Sunday, December 8, 2013

ကြက်ဖသုံးကောင်

December 6, 2013 at 1:52am
ဒီနေ့ သောကြာနေ့ ရန်ကုန်တိုင်း (မ) သတင်းစာမှာပါတဲ့ ကျွန်တော့်ရဲ့အတွေးအခေါ်ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ ကြက်ဖသုံးကောင် ပုံပြင်လေးကို အားလုံးဖတ်ရအောင် မျှဝေလိုက်ပါတယ်။ တွေးနိုင်သလောက် တွေးကြည့်ကြပါ။



စိမ်းလေး

ကျုပ်ကို အများက စိမ်းလေးလို့ ခေါ်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ ကျုပ်ကိုယ်က အမွှေးအရောင်တွေက ဒေါင်းမြီးလို စိမ်းမှောင်နေလို့ဗျ။

ကျုပ်ကတောထဲမှာမွေး  တောထဲမှာကြီးလာတဲ့ကောင်ဆိုတော့ ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာ ကောင်းကောင်းသိသပေါ့။ ငယ်ငယ်က အမေကြက်မကြီးက “ကတော် ကတော်” နဲ့ သတိလို့ အသံပေးလိုက်ရင် ကျုပ်တို့ညီအစ်ကိုမောင်နှမတွေ သစ်ရွက်တွေအောက် အလျှိုအလျှိုဝင်ပြီး ကိုယ်ယောင်ဖျောက်ရတာအမော၊ မဖျောက်နိုင်ရင် ကျီးမဲကြီးတွေရဲ့အစာမိမှာ ကျိန်းသေတယ်လေ။ ကျီးမဲကြီးတွေကလည်း အမြဲချောင်းနေတော့ အမြဲသတိနဲ့နေလေ့ရှိရတာပေါ့၊ ဒါတောင် ကျုပ်ညီလေးနဲ့ ညီမလေးသုံးကောင် ကျီးသုတ်လို့ ပါသွားတယ်။ အတော်ကြောက်လန့်စရာ ဝမ်းနည်းတုန်လှုပ်စရာပါဗျာ။ တောနက်ကြီးသဘာဝအရ အားကြီးသူတွေက အနိုင်ယူတာကိုး။

ကျုပ်တို့တစ်အုပ်မှာ ကျုပ်ကအကြီးဆုံး အသန်ဆုံးဆိုတော့ အမေနဲ့သားခွဲတဲ့အချိန်မှာ ကျုပ်ပဲခေါင်းဆောင် ဖြစ်လာတာပေါ့လေ၊ ခေါင်းဆောင် ဇာတာပါတယ်လို့ ဆိုရမှာပေါ့ ဟဲ... ဟဲ... ဟဲ။ အဲကျုပ်ကြီးလာတော့ ကျုပ်တောမှာ ကျုပ်ကိုယှဉ်နိုင်တဲ့ကြက်ဖ မရှိဘူး။ ကျုပ်ကဒီတောမှာ ကြက်ဖဘုရင်ပေါ့၊ ကြီးလာတော့ ကျီးမဲတွေဟာ ကျုပ်ဗလကို ဘယ်မီတော့မှာလဲ ကျုပ်လည်းကြုံရင်ကြုံသလို ဒီကောင်တွေကို လိုက်ခွပ်ပြစ် တာပေါ့။ ကျောင်းတော်က ရန်စလေ၊ ဒီကောင်တွေကလည်းပါးတယ်။ သူတို့အနားကို ကျုပ်ကကပ်လာတာနဲ့ သူတို့ ပြေးတာပဲ။ တစ်ခါ ကျီးမိုက်ကလေးတစ်ကောင် အပျံသင်ရင်း ကျုပ်ရှေ့တည့်တည့်ကျလာတယ် ဘယ်ရမလဲ ခွပ်ပြီး ကျုပ်ရဲ့ချွန်မြနေတဲ့အတက်နဲ့ ထိုးသတ်လိုက်တာ ဘယ်လိုအရသာရှိမှန်း မသိဘူး။ ဒီကျီးမဲတွေကလည်း ဝိုင်းအော်လိုက်ကြတာ သူတို့ကလေးထိတော့။ ကျုပ်ကိုအလစ်ဝင်ပြီး နောက်ကနေ ဝင်ထိုးတိုက်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် စိမ်းလေးတဲ့သိတယ်မို့လား၊ ပြန်လှည့်ခွပ်လိုက်တာ နောက်တစ်ကောင် အတက်ဆူးပြီး ဆန့်ငင်ဆန့်ငင်နဲ့ ပျံပြေးလို့လွတ်သွားတယ်။

တစ်နေ့တော့ ကျုပ် မနက်မိုးလင်းလို့ အောက်အီးအီးအွတ်ဆိုပြီး တွန်လိုက်တုံး ကျုပ်နယ်မြေထဲကနေ အောက်အီးအီးအွတ်ဆိုပြီး တွန်သံကြားလိုက်ရတယ်။ ဒါဟာ ကျုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပြီး ကျုပ်ကိုစိမ်ခေါ်တာပဲလို့ ချက်ချင်းသိလိုက်တယ်။ စိမ်းလေးပဲ သိတယ်မို့လား စိမ်ခေါ်ရင်ဘွာမခတ်ဘူး။ တိမ်ပေါ်ထိလိုက်တဲ့စိမ်းလေးတဲ့ဟေ့။ စိန်ခေါ်လိုက်တဲ့ရန်သူကို ကျုပ်ရှာပြီးတိုက်ရတော့မယ်။ အဲ့ဒါကြောင့်မို့ ကျုပ် အတောင်တဖြတ်ဖြတ်ခတ် အောက်အီးအီးအွတ်လို့ တွန်လိုက်ပြီး အသံကြားရာဆီကို တရှူးထိုး ကျုပ်ပြေးသွားတယ်။ တစ်ဖက်ကလည်း အောက်အီးအီးအွတ်ဆိုပြီး ကျုပ်ကို စိန်ခေါ်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။ ကိုယ်ကတွန်လိုက် သူကတွန်လိုက်နဲ့ တဖြည်းဖြည်း တွန်သံတွေနီးလာတဲ့အခါ ဝါးရုံအောက်မှာ အနီညိုရောင်အစင်းရှိတဲ့ ကြက်ဖတစ်ကောင်ကို တွေ့လိုက်ရတယ်။ ဒီကြက်ဖကလည်း ကျုပ်ကိုတွေ့တယ်ဆိုရင်ပဲ အတောင်တစ်ဖက်ကိုချ အတောင်တစ်ဖက်ကို အပေါ်ကို မတင်ပြီးတော့ ကျုပ်ကို စောင်ပြီး အစာကိုယက်ပြီး ကျုပ်ကိုစောင့်ကြည့်နေတယ်။ သတ္တိရှိရင်လာခဲ့လေကွာဆိုတဲ့ သဘောမျိုးပေါ့။ ကျုပ်ကလည်း ဘယ်ရမလဲ။ အချိန်မဆိုင်းဘဲနဲ့ အပြေးအလွှားပျံပြီးတော့ ဆင်းလိုက်တယ်။ ကျူးကျော်တဲ့ ကြက်ရှေ့ရောက်တာနဲ့ အသေပဲဆိုပြီး ခွပ်လိုက်တဲ့အချိန်မှာ ကျုပ်ဟာ ကျော့ကွင်းထဲကို ရောက်သွားပြီးတော့ ကျုပ်ခြေထောက်မှာ ငြိသွားတာကို သိလိုက်ရတယ်။ ကျုပ်က ရုန်းလေ ကျော့ကွင်းက ပိုတင်းကျပ်လေ ကျုပ်လှုပ်လို့မရဖြစ်သွားတဲ့အချိန်မှာတယ်။ ကြက်ကိုပိုက်ပြီး လူတစ်ယောက် ခြုံထဲကထွက်လာတယ်။ ကျုပ်ရဲ့ဒေါသအမျက်ကြောင့် လူရဲ့ထောင်ခြောက်ထဲကို ရောက်သွားပြီဆိုတာကို သိလိုက်ရတယ်။  တစ်ပြိုင်နက်တည်းမှာပဲ တုန်လှုပ်ကြောင့်ကြစိတ်တွေလည်း ပေါ်ထွက်လာခဲ့တယ်။

မုဆိုးကြီးက သူ့ရဲ့တည်ကြက်ကလေးကို ပခြုပ်ထဲပြန်ထည့် ညွှတ်ကွင်းထဲမှာမိနေတဲ့တောကြက်ကိုဖမ်းပြီး ဒီနေ့ ကတော့ ငါ့သားလုပ်ကြွေးတာ တစ်ကောင်တော့ရပြီဆိုပြီး ဝမ်းသာအားရနဲ့ တောကြက်ရဲ့ ခြေထောက် နှစ်ဖက်ကို ကြိုးတုတ်ပြီး တည်ကြက်ကိုပခြုတ်ထဲကိုထည့်၊ ပခြုတ်ကိုဆွဲပြီး အိမ်ကိုပြန်သွားတော့တယ်။

