Friday, December 6, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - အဌမပိုင်း

Htun Aung Gyaw December 5, 2013 at 2:15am
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အမည်နှင့်ပတ်သက်၍ ရှင်းလင်းချက် 

မောင်မောင်သိန်း (ပြောင်ကြီး) နှင့် ကိုမောင်မောင်ကျော်တို့က ဦးဆောင်သည့်  ဘန်ကောက်ရောက် ကျောင်းသားများက ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် O.B.S.D.F (Oversea Burmese Student Democratic Front) ဆိုသည့်အမည်ဖြင့် အဖွဲ့ဖွဲ့စည်းကြောင်း စက်တင်ဘာလတွင် ကြေညာ လိုက်သည်ဟု သူတို့၏မှတ်တမ်းတွင်ဖော်ပြထားသည်။ ဆက်လက်၍ ပြည်တွင်းမှသူများက Oversea ဆိုသည့် စကားလုံးကို သဘောမကျသည့်အတွက် ပြည်တွင်းပြည်ပ တသားတည်း ဖြစ်စေရန် All Burmese Students ဟု ပြောင်းသုံးရန် အားလုံးညှိနှိုင်းပြီး All Burma Students’ Democratic Front ဟု နာမည်ဖြင့် အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အတူ သေ့ဘောဘိုးစခန်းတွင်လည်း ကျောင်းဆရာ ကိုလှအောင်နှင့် ကိုကိုဦး (ဆလိုင်း) တို့က ဦးဆောင်ပြီး ကိုးဦးကော်မတီကို “All Burma Students’ Democratic Front” အမည်ဖြင့်  စက်တင်ဘာလာတွင် ဖွဲ့စည်းခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာတွင် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၌ ဖော်ပြခဲ့သည်။ ထို့ကြောင့် ABSDF ဆိုသည့် နာမည်သည် ညီလာခံမစခင်ကပင် ဘန်ကောက်တွင် တစ်စု၊ သေဘော့ဘိုးတွင် တစ်စု ရှိနေခဲ့ပြီး ဖြစ်သည်ကို ထိုစဉ်က တောတွင်းနယ်စပ်စခန်းအသီးသီးမှ တက်လာကြသော ကျွန်တော်အပါအဝင် စခန်းကိုယ်စားလှယ်များက သိရှိခဲ့ခြင်း မရှိချေ။ ယခုလို သိရှိလာခြင်းမှာလည်း ABSDF အကြောင်းကို ကျွန်တော်၏ဖေ့ဘွတ်ခ်တွင် စတင်၍ တင်လိုက်သည့်အခါ ကိုမောင်မောင်သိန်းက ဘန်ကောက်တွင် ဖွဲ့စည်းခဲ့သည့်မှတ်တမ်းကို ဖော်ပြလာခဲ့သဖြင့် လည်းကောင်း၊ ကျွန်တော်ကိုယ်တိုင် ကော်နယ်တက္ကသိုလ်၊ အော်လင်းစာကြည့်တိုက်တွင်းရှိ မိုက်ကရိုဖလင် မှတ်တမ်းများမှ နေရှင်းသတင်းစာဖလင်များကို ကြည့်ရှုရင်း ကိုကိုဦး၊ ကိုလှအောင်နှင့် ကိုစိုးခိုင်တို့က ဦးဆောင်ပြီး ABSDF သေဘော့ဘိုးစခန်းကော်မတီကို ဖွဲ့စည်းထားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့မှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ဖြစ်သည်။ ABSDF ဆိုသည့်အမည်သည် ကော့မူးရာ ကျောင်းသားနှီးနှောဖလှယ်ပွဲ မကျင်းပခင်ကတည်းက ရှိပြီးသားဖြစ်သော်လည်း ယင်းအမည်သည် နယ်စပ်တစ်လျှောက်ရှိ ကျောင်းသားစခန်းအသီးသီးကို ကိုယ်စားပြုသည့်နာမည် မဖြစ်သေးပေ။ ဘန်ကောက်အုပ်စုနှင့် သေ့ဘော့ဘိုးအုပ်စုနှစ်စုနှင့်သာ ဆက်နွယ်နေသည့် နာမည်အဆင့်သာ ရှိသေးသည်။ ABSDF ဆိုသည့်အမည်သည် ကျွန်တော်တို့ဗဟိုကော်မတီ မဖွဲ့စည်းခင်ကတည်းက တည်ရှိနေသည်ကို တင်ပြလာသော မှတ်တမ်းနှင့် သတင်းစာဖြတ်ပိုင်းများအရ မကြာခင်ကမှ သိရှိခဲ့ရသည်။ ယင်းအချက်အလက်ကို ကျွန်တော်လက်ခံသည်။ ထိုအမည်ကို စတင်သုံးစွဲခဲ့သူတို့က သူတို့စတင်သုံးစွဲခဲ့သည်ကို အသိအမှတ်ပြု (credit) ခြင်း ခံယူလိုသည်ကို နားလည်သဘောပေါက်သည်။ ကျွန်တော့်အနေနှင့်လည်း ငြင်းစရာအကြောင်း မရှိပါ။ မည်သူက စတင်အသုံးပြုခဲ့သည်ကို သေ့ဘောဘိုးစခန်းနှင့် မောင်မောင်သိန်း (ပြောင်ကြီး) တို့ ဘန်ကောက်အုပ်စုတို့ကသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ကော့မူးရာ ကျောင်းသားနှီးနှောဖလှယ်ပွဲကြီးကို နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်ကျင်းပလာပြီး (၅) ရက်နေ့ ရောက်မှာသာ ABSDF ဗဟိုကော်မီတီကို စခန်းကိုယ်စားလှယ်များအသီးသီး၏ တခဲနက်ထောက်ခံမှုဖြင့် ရွေးချယ်ဖွဲ့စည်း အတည်ပြုလိုက် ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ABSDF ဆိုသည့် အမည်မှာ နယ်စပ်တော်လှန်ရေးနယ်မြေအသီးသီးရှိ စခန်းများအားလုံးကို ကိုယ်စားပြုသည့် နာမည်အဖြစ် တရားဝင်တည်ရှိလာခြင်းကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ပေ။

ခွပ်ဒေါင်းပြဿနာ
ကျွန်တော်ရန်ကုန်တက္ကသိုလ်တွင်လှုပ်ရှားစဉ်က ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းပြီးနောက် ၁၉၇၅ ခုနှစ် ဇွန်အရေးအခင်းဆက်လက်ဆင်နွဲသည့်အခါ Anti-Facist Student League (AFSL) (ဖက်ဆစ်ဆန့်ကျင်ရေး ကျောင်းသားများတပ်ပေါင်းစု) ကို တည်ထောင်ပြီး စာတန်းများကို တက္ကသိုလ်ကျောင်းဝင်းအတွင်း ဖြန့်ဝေရာ၌ ကျွန်တော်ကိုယ်တိုင် ခွပ်ဒေါင်းပုံကို ရေးဆွဲပြီး ဖြန့်ဝေခဲ့သဖြင့် ခွပ်ဒေါင်း မည်ကဲ့သို့ ဆွဲရမည်ကို လေ့လာမှတ်သား ရေးဆွဲလေ့ကျင့်ထားခဲ့သည်။  ဥက္ကဋ္ဌအဖြစ် အရွေးခံရပြီးနောက် အရင်ရောက်နှင့်နေသူများ ရေးဆွဲထားသည့် ခွပ်ဒေါင်းပုံသည် ခွပ်ဒေါင်းနှင့်မတူ ဖြစ်နေသည့်အတွက် ခွပ်ဒေါင်းပုံကို ဝမ်ခစခန်းတွင် ပြန်လည်ရေးဆွဲသည့်အခါ ဗကသအုပ်စုမှ အမျိုးမျိုး အငြိုအငြင် ပေးပါတော့သည်။ ရွေးကောက်ပွဲမတိုင်ခင်က ကျွန်တော်တို့ ညီညီညွတ်ညွတ်နှင့် ကျောင်းသားအမည်၊နှင့် ခွပ်ဒေါင်းအလံတို့ကိုသာ သုံးရမည်ဟု ကျောင်းသားဖက်မှရပ်၍ ကျောင်းသားစိတ်ဓါတ်နှင့် အတူတကွ ဆွေးနွေး ထောက်ခံခဲ့ကြသော်ငြားလည်း ရွေးကောက်ပွဲပြီးသည့်နောက် အလုပ်မလုပ်နိုင်လောက်အောင် အတိုက်အခံ လုပ်ကြတော့သည်။ ခွပ်ဒေါင်း ရေးဆွဲရာ၌လည်း ဟိုဟာမဟုတ်၊ ဒီဟာမဟုတ် စသည်ဖြင့် ဝင်ရောက်ကန့်ကွက်ခြင်း နောက်ဆုံး ခွပ်ဒေါင်းအမြီးသည် အပေါ်ထောင်သည်ဟု