Monday, December 2, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ ဆဋ္ဌမပိုင်း

Htun Aung Gyaw November 21, 2013 at 12:33am

မွန်ပြည်နယ်၊ ဘုရားသုံးဆူအုပ်စုကို မူလစခန်းမှ ရွေးချယ်လိုက်သော ကျွန်တော်တို့အတွင်း စိတ်သဘောခြင်း တိုက်ဆိုင်မှုမရှိသဖြင့်လည်းကောင်း ဘုရားသုံးဆူသို့ အရင်ရောက်နေသောအုပ်စုမှ လက်သင့်ရာခေါ်ပြီး သူတို့လူများချည်း တက်ရောက်ရန် ကြိုးစားခဲ့မှုကြောင့်လည်းကောင်း၊ ကျွန်တော်တို့ ရန်ကုန်အုပ်စုသည် အောင်မြေစခန်း၊ ဘုရားသုံးဆူ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ကိုတင်စိုးနောင်တို့သည် မူလဘုရားသုံးဆူစခန်း ကိုယ်စားလှယ်အဖြစ် နှစ်စုခွဲပြီး တက်ရောက်ခဲ့ကြသည်။

ဘုရားသုံးဆူ၊ အောင်မြေစခန်းကို ကျွန်တော်၊ ကိုအောင်ကြည်ဦး၊ ကိုသန်းဝင်း၊ ကိုကိုလေး၊ ကိုထွန်းဦးတို့က ဦးဆောင်သည်။

ဘုရားသုံးဆူစခန်းကို ကိုတင်စိုးနောင်၊ ကိုဆန်းထွန်း၊ မွန်ကျောင်းဆရာ ကိုစိုးသန်းနှင့် မွန်တက္ကသိုလ်ကျောင်းသား တစ်ဦးတို့မှ ဦးဆောင်သည်။ ရွေးကောက်ပွဲတွင် မွန်ကျောင်းသားအဖွဲ့မှ ကိုတင်စိုးနောင်တို့နှင့်အတူကိုယ်စားလှယ် အဖြစ်တက်နေသော ကျောင်းဆရာကိုစိုးသန်းနှင့်တစ်ယောက်သည် အရွေးချယ်မခံဘဲ နှုတ်ထွက်သွားသည်။ အကြောင်းရင်းမှာ ရွေးကောက်ပွဲမစခင် အရွေခံမည့်သူများသည် အခြားအဖွဲ့အစည်းဝင်များ မဖြစ်စေရဆိုသည့် ကျွန်တော့်အဆိုကို အများစုက လက်ခံအတည်ပြုလိုက်၍ဖြစ်သည်။ ကိုစိုးသန်းတို့သည် မွန်ပြည်သစ်ပါတီ ဝင်ထားသည့်အတွက် ကျွန်တော်တို့မူနှင့်လာငြိနေသည်။

ဦးတင်မြင့်ဦး (ဦးသန့်သားမက်) က ဘန်ကောက်မှစေလွှတ်လိုက်သောအုပ်စု (ခေါ်) ဘန်ကောက်အုပ်စုကို ဥာဏ်လင်းရွှေ၊ အေးချမ်းနိုင် (ဒီဗီဘီ)၊ စိုးမြတ်သူ၊ ဒေါက်တာသာသာဦးတို့က ဦးဆောင်သည်။ အမှန်စဉ်စစ် ဘန်ကောက်စခန်းအုပ်စုဆိုသဖြင့် ညီလာခံကြီးမှ ဘုမသိဘမသိခွင့်ပြုလိုက်သော်လည်း ၎င်းတို့သည် ဦးတင်မြင့်ဦး အိမ်တွင်နေသည့် ကျောင်းသားတစ်စုသာဖြစ်သည်။ မည်သည့်စခန်းကိုမှ ကိုယ်စားမပြုသလို၊ သူတို့နောက်တွင်လည်း လူမရှိသည်ကို ညီလာခံတက်လာသော စခန်းကိုယ်စားလှယ်များကလည်း မသိခဲ့ကြချေ၊
ဘန်ကောက်တွင် ကျောင်းသားအတော်များများ ရောက်နေပြီး ထိုကျောင်းသားများ၏ ကိုယ်စားလှယ်များဟု အထင်ရှိနေခဲ့ကြသည်။ ဘယ်သူက ဘယ်လို နောက်ခံ ဘာတွေရှိသည် သေချာမစစ်ဆေးနိုင်ဘဲ လက်ခံလိုက်ရသည်။ တစ်ဖက်မှလည်း တကယ့်ပြည်တွင်း ခေါင်းဆောင်တယောက်ဖြစ်သည့် ကိုလှမျိုးနောင်နှင့် သာယာဝတီခရိုင်၊ ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ် ဒီမိုကရေစီရရှိရေးကော်မတီမှာ  လက်နက်ကိုင်နှင့် လက်နက်ရရှိရေးတာဝန်ခံ ဂျော်လီထွန်းတို့မှာမူ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်မရဘဲ ဖြစ်ရသည်။