ကြက်နီချိတ်

ကျုပ်တို့ဟာ တိုက်ကြက်မျိုးတွေဖြစ်တယ်။ ကျုပ်အဖေ ကျုပ်အဖိုး ကျုပ်ဦးလေးတို့ကအစ နာမည်ကြီး တိုက်ကြက်တွေဖြစ်တယ်။ ကျုပ်တို့နယ်မြေမှာ ကျုပ်တို့မျိုးရိုးကိုနိုင်တဲ့ တိုက်ကြက်မပေါ်သေးဘူး။ ကျုပ်ရဲ့အဖိုးဟာ ရွာယုံကြက်ကြီးဖြစ်တယ်။ တစ်ရွာလုံးက ယုံကြည်လို့ပုံလောင်းတဲ့ ကြက်နီချိတ်ကြီး ဖြစ်တယ်။ အဲ့ဒီလိုပဲ ကျုပ်ရဲ့အဖေကလည်း ကြက်နီချိတ်တစ်ကောင်ဖြစ်တယ်။ ကျုပ်အဖေကလည်း ရွာယုံကြက်အပြင် တခြားနယ်မြေတွေမှာသွားပြီး တိုက်တိုင်းအောင်ခဲ့တဲ့ ကြက်ဖကြီး ဖြစ်တယ်။ ကျုပ်တို့အမျိုးတွေဟာ သေရဲ၊ သတ်ရဲ၊ အနိုင်ယူရဲတဲ့ တိုက်ကြက်မျိုးတွေ ဖြစ်တယ်။ ရန်သူကိုဘယ်တော့မှ အညံခံအရှုံးမပေးဘူး။ တိုက်ရင်းနဲ့သေရဲတယ်။ တိုက်ရင်းနဲ့လည်း သတ်ရဲတဲ့သွေး ကျုပ်မှာ အပြည့်ရှိတယ်။ ဒါကြောင့်မို့လို့ ကြက်နီအမျိုး ဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။

 “ဟေ့ မောင်ဘရေ မင်းတို့အိမ်က ကြက်နီချိတ်လေးက အခြေအနေဘယ်လိုလဲကွ၊ ခွပ်လက်စမ်းလို့ရပလား”

“ဟာ မောင်လှရာ ကြက်နီလေးက ချောတော့ ချောပါရဲ့ကွာ။ ဒါပေမယ့် ပေမမီ ဒေါက်မမီ ဖြစ်နေတယ်။ သူနဲ့ယှဉ်တိုက်နိုင်မယ့်ကြက်က သူ့လိုသေးသေးလေးတွေမရှိဘူး။ ဒါကြောင့်မို့လို သူ့ထက်ကြီးတဲ့ကြက်တွေနဲ့ပဲ တိုက်ရမှာဖြစ်တယ်။ တပြားလောက်နိမ့်နေရင် ငါတို့က ရှုံးဖို့များတယ်။ နောက်ပြီး ငါတို့ကြက်မျိုးကိုလည်း တခြားသူတွေကို ပေးလို့မဖြစ်ဘူး။ မျိုးပြန့်သွားရင် အပြိုင်တွေပေါ်လာနိုင်တယ်။ အဲ့ဒါကြောင့် ငါလည်း စိတ်ညစ်တယ်ကွာ။ ငါ့ကြက်ကလေးက ထွားထွားကျိုင်းကျိုင်း ဖြစ်မလာဘူး”။

“အေး အဲ့ဒါဆိုရင်လည်း ငါတို့ပေါ်စားလိုက်ကြရအောင်ကွာ”

“ဟာ အဲဒါတော့ မလုပ်နဲ့ကွာ။ ငါတို့ ကြက်တိုက်တဲ့လူဆိုတာ ကိုယ့်ကြက်ကို သတ်စားရတဲ့ ထုံးစံမရှိဘူးကွ။ လဒ်တိတ်တယ်။ သတ်စားလို့တော့ မဖြစ်ဘူး”
“ဒါဆို မင်းတို့ကြက်မျိုးကို လိုချင်တဲ့သူတွေအများကြီးပဲ။ ရောင်းလိုက်ပါလား။
“ရောင်းလို့လည်းမဖြစ်ဘူးကွ။ ရောင်းလိုက်လို့ရှိရင် ဒီကြက်ကလေးနဲ့မျိုးစပ်ပြီး ငါတို့ကြက်တွေနဲ့အပြိုင် ကြက်ကောင်းတွေပေါ်လာရင် ငါတို့အတွက် အခက်အခဲရှိတယ်”
“အဲဒါဆို မင်းဘယ်လိုလုပ်မလဲ”
“ငါ့နည်းငါ့ဟန်တော့ ရှိပါတယ်ကွာ။ စဉ်းစားပါဦးမယ်”
“အဲ့ဒါဆိုလည်း ငါသွားအုံးမယ်”
“အေးအေး ကောင်းပြီသူငယ်ချင်း”
အဲ့ဒီနေ့ညမှာ ကြက်နီလေးကို အိပ်တန်းတက်ချိန်မှာ အိပ်တန်းကနေယူ ပုဆိုးခြုံထဲထည့်ခဲ့ပြီး မောင်ဘ တစ်ယောက် မြို့ထဲကို ခပ်သုတ်သုတ် ထွက်ခဲ့တယ်။ မြို့ထဲရောက်တော့
“ဟေ့ဘာဘူ တစ်ပိသာ ဘယ်ဈေးပေးမလဲ” ဆိုတော့
“ငါးကျပ်ခွဲဈေးနဲ့ ပေးမယ်ဆရာ”
“ ခြောက်ကျပ်ပေးပါကွာ”
“ဟာမရဘူးဆရာ ကျွန်တော်တောင် ၆ ကျပ်နဲ့ပဲရောင်းတာ”။
“အဲ့ဒါဆိုလည်း ရောင်းမယ်ကွာ။ ချိန်လိုက်တော့ကွာ”
“တစ်ပိသာအတိပဲဆရာ”
ဒါနဲ့ ဘာဘူက ပေးလိုက်တဲ့ ၅ ကျပ်ခွဲကိုယူပြီးတော့ ပြန်လာခဲ့တယ်။ ကြက်နီလေးတော့ သနားပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ ကြက်မျိုးရိုးကို အခြားကြက်သမားတွေဆီတော့ မဖြန့်နိုင်ဘူး။ အဲ့ဒီအတွက် မင်းငါ့ကို နားလည်ပါကွာဆိုတဲ့အကြည့်နဲ့ ကြက်နီလေးကို ကြည့်လိုက်ပြီး ပြန်လာခဲ့တယ်။

