Tuesday, December 31, 2013

နှလုံးသားဒိုင်ယာရီ (၁၉)

December 24, 2013 at 4:02am



၂၈-၂-၂၀၀၂
ဘ၀၏အတိတ်ဆိုးများ တည်ရှိခဲ့ရာ “အေးရွာ” ဟုဆိုရမည်။ ကျနော့ကိုမွေးဖွါးခဲ့သည်မှာ အေးရွာ ဖြစ်ခဲ့သလို ဘ၀ဒါဏ်ရာဒါဏ်ချက်တို့ကလဲ အေးရွာ၌ပင် အစပြုခဲ့ရသည်။ လူ့ဘ၀ထဲသို့ မုန်တိုင်း ကြမ်းကြမ်းနှင့်ဝင်ရောက်ခဲ့ရသည့်ကျနော်၊ မာတာမိခင်က ကျနော့ကိုမွေးပြီးသည်နှင့် မရဏမင်း၏ခေါ် ဆောင်ရာသို့ ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။

အမိမဲ့သားကျနော့ကို မေတ္တာသက်ဝင် ချစ်ခင်ကြရမည့်အစား ဂြိုဟ်ဆိုးဖြင့် ၀င်ရောက်လာသူ တစ်ဦးအဖြစ်သာ အားလုံးက လက်ခံယုံကြည် အသိအမှတ်ပြုခဲ့ကြသည်။ အမေ့နာရေးကြောင့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးသားချင်း အတော်များများလည်း လာခဲ့ကြသည်။ မည်သူမျှ လိုလိုလားလား ကျနော့ကို မနှစ်သက်ကြ။ စွန့်ပစ်မည့်ဘေးပင် နီးကပ်ခဲ့ရ သည်။ ကံတရားသည် တရံတခါ ဆန်းကြယ် လွန်းသည်ဟု ဆိုရမည်။  အမေ့ညီမ၀မ်းကွဲတော်စပ်သူ အမေ လုံးရီ က ကျနော့ကိုမွေးရန် တာဝန်ယူလိုက်သည်။ အမေလုံးရီသည် အပျိုကြီး တစ်ဦးလည်းဖြစ်သည်။

အားလုံးက ၀ိုင်းဝန်းရှုတ်ချ ပြစ်တင်ကြသော်လည်း အမေလုံးရီက မမှုခဲ့။ အရာ အားလုံးကို ဥပက္ခာပြုပြီး ကျနော့ကို ကျွေးမွေးစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။ အမေ့နာရေးပြီးသည်နှင့် အဖေလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ နောက်ပိုင်းသိလိုက်ရသည်က တပ်မတော်ထဲ ၀င်ရောက်သွား ကြောင်းပင်။ အမေလုံးရီနေထိုင်ရာ သန်လျင်ကျောက်တန်း ရေလယ်ဘုရား အနောက်စူးစူးရှိ ကရက်ရွာ လေးသို့ အနှီးထုပ်ဘ၀နှင့်ပင်ကျနော်ရောက်ရှိခဲ့ရသည်။

အမေလုံးရီသည် ကျနော့ဘ၀၏ ကယ်တင်ရှင်ဖြစ်ယုံတင်မက လောကဓံကို ရဲရဲရင်ဆိုင်လျှောက် လှမ်းနိုင်ရန်အတွက် ခွန်အားများစွာကို ဆောင်ကြဉ်းပေးခဲ့သည်။ ပုံပြင်ဝတ္ထုပေါင်းများစွာနှင့်လည်း မိတ် ဆက်ပေးခဲ့ဖူးသည်။ သူ့ဘ၀သည် ကျနော့ဘ၀၊ကျနော့ဘ၀သည် သူ့ဘ၀သာ ဖြစ်ခဲ့သည်။ ဖခင်ဆို သော နာမ်စားစကားလုံးမျိုးကို ကျနော်မလိုလားမတောင့်တခဲ့။ အမေလုံးရီ၏ ချစ်ခြင်းမေတ္တာနှင့်ပင် ပြီး ပြည့်စုံနေခဲ့ရသည်။ ကျနော့ဘ၀၏ ကံကြမ္မာတစ်ဆစ်ချိုးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ဆို ရပေမည်။ ကျနော်ခုနှစ်နှစ်သားအရွယ်  မိဘတို့ဝတ္တရား ရှိသည့်အတိုင်း အမေလုံးရီက ရှင်ပြုမင်္ဂလာ ပြုလုပ်ပေးခဲ့သည်။ ကိုရင်လေးဘ၀နှင့် ကျနော့ကိုဆွေပြမျိုးပြအဖြစ် အမေလုံးရီက အေးရွာသို့အလည်ခရီး ခေါ်ဆောင်လာခဲ့သည်။

