Wednesday, December 18, 2013

ဝန်းရံကြသည် ဆိုရာတွင်…


တစ်စုံတစ်ယောက်ကို ၀န်းရံသည် ဆိုခြင်းမှာ ထိုသူ လုပ်ကိုင်ဆောင်ရွက်နေသော အမှုကိစ္စများ အဆင်ပြေ ချောမောစေရန် နှုတ်၏ စောင်မခြင်းဖြင့် ဖြစ်စေ၊ လက်၏ စောင်မခြင်းဖြင့် ဖြစ်စေ၊ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ဤတွင် ၀န်းရံခံရသည့်လူသည် ကောင်းသောလူ ဖြစ်နိုင် သလို၊ ဆိုးသောလူလည်း ဖြစ်နိုင်ပေသည်။
မကောင်းသောလူအနားတွင် ၀န်းရံပေးနေကြ ခြင်းမှာ အဖြေက ရှင်းသည်။ မိမိတို့ဘ၀ကောင်းစားစေရန်၊ မိမိတို့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိစေရန် အလို့ငှာ ၀န်းရံကြခြင်း ဖြစ်သည်။ ကောင်းသောလူတစ်ယောက်၏ အနီးတွင် ၀န်းရံကြ ခြင်းမှာမူ အနည်းငယ် ၀ိဝါဒ ကွဲပြားဖွယ် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းသော ရည်ရွယ်ချက်ဖြင့် ၀န်းရံပေးကြမည့်သူများ ရှိကြသကဲ့သို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် အကြံပိုင်ပိုင် ၀န်းရံကြမည့်သူများလည်း ရှိနေသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ ကောင်းသော ၀န်းရံမှုများစွာ ရှိသော ခေါင်းဆောင်တိုင်းသည် နိုင်ငံနှင့် လူမျိုးကောင်းစားရေး ရှေးရှုကာ များစွာ လုပ်ဆောင်နိုင်ကြမည်မှာ သေချာလှပေသည်။ ၀န်းရံသူများအနက် ခေါင်းဆောင်တစ်ယောက်အနီးတွင် နေရမည့်သူများသည် အလွန် အရေးကြီး လှပေသည်။ ခေါင်းဆောင်တစ်ယောက်အနီးတွင် ၀န်းရံနေသူများသည် ဘုရင်တစ်ပါး၏ အနီးရှိ အမတ်များနှင့် ဆင်တူလှသည်။ အမတ်များသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြသည့် ဘုရင်များကို တိုင်းရေးပြည်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးကြသူများဖြစ်ကြရာ ထိုသူတို့ မကောင်းလျှင် ၊ မကောင်းသလို တိုင်းပြည် နစ်နာနိုင်ပါသည်။ ထိုသူတို့ ရေငုံနှုတ်ဆိတ်လျှင် ၊ နှုတ်ဆိတ်သလို တိုင်းရေးပြည်ရေး နှောင့်နှေးနိုင်ပါသည်။ ထိုသူတို့ သတ္တိကြောင်လျှင် ၊ ၊ကြောင်သလို ဘုရင်တစ်ပါး ၏ အတွေးမှားများစွာသည် ထောက်ပြဝေဖန်မည့်သူမရှိဘဲ ဆုံးဖြတ်ချက်မှားယွင်းသွားနိုင်ပါသည်။ ခြုံကြည့်သော် ခေါင်းဆောင်တစ်ဦး၏ အနီးတွင် ၀န်းရံနေသူများသည် ခေါင်းဆောင်၏ ပုံရိပ် အကောင်း၊ အဆိုးကို ဆုံးဖြတ်နိုင်ရုံမျှမက တိုင်းပြည်၏ ကံကြမ္မာကိုပါ ဆုံးဖြတ်နိုင်နေခြင်းက ၀န်းရံ သူများ မည်မျှ အရေးကြီးကြောင်း မီးမောင်းထိုးပြနေဘိသကဲ့သို့ ဖြစ်နေပါသည်။ ခေါင်းဆောင်တစ်ယောက်ကို ၀န်းရံသည်ဆိုသည်မှာ ထိရောက်သည့် ၀န်းရံမှုဖြစ်စေရန် ခေါင်းဆောင်တွင်ရော၊ နောက်လိုက်များတွင်ရော အရည်အချင်းကိုယ်စီ ပိုင်ဆိုင်ထားရန် လိုအပ်သည်။ နှစ်ဦးနှစ်ဖက် ညီညွတ်မျှတကြမှသာ ကောင်းမွန်သော၊ ထိရောက်သော ၀န်းရံခြင်း ဖြစ်ပေလိမ့်မည်။ ရှေးဦးစွာ ခေါင်းဆောင်သည် တိုင်းပြည်ချစ်စိတ်အမှန်တကယ်ရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်လိုသည်။ တိုင်းပြည်ဖျက်မည့် ခေါင်းဆောင်ဖြစ်နေခဲ့လျှင် တစ်ဖက်က မည်မျှပင် ကောင်းမွန်သော ၀န်းရံခြင်းမျိုး ဖြစ်ပါစေ။ ရလဒ်မှာ အချည်းနှီးပင် ဖြစ်ပေလိမ့်မည်။ နောက်တစ်ချက်မှာ ခေါင်းဆောင်သည် ပညာဥာဏ်ကြီးမြတ်၍ အကျိုးသင့် အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်သူတစ်ယောက်ဖြစ်ရန်လိုသည်။ ပညာဥာဏ် မရှိသော ခေါင်းဆောင်ကို မည်သည့် ပညာရှိများက ၀န်းရံနေပါစေ။ တိုင်းပြည်အတွက် ထိရောက်သည့် စွမ်းဆောင်မှုများ ဆောင်ရွက်နိုင်မည် မဟုတ်ဟု ထင်မြင်မိသည်။ နောက်တစ်ချက်မှာ ခေါင်းဆောင်သည် နောက်လိုက်ကောင်းများကို စုစည်းတတ်သည့် ၊ စည်းရုံးတတ်သည့် မိတ္တဗလဋီကာ ကျေသူတစ်ယောက်ဖြစ်သင့်သည်။ သို့မှသာ မိမိ၏ နောက်လိုက်များ အယူဝါဒ ယှဉ်ပြိုင်မှုကြောင့် ၀ါးအစည်းပြေသကဲ့သို့ မဖြစ်မည် ဖြစ်သည်။ နောက်ဆုံးအချက်မှာ ခေါင်းဆောင်သည် အယူဝါဒစွဲတစ်ခုကို တရားသေလက်ကိုင်မထားတတ်သူတစ်ယောက်ဖြစ်ရမည်။ မိမိအယူအဆသည် အများပြည်သူတို့အတွက် မသင့်တော်ကြောင်း ၊ မှားယွင်းကြောင်း၊ မိမိကိုယ်တိုင် ဆင်ခြင်မိသည်ဖြစ်စေ၊ မိမိ၏ နောက်လိုက်များက ထောက်ပြသုံးသပ် ပြသည်ဖြစ်စေ၊ လက်ခံစဉ်းစားပြီး မိမိ၏ အယူအဆနှင့် ယထာဘူတကျကျ နှိုင်းယှဉ်စဉ်းစားရဲရမည်။ မိမိမှားယွင်းသည်ဟု လေ့လာတွေ့ရှိရလျှင် မိမိ၏ အယူအဆကို လွှတ်ချရဲရမည်။ ထိုကဲ့သို့ အရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်တစ်ယောက် ဦးဆောင်သော အဖွဲ့အစည်းမှသာ နောက်လိုက်ကောင်းများကို မျှော်၍ ရမည်ဖြစ်သည်။ ခေါင်းဆောင်သည် ငါတကောကော၊ ငါလုပ်သမျှ အမှန်ဟု ယူဆသော အဖွဲ့အစည်းတွင် နောက်လိုက်ကောင်း မျှော်၍ မရ။ ဥာဏ်ပညာရှိသော ၀န်းရံသည့် သူများကို မျှော်လင့်၍ မရကြောင်း သိထားသင့်ပါသည်။ ယနေ့ခေတ် အဖွဲ့အစည်းများနှင့် နှိုင်းချိန်ကြည့်နိုင်သည်။ ထိုကဲ့သို့သော အရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်တစ်ယောက်ရှိသည် ထားဦး။ နောက်လိုက်ကောင်းများ မရှိလျှင် ခေါင်းဆောင်မည်မျှ ကောင်းမွန်သည် ဖြစ်ပါစေ။ တိုင်းပြည်ကို ကောင်းမွန်စွာ တည်ဆောက်ခြင်းငှာ ပြုနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ခေါင်းဆောင် တစ်ယောက်သည် နောက်လိုက်ကောင်းများစွာ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်ဟူသည် စီမံခန့်ခွဲသည့် ကိစ္စရပ်များတွင်သာ ကျွမ်းကျင်ကြပြီး တိုင်းပြည် တည်ဆောက်သည့် ကဏ္ဍတိုင်းတွင် ထူးချွန်ရန် မလွယ်သောကြောင့် ဖြစ်သည်။ ခေါင်းဆောင်မည်မျှ ကောင်းနေနေ၊ နောက်လိုက်များ အရည်အချင်းမရှိလျှင် ထိုအဖွဲ့အစည်းအုပ်ချုပ်သော တိုင်းပြည်သည် တိုးတက်မှု တစ်စုံတစ်ရာမျှပင် ဖြစ်တည်လာမည် မဟုတ်ပေ။ ကျွန်ုပ်တို့ နိုင်ငံသည် ခေါင်းဆောင်ကောင်းများ ရှားပါးခဲ့သည်။ ပညာမဲ့သော နောက်လိုက်ဆိုးများ ပေါများခဲ့သည်။ အကျိုးဆက်အားဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ရောက်လေရာနေရာတိုင်းတွင် ခေါင်းငုံ့နေခဲ့ရပါသည်။ ထို့ကြောင့် ခေါင်းဆောင်များကို အနီးကပ် ၀န်းရံမည့်သူများသည် သက်ဆိုင်ရာ ပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများ ဖြစ်သင့်သည် ဟု ကျွန်တော် ထင်မြင်မိပါသည်။ နောက်လိုက်ကောင်းတစ်ယောက်သည် တိုင်းပြည်ချစ်စိတ်က မိမိကိုယ်ကိုယ် ချစ်စိတ်၊ မိမိ၏ မိသားစုကို ချစ်စိတ်ထက် လွန်ကဲနေသင့်သည်။ သို့မှသာ ခေါင်းဆောင်ကို အကြံပြုရာတွင် ပုဂ္ဂလိက ဆန်သော အကြံဥာဏ်များကိုသာ မပေးဖြစ်မည် ဖြစ်သည်။ မိမိကိုယ်ကိုယ် ချစ်စိတ်ထက် တိုင်းပြည်ချစ်စိတ်က ပိုပြင်းထန်သောကြောင့် တိုင်းပြည်ထိခိုက်မည့် ကိစ္စဖြစ်လာခဲ့လျှင် မိမိ၏ အသက်ကိုပင် ပေးရဲသည်အထိ သတ္တိပြောင်မြောက်ပေလိမ့်မည်။ ထိုကဲ့သို့သော နောက်လိုက်များ ပိုင်ဆိုင်ထားသည့် ခေါင်းဆောင်များသည် တိုင်းပြည်ကို နေ့ချင်းညချင်း တိုးတက်စေရန် စွမ်းဆောင်နိုင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲဟု ထင်မြင်မိသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ဆင်းရဲမွဲတေမှုအပေါင်းတို့ဖြင့် မျက်နှာငယ်နေရခြင်းမှာ မည်သည့် အဖွဲ့အစည်းကို ၀င်ဝင်၊ မည်သည့်အလုပ်ကို လုပ်လုပ် ၊ အရှိန်အ၀ါကြီးမားသော ခေါင်းဆောင်တစ်ယောက်ယောက်၏ နောက်လိုက်များ ဖြစ်ပြီဆိုလျှင် တိုင်းပြည်ချစ်စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကာ မိမိကိုယ်ကိုယ် ချစ်စိတ်၊ မိမိ၏ မိသားစုကိုချစ်စိတ်တို့က