ဖြူလေး။

ကျွန်တော့နာမည်က ဖြူလေး။ ကျွန်တော့်လိုပဲ ဥကပေါက်လာတဲ့ ညီအကိုမောင်နှမတွေအများကြီး တွေ့ရတယ်။ ကျွန်တော်ဟာ ပေါက်လာကတည်းက မိဘမဲ့ ဖြစ်ရတယ်။ ကျွန်တော့်မှာ အမေ မရှိဘူး။ အဖေမရှိဘူး။ ကျွန်တော်တို့အားလုံးဟာ မိဘမဲ့တွေအဖြစ် ဥကနေပေါက်လာကြတယ်။ ကျွန်တော်တို့ရဲ့မိဘဟာ အပူပေးတဲ့စက်ကြီးပဲဖြစ်တယ်။ ကျွန်တော်တို့လို မိဘမဲ့ကြက်ကလေးတွေဟာ လှောင်အိမ်ထဲမှာ အတူတကွ ကြီးလာပြီး သခင်ကပေးတဲ့ ဖွဲနဲ့  ဆန်ကွဲတွေကိုစားရင်း အရွယ်ရောက်လာကြတယ်။ ကျွန်တော်တို့ လှောင်အိမ်ထဲကနေပြီး အပြင်ကို လှမ်းကြည့်ရုံကလွဲလို့ အပြင်မှာ စိမ်းစိုနေတဲ့ အရာလေးတွေက ဘာတွေမှန်းတောင် ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ အားလုံးဟာလည်း တူညီတဲ့ ယူနီဖောင်းတွေ ဝတ်ထားတယ်။ ကျွန်တော်တို့အားလုံးရဲ့ ယူနီဖောင်းဟာ အဖြူရောင်တွေဖြစ်တယ်။ ကျွန်တော်တို့အားလုံးဟာ အတူတကွတိုးဝှေ့စားသောက်ရင်းနဲ့ တဖြည်းဖြည်းကြီးပြင်းလာကြတယ်။
 “ဟေ့မောင်ပိတ်ရေ မင်းကြက်တွေ အသားတော်တော်တိုးလာပြီလားဟေ့”။
“အသားတိုးဆို ဆရာရေ။ ခြောက်လသားရှိပြီဆိုတော့ ထုတ်ရောင်းလို့ရပြီ။”
“အေး မင်းကြက်ဖတွေကို ဒိုင်ကိုသွားပို့လိုက်ကွာ။ အမတွေကို ဥစားရဖို့ချန်ထားပြီး အထီးတွေထဲက ၁၀ ကောင် လောက်ကို ဘာဘူတို့ဆိုင်ကို ပေးလိုက်။ ဒန်ပေါက် အော်ဒါရထားလို့ဆိုပြီး ငါ့ကိုကြိုမှာထားလို့။ တစ်ကောင်ကိုတော့ ငါ့သားက ကြက်ဖလိုချင်တယ်ဆိုလို့ အကောင်ချောချော တစ်ကောင်ချန်ထားလိုက်ကွာ”
“ဟုတ်ကဲ့ဆရာ လုပ်ထားလိုက်ပါ့မယ်”
 အဲ့ဒါနဲ့ ကြက်ဖြူလေးက သဌေးရဲ့သားအတွက်ဆိုပြီး ပို့တဲ့ထဲမှာ ပါသွားခဲ့တယ်။ မကြာခင် သူဌေးက အိမ်ရောက်တဲ့အခါကြတော့ သူ့မိန်းမက ကလေးအတွက် ကြက်ကို ဘာလို့ယူလာရတာလဲ။ ကျုပ်တို့ အိမ်မှာလည်း မထားချင်ဘူး။ ကလေးကို ကြက်သန်းတွေ ဘာတွေကိုက်မယ်ဆိုပြီး ဆူပူလိုက်တဲ့အခါကြတော့ ယောက်ျားလုပ်တဲ့သူက ကြက်ဖြူလေးကို နှစ်ရက်အကြာမှာအိမ်ကနေ ကြက်ခြံထဲ ပြန်ယူလာတယ်။ ကြက်ခြံမှာရှိတဲ့ဆရာဝန်က ခင်ဗျားကြက်ကို အပြင်ယူသွားပြီးရင် ကြက်ခြံထဲပြန်ထည့်ရင် သူ့မှာရောဂါတွေ ပါလာနိုင်တယ်။ ဒါကြောင့်မို့လို့ ကြက်ခြံထဲပြန်မထည့်ဘဲ တစ်နေရာကို ပို့ပစ်လိုက်တာ စိတ်ချရမယ် ထင်တယ်လို့ အကြံပေးတဲ့အခါ အဲ့ဒါဆိုလည်း ဆရာတို့ပဲ ကြည့်လုပ်လိုက်ပါဆိုပြီး ကြက်ကို အပ်ပြီး သဌေးလည်း ပြန်သွားတယ်။ အဲ့ဒါနဲ့ ဆရာဝန်က ကြက်ကလေးကို သွားရောင်းလိုက်ကွာဆိုပြီး ပြောလိုက်တော့ ကြက်ခြံထဲက လူငယ်တစ်ယောက်က ဒီကြက်ကလေးကိုပိုက်ပြီး ဈေးထဲကိုသွားပြီးတော့ ကြက်ရောင်းတဲ့ ဘာဘူဆီမှာ ကြက်ကို ရောင်းလိုက်တယ်။ ချိန်ကြည့်လိုက်တော့ တစ်ပိသာရှိတယ်။ တစ်ပိသာ ၅ ကျပ်ခွဲဈေးနဲ့ဖြတ်ပြီး ကြက်ကလေးကို ထားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မုဆိုးကြီးက ကြက်စိမ်းလေးကို ပိုက်ပြီးတော့ ဘာဘူကို ရောင်းလိုက်တယ်။
“ဟေ့ ဘာဘူ ကျုပ် ကြက်တစ်ကောင်ရလာတယ်။ ခင်ဗျားယူမလား”ဆိုတော့ ဘာဘူက “ဟာဆရာ တောကြက်ကလေးပဲ။ ဆရာ့တောကြက်က တယ်ထွားပါလား”လို့ပြောတယ်။
“အေး မင်းငါ့ကို ဘယ်လောက်ပေးမှာလဲ”ဆိုတော့။ “၅ကျပ်ခွဲပါ”
“ချိန်ကြည့်ပါအုံးကွာ”။ ချိန်ကြည့်လိုက်တော့ တစ်ပိသာအတိပဲ။ “ဒီနေ့တော်တော်ထူးဆန်းတယ်။ ကျုပ်ဆိုင်ကို လာရောင်းတဲ့ကြက်သုံးကောင်လုံး အရောင်ကလွဲလို့ အလေးချိန်တူညီနေတယ်”လို့ ဘာဘူက ပြောလိုက်တယ်။ ပြီးတော့ ၅ ကျပ်ခွဲပေးလိုက်တယ်။ မုဆိုးလည်း ၅ကျပ်ခွဲယူပြီးပြန်သွားတယ်။ ပြီးတော့ ဘာဘူက စိမ်းလေးကို ကြက်ခြင်းထဲကို ပစ်ထည့်လိုက်တယ်။ ကြက်ခြင်းထဲ အစိမ်းလေးရောက်တော့ သူ့အရင်ရောက်နေတဲ့ ကြက်နီချိတ်ရယ်၊ ကြက်ဖြူရယ်ကို သွားတွေ့တယ်။ ကြက်နီချိတ်က စိမ်းလေးကို တွေ့တာနဲ့
 “ဟေ့ကောင် မင်းဘာကြည့်တာလဲ။ သေသွားချင်သလား”ဆိုတော့ စိမ်းလေးကလည်း
 “ဟေ့ကောင် စိမ်းလေးဆိုတာ ငါပဲ။ ဘယ်ကောင်မှ အကြောမခံဘူး။ တောထဲမှာလဲငါ ဗိုလ်ပဲကွ မင်းကဘာကောင်လဲ” လို့ ပြန်စိမ်ခေါ်လိုက်ကြပြီး တစ်ကောင်နဲ့ တစ်ကောင်စောင်နေကြတယ်။