မွေးအမေ၏ ဘိုးဘွားတို့မှာ နှစ်ရှည်လများ စွန့်ပစ်ခဲ့သောကျနော့ကို ရုတ်တရက် ပြန်တွေ့လိုက်တော့ အံ့သြမှင်သက်မိနေကြသည်။ ကျနော့ကိုဖက်၍ ငိုကြရင်းတမလွန်မှ အမေ့ကိုလွမ်း ဆွတ်နေ ကြသည်မှာ မယုံနိုင်ဖွယ်ရာပင်။ အဖိုးအဖွားများက အေးရွာတွင် ကျနော့အားခေတ္တထားခဲ့ရန် အတွက် အမေလုံးရီကို ၀ိုင်းဝန်းဖျောင်းဖျ နားချနေကြလေသည်။ နောက်ဆုံး အမေလုံးရီလည်း စိတ်ချ ယုံကြည်စွာဖြင့် ခေတ္တထားခဲ့ရန်ဆုံးဖြတ်လိုက်သည်။ ရှင်သာမဏေ ကျနော့ကို ထိုင်ကန်တော့လိုက် ၊နမ်း ရှုံ့လိုက်နှင့် ပါးစပ်ကလည်း “သား၊ကိုရင်လေး ခုနှစ်ရက်ပြည့်ရင် အမေ့စီကို မြန်မြန်ပြန်လာခဲ့ နော်၊အမေ သားကိုရင်လေးကို ရွာထိပ်က ထန်းပင်ကြီးအောက်မှာ လာကြိုနေမယ်နော်” ဟု တဖွဖွမှာကြားရင်း လှေဆိပ်သို့ ဆင်း၍ လက်ခတ်လှေလေးဖြင့် လက်ပြနှုတ်ဆက်ထွက်ခွာ သွားတော့သည်။

အမေလုံးရီ ထွက်ခွာသွားပြီးသည်နှင့် အဖိုးအဖွားတို့မှာ အောင်ပွဲကြီးတစ်ခု ရလိုက်သည့်နှယ်။ အမေ လုံးရီနှင့်ကျနော့ဘ၀ကို ရက်ရက်စက်စက်ပိုင်းခြားလိုက်ကြတော့သည်။ အဖိုးအဖွားများမှကျနော့ကို အမေလုံးရီထံပြန်မပို့လိုသောကြောင့် ရန်ကုန်မြို့၊ကြံတောသင်္ချိုင်းထဲရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌ သွားရောက်ဖွက်ထားခဲ့ကြသည်။

ခြောက်လခန့်ကြာသောအခါ အဖေ့ဖက်မှဆွေမျိုးများ ဘုန်းကြီး ကျောင်းသို့ရောက်ရှိလာခဲ့ပြီး သူတို့နေထိုင်ရာအိမ်သို့ထပ်မံခေါ်ဆောင်သွားခဲ့ကြပြန်သည်။ အမေလုံးရီ နှင့်ကျနော့ကို ကံကြမ္မာက မည်သို့မျှပြန်လည်ပေါင်းစည်းခွင့်မပြုခဲ့။ အချိန်တို့သည် ဘ၀ကိုတဖြေးဖြေး ၀ါးမြိုလာခဲ့သည်။ မြန်မာနိုင်ငံတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွါးပြီးနောက် ဘ၀ကိုအစုန်အဆန် ကူးခတ်ရင်း ယခုတဖန် အေးရွာသို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ နှစ်အတော်တော်ကြာကြာ ဝေးကွာနေသော အမေလုံးရီ ထံသို့ အရောက်သွားမည်ဟုဆုံးဖြတ်၍ ကရက်ရွာသို့သွားရန် ကျနော်ပြင်လိုက်သည်။ ဟိုးယခင်က သံလျင်ကျောက်တန်းသို့သွားလျှင် သီတာ သင်္ဘောကိုစီးကာသွားရသော်လည်း ယခု သန်လျင်-ရန်ကုန်တံတားကြီးရှိနေပေပြီ။ သွားရေးလာရေးက လွယ်လင့်တကူ။