ဘန်ကောက်မှဆင်းလာသော ကိုမောင်မောင်သိန်း ခေါ် ပြောင်ကြီးသည်လည်း ညီလာခံကြီးသို့ ရနောင်းကိုယ်စားလှယ် အဖြစ်တက်ရောက်ခွင့်ရသည်။

ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် “တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောမှတ်တမ်း
ညီလာခံပထမနေ့တွင် သဘာပတိဗိုလ်ချုပ်ကြီး တာမလာဘောမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ညီလာခံဖွင့်လှစ်ကြောင်းကြေညာပြီး ညီလာခံတက် ရောက်လာကြသော ကျောင်းသားကိုယ်စားလှယ်များက မိမိတို့နယ်မြေ အသီးသီးတွင် မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်၊ တောတွင်းထွက်လာပြီး မည်ကဲ့သို့နေထိုင်နေကြသည်ဟု မိမိတို့ရောက်ရှိနေသည့်အခြေအနေများ အခက်အခဲများကို တင်ပြကြရာတွင် စောထစခန်းမှ ကိုယ်စားလှယ် ကိုတင်စိုးမှ မိမိတို့စခန်းများကို မိမိတို့လက်ဖြင့်ဝါးများခုတ်၍ ပင်ပန်းကြီးစွာ ဆောက်လုပ်ခဲ့ရပုံများကို တင်ပြခဲ့သည်များကို ပြက်ပြက်ထင်ထင် မှတ်မိနေပါသေးသည်။

စစ်အစိုးရဆန့်ကျင်ရေးအတွက် မည်သည့်အဖွဲ့အစည်းပုံစံမျိုးဖြင့် ဖွဲ့စည်းကြမည်ဆိုသည့်အပိုင်းကို စတင် ဆွေးနွေး သည့်အခါတွင် ပြဿနာ အကြီးအကျယ် တက်ပါလေတော့သည်။ အကြောင်းမှာ ကရင်စခန်းရှိ ကျောင်းသား ကိုယ်စားလှယ်များထဲမှ ကိုကျော်လင်း၊ ကိုစံရွှေအောင်နှင့်ကို မောင်မောင်တိတ်တို့က ကျောင်းသား ဟူသော အသုံးအနှုန်းတစ်ခုထဲကို မသုံးဘဲ လူတန်းစား အသီးသီးပါဝင်နေသည့်အတွက် ကျောင်းသားပြည်သူ သို့မဟုတ် ကျောင်းသား အလုပ်သမား အဖွဲ့အစည်းမျိုး ဖွဲ့စည်းလိုကြောင်း ကျောင်းသားအမည်သက်သက်သည် မသင့်လျော်ကြောင်း တင်ပြပြီး၊ ကျောင်းသားအလံဖြစ်သည့် ခွပ်ဒေါင်းအလံကိုလည်း အသုံးမပြုသင့်ကြောင်း ပြည်သူအားလုံးကို ကိုယ်စားပြုသည့် အလံမျိုးကိုသာ ရွေးချယ်သင့်ကြောင်း ပြောဆိုကြရာ ကျွန်တော်တို့အုပ်စုမှ ကိုသန်းဝင်းက လုံးဝလက်မခံနိုင်ကြောင်း၊ ကျောင်းသားအလံတော်ကိုသာ သုံးရမည်ဟု ကန့်ကွက်ပြီး ဗကသ အုပ်စုမှ ကိုဝင်းမိုးကလည်း ရှစ်လေးလုံးရေးတော်ပုံကြီးသည် ကျောင်းသားများက ဦးဆောင်ခဲ့သဖြင့် ကျောင်းသားအမည်ကိုသာ ပေးသင့်ကြောင်း တင်ပြရင်း အခြေအတင်ဖြစ်လာရာ၊ အခန်းအနားမှူးဖြစ်သူ ဒေါက်တာတူးဂျာက ညီလာခံကြီးကို ဖြောင်းဖြောင်းဖျဖျနှင့် အတော်ထိန်းယူရသည်။