ဝိုင်းဝန်းကြပ်ကြသဖြင့် ညီညွတ်ရေးကို ဦးတည်ကာ သည်းခံပြီး ခွပ်ဒေါင်းအမြီးကို ထောင်ပြီး ရေးဆွဲပေးလိုက်ရပါသည်။ ထို့ကြောင့် ကြေညာချက် အမှတ် (၁) တွင် ခွပ်ဒေါင်းသည် အမြီးထောင်နေခြင်းဖြစ်သည်။ နောင်တွင် အေဘီအက်စ်ဒီအက်ဖ်မှ ဗကသအုပ်စု ထွက်သွားပြီး အရေးပေါ်ညီလာခံခေါ်ပြီးနောက်တွင် ခွပ်ဒေါင်းအမြီးကို နဂိုအတိုင်း အမှန်အကန် ပြန်လည်ရေးဆွဲခဲ့ရပါသည်။ ထိုကဲ့သို့ ရေးဆွဲရင်း ကျွန်တော့်စိတ်တွင် ပေါ်လာသည်မှာ ဒေါင်းမြီးတွင် ဒေါင်းမြီးကွက် ထည့်ကြည့်လျှင် ကောင်းမည်လောဟု အတွေးပင်ဖြစ်သည်။ ထိုအတွေးဖြင့် ဒေါင်းမြီးကွက် ၃ ခု ကို ထည့်ကြည့်သည့်အခါ ပိုမိုလှပပြီး ဆွဲဆောင်မှုရှိကြောင်း တွေ့ရသည့်အတွက် ထိုပုံကို အတည်ပြုရန် ညွန်ကြားပြီး တပ်ရင်းအသီးသီးသို့ အေဘီအက်စ်ဒီအက်ဖ် အမှတ်တံဆိပ်အဖြစ် အသုံးပြုရန် ဖြန့်ဝေခဲ့သည်။

ခွပ်ဒေါင်းပုံအဓိပ္ပါယ်ဖွင့်ဆိုချက်။  ။ပုံတွင်ပါသည့်စက်ဝိုင်းသည် ဖိနှိပ်မှုကိုဖေါ်ညွှန်းပြီး ခွပ်ဒေါင်း၏ ဦးခေါင်းနှင့် ဘယ်ခြေထောက်တို့မှာ ထိုဖိနှိပ်မှုစက်ဝိုင်းအတွင်းမှ ရုန်းကန်ထွက်စပြုနေပြီး ညာခြေနှင့်ကန်ကာ အရှိန်နှင့် ဆက်လက် တိုးထွက်လာနေသည့်သဘောကို ဖေါ်ပြထားသည်။ ဒေါနှင့်မာန်နှင့်ရှိနေသဖြင့် ဇလုပ်သည် ဖေါင်းနေသည်။ ပို၍ အားမာန်ရှိရန်အတွက် မျဉ်းဖြောင့်များကို အများဆုံးသုံး၍ ရေးဆွဲထားသည်။

အကွဲအပြဲနှင့် တာစထွက်ခြင်း
အေဘီအက်စ်ဒီအက်စ် ဗဟိုကော်မတီ စတင်ဖွဲ့စည်းပြီးသည့်အချိန်တွင် ဗကသအုပ်စုသည် ရွေးကောက်ပွဲ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီအတွင်းတွင် ဒု-ဥက္ကဋ္ဌ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂)၊ ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူး ၄ နေရာရရှိခဲ့သော်လည်း ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးနေရာများကို မရရှိသဖြင့် ဗဟိုကော်မတီကို စုပေါင်းဝိုင်းဝန်းကာ ပူးပေါင်းလုပ်ဆောင်ရမည့်အစား ထော်လော်ကန်လန့်လုပ်ပြီး သူတို့၏နောက်လိုက်များနှင့် အုပ်စုလိုက်ကြီး ဝမ်ခစခန်းရှိ ဗဟိုကော်မတီယာယီရုံးတွင် နေရာယူထားကြသည်။ ဗဟိုကော်မတီတွင် ဆွေးနွေးသည့်အကြောင်းအရာတိုင်းကို သူတို့၏နောက်လိုက်တို့က ဝင်ရောက်ဆွေးနွေးခြင်း၊ အတင်းဝင်၍ ငြင်းခုန်ခြင်း၊ လူမိုက်ဆန်ဆန်ဟိန်းဟောက်ခြင်းများကို ကျန်ဗဟိုကော်မတီဝင် များက အတော်သည်းခံပြီး နေခဲ့ရသည်။ သည်းမခံနိုင်သည့်တစ်နေ့ စိုင်းမျိုးဝင်းထွန်းက ထ၍ စိမ်ခေါ်လိုက်မှ ငြိမ်ကျသွားဖူးသည်။