သန်လျင်သွားမည့်လိုင်းကားကိုစီးရင်း မတွေ့တာကြာပြီဖြစ်သော အမေလုံးရီကိုတွေ့ ချင်သည့်စိတ်က တားမရ၊ဆီးမရ။ အမေသည်လည်း ကျနော့ကိုမျှော်လင့်စောင့်ကြိုနေမည့်အကြောင်း စဉ်းစားမိ ပြန်တော့ ၀မ်းနည်းသွားရပြန်သည်။ အမေလုံးရီ ကျနော့ကို အပြစ်ဆိုမည်လား၊ နားလည်ခွင့် လွှတ်ပေးနိုင်မည်လား ဆိုသည့်အတွေးကလည်း ရင်ကိုလှိုက်မောစေခဲ့ပြန်သည်။ မည်သို့ပင်ဆိုစေ အမေလုံးရီနှင့်တွေ့လျှင် အကြောင်းအရာအားလုံးကိုအသေးစိတ်ရှင်းပြမည်။ တောင့်တမက်မောခဲ့ သည့် အမေလုံးရီရင်ခွင်ထဲ မှေးစက်အနားယူမည်ဟု တွေးရင်း စိတ်ကူးနှင့်ရူးနေရသည့်ကျနော်။ ကျောက်တန်းရေလယ်ဘုရားရောက်သည် နှင့် လိုင်းကားလေးက ထိုးဆိုက်ရပ်နားလိုက်တော့သည်။


ကားပေါ်မှဆင်းလိုက်တော့ ယောင်နနဖြစ်သွားခဲ့ရပြန်သည်။ ပတ်ဝန်းကျင်အသစ်အဆန်းတစ်ခုကို ရောက်ရှိသကဲ့သို့ တအုံနွေးနွေးဖြစ်ပေါ်ခဲ့ရသည်။ ငယ်စဉ်က ကရက်သို့သွားလျှင်နွားလှည်းကြုံနှင့်သာ သွားကြသည်။ လမ်းလျှောက်လျှင် အတော်ကလေးဝေးလံလွန်းသည်။ ယခုနွားလှည်းများပျောက်၍ အငှားမြင်းလှည်းများက အစားထိုးဝင်ရောက်နေကြောင်း သိလိုက်ရသည်။ ကျနော့နံဘေးတွင်ရပ်ထား သော မြင်းလှည်းသမားကို “ဦးလေးရေ ကရက်သွားချင်လို့လိုက်ပို့ပေးနိုင်မလား” ဟုမေးလိုက်သော တစ်ခဏ မြင်းလှည်းသမားက ကျနော့ကိုစိုက်ကြည့်ရင်း သူနှုတ်ဖျားမှထွက်ပေါ်လာသောစကားသံ ကြောင့် ကျနော် အရုပ်ကြိုးပြတ်ပမာလဲကျလုမတတ်ဖြစ်သွားခဲ့ရသည်။

“တူလေး မင်းပြောတဲ့ ကရက် ဆိုတာ အခုမရှိတော့ဘူး ကွ” ဟူ၍ဖြစ်သည်။ “ဘယ်လိုဖြစ်ရတာလဲ ဦးလေးရယ်” ဟု ကျနော် တုံ့ပြန် မေးလိုက်သောအခါ မြင်းလှည်းသမားမှ ဆက်၍ရှင်းပြ လေတော့သည်။ “ဟုတ်တယ် တူလေး၊ အစိုးရက ရွာကိုဖယ်ခိုင်းလိုက်တယ်။ လယ်ယာကိုင်းတွေ၊ ငါးကန်တွေဘာဆိုဘာတစ်ခုမှမကျန်တော့ဘူးကွဲ့။ သစ် ပင်ကြီးတွေ တောင်မြေကော်စက်တွေနဲ့ တွန်းလှဲပစ်ခဲ့ကြတာ အခုတော့လွင်တီးခေါင်ခေါင်ဖြစ်ကုန်ကြပြီ ပေါ့ကွာ။

