Sunday, December 8, 2013

သတိရစရာ အမှတ်တရများ (၁၇)

ဟာဂျူလီ ကသာ · 11,863 followers
သတိရစရာ အမှတ်တရများ (၁၇)
မိုးဇေညိမ်း

(ဓာတ်ပုံနှင့်ပတ်သတ်၍ ရှင်းလင်းချက်။ ၁၃-၁၁-၂၀၀၇ ရက်နေ့၊ ပုလဲလမ်းထိပ်တွင် မစုစုနွေးအား “တရုတ်အားကိုး ပုဆိန်ရိုး၊ တရုတ်အားကိုး ခွေးသူခိုး” စတဲ့ စကားလုံးများပါဝင်သည့် ဆိုင်းဘုတ်ချိတ်နေခိုက် ဖမ်းဆီးစဉ်က ဓာတ်ပုံများဖြစ်ပါတယ်။ ဆိုင်းဘုတ်ချိတ်နေတဲ့ အင်္ကျီအပြာရင့်ရောင်နဲ့လူက မစုစုနွေးနဲ့ အမှုတွဲဖြစ်တဲ့ ဒေါပုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘိုဘိုသက်လှိုင်ဖြစ်ပါတယ်။ အကျီင်္အဖြူနဲ့လူကတော့ ရဲတပ်ဖွဲ့က မွေးမြူထားတဲ့ သတင်းပေး အထောက်တော် ဖြစ်ပါတယ်။)

မနေ့က စာစုလေးကို ဆက်ပါဦးမယ်။ ခု ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးဟာ အင်ဖော်မာတွေ၊ သတင်းပေးတွေ၊ စောင့်ကြည့်သူတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ကျွန်တော်သိသလောက်နေရာကနေ အပေါ်ယံရှပ်ပြီး တို့ထိသွားရုံလောက်ပါပဲ။ သတင်းပေးတွေ၊ သူလျှိုတွေ ဘယ်လိုမွေးခဲ့တယ်၊ ဘယ်လို မြှုပ်နှံခဲ့တယ်။ သူလျှိုတွေကို အသုံးချပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေနဲ့ ပတ်သတ်ပြီး တကယ်တမ်း ပြည့်ပြည့်စုံစုံ ရေးရမယ်ဆိုရင် စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်လာနိုင်တဲ့အပြင် အချိန်ယူပြီးလေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အကြမ်းဖျင်းလောက်ပဲ တို့ထိနိုင်ပါသေးတယ်။