ထို့အပြင် ဗဟိုကော်မတီဝင်များဖြစ်သည့် ကိုသာသာဦးသည် ကျန်းမာရေးကော်မတီ အတွင်းရေးမှူးနှင့် ကိုမောင်မောင်သိန်းသည် စည်းကမ်းထိမ်းသိမ်းရေးကော်မတီ အတွင်းရေးမှူးတို့အဖြစ် အရွေးခံရပြီးနောက် ကျွန်တော့်ထံ ခွင့်တောင်း၍ အကျိုးအကြောင်း ရှင်းပြရန် ဘန်ကောက်တက်မည်ဖြစ်ကြောင်း လုပ်စရာများ လုပ်ပြီးသည်နှင့် ချက်ချင်းပြန်လာမည်ဖြစ်ကြောင်းပြောသဖြင့် အမြန်ဆုံးပြန်လာကြရန်မှာကြားပြီး ခွင့်ပြုလိုက်သည်။ ဘန်ကောက်သို့ တက်သွားကြပြီးသည့်နောက် ၎င်းတို့၏မျက်နှာကို လုံးဝမမြင်ရတော့ချေ။ (မှတ်ချက်။ ။ ကိုမောင်မောင်သိန်းသည် ပြည်တွင်းသို့ အလင်းပြန်ဝင်သွားပြီး ဒေါက်တာသာသာဦးမှာမူ တောတွင်း၌ မနေနိုင်သဖြင့် ဦးတင်မြင့်ဦးတို့အိမ်တွင် နေထိုင်ခဲ့သည်။ စိတ်ပါဝင်စားမှုမရှိဘဲ ဝင်ရောက်အရွေးခံပြီး နေရာရသည့်အခါ ဖုတ်ဖက်ခါ ထွက်သွားပြီး၊ နောက်ပြန်မကြည့်သည့်အတွက် တော်လှန်ရေးတွင် အထူးနစ်နာခဲ့ရသည်။)

ဗဟိုကော်မတီတွင် အလုပ်အလုပ်ဆုံးနှင့် ထူးခြားထက်မြက်သူကို ပြပါဆိုလျှင် ကိုထွန်းဦးကို ပြရမည်ဖြစ်သည်။ ကိုထွန်းဦးသည် သုံးဆယ်မြို့နှင့် သာယာဝတီအကြား အလယ်ကုန်းသားဖြစ်သည်။ စစ်ရေးကို အလွန်ဝါသနာပါသဖြင့် စာရေးဆရာမြတ်ထန် (ဗိုလ်မှူးကြီးတင်မောင်) ထံ စစ်ပညာကိုဆည်းပူးခဲ့သည်ဟု ပြောပြ၍သိရသည်။ အသားမဲမဲ အရပ်ပုပု၊ မျက်လုံးမှေးမှေးနှင့် ထွန်းဦးကို ရဲဘော်များက နောင်တွင် ဗိုလ်ချုပ်ထွန်းဦးဟု လည်းကောင်း ဗဟိုကော်မတီဝင်များက အသားမဲသဖြင့် “ဇူးလူး” ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ကြသည်။ ကိုထွန်းဦးသည် စက်မှုတက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်ပြီး စစ်ရေးနားလည်သဖြင့် ဗကသအုပ်စုက သူ့ကို ထောက်လှန်းရေးဟု ထင်ကြသည်။ အေဘီအက်ဒီအက်စ်၏အခြေခံဥပဒေကို ရေးဆွဲရာတွင် ကိုထွန်းဦးက ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ကိုထွန်းဦးနှင့် ကိုအောင်ကြည်ဦးတို့ တိုင်ပင်ရေးဆွဲကြပြီး ကျွန်တော်က လိုချင်သည့် အချို့အချက်များကို ဖြည့်ပေး သည်။ သူ့အသက်အရွယ်နှင့်မလိုက်အောင် ဗဟုသုတကြွယ်ဝသောကိုထွန်းဦးသည် ထူးချွန်ထက်မြက်သည့်သူ (Gifted Person) တစ်ယောက်ဖြစ်သည်။ သူပြောခဲ့သည့်စကားတစ်ခွန်းကို ယနေ့တိုင် မှတ်မိနေပါသေးသည်။ သူက “ကျွန်တော်တို့ကျောင်းသားတွေဟာ ဘုန်းကြီးကျောင်းကခွေးတွေလိုပဲ၊ အချင်းချင်း ကိုက်နေကြတာပဲ၊ ဒါပေမယ့် တစိမ်းခွေးဝင်လာရင် ကိုယ့်အချင်းချင်း ကိုက်တာရပ်ပြီး တစိမ်းခွေးကို ကိုက်ကြပြန်ရောတဲ့” ဟုတ်လဲဟုတ်တာပဲလို့ ထိုစဉ်က သူပြောတာနားထောင်ရင်း ပြုံးမိသေးသည်။