ကြက်ဖြူလေးက” တော်ကြပါဗျာ၊ ရန်မဖြစ်ကြပါနဲ့လို့ ကြောက်လန့်တကြား ဝင်ပြောပြီး “ကျွန်တော်တို့ နေတဲ့ခြံထဲမှာ ဒီလိုရန်မဖြစ်ကြဘူးဗျ။ နောက်ပြီး ခင်ဗျားတို့ နှစ်ယောက်လို တစ်ယောက်က အနီရောင် တစ်ယောက်က အစိမ်းရောင်မျိုး ကျွန်တော်နေတဲ့ခြံထဲမှာမရှိဘူး။ ကျွန်တော်တို့အားလုံးဟာ အဖြူရောင်တွေ ချည်းပဲဗျ”လို့ ဝင်ပြောတယ်။ ကြက်နီချိတ်က ဟေ့ကောင် တောကကောင်တွေ မြို့ကကောင်တွေ ငါနားမလည်ဘူး။ ငါတို့က ကြက်နီမျိုးကွလို့ သူ့ရဲ့နီရဲနေတဲ့ရင်အုံကိုကော့ပြီး ပြောလိုက်တယ်။ စိမ်းလေးက သူ့ရဲ့အမောက်ပြားပြားကြီးကိုလှုပ်ပြီး မင်းအနီမျိုးတွေ အနက်မျိုးတွေကို ငါမသိဘူး။ ငါသိတာက အားကြီးတဲ့ကောင် နိုင်တာပဲကွလို့ ပြန်ပြောတယ်။ အဲ့ဒါနဲ့ ကြက်နီက စိမ်းလေးကို ပြေးပြီးခွပ်လိုက်တယ်။ စိမ်းလေးကလည်း ကြက်နီကို ပြန်ခွပ်တယ်။ တဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့ ကြက်ခြင်းထဲမှာ နှစ်ကောင်သား ခွပ်လိုက်ကြတာ သွေးသံရဲရဲနဲ့။ ခေါင်းကွဲတဲ့ကောင်ကကွဲ၊ အတက်ဆူးတဲ့ကောင်က ဆူးနဲ့ဖြစ်ကုန်ကြတယ်။ ကြက်ဖြူလေးကတော့ ထောင့်မှာကပ်နေပြီး ဒီကောင်တွေ ဘာဖြစ်လို့ရန်ဖြစ်နေပါလိမ့်ဆိုပြီး ကြောက်လန့် တကြားနဲ့ နားမလည်စွာနဲ့ ကြည့်နေတယ်။ သူ့တစ်သက် ကြက်ခြံထဲမှာ နေခဲ့တာ ဒီလို သွေးရဲရဲသံရဲရဲ ရန်ဖြစ်တာ မတွေ့ဖူးဘူး။ အဲ့ဒီအချိန်မှာပဲ ကြက်ရောင်းတဲ့ဘာဘူက ရောက်လာပြီးတော့ ကြက်နီနဲ့ စိမ်းလေး နှစ်ကောင်လုံးကို ဆွဲထုတ်ပြီး “ကြက်ချင်းထဲမှာနေတာ ကောင်းကောင်းမနေကြဘူး။ သေချင်တဲ့ကောင်တွေ မြန်မြန်သေကြ” လို့ပြောပြီး လည်လှီးသတ်ပြစ်လိုက်တယ်။ ပြီးတော့မှ ရေနွေးထဲကို ထည့်လိုက်ပြီး အမွေးတွေ နှုတ်ပြီးတော့ ကြက်သားရောင်းတဲ့တန်းပေါ်ကို တင်လိုက်တယ်။ အဲ့ဒီအချိန်မှာ လင်မယားနှစ်ယောက် လမ်းလျှောက်လာရင်း “မောင်ရေ အိမ်ကကြက်ဖကြီးလည်း ကြက်နာကျလို့ သေသွားပြီ။ အိမ်မှာကြက်မတွေပဲ ကျန်တော့တယ်။ ဒီကြက်ဖအဖြူလေးကို ဝယ်သွားရအောင်။ အိမ်ကကြက်မတွေလည်း အဖော်ရတာပေါ့” ဆိုတော့ လင်လုပ်သူက “အေးကောင်းပြီ။ ဘာဘူ အဲ့ဒီကြက်ဖြူလေးကို ဘယ်လောက်ရှိလဲ ချိန်လိုက်စမ်း”လို့ ပြောတော့။ “တစ်ပိသာအတိပါ ဆရာ။ တစ်ပိသာ ၆ ကျပ်ပါ ဆရာ။ ဆရာ ၆ ကျပ်ပဲ ပေးပါဆရာ”ဆိုပြီး ကြက်ဖြူလေးကို ရောင်းလိုက်တယ်။

