) ကချင်ဒေသတွင် စစ်ဖြစ်နေခြင်းကို ကြားဝင်ဖြန်ဖြေသူအဖြစ် ပါဝင်နာမည်ကောင်းယူခဲ့သော်လည်း နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် အမေရိကန်နှင့် ကုလမဂ္ဂတို့မှ စောင့်ကြည့်လေ့လာသူများအဖြစ် ပါဝင်လာရန် အဆိုပြုခြင်းကို တရုတ်အစိုးရက ကန့်ကွက်ခဲ့သည်။ ထိုသို့ ကန့်ကွက်ခဲ့ခြင်းသည် တရုတ်အစိုးရ၏ နိုင်ငံခြားရေးပေါ်လစီဖြစ်သော သူများပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဆိုသည့်မူကို ဖြောင်ချိုးဖောက်၍ ကချင်ဒေသ၏ ငြိမ်းချမ်းရေးကို ဝင်ရောက်တားဆီးလိုက်သည်နှင့် တူပေသည်။

(၂) မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေနေသော နိုင်ငံဖြစ်သဖြင့် မိမိထက် ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင် သစ်၊ ကျောက်လိုလျှင်ကျောက်၊ ဓါတ်ငွေ့လိုလျှင် ဓါတ်ငွေ့၊ ကြေးနီလိုလျှင် ကြေးနီ၊ လျှပ်စစ်လိုလျှင် လျှပ်စစ်။ နောက်ဆုံး မိန်းမလိုလျှင် မိန်းမ ပေးကိုပေးရတော့မည်ဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ် တရုတ်ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသား ကာမဖြေဖျောက်ရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့် ရနိုင်သော မြန်မာပြည်မှ အမျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတို့သမီးဈေးကွက်”သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍ တိုးပွားလာသော လူလွတ်ယောက်ျားများ အာသာဆန္ဒကိုမပေါက်ကွဲစေရန် ထိန်းချုပ်ဖို့ လုပ်ဆောင်ကောင်းလုပ်ဆောင် လာနိုင်ဖွယ်ရှိသည်။ ထိုသို့ လုပ်လာပါက ယိုးဒယားနိုင်ငံတွင် မြန်မာတိုင်းရင်းသူအများစု “ဖာ” ဖြစ်နေသည့်နည်းတူ၊ ၎င်းတရုတ်ဖာခန်းများတွင်လည်း မြန်မာအမျိုးသမီးများအများစုသာ ဖာအဖြစ် တွေ့မြင်ရနိုင်ဖွယ်ရှိပေသည်။

ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသော နိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီမိုကရေစီနည်းကျ လွတ်လပ်သော နိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတစ်ပါး အိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တစ်ကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသော တပ်မတော် ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေးနှိုးဆော် လိုက်ပါသည်။ ယနေ့ မြန်မာပြည်ကြီးကို ကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်းပါဝင်မှုရှိဖို့ အထူးလိုပါသည်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။

မှတ်ချက်။ ပြည့်တန်ဆာဟု မသုံးဘဲ “ဖာ” ဟု သုံးနှုန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအရ “ဖာသည်နိုင်ငံကြီးဖြစ်သွားမှာပဲ” ဆိုသည့် စကားကို အမှတ်ရစေလို၍ ဖြစ်ပါသည်။ ဖာနိုင်ငံကြီး ဖြစ်အောင် ဘယ်သူတွေက လုပ်နေကြသနည်း။

အားလုံးကိုလေးစားလျက်
ထွန်းအောင်ကျော် (၇၄)

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့ထုတ် ရန်ကုန်တိုင်း (မ) နေ့စဉ်သတင်းစာမှာပါတဲ့ ကျွန်တော့်ဆောင်းပါး -  မြန်မာမိန်းကလေးများနင့် တရုတ်နိုင်ငံ၏လိုအပ်ချက်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...