ထို့နောက် ကျွန်တော်တို့ မဲသလေ ခေါ် ခရက်ဒေးကျောင်းသားစခန်းသို့ ကေအင်န်ယူက စီစဉ်ပေးသည့်ကားနှင့် နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၃ ရက်ကြား တစ်ရက်ရက်တွင် ထွက်ခဲ့ပါသည်။ လမ်းခရီး တောင်ကွေ့ တောင်တက်တို့တွင် ကိုဝင်းမိုးက ညောင်းသဖြင့် အားကစားလုပ်သည့်သဘောဖြင့် ကားပေါ်မှဆင်းပြီး ကားနောက်မှပြေးလိုက်သည်ကို မှတ်မိနေပါသေးသည်။ ထိုအချိန်တွင် ကိုသန်းဝင်းမှာ ငှက်ဖျားတက်နေသဖြင့် ကျွန်တော်က သူ့အားဂျာကင်ခြုံပေးပြီး ကိုယ့်ညီရင်းသဖွယ် တစ်လမ်းလုံးဖက်ပြီး ကားစီးလာခဲ့ကြရာ ခရက်ဒေးစခန်းသို့ ၃ နာရီကျော် ကားစီးပြီး ရောက်ရှိခဲ့ပါတော့သည်။ ခရက်ဒေးစခန်းတွင် နားနေဆောင်၌ ကိုသန်းဝင်းအား ဆားရည်နှင့် ငှက်ဖျားပျောက်ဆေး ကွီနိုင်းကို အကြောမှ သွင်းပေးနေစဉ် ဗကသအုပ်စုမှ ဘဏ္ဍာရေးအတွင်းရေးမှူးအဖြစ် အရွေးခံရသော ကိုကျော်ထင်က ဆေးရည်အိတ်ကို ဖိနပ်နှင့်လှန်းပေါက်သဖြင့် ကိုအောင်ကြည်ဦးက ဝင်တားသည်ကို ကျွန်တော်က ထိုကဲ့သို့ လုပ်ရပ်မျိုး မလုပ်ရန် ဝင်ပြောခဲ့ရသည်။ ငှက်ဖျားတက်၍ ဖုတ်လှိုက်ဖုတ်လှိုက် အိပ်ရာထဲတွင် ပက်လက်ဖြစ်နေသော သန်းဝင်းက ဘာမှပြန်မပြောနိုင်သည့် အခြေအနေဖြစ်သည်။ တစ်ခုထူးသည်မှာ သန်းဝင်းနှင့် ကျော်ထင်တို့ နှစ်ဦးလုံးသည် ရခိုင်အမျိုးသားများ ဖြစ်ကြသော်လည်း တစ်ဦးက ရကသမှဖြစ်ပြီး နောက်တစ်ဦးမှာ ဗကသမှ ဖြစ်နေသဖြင့် မတည့်ကြခြင်း ဖြစ်သည်။

ခရက်ဒေးစခန်းသို့ရောက်ပြီးနောက် ၁၉၈၈ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ NDF (National Democratic Fornt) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုက ကြီးမှူး၍ လေးရက်ကြာ ကျင်းပပေးခဲ့သော “ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံ” သို့ ကျွန်တော်၊ ကိုဝင်းမိုး၊ ကိုသန်းဝင်း၊ ကိုအောင်နိုင်၊ ကိုကိုဦး (ဆလိုင်း) တို့ အေဘီအက်ဒီအက်စ် ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြပါသည်။ ထိုအစည်းအဝေး လုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ ကျောင်းသားအဖွဲ့အစည်းနှင့် မြန်မာဒီမိုကရေစီအင်အားစုများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဖွဲ့ပေါင်းချုပ်ကြီးဖွဲ့ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ရန် ပင်ဖြစ်သည်။ NDF သည် မြန်မာအဖွဲ့အစည်းပါဝင်ခွင့်မရှိသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းဖြစ်သဖြင့် NDF ပေါ်လစီအရ မြန်မာအဖွဲ့များကို လက်ခံ၍မရချေ၊ ထို့ကြောင့် ဤညီလာခံကြီးကို ကျောင်းသားညီလာခံအပြီး ၉ ရက်အကြာတွင် ကျင်းပပြုလုပ်ပြီး ကျောင်းသားများ၏ အားကိုယူ၍ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရေးသည် ထိုစဉ်က NDF ၏ အဓိက ရည်ရွယ်ချက် ဖြစ်ပုံရသည်။


“ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံ” သို့ အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ အပါအဝင် အဖွဲ့ပေါင်း ၂၂ ဖွဲ့တက် ရောက်ခဲ့ကြပြီး သဘာပတိကြီးများအဖြစ် ကေအင်န်ယူ  ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မြ၊ ကေအိုင်ကေ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်း၊ ကရင်နီ ဥက္ကဋ္ဌကြီး စောမောရယ်၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်တို့က ဆောင်ရွက်ပြီး၊ အခန်းအနားမှူးအဖြစ် CRDB (Committee of Restoration for Democracy in Burma) မြန်မာပြည် ဒီမိုကရေစီပြန်လည် တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ဆောင်ရွက်သည်။ ထိုညီလာခံကြီးတွင် နိုင်ငံရေး သုံးသပ်ချက်များ၊ စစ်ရေးလှုပ်ရှားမှုများကို ဆွေးနွေးကြပြီး ပထမနေ့ကို ရပ်နားလိုက်သည်။

ပထမနေ့ အစည်းအဝေးအပြီး ခရက်ဒေးစခန်းအတွင်း လျှောက်ကြည့်ရာတွင် ကျောင်းသားစခန်းမှ မျက်နှာလေး ထောင့်စပ်စပ်ရှိပြီး မျက်မှန်နှင့် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ထူလပစ်နှင့် ဒေါက်တာကျော်သက်ဦးဆိုသူနှင့်  ဆံပင်ကောက်ကောက်၊ မေးရိုးကားကား ခရက်ဒေးစခန်း၏ ကျောင်းသားတပ်ရင်းမှူး အောင်ဟိန်းတို့နှစ်ယောက်ကို တွေ့လိုက်ရသည်။ ကိုကျော်သက်ဦးသည် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများနှင့် ဖြစ်နေသည့်အတွက် သူပုန်ဆရာဝန်ပုံပေါက်နေသည်။ ကျွန်တော်က ကောင်းကောင်းမွန်မွန် နှုတ်ဆက်သော်လည်း မခြေမငံပြန်ပြောသည်။ “ခင်ဗျားတို့ ဗဟိုက စခန်းအတွက် ဘာများ လုပ်ပေးနိုင်မလဲ” ဟု ဘုတောသည်။ ကျွန်တော့်စိတ်ထဲတွင်တော့ “ငါတို့ အဖွဲ့ဖွဲ့တာဖြင့် ၉ ရက် ၁၀ ရက်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး သူတို့စခန်းကို ထောက်ပံ့ကူညီနိုင်ပါ့မလဲလေ” ဟု တွေးနေမိသည်။ ပြဿနာမှာ ကျောင်းသားစခန်းအသီးသီးသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကိုသာ လုံးဝမှီခိုနေရသည့် သဘောဖြစ်သည်။ ဗဟိုကော်မတီဖွဲ့လိုက်သော်လည်း ဗဟိုသည် လက်ဖဝါးဖခြဖဝါးသာ ရှိသည်။ ထို့ကြောင့် စခန်းများသည် ဗဟိုဖွဲ့လိုက်သော်လည်း ဗဟိုက ဘာမှ မထောက်ပံ့နိုင်သေးသဖြင့် ဗဟိုကို မလေးစား၊ ဗဟိုသည် စလုံးရေစသည့် အနေအထား၊ အခြားစခန်းများတွင် ဘာတွေဖြစ်နေသည်မသိ။  ထို့ပြင် နယ်မြေကျွမ်းကျင်မှု မရှိ။  စခန်းအသီးသီး မည်သို့ နေထိုင်စားသောက်ကြသည်ကို ဗဟိုဥက္ကဋ္ဌလုပ်သူအနေနှင့် သွားရောက် လေ့လာနိုင်သည့် ငွေကြေးအထောက်အပံ့များ မရှိသည့် အခြေအနေ ဖြစ်သည့်အပြင် ဗဟိုကော်မတီကို မည်ကဲ့သို့ စတင် လုပ်ကိုင်ရမည်ဆိုသည်မှာလည်း အဓိက ခေါင်းခဲစရာ ဖြစ်သည်ကို ကျွန်တော်တို့ ဗဟိုကော်မတီဝင်များထဲတွင် သဘောပေါက်သူ အနည်းစုသာ ရှိသည်။ ထို့ထက်ဆိုးသည်မှာ ဗဟိုကော်မတီသည် စတင်ဖွဲ့စည်းပြီးကတည်းက တစောင်းစေးနှင့် မျက်ချေးပမာ ဗကသအုပ်စုကတစ်ဖက် ကျွန်တော်အပါအဝင် ကျန်ဗဟိုကော်မတီဝင်အများစုက တစ်ဖက်နှင့် ကွဲနေခဲ့ကြသည်။

