Sunday, December 8, 2013

ဒီမိုကရေစီ ယဉ်ကျေးမှု အစ ကျောင်းသား ဘဝ ။

May 23, 2013 at 1:34pm



ကျောင်းသားခေါင်းဆောင်ဟောင်း ၊ ဝန်ကြီးချုပ်ဟောင်း ဦးနု ရဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု အစ ကျောင်းသား ဘဝ ဆိုတဲ့ ဒီစာတမ်း ကို မန္တလေးမြို့က ကိုယ်ပိုင် အထက်တန်းကျောင်း တခု ဖြစ်တဲ့ စံဟိန်း အထက်တန်းကျောင်းမှာ ချိတ်ဆွဲထားတာပါ။


အနာဂတ်နိုင်ငံတော်မှာ ဒီမိုကရေစီ ယဉ်ကျေးမှုကို စနစ်တကျ စံနှုန်းတွေ နဲ့ အေးချမ်း သာယာ တိုးတက်ဖို့ ဒီကနေ့ ကျောင်းသားတွေ ဟာ နောင်မှာ ခေါင်းဆောင်တွေ မို့ အရေးပါလှတဲ့ အချက်ပါပဲ။ ဘုမသိ ဘမသိ ဒီမိုကရေစီ သမားတွေ များပြီး လွတ်လပ်မှု ကို အလွဲသုံးစား လုပ်နေတဲ့ အကျင့်တွေ ကို နောင်မျိုးဆက် ကို မကူးဆက်ရအောင် ၊ ဒီမိုကရေစီ စံနှုန်းတွေ ကို ယနေ့ ကတည်းက တတ်သိ နားလည်ပြီး စနစ်တကျ အသုံးချတတ်အောင် လေ့ကျင့် သင်ကြားပေးသင့်တယ် ဆိုတာ ကျောင်းတွေ တက္ကသိုလ်တွေ မှာ သက်ဆိုင်သူ အာဏာပိုင်တွေ ၊ အုပ်ချုပ်သူတွေ ၊ ဆရာ/ဆရာမတွေ ရဲ့ စိတ်ထဲမှာ မျှော်မှန်းချက် ထားသင့်ပါပြီ ။

လက်ရှိကျောင်းတွေမှာ ဒီမိုကရေစီ ဆိုတဲ့ စကားရပ် ၊ အသံ တွေ ကို ကျောင်းအာဏာပိုင်တွေ နဲ့ ဆရာ/ ဆရာမ တွေ အများစုက ထိပ်လန့် ခြောက်ခြားဖွယ်ရာ လို့ ခံစားနေကြတုန်းပါ ။ ဒီမိုကရေစီ အကြောင်း ကို ကျောင်းထဲမှာ သူတို့လည်း မပြောရဲဘူး ၊ ကျောင်းသားတွေ ပြောမှာလည်း မလိုလားဘူး ၊ ဒီစကားလုံးတွေဟာ ပြဿနာ ကို ဖိတ်ခေါ်နေတဲ့ စကားလို့ သူတို့ စိတ်ထဲမှာ အရိုးစွဲနေကြတယ် ။ ဒါဟာ နိုင်ငံရေးလှုပ်ရှားမှု လို့ လွဲမှားစွာ လက်ခံထားတယ် ။ ပြီးခဲ့ အစိုးရ လက်ထက် ရဲ့ အောက်မှာ နိုင်ငံရေး ကင်းရှင်းကြောင်း ဆိုတဲ့ အရိပ်က လွမ်းမိုးဆဲ ပါပဲ။ နိုင်ငံရေး ဆိုတာ ကို လည်း တိကျတဲ့ ဖွင့်ဆိုချက်မပါတဲ့ ယခင်အစိုးရ အောက်မှာ ဒီကနေ့ ပြောင်းလဲမှုကို မရဲတရဲ နဲ့ နိုင်ငံရေး ဆိုတာ အရင်လို သတ်မှတ်ချက်ပဲ ထင်နေကြတုန်းပါပဲ ။

အမိန့် ဆိုတဲ့ စကားရပ်ဟာ စစ်တပ်မှာသာ မကပဲ စစ်အုပ်ချုပ်ရေး အောက်မှာ ဌာနတိုင်းကို အရိုးစွဲသွားပြီး ဘာဆိုဘာမှ မိမိရဲ့ ကိုယ်ရည် ကိုယ်သွေး မပြရဲတော့ပဲ ၊ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ အထက်လူကြီး ငြိုငြင်မှာ ရယ် ၊ ညွှန်ကြားချက်မဟုတ်တာရယ် စသည်ဖြင့် မလုပ် ၊ မရှုပ် ၊ မပြုတ် ဟူတဲ့ လမ်းစဉ်ကို သဘောကျသည် ဖြစ်စေ ၊ မကျသည် ဖြစ်စေ လိုက်ခဲ့ကြပါတယ် ။ တနည်း ပြောရရင် အနာဂတ်အတွက် ကလေးတွေ မပြောနဲ့ ဒီကလေးတွေရဲ့ ဆရာတွေ ဆရာမတွေ ကိုက အကြောက်တရား နဲ့ သူတို့ ဝမ်းရေး ကို အသက်ဆက်ခဲ့ရတာ မငြင်းနိုင်တဲ့ အချက်ပါပဲ ။