ကျွန်တော်ကလည်း စစ်အာဏာရှင်အဆက်ဆက်ကို တွန်းလှန်ခဲ့သည့်အင်အားစုများကို ကျောင်းသားများကသာ ဦးဆောင်ခဲ့ကြောင်း၊ နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲတွင်လည်း ကျောင်းသားများက ဦးဆောင်ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုက်ပွဲဝင်ကျောင်းသားသမဂ္ဂအလံတော်ဖြစ်သည့် ခွပ်ဒေါင်းအလံတော်ကိုသာ ရွေးချယ်သင့်ကြောင်း တင်ပြပြီး၊ ကိုအောင်ကြည်ဦးမှလည်း ကျောင်းသားအမည်ကိုသာ သုံးသင့်ကြောင်း ထောက်ခံဆွေးနွေးကြရာ၊ ကရင်ပြည်နယ် အုပ်စုစခန်း ကိုယ်စားလှယ်များကလည်း ကျောင်းသားအမည်ကို သုံးစွဲမှုသည် အားလုံးကို ကိုယ်စား မပြုကြောင်း ထို့ကြောင့် လူတန်းစားပေါင်းစုံပါဝင်သော အဖွဲ့အစည်းအမည်ကိုသာ စဉ်းစားရွေးချယ်စေလိုကြောင်း ငြင်းခုန်ကြရင်း အစည်းအဝေးမှာ သောင်မတင်ရေမကျ ဖြစ်နေပါတော့သည်။ မူလအစတွင် ဗကသအုပ်စုသည် ကျွန်တော်တို့အုပ်စုမှ ကိုသန်းဝင်းကိုမကြည်ကြချေ၊ အဘယ့်ကြောင့်ဆိုသော် ကိုသန်းဝင်းသည် သူတို့နှင့်ပြိုင်ဖက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် တဦးဖြစ်သောကြောင့် မလိုလားခြင်းဖြစ်သည်။ သို့ရာတွင် ကရင်ပြည်နယ်အုပ်စုမှ ကျောင်းသားအမည် အသုံးမပြုရေး၊ ကျောင်းသားအလံအစား အလုပ်သမားလယ်သမားများကို ကိုယ်စားပြုသော တူတံဇင်အလံ အသုံးပြုရေး စသည်တို့ကို တင်လာသည့်အခါ ကျွန်တော်တို့အောင်မြေအုပ်စု၊ ဗကသအုပ်စု၊ ဘန်ကောက်အုပ်စု၊ ဟွေစေတီအုပ်စု (ဟွေစေတီအုပ်စုမှ ကိုကြည်မိုးသည် တောင်ကြီးတက္ကသိုလ် ရှမ်းကျောင်းသားသမဂ္ဂ၏ဥက္ကဋ္ဌအဖြစ်မှ တောခိုလာခဲ့သူဖြစ်သည်၊ စိုင်းမျိုးဝင်းထွန်းသည်လည်း ရှမ်းကျောင်းသား ခေါင်းဆောင်တဦးဖြစ်သဖြင့် ကျောင်းသားစိတ်ဓါတ် အပြည့်ရှိသူများဖြစ်သည်။) ရနောင်းအုပ်စုတို့အားလုံး ကျောင်းသားစိတ်ဓါတ်ဖြင့် ညီညွတ်သွားခဲ့ကြသည်။