ကျောင်းသားတပ်ရင်းမှူးအောင်ဟိန်းသည် ခါးတွင် ပစ္စတို သေနပ်တကားကားနှင့် ကျွန်တော်တို့ရှေ့တွင် ဟန်ရေးပြနေပြီး  ကျောင်းသားလူငယ်လေးများကို တန်းစီနောက်ကျ၍လည်းကောင်း၊ တပ်ပြင်သို့ ခွင့်မပါဘဲ ထွက်မိ၍လည်းကောင်း၊ သံခြေကျင်းခတ်ကာ အပြစ်ဒဏ်ချပြီး လှေဆိပ်တွင် စခန်းသို့ကပ်လာသော လှေများပေါ်မှ ဆန်အိတ်များကို ထမ်း၍ ချခိုင်းနေသည်ကို ရင်နင့်စွာ တွေ့လိုက်ရသည်။ ထို့ကြောင့် အောင်ဟိန်းအား ထိုလုပ်ရပ်ကို ရပ်တန်းက ရပ်ရန် ပြောသည့်အခါ “ခင်ဗျားက ဗဟိုဥက္ကဋ္ဌပဲ၊ ခင်ဗျားအလုပ် ခင်ဗျားလုပ်ပါ။ ဒီစခန်းမှာ ကျုပ်က တပ်ရင်းမှူး ကျုပ်အလုပ်ကို ကျုပ်လုပ်တာ ဝင်မပါပါနဲ့” လို့ ပြန်ပြောခဲ့ပါသည်။ ထို့ကြောင့် ယင်းကို ပြန်မပြောတော့ဘဲ ရေဆိပ်ကိုသွား၍ သံခြေကျင်းခတ်ခံထားရသော ကျောင်းသားလူငယ်သုံးယောက်ကို ဆန်အိတ်ထမ်းနေသည်ကို ရပ်ခိုင်းပြီး ကုန်းပေါ်သို့ တက်လာစေခဲ့သည်။ ထို့နောက် ကရင်စစ်သားကို ထိုကျောင်းသားလူငယ်လေးများ၏ ခြေထောက်မှ သံခြေကျင်းကို ဖြုတ်စေသည်။ ထိုကလေးသူငယ်တို့သည် အသက် ၁၆ နှစ်အရွယ်မှ ၁၈ နှစ်အရွယ်လောက်သာ ရှိကြသေးသည်။ တော်လှန်ရေးလုပ်ချင်၍ ထွက်လာသော သူတို့ခမြာ တပ်စည်းကမ်း နားမလည်သည်ကို နားလည်အောင် သင်မပေးဘဲ အကျဉ်းသားများအဖြစ် သံခြေကျင်းခတ်၍ ပြစ်ဒဏ်ပေးလိုက်သောအခါ စိတ်ဓာတ်ပျက်ပြားကာ ကြောက်လန့်တုန်လှုပ်နေကြသည်။ ကျွန်တော်က သံခြေကျင်း ဖြုတ်ပေးလိုက်သည့်အခါ မျက်ရည်သွင်သွင်ကျ၍ ရှိုက်ကြီးတငင် ငိုကြွေးကြပါတော့သည်။ ကျွန်တော်က “နောက်ဒီလို မဖြစ်အောင် ငါ့ညီတို့ ဂရုစိုက်ကြပေါ့ကွာ” ဟု ပြောသောအခါ တစ်ယောက်က “အကိုကြီး ကျွန်တော်တော့ အိမ်ပြန်ချင်ပြီဗျာ”လို့ ငိုသံပါကြီးနှင့် ပြောပြီး နောက်တစ်ယောက်က “ကျွန်တော်တို့ သူငယ်ချင်းတွေ ရက်ရက်စက်စက် အသတ်ခံရလို့ စစ်သင်တန်းတက်မယ်ဆိုပြီး ထွက်လာခဲ့တာ အခုတော့ တစ်နေကုန် ဆန်ထမ်းနေရတယ်။ ထမင်းလည်း တစ်နပ်ပဲ ကျွေးတယ်” လို့ ပြောသည့်အတွက် ရင်ထဲတွင် နင့်ကနဲ ခံစားလိုက်ရသည်။ လူငယ်လေးတွေကို စနစ်တကျ အားပေးမွေးမြူရမည့်အစား တော်လှန်ရေးစိတ်ဓာတ်ပျက်ပြားပြီး ထွက်ပြေးချင်အောင် ပြစ်ဒဏ်ပေးသည့် အောင်ဟိန်းကိုလည်း အလွန်အော့နှလုံးနာမိပါတော့သည်။ အောင်ဟိန်းမည်သို့မည်ပုံ တပ်ရင်းမှူးဖြစ်လာသည်ကို မတွေးတတ်အောင် ဖြစ်ရသည်။ စခန်းက ရွေးချယ်လိုက်သည်လား၊ ကေအင်န်ယူက သူတို့နှင့် အလျဉ်းသင့်သူကို ခန့်ပေးလိုက်သည်လား မသိ။ ခေါင်းဆောင်ကောင်း အရည်အချင်းမရှိ၊ သေနတ်တကားကားနှင့် မောက်မာနေသည်က ရန်သူ၏လုပ်ရပ်နှင့် မခြားရှိသည်။
သေ့ဘောဘိုးစခန်း၏ ခွပ်ဒေါင်းပုံ
