Monday, December 2, 2013

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပထမဦးဆုံးဥက္ကဌ


 ကိုထွန်းစိန် ၁၉၃၁ ဇန်နဝါရီ (၉) ရက်နေ့ ကျောင်းသားထုအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ယာယီသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်ကို ရွေးကောက်တင်မြှောက်၍ အမှုဆောင်ရွေးကောက်ပွဲကြီးကြပ်ရန်နှင့် ယာယီအမှုဆောင် အဖွဲ့ငယ်လေးများ ဖွဲ့စည်းပေးလိုက်သည်။ ထိုအဖွဲ့ငယ်လေးများသည် သမဂ္ဂစည်းမျဉ်းဥပဒေရေးဆွဲပြီး ထုတ်ဝေရန်နှင့် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကြီးကြပ်ရန်ပါ တာဝန် လွှဲပေးလိုက်သည်။ ထိုအဖွဲ့လေး၏ သက်တမ်းမှာ လေးလကျော်သာကြာခဲ့သည်။
၁၉၃၁-၃၂ စာသင်နှစ် သမဂ္ဂအစည်းအဝေးမှ တက္ကသိုလ်သင်္ချာဌာနမှ နုတ်ထွက်၍ ပထမနှစ် ဥပဒေသင်တန်း တက်ရောက် သင်ကြားနေသော ကျောင်းသား ကိုထွန်းစိန်၏ ပြောပုံဆိုပုံ၊ သတ္တိရှိပုံများကို ကျောင်းသားများ အထင်ကြီးကြ၏။ ကိုထွန်းစိန်အား ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဆင့်အတန်းနှင့် သင့်တော်သူဖြစ်၍ ကိုဗစိန်က ကိုထွန်းစိန်အား ဥက္ကဋ္ဌ အဆို တင်သွင်းလိုက်သည်။ အစည်းအဝေးတွင် ရွေးကောက်ပွဲကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ခင်က ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို တလခန့်ခွာ၍ သတ်မှတ်လိုက်သည်။ ရေးဆွဲပြီးဖြစ်သော စည်းမျဉ်းဥပဒေများကို တင်ကြိုဝေငှပြီးနောက် ယာယီအမှုဆောင်ကော်မတီသည် သမဂ္ဂအဆောက်အဦက̈ အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ကိုထွန်းစိန်နှင့် အမျိုးသားစိတ် ကိုထွန်းစိန်မှာ ၁၉၂၄ တွင် (၁၀) တန်း စာမေးပွဲအောင်ပြီး ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်တက္ကသိုလ်သို့ ပညာသင်ကြားရန် သင်္ဘောဖြင့်ထွက်လာသည်။ အောက်ဖက် ကုန်းပတ်တွင် တိုင်းရင်းသားခရီးသည်များ ပြည့်နှက်နေ၍ "ဥရောပတိုက်သားများ အတွက်သာ" ဟု ရေးထားသော အထက်တန်းကုန်းပတ်တွင် လေကောင်းလေသန့်ရရန် ကိုထွန်းစိန် တက်သွားသည်။ စိတ်ထဲက̈လည်း "လူချောင်တဲ့ အထက်တန်းကုန်းပတ်မှာ ဒင်းတို့တွေက ဇိမ်ခံပြီး စီးနင်းလိုက်ပါ ကြတယ်။ တိုင်းရင်းသားတွေကတော့ အောက်မှာ ငါးပိ၊ ငါးချဉ်သိပ်ထားသလိုနဲ့ လိုက်ပါရတယ်" တောက်တချက်ခေါက်ပြီးမှ "ဒင်းတို့ ဗမာပြည်ကို အမြတ်ထုတ်ရုံမက တိုင်းရင်းသားတွေ အညွန့်ပါ ချိုးကြသေးတယ်၊ သူတို့နဲ့ မတူမတန်သလို ထားကြတယ်၊ ဘာရမလဲ ဒီသင်္ဘောအပေါ်က မျက်နှာဖြူတွေကို ငါ့အကြောင်း ပြရသေးတာပေါ့" ကိုထွန်းစိန်သည် ဥရောပတိုက်သားများသာဟုဆိုသော ကုန်းပတ်တွင် အိပ်ယာလိပ်ကို ခပ်တည်တည်နှင့် ဖြန့်ခင်းပြီး လဲလျောင်းလိုက်ပါလာသည်။ ထိုအခါ မျက်နှာဖြူ ပထမအရာရှိ (Chief Officer) ရောက်လာပြီး "မင်းတို့ ဗမာတိုင်းရင်းသားတွေ ဖြစ်တယ်၊ မင်းမသိဘူးလား ဒီနေရာက ချက်ခြင်း ဆင်းစမ်း" ဟု ကိုထွန်းစိန်ကို နှင်ချသည်။ ကိုထွန်းစိန်က "ဗမာတိုင်းရင်းသားတွေနဲ့ ဥရောပတိုက်သားတွေက လူတွေချည်း မဟုတ်လား၊ သူတို့ ပိုက်ဆံပေးစီးသလို ကျနော်တို့လည်း ပိုက်ဆံ ပေးစီးတာပဲ" ထိုအခါမျက်နှာဖြုက "မင်းရှည်ရှည်ဝေးဝေး ပြောမနေနဲ့ မဆင်းရင် ဒီကနေငါကန်ချလိုက်မယ်" ဟု ဒေါသူပုန်ထပြီး အိပ်ယာပေါ်လှဲနေသော ကိုထွန်းစိန်ကို ညာခြေဖြင့်ကန်ရန် ဟန်ပြင်လိုက်သောအခါ ကိုထွန်းစိန်က ရုတ်တရက်မတ်တပ်ရပ်ပြီး ရင်ဘတ်ထဲမှ (၆) လက်မ မောင်းချဓားကို ထုတ်ကာ "ကိုင်း မင်းကန်တာနဲ့ မင်းကိုငါဓားနဲ့ ထိုးမယ်၊ ကန်ရဲရင် ကန်ကြည့်လေ" မျက်နှာဖြူအရာရှိ ကြောက်လန့်စွာ ထွက်သွားပြီး ခဏကြာသောအခါ သင်္ဘောကပ္ပတိန် သေနတ်ဖြင့် လိုက်လာသည်။ "မင်းမဆင်းရင် သေနတ်နဲ့ပစ်မယ်။ ဘာမှတ်လို့လဲ ငါဒီသင်္ဘောမှာ ပစ်သတ်နိုင်တဲ့ အာဏာရှိတယ်" ထိုအခါ ကိုထွန်းစိန် က "ပစ်သတ်နိုင်တဲ့ အာဏာရှိရင်လဲ ပစ်လေ၊ ခင်ဗျားပစ်တာနဲ့ ကျုပ်ဓားနဲ့ထိုးမယ်၊ သူသေကိုယ်သေပေါ့၊ ကျုပ်တို့ တိုင်းရင်းသားတွေမှာ ဇာတိမာန်ရှိတယ်၊ ခင်ဗျားတို့ဆီမှာပဲ ရှိတာမဟုတ်ဘူး" သင်္ဘောအထက်တန်း ကုန်းပတ်တွင် ဆူဆူညံညံ ဖြစ်နေ၍ အောက်တန်းမှ တက္ကသိုလ်ကျောင်းသားများ ဓားများကိုင်ကာ တက်လာကြ၍ မျက်နှာဖြူအရာရှိ (၂) ဦးမှာ လက်လျှော့သွားသည်။ ကိုထွန်းစိန်သည် ၁၉၂၆ အိုင်အက်စီစာမေးပွဲအောင်ပြီးသောအခါ ၁၉၂၆-၂၇ တွင် ပြည်ဆောင်နှင့် ပုဂံဆောင်သို့ ပြောင်းရွှေ့သွားသည်။ ကိုထွန်းစိန်က သခင်စိုးအား အင်္ဂလိပ်စာဖြင့် ရေးသားထားသော နိုင်ငံရေးစာပေများကို သံလျင်အိမ်မှ ယူလာ၍ ခြင်ထောင်ထဲတွင် အတူ နိုင်ငံရေးစာပေများ လေ့လာကြသည်။ ၁၉၂၈-၂၉ တွင် တက္ကသိုလ် သင်္ချာဌာနမှ လက်ထောက်ကထိက ဦးကာ၏ စေတနာအရ သင်္ချာဌာနနည်းပြနှင့် အဆောင်နည်းပြ ဝင်လုပ်သည်။ ၁၉၃၁ ခုနှစ်တွင် ပြည်ဆောင်နှင့် တကောင်းဆောင် ရှေ့ဘက်ရှိ ဘီအိုစီ အင်ဂျင်နီယာကောလိပ်ဆရာများ အပန်းဖြေစခန်းတွင် တက္ကသိုလ်သင်္ချာဌာန