မြန်မာတွေဟာ သတင်းပေးမွေးမြုတဲ့ စနစ်ကို ပဒေသရာဇ်ခေတ်ကတည်းက အသုံးချခဲ့ကြတာပါ။ တောင်ငူခေတ်တုန်းက ဘုရင့်နောင်ဟာ ယိုးဒယားပြည်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ်တိုက်ခိုက်ခဲ့စဉ်က ယိုးဒယားအမတ် ဗြချတ္တရီကို ဖမ်းဆီးရခဲ့ပေမဲ့ မသတ်ဖြတ်ပဲ သတင်းပေးသူလျှိုအဖြစ် သစ္စာခံစေခဲ့ပါတယ်။ ဗြချတ္တရီကို အသုံးချခဲ့တဲ့ သူလျှိုစစ်ဆင်ရေးကြောင့် ဒုတိယအကြိမ်မှာတော့ ယိုးဒယားကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်မှာတော့ စုဖုရားလတ်ရဲ့အပျိုတော်ဖြစ်တဲ့ ဂရိ-မြန်မာ ကပြား မက်တီကာလိုဂရီဒီ အမ်ထရန် လို အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီက သတင်းပေးသူလျှိုအများအပြားဟာ မြန်မာ့နန်းတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွေအတွင်းက နာမည်ကျော် မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်တွေကို အင်္ဂလိပ်စစ်တပ်က တစ်ရက်တည်းနဲ့သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ အင်္ဂလိပ် သတင်းပေးတွေရဲ့ စွမ်းဆောင်မှုတွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သတင်းလက်ဦးမှုရယူပြီး ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ သတင်းပေးကွန်ယက်ကြီးကို အကြီးအကျယ်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေးတွေ၊ သူလျှိုတွေကို အသုံးချပြီး စစ်ဗိုလ်ချုပ်တွေ လိုချင်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်တဲ့အထိ ကျယ်ပြန့်ခဲ့ပါတယ်။ သို့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ အဲဒီ့ သတင်းပေးတွေ၊ သူလျှိုတွေဟာလည်း အဖမ်းဆီးခံရမှာစိုးတဲ့အတွက် ကိုယ်ယောင်ဖျောက်ကုန်တာမို့ ဦးခင်ညွန့် (၁၅) နှစ်လောက်တည်ဆောက်ခဲ့ရတဲ့ ထောက်လှမ်းရေး ကွန်ယက် အ၀န်းအ၀ိုင်းကြီးလည်း နိဌိတံသလောက်နီးနီး ဖြစ်သွားခဲ့ရပါတယ်။ သတင်းပေးတစ်ယောက်ကို သိမ်းသွင်းတဲ့အခါမှာ သူ့ရဲ့အားနည်းချက်တွေ၊ နောက်ခံအကြောင်းအရာတွေကို အချိန်ယူလေ့လာပြီးမှ ချဉ်းကပ်ကြပါတယ်။ သတင်းပေးတစ်ယောက်ကို သိမ်းသွင်းနိုင်တဲ့၊ လူတစ်ယောက်ကို ကိုယ့်ဘက်ယိမ်းယိုင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာဆိုရရင် မျိုးချစ်စိတ်ပြင်းထန်တဲ့သူမျိုးဆိုရင် မျိုးချစ်စိတ်ကို အကြောင်းပြပြီး သိမ်းသွင်းနိုင်ပါတယ်။ အဲသလိုပဲ လူငယ်တွေအတွင်းမှာဆိုရင် စွန့်စားလိုမှု၊ ဂလဲ့စားချေလိုမှု၊ ခြိမ်းခြောက်ခံရမှု၊ နိုင်ငံရေး အဖွဲ့အစည်းတွေအတွင်းမှာဆိုရင် ၀ါဒရေးရာကွဲလွဲမှု၊ ထင်ပေါ် ကျော်ကြားလိုမှု၊ ငွေကြေးရလိုမှု၊ ၀န်ထမ်းတွေအတွင်းမှာ သတင်းပေးမွေးမြူဆိုရင်တော့ လုပ်ပိုင်ခွင့်နေရာရရှိလိုမှု စသဖြင့် အဲလို အချက်တွေကို အကြောင်းပြပြီး စည်းရုံးသိမ်းသွင်းကြပါတယ်။ ဆိုက်ကားသမားတွေ၊ ကွမ်းယာသည်တွေလိုလူမျိုးတွေကိုတော့ သတင်းပေးအဖြစ် သိမ်းသွင်းရတာ အင်မတန်လွယ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အရှိန်အ၀ါကို သုံးပြီး စည်ပင်တို့၊ ယာဉ်ထိန်းရဲတို့ရဲ့ အရေးယူခံတာတွေကနေ ကင်းလွတ်ခွင့် ပြုပေးလိုက်ရုံနဲ့တင် အဲဒီလူတွေကို သတင်းပေး မွေးလို့ရပါတယ်။

တက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ် အနီးကပ်စာသင်ချိန်တွေရောက်ရင် ကျောင်းသား လှုပ်ရှားမှုတွေ မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတင်းပေးတွေမွေးရပါတယ်။ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုတဲ့သူတွေထဲမှာ ပါဝင်လေ့ရှိတဲ့ ကျောင်းတက်နေဆဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေ၊ စစ်တပ်က စစ်သည်တွေရဲ့ သားသမီးတွေကို သတင်းပေးတွေအဖြစ် မွေးမြူကြတာ အစဉ်အလာလိုဖြစ်နေပါတယ်။ အဲဒီလိုလုပ်အားဖြင့် မိမိ နယ်မြေအတွင်းရှိ တက္ကသိုလ်တွေမှာ သတင်းလက်ဦးမှုရယူနိုင်ကြောင်းနဲ့ သတင်းပေးအရေအတွက် မည်ရွေ့မည်မျှ ရှိကြောင်း အစီရင်ခံစာတွေကို တင်ပြနိုင်တဲ့အပြင် သတင်းပေးတစ်ယောက်အတွက် ထောက်ပံ့ငွေ နှစ်သောင်းကနေ ငါးသောင်းထိ ပေးတတ်တာမို့ ဆင်းရဲနွမ်းပါးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သားသမီးတွေအတွက်လည်း စာမေးပွဲစရိတ်၊ အဆောင်စရိတ်ကို အထောက်အကူဖြစ်စေပါတယ်။ ကျောင်းသား/သူတွေအပြင် ဆရာ/မတွေလည်း သတင်းပေးအဖြစ် စည်းရုံးခံထားရတာတွေရှိပါတယ်။ နောက်များမှပဲ အဲဒီအကြောင်းတွေကို အသေးစိတ်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။