ကျွန်တော်တို့ နိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတ ကလည်း ဒီမိုကရေစီ ကို ဖော်ဆောင်နေပါပြီ လို့ အတန်တန် ပြောကြားနေတာ ဆရာ/ဆရာမ များ နဲ့ ကျောင်းအာဏာပိုင်များ သိရှိမှာပါ။ ကျောင်းသားတွေကို ဒီမိုကရေစီ ဆိုင်ရာ ကျင့်ထုံးတွေ ၊ကျင့်စဉ်တွေ ၊ စည်းကမ်းတွေ ၊ လွတ်လပ်မှု အတိုင်းအတာတွေ ၊ လေ့ကျင့်သင်ကြားပေးမှာ သာ နောင်မှာ တိုင်းပြည် ဟာ စံနှုန်းညီ ဒီမိုကရေစီ ကိုဖော်ဆောင်နိုင်မှာ ကို အလေးအနက် ထားသင့်ပါပြီ ။ လတ်တလော အခြေအနေ အရ ဆရာ/မ တွေ ကိုယ်တိုင်က ဒီမိုကရေစီ အကြောင်း သိရဲ့နဲ့ မပြောရဲသူ အချို့ ရှိတာရယ် ၊ ကိုယ်တိုင် ကိုယ်က မသိတာရယ် နဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု ကို မဖော်ဆောင်နိုင်သေးတာ အမှန်ပါ ။

ဒီလိုရေးလို့ ဆရာ/မ တွေ ကို အပြစ်တင်နေတာ မဟုတ်ပါဘူး ။ ဟိုး တဖက်က ခေတ်ကြီး (အရင်အစိုးရ) က အငွေ့အသက်တွေ ရဲရဲကြီး ခါချ ခဲ့ဖို့ လိုနေပြီလို့ပြောလိုတာပါ ။ ဆရာတွေ မှ မရဲ ရင် တိုင်းပြည် ဟာ ရင်လေးစရာ ဘဝတွေ ရပ်မှာ မဟုတ်ပါဘူး ။ ဆရာ/ ဆရာမ တို့ ယနေ့ စိတ်ပူနေတဲ့ ကိုယ့်ကျောင်းသားတွေ နိုင်ငံရေး လှည့်ကွက်ထဲ အသုံးချ ခံရမှာမျိုးတွေ က အစပေါ့ ။ ဒီကျောင်းသားတွေသာ ဒီမိုကရေစီ သဘောထားတွေ ၊ စံနှုန်းတွေ ၊ အလေ့အထ တွေ မရှိပဲ သူတစ်ပါး စည်းရုံးရာ နောက် မပါစေချင်ရင်.. တပည့်တွေ ကို ချင့်ချိန် ပိုင်းခြားတတ်အောင် ၊ အရှိတရားကို ခွဲခြားတတ်အောင် ၊ တည်ဆောက်နေတဲ့ စနစ် နဲ့ ဒီမိုကရေစီ ဆိုတာ ခရေစေ့တွင်းကျ နားလည်အောင် ... ( အရပ်စကား ပြောရရင် အလိမ် မခံရအောင်) နောက် ကျောင်းသား/သူချင်း စည်းလုံး စုပေါင်း လုပ်ဆောင်တတ်အောင် ၊ ကျောင်း အတွက် ရှေ့ဆောင်နိုင်အောင် ၊ အဖွဲ့အစည်းစိတ် ရှိအောင် စတာ တွေ ပြုစု ပျိုးထောင်ပေးပါ ။ ဆရာ/ဆရာမ တို့ ရဲ့ တပည့်တွေ ကို စိတ်ချချ နဲ့ လောကကြီးထဲ ရဲရဲဝံ့ဝံ့သွားနိုင်သူတွေ အဖြစ် တိုင်းပြည်ရဲ့ အနာဂတ်ကို သူတို့ ဆက်လက်သယ်ပိုးသွားမယ့်သူတွေ အဖြစ် ဖန်တီးပေးကြပါ ။

ဆရာ/ဆရာမ တို့ ရဲ့ တပည့် အများစု ဟာ သာမန်တက္ကသိုလ်က ထွက်ခွာပြီးတဲ့နောက် ဘဝ အာမခံချက် ရတဲ့သူက ရာခိုင်နှုန်း အနည်းငယ်သာ ရှိတယ် ဆိုတာ ဆရာ/မ တို့ အားလုံးသိကြပါတယ်။ ပညာရေး မှာ စနစ်ပြောင်းဖို့ နိုင်ငံတော်ကလည်း စီစဉ်နေသလို ၊ စနစ်က ပြောင်းပါပြီ ဆိုပါတော့လည်း  အမူအကျင့်တွေ (လူ) က မပြောင်းလဲရင် အဲဒီ စနစ် ဘယ်လောက်ကောင်းကောင်း အခြေအနေ ဟန်ဦးမှာ မဟုတ်ပါဘူး ။ ဆရာ/ဆရာမ တို့ ထဲမှာ ပြင်သင့်တယ်လို့ လက်ခံသူ ၊ ပြင်ချင်သူ စသည်ဖြင့် ရှိတာကို ယုံကြည်ပါတယ် ။ ဆရာ/ဆရာမတို့ ကိုယ်တိုင်ကလည်း စိုးရိမ်ကြောင့်ကျမှု တွေ လျော့ချပြီး ပြုပြင်ဖို့ ရဲရဲလျှောက်လှမ်းပေးပါ။ ကျောင်းသား မိဘ နဲ့ ပြည်သူတွေက ကြိုဆို အားပေးနေမှာပါ။

နာ(၃)နာ ထဲမှာ အနစ်နာ ဆိုတာ ပါ ပါတယ်။ တိုင်းပြည် အနာဂတ် အတွက် မိမိရင်သွေးတမျှ တပည့်တွေ အတွက် နာ စမ်းပါ့စေ လို့ နိုင်ငံတော် ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ရဲဝံ့စွာ ချီတတ်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ် ။


ချစ်တယ် လေးစားတယ် ကျေးဇူးတွေ မမေ့ပါဘူး ။

ကိုဝိုင်ဝိုင်ကေ
၂၀၁၃ မေ ၁၂

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...