ညီလာခံပထမနေ့ ပြီးဆုံးသွားပြီးနောက် ညပိုင်းတွင် ညီလာခံကြီးသို့တင်သွင်းရန် စာတမ်းကို ကျွန်တော် တည်းခိုနေသော ကျောင်းဝင်းထဲမှ ဇရပ်ထဲတွင် ညတွင်းချင်း ရေးသားပြီး နောက်တစ်နေ့တွင် ညီလာခံကြီး၌ တင်သွင်းခဲ့ပါသည်။ ကျွန်တော်တင်သွင်းသော စာတမ်းသည် ညီလာခံကြီးတွင် တင်သွင်းသည့် တခုတည်းသော စာတမ်းအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ထိုစာတမ်းတွင် တော်လှန်ရေးကြီး အောင်မြင်ထမြောက်ရန်အတွက် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတို့နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်ရေးသည် အဓိက ဖြစ်ကြောင်း ရေးသားထားပြီး၊ တိုင်းရင်းသားများအားလုံး၏ ရပိုင်ခွင့်များကို လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ နစ်နာမှုများကို စာနာသဘောပေါက်ပြီး ညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ပွဲ ဝင်သွားဖို့ လိုကြောင်းတို့ပါရှိခဲ့သည်။
ဒုတိယနေ့တွင် ထိုစာတမ်းကို ကျွန်တော်ကိုယ်တိုင် ဖတ်ကြားပြီးနောက် တိုင်းရင်းသားခေါင်းဆောင်ကြီးများထဲမှ ရခိုင်ခေါင်းဆောင်များနှင့် ကချင်ခေါင်းဆောင်များက ကျွန်တော်တို့ ဘုရားသုံးဆူ အောင်မြေစခန်းစာတမ်းကို သဘောကျကြိုက်နှစ်သက် ကြသောကြောင့်၊ ကျွန်တော်တို့အုပ်စုကို ညပိုင်းတွင်သူတို့ဌာနချုပ်ရုံးများသို့ ဖိတ်ခေါ် ကျွေးမွေးပြီး နိုင်ငံရေး အမြင်များကို ရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ညီလာခံ ၃ ရက်မြောက်နေ့တွင် ဗကသအုပ်စု၊ ဘန်ကောက်အုပ်စု၊ ဘုရားသုံးဆူအုပ်စု၊ ဟွေစေတီအုပ်စုတို့က တစ်ဖက် ကရင်ပြည်နယ်ရှိ စခန်းကိုယ်စားလှယ်များက တစ်ဖက် ဖြစ်လာပြီး မည်သည့်ဆွေးနွေးချက်မဆို တစ်ဖက်နှင့် တစ်ဖက် အတိုက်အခံဖြစ်လာပြီး ပြင်းထန်လာသည့်အတွက် နောက်ဆုံး ကိုအောင်ကြည်ဦးမှငိုယိုပြီး “ခင်ဗျားတို့ဗျာ ပြည်တွင်း မှာလည်း ကလေးတွေဆုံးခဲ့ပြီးပြီ၊ အခုတောထဲမှာလဲ ငှက်ဖျားနဲ့သေနေကြတယ်၊ ကျွန်တော်တို့က အခုထိ မညီညွတ်ဘဲ မာနတွေ ထားနေကြတုံးပဲ၊ အဖွဲ့အစည်းဖွဲ့ဖို့ ညီညွတ်ကြပါဗျာ” လို့ မျက်ရည်ကျပြီးပြောသည့်အခါ ကိုကိုလေးနှင့် လေ့လာသူအဖြစ်တက်လာသည့်ရွှေထီးကလည်း ငိုပြီး “ခင်ဗျားတို့ ညီညွတ်ကြပါဗျာ” ဟု ထပြောသည့်နောက် ဒေါသများနှင့် ပြောနေကြသည့် သူများအားလုံး မီးကိုရေနှင့် သတ်လိုက်သကဲ့သို့ ငြိမ်ကျသွားပြီး ကျောင်းသား အတော်များများ မျက်ရည်ကျခဲ့ကြသည်။  ထို့နောက် အခမ်းအနားမှူးဖြစ်သူ ဒေါက်တာတူးဂျာက အရှိန်တက် နေသည်ကို သွေးအေးသွားစေရန် အခမ်းအနားကို ခေတ္တရပ်နားပေးလိုက်သည်။

အခမ်းအနားပြန်စသည်နှင့် အခြေအနေသည် လုံးဝပြောင်းလဲသွားသည်။ အဖွဲ့အစည်းဖွဲ့ရန် အားလုံးက ညီညွတ်စွာ သဘောထားပေးကြသည်။ ထို့နောက် အဖွဲ့အစည်းရည်ရွယ်ချက်များကို ဆွေးနွေးကြသည်။ ကရင်စခန်းမှ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်ကို မွန်စခန်းမှ ထောက်ခံဆွေးနွေးပြီး၊ မွန်စခန်းမှဆွေးနွေးချက်များကို ဗကသအုပ်စုက ထောက်ခံသည်။ ထိုကဲ့သို့အခြေအနေကောင်းဘက်သို့ ရောက်လာသဖြင့် အားလုံးဝမ်းသာခဲ့ကြသည်။ ကျွန်တော် ဆွေးနွေးသည်တို့ကို “ကိုထွန်းအောင်ကျော်ပြောတာ ကျွန်တော်သဘောတူပါတယ်” ဟု ကိုဝင်းမိုးမှ ထောက်ခံပြောတတ်သလို၊ ကိုအောင်နိုင်ပြောသည့်အချက်များကို ကြိုက်နှစ်သက်သည့်အခါတွင်လည်း ကျွန်တော်က သဘောတူကြောင်း ထောက်ခံဆွေးနွေးခဲ့ကြသည်။