လယ်ယာမြေအားလုံးကိုအလင်းဝင်လာတဲ့ ဘိန်းဘုရင်ခွန်ဆာဆိုတဲ့လူက အစိုးရစီက၀ယ် လိုက်တယ်။ အခုတော့ ငါး၊ပုစွန်မွေးမြူရေးကန်တွေတူးနေကြလေရဲ့။ရွာကလူတွေလဲ အလုပ်လုပ်ခွင့် မရရှာကြဘူး။ ယိုးဒယားတွေပဲအလုပ်လုပ်နေကြတယ်။ ငါ့တူ နောက်တော့မင်းမြင်ပါလိမ့်မယ်” ဟုဆိုလိုက်သည်။ “ဒါဆိုရွာကလူတွေဘယ်ရောက်ကုန်ပြီလဲ ဦးလေး” ဟုမေးလိုက်ပြန်ရာ “ရှိပါတယ် ကွာ၊ အစိုးရ ပြန်လည်ချထားပေးတဲ့ စုစည်းရွာမှာလေ၊ မြေကွက်ကျဉ်းကျဉ်းကလေးတွေတော့ ပြန်ရကြ တာပေါ့၊ ဒါပေမယ့် ဘ၀တွေကအဖတ်ဆယ်လို့ မရသလို အနာဂါတ်ဆိုတာ ရီစရာပျက်လုံးတစ်ခုလားလို့ တောင်အောက်မေ့ရတယ်၊ တချို့က စက်ချုပ်ရုံတွေမှာအလုပ်ဝင်လုပ်သူလုပ်၊ငါ့လိုမြင်းလှည်းမောင်းသူ မောင်းပေါ့။ ၀မ်းရေးအတွက် ရရာအလုပ်ကိုလုပ်ပြီး မသေရုံတမယ်ရပ်တည်နေကြရတာပေါ့ ငါ့တူရယ်” ဟုဆွေးမြေ့ကြေကွဲဖွယ် မြည်တမ်းလိုက်လေသည်။

 ဒါနဲ့တစ်ဆက်တည်း “ငါ့တူက ကရက်ရွာကိုသိတယ်ဆိုတော့ဘယ်သူတွေကိုသိတာလဲကွ၊ ငါက ကရက်ရွာသားပဲလေကွာ”ဟု သူ့ကိုယ်သူမိတ်ဆက်ပေးပြန်သည်။ ကျနော့နှုတ်ကလည်းတုံ့ဆိုင်းမနေ တော့ပဲ “ဦးသိန်းမောင်၊ဒေါ်သန်းနွဲ့ ရဲ့သမီး အမေလုံးရီရဲ့သား ၀င်းကိုကြီး လေ” ဟုဖြေလိုက်သော အခါ မြင်းလှည်းသမားမှ ကျနော့ကိုငေးကြည့်ရင်း မှင်သက်သွားပုံရသည်။ ခေါင်းကိုလေးလေးသွဲ့သွဲ့ ငြိမ့်ရင်း “အော် မင်းတောင်အတော်ကြီးနေပြီပဲ၊ ဘ၀တွေကလည်း မယုံကြည်နိုင်စရာအပြည့်နဲ့ပါလား ကွာ” ဟုဦးတည်ရာမဲ့ပြောနေသည့်စကားကို ကျနော်ကောင်းစွာနားမလည်နိုင်ခဲ့။