ကြက်ဖြူလေးကို လင်မယားနှစ်ယောက် ဝယ်သွားပြီး သူတို့အိမ်က ကြက်ခြံထဲကို ထည့်လိုက်တယ်။ ကြက်ဖြူလေးဟာ သူ့ဘဝ အပြောင်းအလဲကြောင့် ပထမ ကြောင်တောင်တောင် ဖြစ်နေတယ်။ ကြက်ခြံလေး ဆိုပေမယ့် တံခါးပိတ်ထားတာ မဟုတ်ဘူး။ ကြက်ခြံထဲမှာ အိပ်တန်းရှိတယ်။ စားခွက်ရှိတယ်။ ရေရှိတယ် အဲ့ဒီ ကြက်ခြံလေးထဲမှာ ကြက်မနှစ်ကောင်သုံးကောင်လည်း တွေ့တယ်။ ကြက်မနှစ်ကောင်သုံးကောင်က ကြက်ဖြူလေးကို စောင့်ပြီးတော့ ကြည့်နေတယ်။ ကြက်ဖြူလေးက အိပ်တန်းပေါ်တက်ပြီး တစ်ည အိပ်လိုက်တယ်။ မနက်မိုးလင်းတဲ့အခါကျတော့  ကြက်မသုံးကောင်စလုံးက ကြက်ခြံထဲက ထွက်သွားကြတယ်။ ကြက်ဖြူလေးက ကြက်မတွေနောက်က မယောင်မလည်နဲ့ ကုတ်ချောင်း ကုတ်ချောင်းနဲ့ လိုက်သွားတယ်။ လိုက်သွားရင်းနဲ့ သူ့ပတ်ဝန်းကျင်ကြည့်လိုက်တဲ့အချိန်မှာ သူဟာ လုံခြုံတဲ့ ခြံဝင်းတစ်ခုထဲမှာ ရောက်နေတယ်။ သူ့ရှေ့မှာလည်း မြက်ခင်းစိမ်းစိမ်းလေးတွေရှိတယ်။ သူမွေးမြူရေးခြံမှာ နေခဲ့တုန်းက သူမြင်ခဲ့ရတယ်ဆိုတဲ့ စိမ်းစိမ်းလေးတွေဟာ မြက်ခင်းစိမ်းစိမ်းလေးတွေပဲဆိုတာ သိလိုက်တယ်။ ကြက်မတွေက သူ့ရှေ့မှာ မြေကြီးတွေကို ယက်ပြီး အစာရှာစားနေကြတယ်။ ကြက်ဖြူလေးက ကြက်မတွေကို အနားကပ်ပြီး ကြက်မတွေလုပ်သလို မြေကိုယက်ပြီး ကြက်မတွေကို သူလည်း လုပ်တတ်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တကွတ်ကွတ်နဲ့ အစာပြပြီး ကြက်မတွေကို သူ့နားကို ခေါ်လိုက်တယ်။ မြက်ခင်းပေါ်မှာ လျှောက်ရတဲ့ အရသာလေးတွေ မြက်ခင်းရဲ့ ထိတွေ့မှုလေးတွေ၊ လေပြေလေညင်းလေးရဲ့ သူ့မျက်နှာပြင်ကို တိုက်ခတ်တိုးဝှေ့သွားမှုတွေကို ကြက်ဖြူလေးက ပထမဦးဆုံးခံစားရတယ်။ အော် ငါ မြက်ခင်းပေါ်မှာလည်း ငါလျှောက်ခဲ့ဖူးပြီ။ မြေကြီးပေါ်မှာယက်ပြီးတော့လည်း အစာရှာခွင့်ရပြီဆိုပြီးတော့ ကျေနပ်နှစ်သိမ့်နေမိတယ်။ ကြက်မလေးတွေ ခြံရံပြီး ရင်ဘတ်ကိုကော့ပြီး လမ်းလျှောက်ရင်းနဲ့ ထုတ်တန်း တစ်ခုပေါ်ခုန်တက်လိုက်ပြီး အားရပါးရ လွတ်လပ်ရေးအရသာကို ခံစားရင်း