ယာယီ ပါမောက္ခ မစ္စတာလူးဝစ် အမိန့်အရ သင်္ချာနည်းပြကိုထွန်းစိန်နှင့် မစ္စတာမတ်တို့သည် အင်ဂျင်နီယာကောလိပ်တွင် နည်းပြတာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည်။ ၄င်းအခန်းမှာ ဆရာများအပန်းဖြေ အခန်းဖြစ်၍ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပြီး တဦးကိုတဦး လေးလေးစားစား နေရာပေးရန် မလိုပေ။ ကထိက၊ ပါမောက္ခနှင့် ကျောင်းအုပ်ကြီးတို့သည် ကြိုက်သည့် အခန်းတွင် ကြိုက်သလို နေထိုင်၍ ရင်းနှီးစွာ စကားပြောနိုင်သည်။ ၄င်းအခန်းထဲသို့ အင်ဂျင်နီယာကျောင်းအုပ်ကြီး မစ္စတာချယ်ရီ ဝင်ရောက်လာသည်ကို ကိုထွန်းစိန်နှင့် မစ္စတာမတ်တို့မှာ ဂရုမစိုက်ဘဲ စကားဆက်ပြောနေကြသည်။ ထိုအခါ မစ္စတာချယ်ရီက "မင်းတို့ ဘယ်ကကောင်တွေလဲ" ဟု စမေးသောအခါ ကိုထွန်းစိန်က "ကျနော်တို့ ယူနီဗာစီတီ သင်္ချာဌာနကပါ၊ ဒီကောလိပ်မှာ သင်္ချာ အချိန်ပိုင်းနည်းပြတာဝန် ထမ်းဆောင်ဖို့ ပါမောက္ဓလူးဝစ် လွှတ်တာပါ" ဟု ရည်မွန်စွာ ပြန်ပြောလိုက်သည်။ ထိုအခါ မျက်နှာဖြူ ကျောင်းအုပ်ကြီးက "မင်းတို့ တယ်ရိုင်းတဲ့ကောင်တွေပဲ၊ ငါ အင်ဂျင်နီယာကောလိပ် ကျောင်းအုပ်ကြီးပဲ၊ မစ္စတာချယ်ရီဆိုတာ ငါပဲ၊ ဒီလောက်တောင်ရိုင်းပြီး အရိုအသေပေးရမှန်း မသိတဲ့ကောင်တွေ ဒီအခန်းထဲက အခုချက်ခြင်း ထွက်သွားကြ" ကိုထွန်းစိန်တို့ နှစ်ယောက် တုန်လှုပ်မသွားပေ။ ကိုထွန်းစိန်တို့ နှစ်ယောက် မတုန်မလှုပ် ထိုင်နေသည်။ ကျောင်းအုပ်ကြီးကိုလည်း အရိုအသေ မပေးချေ။ ထိုအခါကျောင်းအုပ်ကြီးသည် စိတ်ဆိုးလာပြီး သူ့လက်နှစ်ဖက်ဖြင့် ဆရာနှစ်ယောက်၏ အင်္ကျီကို ဂုတ်မှဆွဲကိုင်ပြီး အပြင်သို့ ဆွဲထုတ်သောအခါ ကိုထွန်းစိန်သည် ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်၍ "ဒါ ခင်ဗျား အမေ့လင်ကောလိပ် မဟုတ်ဘူး၊ ဗမာနိုင်ငံကောလိပ်၊ လာပြီးမစော်ကားနဲ့" ဟု ဆိုကာ မစ္စတာချယ်ရီ၏ နားထင်ကို ထိုးချလိုက်သည်။ ထိုအခါ မစ္စတာချယ်ရီ ချာလပတ်လည်၍ အခန်းထဲမှ ထွက်ပြေးသွားသည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အဦ တည်ဆောက်နေသောအခါ ကိုထွန်းစိန်က " အဆောက်အဦကြီးကတော်တော်ကြီးမား ခိုင်ခန့်တာဘဲ၊ ထုထည်ကြီးက ကောင်းလိုက်တာ၊ ကောင်းမှာပေါ့၊ သံထည်တွေကြီး သုံးထားတာလေ၊ ပုံပန်းကလည်း ဗမာမဆန်ဘူး၊ အဆောက်အဦကိုလည်း သူတို့ဆီက ထွက်တဲ့ သံထည်တွေပဲ သုံးတယ်၊ ဗမာနိုင်ငံမှာ ဆောက်လုပ်ပြီး ဗမာမဆန်တဲ့ အနောက်နိုင်ငံ ယဉ်ကျေးမှုအနုပညာ "ဂါသေ့" ဇာတ်ရုံကြီးနဲ့တူနေပါလား ဟု တွေးမိသော ကိုထွန်းစိန်သည် အင်္ဂလိပ်ဗမာ သတင်းစာ (၂) စောင်က̈ အယ်ဒီတာထံပေးစာဖြင့် အပြင်းအထန် ဝေဖန်လိုက်သည်။ ထိုအခါ အဆောက်အဦး ဆောက်လုပ်ရေး ကော်မတီမှာ မကျေနပ်ချက်ကို မေးမြန်းရန် ကိုထွန်းစိန်ကို ဖိတ်ခေါ်ရလေသည်။ ထို့နောက် ချယ်ယာမင် မစ္စတာဒီဂလင်းဗီးလ် သည် ကိုထွန်းစိန်၏ အကြံပေးချက်အရ ၄င်းဘွဲ့နှင်းသဘင်အဆောက်အဦကြီးကို ဗမာခြင်္သေ့ရုပ် (၄) ရုပ် ထည့်သွင်းတည်ဆောက် လိုက်သည်။ ထိုခြင်္သေ့ရုပ်သာ မရှိပါက ဘွဲ့နှင်းသဘင် အဆောက်အဦသည် ဗမာမဆန်သော အဆောက်အဦကြီး ဖြစ်နေပေလိမ့်မည်။ ကျောင်းသားများ ကြည်ညိုလေးစားသော ကိုထွန်းစိန်သည် ညနေဘက်က အလယ်ကျောင်းဆောင်များ၏ အစည်းအဝေးကို ထမင်းစားဆောင်က ပြုလုပ်ရန်ရှိရာ အစည်းအဝေး မစမီ ဗြိတိသျှအမျိုးသားသီချင်း သီဆိုကြရသည်။ သီချင်း၏ အဓိပ္ပါယ်မှာ "ဘုရားသခင်၊ ကျနော်တို့ ဘုရင်မင်းမြတ်ကို စောင့်ရှောက်ကယ်တင်ပါ" ထိုသီချင်းသီဆိုမှုနှင့် ပက်သက်၍ ကိုထွန်းစိန်က "ကျနော်တို့ ဗမာတိုင်းရင်းသားတွေ ဖြစ်တယ်။ အင်္ဂလန်ကလာပြီး ပညာသင်နေသူတဦး တယောက်မျှမရှိပါ၊ မျက်နှာဖြူဘုရင်ကို ဘုရားသခင် ကယ်မပါစေလို့ ဆုတောင်းပေးရတာ ကျနော်တို့အတွက် အဓိပ္ပါယ်မရှိပါ။ ကျနော်တို့ ဗမာပြည်ကို လက်နက်နဲ့ အနိုင်ကျင့်ယူထားတဲ့ အင်္ဂလိပ်ရှင်ဘုရင်ကို ဘုရားသခင်ကယ်မပါစေလို့ ဆုတောင်းနေရတာ ရှက်ဖို့ ကောင်းပါတယ်။ ၁၉၂၀ ခုနှစ်က အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ ပညာရေးစနစ်ကို နောင်တော်ကျောင်းသားကြီးများက ဆန့်ကျင်တော်လှန် ခဲ့ကြတယ်။ ကျနော်တို့ နောင်တော်ကျောင်းသားများရဲ့ ခြေရာကိုနင်းနိုင်ဖို့ဝေးစွ၊ ဖိနှိပ်ချုပ်ချယ်တဲ့ အင်္ဂလိပ် ရှင်ဘုရင်အတွက် ဆုတောင်းပေးနေရတာကိုက မသင့်တော်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်ဘုရင်မင်းမြတ်ကို ဆုတောင်းပေးနေတဲ့ သီချင်းကို ဒီအချိန်ကစပြီး ကျောင်းသားသမဂ္ဂ အစည်းအဝေးက̈ ဖြစ်စေ၊ အခြားပွဲလမ်းသဘင်များက̈ ဖြစ်စေ၊ ဤသီချင်းကို လုံးဝ မဆိုဘဲနေကြရန် အဆိုတင်သွင်းပါတယ်။ ကျနော်တင်သွင်းတဲ့ အဆိုကို လေးနက်စွာ စဉ်းစားကြပါရန် ပန်ကြားပါတယ်၊" ကိုထွန်းစိန် အဆိုတင်သွင်းမှုကို ကျောင်းသားများအားလုံး တွေဝေသွားကြသည်။ ခဏကြာသော် ရှေ့တန်းက ထိုင်နေသော ကျောင်းသားကြီးအားလုံးက စပြီး လက်ခုပ်တအား ရိုက်ပြီးတီးရာ လက်ခုပ်သံများ တခန်းလုံး ပဲ့တင်ထပ်သွားသည်။ အင်္ဂလိပ်-ဗမာ ဘာသာပြန်ဆရာ ကိုဘသောင်းက ကိုထွန်းစိန်လက်ကို တအားဆုတ်၍ နှုတ်ဆက်လိုက်သည်။ ကိုရာရှစ်ကလည်း ထိုသို့ နှုတ်ဆက်ပြီး ကိုဗစိန်ကမူ ကိုထွန်းစိန် ကိုယ်လုံးကြီးကို တအားသိမ်းကျုံး ဖက်တော့သည်။ ထိုညကျင်းပသော အစည်းအဝေးမှ နယ်ချဲ့အမျိုသားသီချင်းကို ကျောင်းသားသမဂ္ဂက သီဆိုခြင်း လုံးဝမပြုလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ နောက်တနေ့တွင် ကျောင်းအုပ်ကြီး မစ္စတာစလော့က ကိုထွန်းစိန်အား ခေါ်တွေ့ပြီး "ကိုထွန်းစိန်က တက္ကသိုလ် နယ်မြေမှာ အင်္ဂလိပ်အမျိုးသားသီချင်း ကျောင်းသားတွေ မသီဆိုဖို့ ဘာလို့တင်သွင်းတာလဲ၊ မသီဆိုဘူးလို့ ပိတ်ပင်တားဆီးတာ ဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရကို သက်သက်ဆန့်ကျင်တာပဲ" ကိုထွန်းစိန်က "ကျနော်စော်ကားတာ မဟုတ်ပါဘူး၊ မှန်တဲ့အဆိုတင်သွင်းတာပါ၊ အမျိုးသားသီချင်း ဆိုရအောင်လဲ၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေသတည်း၊ ဘုရင်မင်းမြတ် ဆိုတာ ကျနော်တို့ ဗမာနိုင်ငံမှာ မရှိဘူး၊ ဂရိတ်ဗြိတိန်မှာ နေတာပါ၊ ကျနော်တို့ ဘုရင်မင်းမြတ်ကို အင်္ဂလိပ်တွေက ကုလားစစ်သားအကူအညီနဲ့ အိန္ဒိယကို ခေါ်ဆောင်သွားပါတယ်၊ အဲဒီအချိန်ကစပြီး အောက်ကျနောက်ကျ နေလာခဲ့ရတဲ့ ကျနော်တို့ မျက်လုံးတွေ တစစပွင့်ပြီး အတွေးအခေါ်ကျယ်ပြန့်လာရာ နောင်သမဂ္ဂမှာ အင်္ဂလိပ်အမျိုးသားသီချင်း သီဆိုကြတော့မှာ မဟုတ်" ဟု ရဲရဲဝံဝံ ပြန်ပြောလိုက်သောအခါ ကျောင်းအုပ်ကြီးက " ဒီလိုဆို ကိုထွန်းစိန် မိမိအပြစ်ကိုမိမိသိတဲ့အနေနဲ့ အလုပ်က ထွက်ပေတော့" ထိုအခါ ကိုထွန်းစိန်က "ကျနော် ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်နေသူဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အတွက် မကျေနပ်လို့ရင်ဖွင့်တာ ဖြစ်တယ်၊ နုတ်ထွက်စာ မတင်နိုင်ဘူး၊ ဆရာကြီး ကျနော့်ကို မကျေနပ်လို့ အပြစ်ရှိတယ်လို့ ယူဆရင်တော့ အချိန်မရွေး အလုပ်ထုတ်ပါ" မစ္စတာစလော့ အခက်ကြုံသွားသည်။ ကိုထွန်းစိန်ကို အလုပ်မှ ထုတ်လိုက်လျှင် ပျားအုံကို တုတ်နဲ့ဆွသလို ဖြစ်မည်စိုး၍ ဘာမှ မပြောတော့ချေ။ [စာညွန်း - မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း - အောင်ထွန်း ]

 အေးချမ်းမွန် Credit To > ဗမာ့ခေတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...