“ဦးလေးရေ အမေ နေကောင်းရဲ့လားဗျာ၊ ကျနော်အမေ့ကိုအရမ်းတွေ့ချင်နေပြီဗျ၊ အမေကျနော့ကို အရမ်းမျှော်လင့် တောင့်တနေမယ်ဆိုတာ ကျနော်သိပါတယ်၊ ဘ၀ပေးအခြေအနေအရပ်ရပ်ကြောင့် ချစ်လျက်နဲ့အမေနဲ့ ဝေးနေရတာပါ ဦးလေးရာ” ဟုဆိုလိုက်မိပြန်သည်။ မြင်းလှည်းသမား ဦးလေးကလည်း “အေး အေး၊ မင်းသိပ်ချစ်တဲ့ မလုံးရီက မင်းထက်ပိုချစ်လိမ့်မယ် လို့ငါယုံကြည် တယ်ကွာ။ မင်းရွာက ပျောက်သွားပြီးတဲ့ နောက် နေ့စဉ်ရက်ဆက် မင်းအမေရွာထိပ်က ထန်းပင်ကြီး အောက်မှာ လာစောင့်နေတာဒီနေ့ထိပဲ” ဟု ဆိုလာခဲ့သည်။ “ဦးလေးပြောတော့ ရွာမရှိတော့ဘူးဆို၊ အခုတစ်မျိုးဖြစ်နေပါလား”ဟု ထပ်မံမေးလိုက် တော့ “အေးလေ ရွာရောက်တော့မင်းရှင်းသွားမှာပါ၊ လာ မြင်းလှည်းပေါ်တက်”ဟုဆိုကာ မြင်းလှည်း ကလေးဖြင့်ထွက်ခွာလာခဲ့တော့သည်။

မြင်းလှည်းလေးမှာ ရွာသစ်လေးသို့ ဆိုက်ရောက်ခဲ့တော့သည်။ မြင်းလှည်းသမားဦးလေးမှ “ဟိုးက ပျဉ်ထောင်အိမ်လေးက မင်းတို့အိမ်လေ၊သွားလိုက်တော့” ဟုဆို လိုက်သည်နှင့် ကျနော် အပြေးကလေး ခြံဝင်းလေးအတွင်းသို့လှမ်းဝင်ရင်း “အမေရေ၊ သားဝင်းကို ပြန် လာပြီဗျ” ဟုအားရ၀မ်းသာ လှမ်းအော်လိုက်ရာ အိမ်အပေါ်မှအဖွားအိုတစ်ဦး တုံရီစွာဖြင့်ဆင်းလာခဲ့ သည်။ ဇရာ၏နှိပ်စက်မှုကြောင့်လား (သို့) စိတ်ထောင်းကိုယ်ကြေဖြစ်နေ၍လား တော့မသိ ၊ အရိုးပေါ် အရေတင်သောလက်အစုံဖြင့် ကျနော့ကိုပွေ့ဖက်နမ်းရှုံ့ရင်း “သားရယ် မင်းပြန်လာတာ နောက်ကျ လွန်းလိုက်တာကွယ်” ဟု မြည်တွန်ရင်း ပါးပြင်ထက်မှမျက်ရည်တို့က အထိန်းအကွပ်မဲ့စွာစီးဆင်းနေ တော့သည်။

အမေလုံးရီ၏ အမေ ဒေါ်သန်းနွဲ့ ပင်ဖြစ်သည်။ နှုတ်မှလည်းတစ်ဆက်တည်း “မင်းအမေ လုံးရီ လေ မင်း ပြန်လာမဲ့နေ့ကို ရွာထိပ်ကထန်းပင်ကြီးအောက်မှာ နေ့စဉ်ရက်ဆက်သွားစောင့်နေခဲ့ တာသားရဲ့၊ နှစ်တွေကြာလာတော့ ကျန်းမာရေးလည်းထိခိုက်ပြီး မအိပ်နိုင်မစားနိုင်တမှိုင်မှိုင်တတွေ တွေနဲ့ ထန်းပင်ကြီးအောက်မှာပဲ အသက်ပျောက်သွားရတာကွဲ့၊ အခုဆိုရင်နှစ်ပေါင်း နှစ်ဆယ်ကျော် ပြီပေါ့ကွယ်။ အခုတော့ မင်းအမေရဲ့အုတ်ဂူလေးလဲမရှိတော့ဘူး၊ ငါးပုစွန်မွေးမြူရေးကန်တွေဖြစ်ကုန် ကြပြီသားရယ်” ဟု ဆိုလိုက်သည့်စကားသံသည် ကျနော့စိတ်နှလုံးတို့မိုးကြိုးထိမှန်သကဲ့သို့ လွင့်စင် ကြေမွသွားခဲ့ရတော့သည်။

ဆက်ပါအုံးမည်။

အုပ်ကြီးဖေ
၂၄-၁၂-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...