“အောက်အီးအီးအွတ်” လို့ တွန်လိုက်တယ်။

ကျွန်တော့် ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေးကို ၁၉၇၅-၇၆ အတွင်း အင်းစိန်ထောင်တွင်း (၃) ဆောင် အောက်(၂)မှာ နံရံများဆိုတဲ့ ဝတ္ထုတိုနဲ့ တစ်ချိန်တည်း တစ်နေ့ထဲ ဆက်တိုက်ရေးခဲ့တဲ့ ကျွန်တော့်ဘဝရဲ့ ပွဲဦးထွက် နမိတ်ပြပုံ (Metaphor) ဝတ္ထုနှစ်ပုဒ်ထဲက တပုဒ်ဖြစ်ပါတယ်၊ မူရင်းစာမူတွေကို တလာစီတုံး (ထောင်တွင်းရှိ အကျဉ်းသားအိပ်ဆောင်များကို ရှာဖွေသိမ်းဆည်းမှုပြုခြင်း) ဝါဒါတွေက သိမ်းယူသွားခဲ့လို့ ဦးနှောက်မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းထားခဲ့ရာက ပြန်လည်စဉ်းစားပြီးရေးလိုက်တာဖြစ်လို့ မူရင်းနဲ့တော့ စာအရေးအသားလွဲချင်လွဲပေမယ့် အဓိပ္ပါယ်ကတော့ အတူတူပင် ဖြစ်ပါတယ်။

နမိတ်ပြပုံ (Metaphor) အနေနဲ့ ရေးထားတဲ့ အကြောင်းကတော့ ကျွန်တော်တို့ဟာ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေအဖြစ် နေနေရတဲ့ ဘဝဟာ ကြက်ခြင်းထဲက ကြက်တွေလိုပါဘဲ၊ ကြက်တွေဟာ ကြက်ချင်းထဲမှာ ရောက်နေပေမဲ့ အချင်းချင်း ခွပ်နေကြတာကို မြင်ယောင်ပြီး ဒီပုံပြင်လေးကို ရေးဖို့ စဉ်းစားမိလာတာ ဖြစ်ပါတယ်။ ထောင်ထဲမှာ အကျဉ်းကျနေတာကို သတိမရနိုင်ဘဲ ငါတို့က ဘာအရောင် ငါတို့က လူများတယ်ဆိုပြီး ကိုယ်နဲ့နိုင်ငံရေးသဘောတရားချင်းမတူတဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားချင်း တိုက်ခိုက်ကြ၊ အာဏပိုင်တွေကို လှည့်သတင်းပေးလိုပေး၊ ဘုံရန်သူကို အတူတူတိုက်မယ်လို့ စိတ်မကူးဘဲ၊ ကိုယ်နဲ့ဝါဒမတူတဲ့သူတွေကို “အနီးဆုံး ရန်သူကို အရင်ခြေမှုန်း” ဆိုပြီး ထောင်ထဲမှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို စုပေါင်းမတွန်းလှန်ဘဲ အားနည်းတဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်ဖို့အထိ ဖြစ်လာတာကို ရွံ့မုန်းလွန်းလို့ ဒီပုံပြင်လေးကို နမိတ်ပြအနေနဲ့ ရေးလိုက်တာဖြစ်ပါတယ်။ အချင်းချင်း ခွပ်နေကြရင် ကြက်သတ်သမားက လည်လှီးတာခံရမယ်လို့ သတိပေးတဲ့စာလေးပါ။ ဒီပုံပြင်ထဲက စိမ်းလေးဟာ အရင်းရှင်စနစ်ကို ကိုယ်စားပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာလွတ်လပ်မှုရှိတယ် ဒါပေမယ့် ဘဝလုံခြုံမှု မရှိပါဘူး၊ တောထဲမှာ လွတ်လွတ်လပ်လပ် နေရပေမဲ့ တောရိုင်းသဘာဝအရ ကြီးနိုင်ငယ်ညှင်း ခံရမှာပါပဲ။ ကြက်နီချိတ်ကတော့ ထောင်ထဲက ကွန်မြူနစ်တွေကို ကိုယ်စားပြုပါတယ်၊ အရာရာကို တိုက်မယ်ခိုက်မယ် သတ်မယ်ဖြတ်မယ်ဆိုပြီး ထောင်ထဲမှာ အကျဉ်းကျနေသူ အချင်းချင်းကို ရန်ပြုနေတာကို ရည်ညွှန်းပါတယ်။ မွေးမြူရေး ကြက်ဖြူလေးရဲ့ မွေးဖွားကြီးးပြင်းလာမှုဘဝကိုတော့ ကွန်မြူနစ်စနစ်ကို ရည်ညွှန်းပါတယ်။ အားလုံးဟာ ပုံစံတူဝတ်စုံတွေ၊ ပုံစံစားရတာတွေ၊ နေရတာတွေ၊ လူတွေကို ရုပ်ဝတ္ထုပစ္စည်းတစ်ခုလို သဘောထားပြီး ခံစားမှုတွေကို လျစ်လျူရှုထားတာတွေကို ရည်ညွှန်းပါတယ်။ အဖြူရောင်ကတော့ ဝါဒစွဲမရှိခြင်းကို ဖော်ညွှန်းပါတယ်။

အားလုံးကိုလေးစားစွာလျက်
ထွန်းအောင်ကျော် (၇၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...