ကရင်ပြည်နယ်ရှိ ကျောင်းသားစခန်းများ၏ကိုယ်စားလှယ်များသည် အင်အားအများဆုံးဖြစ်သော်လည်း ညီလာခံကြီးကို လွှမ်းမိုးရန်အတွက် သူတို့သည် မှားယွင်းစွာ အကွက်ချမိခဲ့ကြသည်။ သူတို့၏စခန်းအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအဖြစ် မတက်ရောက်ကြဘဲ ကရင်နယ်မြေရှိ ကိုယ်စားလှယ်များအဖြစ် အုပ်စုဖွဲ့ကာ တစ်စုတည်း အနေနှင့်တက်ရောက်ဆွေးနွေးကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲလုပ်သည့်အခါ အုပ်စုတစ်စုချင်း အလှည့်ကျ အဆိုပြုခြင်း၊ ထောက်ခံခြင်းသာ လုပ်ခွင့်ရှိသဖြင့် လူများသော်လည်း တစ်မဲသာပေးနိုင်ပြီး၊ ကျန်အုပ်စုများက လူနည်းသော်လည်း တစ်မဲပေးခွင့်ရှိသဖြင့် ကရင်နယ်မြေစခန်း ကိုယ်စားလှယ်များ နစ်နာခဲ့ရသည်။ အကယ်၍ စခန်းတစ်ခုချင်းစီ၏ ကိုယ်စားလှယ်များအဖြစ်နှင့် တက်ရောက်ဆွေးနွေးခဲ့ကြမည်ဆိုလျှင် ၎င်းတို့သည် စခန်းတစ်ခုချင်းစီအတွက် အဆိုတင်နိုင်သလို တစ်မဲအစား၊ ၇ မဲ အထိ တိုးရလာမည်ဖြစ်ပြီး အေဘီအက်ဒီအက်၏ ခေါင်းဆောင်မှုသည်လည်း အဖြေတစ်မျိုး ထွက်သွားနိုင်သည်ဟု ကျွန်တော်ထင်သည်။

ထို့နောက် ဗဟိုကော်မတီတွင် အရေးကြီးသည့်ဌာနများ အကြောင်းဆွေးနွေးရာ၌ မည်သည့်ဌာနများ ရှိသင့်သည်ကို ဆွေးနွေးရာတွင် ကရင်ပြည်နယ်မှ ကိုကျော်လင်း၊ ကိုစံရွှေအောင်နှင့် ကိုမောင်မောင်တိတ်၊ ကယားပြည်နယ်စခန်းမှ ကိုကြည်မိုးနှင့် ကိုစိုင်းမျိုးဝင်းထွန်း၊ အောင်မြေစခန်းမှ ကိုထွန်းဦး၊ ကိုအောင်ကြည်ဦး၊ ကိုကိုလေးနှင့် ကိုသန်းဝင်း၊ ဗကသမှ ကိုအောင်နိုင်နှင့် ကိုမြတ်စိုး၊ ရနောင်းကိုယ်စားလှယ် ကိုမောင်မောင်သိန်း၊ ဘန်ကောက်ကိုယ်စားလှယ် စိုးမြတ်သူနှင့် ဒေါက်တာသာသာဦး၊ ဘူရားသုံးဆူစခန်းမှ ကိုတင်စိုးနောင်တို့က အကျယ်တဝင့် ဆွေးနွေးကြပြီး ဌာနရှစ်ခုဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ အထက်အောက်စီးဆင်းမှုတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး (၁)၊ တွဲဘက်အတွင်းရေးမှူး (၂) နှင့် ကော်မတီရှစ်ရပ် ဖွဲ့စည်းရန် အတည်ပြုခဲ့ကြသည်။ အဖွဲ့၏ အခြေခံဥပဒေနှင့်ပတ်သက်၍ လိုအပ်ချက်များကိုဆွေးနွေးကြပြီး အသေးစိတ်ကို ယခုဖွဲ့စည်းတော့မည့် ဗဟိုကော်မတီမှ ရေးဆွဲရန်လည်း သဘောတူချမှတ်ခဲ့ကြသည်။