သေ့ဘောဘိုးစခန်း၏ ခွပ်ဒေါင်းပုံ
ပထမအကြိမ်ကျွန်တော်ကိုယ်တိုင်မကြိုက်သော်လည်းရေးဆွဲပေးလိုက်ရသည့်အမြီးထောင်နေသည့်ခွပ်ဒေါင်းပုံ
ပထမအကြိမ်ကျွန်တော်ကိုယ်တိုင်မကြိုက်သော်လည်းရေးဆွဲပေးလိုက်ရသည့်အမြီးထောင်နေသည့်ခွပ်ဒေါင်းပုံ
နောက်ဆုံးအကြိမ် ကျွန်တော်ကိုယ်တိုင်ရေးဆွဲအတည်ပြုထားသောဒေါင်းမြီးကွက်ပါသည့် ခွပ်ဒေါင်းပုံ၊ ဤဒေါင်းမြီးကွက်ပါသောခွပ်ဒေါင်းပုံသည် ABSDF အဖွဲ့အစည်းမှ စတင်ရေးဆွဲခဲ့သည့်ပုံဖြစ်သည်။ ယခင်ကခွပ်ဒေါင်းပုံများတွင်ဒေါင်းမြီးကွက်မပါရှိချေ။
နောက်ဆုံးအကြိမ် ကျွန်တော်ကိုယ်တိုင်ရေးဆွဲအတည်ပြုထားသောဒေါင်းမြီးကွက်ပါသည့် ခွပ်ဒေါင်းပုံ၊ ဤဒေါင်းမြီးကွက်ပါသောခွပ်ဒေါင်းပုံသည် ABSDF အဖွဲ့အစည်းမှ စတင်ရေးဆွဲခဲ့သည့်ပုံဖြစ်သည်။ ယခင်ကခွပ်ဒေါင်းပုံများတွင်ဒေါင်းမြီးကွက်မပါရှိချေ။

စက်မှုတက္ကသိုလ်ကျောင်းသား အေဘီအက်စ်ဒီအက်ဖ် စစ်ရေးတာဝန်ခံ ကိုထွန်းဦး (ကျဆုံး)
စက်မှုတက္ကသိုလ်ကျောင်းသား အေဘီအက်စ်ဒီအက်ဖ် စစ်ရေးတာဝန်ခံ ကိုထွန်းဦး (ကျဆုံး)
ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံသို့ တက်ရောက်လာသော ပြည်သူ့ပြည်ချစ်ပါတီမှရဲဘော်များနှင့်အတူ အမှတ်တရ
ဘယ်မှညာသို့ - ကိုအောင်မြင့်၊ ကျွန်တော်၊ ကိုဇော်ဝင်း၊ ကိုတက်ထွန်း၊ ကိုအောင်စိုး (အင်းစိန်ထောင်ထဲတွင် ကျွန်တော်နှင့်ခင်မင်ခဲ့ပြီး ထောင်မှအတူလွတ်လာပြီးအိမ်တွင်တစ်ညအိပ်၍ နောက်တစ်နေ့တွင် တောခိုသွားသူ)
ပြည်လုံးဆိုင်ရာစစ်အစိုးရဆန့်ကျင်ရေးညီလာခံသို့ တက်ရောက်လာသော ပြည်သူ့ပြည်ချစ်ပါတီမှရဲဘော်များနှင့်အတူ အမှတ်တရ ဘယ်မှညာသို့ - ကိုအောင်မြင့်၊ ကျွန်တော်၊ ကိုဇော်ဝင်း၊ ကိုတက်ထွန်း၊ ကိုအောင်စိုး (အင်းစိန်ထောင်ထဲတွင် ကျွန်တော်နှင့်ခင်မင်ခဲ့ပြီး ထောင်မှအတူလွတ်လာပြီးအိမ်တွင်တစ်ညအိပ်၍ နောက်တစ်နေ့တွင် တောခိုသွားသူ)
ရန်ကုန်စစ်အာဏာရှင်အုပ်စုဆန့်ကျင်ရေးအထွေထွေညီလာခံ
ရှေ့တန်း ဘယ်မှညာ။ ဘရန်ဆိုင်း (အနောက်တိုင်းဝတ်စုံနှင့်။ KIO ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်မြ (KNU ဥက္ကဋ္ဌ)၊ ဦးသွင် (ပြည်ချစ်ပါတီ ဥက္ကဋ္ဌ)
ရန်ကုန်စစ်အာဏာရှင်အုပ်စုဆန့်ကျင်ရေးအထွေထွေညီလာခံ ရှေ့တန်း ဘယ်မှညာ။ ဘရန်ဆိုင်း (အနောက်တိုင်းဝတ်စုံနှင့်။ KIO ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်မြ (KNU ဥက္ကဋ္ဌ)၊ ဦးသွင် (ပြည်ချစ်ပါတီ ဥက္ကဋ္ဌ)
ဒီနေ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်တိုင်း(မ) နေ့စဉ်သတင်းစာမှာပါတဲ့ ကျွန်တော့်ရဲ့ဆောင်းပါးရှည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - အဌမပိုင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...