ရန်ကုန်တိုင်းအတွင်းက စောင့်ကြည့်ခံဘုန်းကြီးကျောင်းတွေနဲ့ စောင့်ကြည့်ရတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ အကြောင်း ဆက်ပါဦးမယ်။
(၁၉) ကျောက်တန်းမြို့နယ်၊ ဇေယျာပူရပရိယတ္တိစာသင်တိုက်မှ သံဃာ(၂ဝ)ပါးကို ဒုရဲအုပ်စန်းနွဲ့
(၂၀) ဒဂုံတောင်မြို့နယ်၊ စွယ်တော်ကျောင်းတိုက်မှ သံဃာ(၁၉)ပါးကို တပ်သားနေလင်းထွန်း
(၂၁) ဒဂုံအရှေ့မြို့နယ်၊ တက္ကသီလာကျောင်းတိုက်မှ သံဃာ(၄)ပါးကို တပ်သားနိုင်မင်းသက်
(၂၂) ဒဂုံအရှေ့မြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်ကို တပ်သားအောင်နိုင်ဦး
(၂၃) မင်္ဂလာဒုံမြို့နယ်၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာ(၂)ပါးကို ဒုတပ်ကြပ်စည်သူမြင့်လှိုင်
(၂၄) လှည်းကူးမြို့နယ်၊ နိဂြောဓါရုံပရိယတ္တိစာသင်တိုက်မှ သံဃာ(၃၆)ပါးကို တပ်သားလှမျိုးဆွေ
(၂၅) စမ်းချောင်းမြို့နယ်၊ ဝံသမေဒနီစာသင်တိုက်မှ သံဃာ(၁၃)ပါး၊ ဝါဆိုကျောင်းမှ သံဃာ(၂ဝ)ပါး၊ ရွှေလှိုင်ကျောင်းမှ သံဃာ(၁၅)ပါး ကို တပ်သားဝေလင်းမောင်
(၂၆) တာမွေမြို့နယ်၊ ဓမ္မသုခပရိယတ္တိ စာသင်တိုက်မှ သံဃာ(၁၁)ပါးကို ဒုရဲအုပ်တိုးနိုင်ထွန်း
(၂၇) တာမွေမြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်မှ သံဃာ(၁ဝ)ပါး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှင် အာဒိစ္စဝံသကျောင်းမှ သံဃာ(၁ဝ)ပါးကို တပ်သား နေလင်းအောင်
(၂၈) တာမွေမြို့နယ်၊ ပဲခူးကျောင်းတိုက်မှ သံဃာ(၇)ပါးကို တပ်သားမင်းစိုး
(၂၉) မင်္ဂလာတောင်ညွန့်မြို့နယ်၊ နန်းဦးကျောင်းမှ သံဃာ(၂)ပါးကို တပ်သားနေလင်းအောင်
(၃၀) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းမှ သံဃာ(၄)ပါးကို တပ်သားနေလင်းအောင်
(၃၁) သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်မှ သံဃာ(၂၅)ပါးကို တပ်သားအောင်လင်းဦး
(၃၂) ခရမ်းမြို့နယ်၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ သံဃာ (၁၃ဝ) ပါးကို ဒုရဲအုပ်သိန်းဇံ
(၃၃) တိုက်ကြီးမြို့နယ်၊ မစိုးရိမ်ဘုန်းကြီးကျောင်းမှ သံဃာ(၁၅)ပါး၊ သာမဏေ (၁၄)ပါး၊ ပေါင်း(၂၉)ပါး ကို တပ်ကြပ်ကြီးသောင်းထိုက်
(၃၄) ဒေါပုံမြို့နယ်၊ မင်းနန္ဒာစာသင်တိုက်မှ သံဃာ(၃၄)ပါးကို ဒုတပ်ကြပ်အောင်ကိုထိုက်

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က စာရင်းတွေကိုလည်း ဆက်ပါဦးမယ်။

(မပြီးသေးပါဘူးခင်ဗျား)

(ဓာတ်ပုံနှင့်ပတ်သတ်၍ ရှင်းလင်းချက်။ ၁၃-၁၁-၂၀၀၇ ရက်နေ့၊ ပုလဲလမ်းထိပ်တွင် မစုစုနွေးအား “တရုတ်အားကိုး ပုဆိန်ရိုး၊ တရုတ်အားကိုး ခွေးသူခိုး” စတဲ့ စကားလုံးများ ပါဝင်သည့် ဆိုင်းဘုတ်ချိတ်နေခိုက် ဖမ်းဆီးစဉ်က ဓာတ်ပုံများဖြစ်ပါတယ်။

ဆိုင်းဘုတ်ချိတ်နေတဲ့ အင်္ကျီအပြာရင့်ရောင်နဲ့လူက မစုစုနွေးနဲ့ အမှုတွဲဖြစ်တဲ့ ဒေါပုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘိုဘိုသက်လှိုင်ဖြစ်ပါတယ်။ အကျီင်္အဖြူနဲ့လူကတော့ ရဲတပ်ဖွဲ့က မွေးမြူထားတဲ့ သတင်းပေး အထောက်တော် ဖြစ်ပါတယ်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...