ထို့နောက် အဖွဲ့အစည်းအမည်ကို ရွေးကြရာ၌ ကျောင်းသားအလုပ်သမားအဖွဲ့အစည်း အမည်ပေးရန် အဆိုကို ကိုမောင်မောင်တိတ်က အဆိုပြုခဲ့သည်။ ကိုသန်းဝင်းမှ ကျောင်းသားအမည် သက်သက်သာ အသုံးပြုသင့်ကြောင်း ပြောကြားပြီး ဘန်ကောက်အုပ်စုမှ စိုးမြတ်သူက ထောက်ခံဆွေးနွေးသွားခဲ့သည်။ ထို့နောက် ကိုကျော်လင်းမှ ကျောင်းသားအမည်သက်သက်ထက် ကျောင်းသားအမည်နှင့်တွဲပြီး လူထုလူတန်းစားများ အားလုံးပါဝင်နိုင်သည့် ကျောင်းသားပြည်သူအဖွဲ့အစည်းအဖြစ် အမည်ပေးရန် ထပ်မံတင်ပြလာခြင်းကို ကိုမြတ်စိုးမှ အပြင်းအထန် ကန့်ကွက်ပြီး ရှစ်လေးလုံးကို ကျောင်းသားများက ဦးဆောင်ခဲ့သဖြင့် ကျောင်းသားအမည်ဖြင့်သာ ဖွဲ့စည်းရမည်ဟု တင်ပြပြီး အငြင်းအခုန်ဖြစ်လာခဲ့ရာ သေ့ဘောဘိုးစခန်းမှ ကိုယ်စားလှယ် (အမည်မမှတ်မိတော့) က သေ့ဘောဘိုးတွင် “မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး” ဟု အမည်ပေးထားသည်။ ထိုအမည်ကို ယူလျှင် မကောင်းဘူးလားဟု မေးသည့်အခါ အုပ်စုများအားလုံးက ကန့်ကွက်ခြင်းမရှိ သဘောတူခဲ့ကြပါသည်။ ကရင်စခန်း၏ ကျောင်းသားကိုယ်စားလှယ်က တင်ပြချက်ဖြစ်သဖြင့် ကရင်နယ်မြေမှတက်ရောက်လာသော ကိုယ်စားလှယ်များ ကလည်း မကန့်ကွက်ဘဲ သဘောတူကြသဖြင့် ယင်းအမည်ကို အတည်ပြုလိုက်သည်။

(မှတ်ချက်။  ။ ရှစ်လေးလုံးအရေးအခင်းကြီးတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များသည် ရှစ်လေးလုံး အရေးအခင်းကြီး၏ တစ်ပြည်လုံးအတိုင်းအတာအထိ ကျယ်ပြန့်သွားမှု၊ ခိုကိုးရာမဲ့ခေါင်းဆောင် ငတ်နေသော ပြည်သူများက နာမည်ထွက်လာသော ကျောင်းသားခေါင်းဆောင်များကို ဝိုင်းဝန်းချီးမြှောက်အားပေးလိုက်ကြသည့်အခါ ငါမှ ငါဟု မာနတွေတက်၊ ဘဝင်မြင့်လျက် ငါတို့သာ နာမည်ရှိသည် လူတိုင်းငါတို့ကို သိသည်၊ ငါတို့သာ ခေါင်းဆောင်မှုကို ရထိုက်သည်ဆိုသည့် အပြုအမူများ ဖြစ်လာကြသည်။  ထိုစဉ်က အသက် ၂၀ ကျော်ဝန်းကျင် လူငယ်လူရွယ်များဖြစ်ကြသဖြင့် ၁။ ရင့်ကျက်မှုမရှိခြင်း၊ ၂။ မဆလပါတီအောက်တွင် ကြီးပြင်းလာခဲ့ရသဖြင့် အဖွဲ့အစည်း ဖွဲ့စည်းမှု အတွေ့အကြုံ မရှိခြင်းတို့ကြောင့် အချင်းချင်းဆက်ဆံရာတွင်လည်းကောင်း၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့်ဆက်ဆံရာတွင်လည်းကောင်း ဒေါင့်မကျိုးဘဲ မောက်မောက်မာမာ ဆက်ဆံကြ သဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကလည်း မိမိတို့နယ်မြေတွင် မိမိတို့အား မလေးမစား ဆက်ဆံသူများကို ယုံကြည်ရန် ခဲယဉ်းလာပြီး ၎င်းတို့ နယ်မြေတွင် မရှိစေချင်သည့်အဖြစ်မျိုး ဖြစ်ပေါ်လာ ခဲ့ရသည်။ သာဓကအားဖြင့် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောကို ကွယ်ရာတွင် ဟာသလုပ်၍ “ဘောကြီး” ဟု လှောင်ပြောင်ခေါ်ခြင်း၊ ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဗိုလ်မြကို ကလေးသရုပ်ဆောင် အောင်ထွန်းလေးနှင့် တူသည်ဟူ၍ “အောင်ထွန်းလေး” ဟု ဟာသလုပ်ပြီး ခေါ်ဝေါ်ကြသည်။ သူတို့သည် လူငယ်သဘာဝ ဟာသလုပ်သော်လည်း တစ်ဖက်တွင် တိုင်းရင်းသား ခေါင်းဆောင်များကို စော်ကားနေခြင်း ဖြစ်သည်ဟု ထိုစဉ်က တွေးမိကောင်းမှ တွေးမိပေလိမ့်မည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ပြောဆိုသင့်သောအရာ မဟုတ်။ တော်လှန်ရေးကာလတွင် အလေးအနက်ထားသင့်သည်တို့ကို ထားရမှန်းမသိ၊ တော်လှန်ရေးကို စိတ်ကူးယဉ်သဖွယ် ဟေးလားဝါးလားနှင့် ပျော်ပွဲစားနေသလို လုပ်လို့ရသည်ဟု အထင်ရောက်နေခြင်းနှင့် အဆိုးဆုံးမှာ အချို့သည် လက်နက်ကိုင်တော်လှန်ရေးကို နှစ်နှစ်ကာကာ ယုံကြည်မှု မရှိဘဲ ခေါင်းဆောင်အဖြစ် ပါဝင်လာခြင်းပင်ဖြစ်သည်)

ရွေးကောက်တင်မြှောက်ခြင်း
ဗဟိုကော်မတီကို ရွေးကောက်တင်မြှောက်ရာ၌ တစ်ဖွဲ့ခြင်းမှ အလှည့်ကျ မိမိကြိုက်နှစ်သက်သူကို ဗြောင်အဆိုပြုပြီး ကျန်အဖွဲ့ ၂ ဖွဲ့မှ ထောက်ခံမှုရလျှင် ဗဟိုကော်မတီဝင် ဖြစ်လာသည်။ ထိုအရွေးခံရသော ဗဟိုကော်မတီဝင်များထဲမှ အပေါ် ၅ နေရာနှင့်လုပ်ငန်းကော်မတီရှစ်နေရာကို လျှို့ဝှက်မဲစနစ်ဖြင့် ညီလာခံကိုယ်စားလှယ်များမှ မဲပေး ရွေးချယ် ရသည်။ ရွေးကောက်ပွဲစသည်နှင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အဆိုပြုကြ ထောက်ခံကြနှင့် ဗဟိုကော်မတီဝင် ၂၁ ဦးကို ဗြောင်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ထို ၂၁ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ထပ်မံရွေးချယ်ခဲ့ရာ မဲအများဆုံးဖြင့်  ကျွန်တော်သည် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏အလံ
(မှတ်ချက်။ ။ အားလုံးတိုင်ပင်ဆွေးနွေးပြီး ရရှိလာသည့် ဒီဇိုင်းကို ကိုတင်စိုးနောင် (ကျဆုံး) က အလံအရွယ်အစားနင့် ကြယ်အနေအထားတို့ကို ရေးဆွဲပေးခဲ့ပြီး ကျွန်တော်က ခွပ်ဒေါင်းကို ရေးဆွဲပေးခဲ့သည်။)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏အလံ (မှတ်ချက်။ ။ အားလုံးတိုင်ပင်ဆွေးနွေးပြီး ရရှိလာသည့် ဒီဇိုင်းကို ကိုတင်စိုးနောင် (ကျဆုံး) က အလံအရွယ်အစားနင့် ကြယ်အနေအထားတို့ကို ရေးဆွဲပေးခဲ့ပြီး ကျွန်တော်က ခွပ်ဒေါင်းကို ရေးဆွဲပေးခဲ့သည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...