ကဲသွားကြခြင်းကြောင့် ဖြစ်သည်ဟု အခိုင်အမာဆိုချင်သည်။ ယနေ့ခေတ်တွင် ထိုကဲ့သို့ ပုံစံမျိုးကိုချည်းတွေ့နေရသေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ယောက်သည် တိုင်းပြည်ကို အမှန်တကယ် တည်ဆောက်လိုသည့် စိတ်ရှိရိုးမှန်လျှင် မိမိ၏ နောက်လိုက်အဖြစ် ရွေးချယ်မည့်သူကို စမ်းသပ်စစ်ဆေးမှုပေါင်းများစွာ လုပ်ပြီး တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း သေချာအောင် ပြုပြီးမှ လက်ခံသင့်သည်။ ပညာတတ်၊ မျိုးချစ်စိတ်ရှိရုံမျှဖြင့် နောက်လိုက်ကောင်းဖြစ်သည်ဟု မဆိုသာသေးပေ။ အရာရာကို ယထာဘူတကျကျ သုံးသပ်နိုင်သည့် ဥာဏ်မျိုးလည်း ရှိမှ နောက်လိုက်ကောင်းဟု ခေါ်ဆို နိုင်ပေမည်။ ခေါင်းဆောင်တစ်ယောက်ကို ကြည်ညိုလေးစားနေခြင်း၊ ချစ်ခင် မြတ်နိုးနေခြင်း၊ ခေါင်းဆောင်ပြောသမျှ အရာအားလုံးကို ထောက်ခံနေခြင်း၊ ခေါင်းဆောင်ကို ထောက်ပြသူ မှန်သမျှကို ဆန့်ကျင်ခြင်းအစရှိသော အမှုကိစ္စများကို ဆောင်ရွက်ရုံမျှဖြင့် နောက်လိုက်ကောင်း ဖြစ်ပြီဟု ထင်မြင်ယူဆကြသည့် နောက်လိုက်များ ပေါများနေခဲ့လျှင် ထိုအဖွဲ့အစည်းသည် တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရာတွင် ကန့်သတ်ချက်အတွင်း၌သာ ဆောင်ရွက်နိုင် တော့မည်ဟု ဆိုလိုလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ခေါင်းဆောင်ကို မချစ်မြတ်နိုး ရတော့ဘူးလား။ ခေါင်းဆောင်ကို မထောက်ခံရတော့ဘူးလား။ ခေါင်းဆောင်ပြောသမျှ ကန့်လန့်လိုက်တိုက်နေရမှာလား။ ခေါင်းဆောင်ကို တိုက်ခိုက်သူ ဟူသရွေ့ကို လိုက်ပြုံးပြကာ ကျေးဇူးတင်ကြောင်း ပြောနေရမှာလားဟု စောဒက တတ်ဖွယ်ရှိသည်။ မိမိပြောလိုသည်မှာ ထိုသို့မဟုတ်ပေ။ နောက်လိုက်ကောင်းတို့မည်သည် ခေါင်းဆောင်ကို ကာကွယ်ပေးရမည်။ တိုက်ခိုက်မှုများကို အရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ ခေါင်းဆောင်မထိခိုက်စေရန် ရင်ဆိုင်ဖြေရှင်းပေးရမည်။ မိမိခေါင်းဆောင်မှားနေသည်ဟု မိမိကိုယ်တိုင်ယူဆရသည့်တိုင် ထိုအချက်ကြောင့် မိမိခေါင်းဆောင် မရှုံးနိမ့်စေရန် ခံတပ်သဖွယ် ကာရံပေးထားရမည်။ သို့သော်… သို့သော်…။ မိမိခေါင်းဆောင်မှားနေသည်ကို မှန်သည်ဟု မျက်စိစုံမှိတ်ထောက်ခံသော နောက်လိုက်မဖြစ်စေဘဲ မိမိခေါင်းဆောင်မှားယွင်းနေသည်ဟု ယူဆရသည့်အချက်ကို မှားယွင်းနေကြောင်း မိမိ၏ စိတ်တွင် လက်ခံပေးရမည်။ ဆိုလိုချင်သည်မှာ အတွင်းစိတ်တွင် ခေါင်းဆောင်ပြောသမျှကို မိမိ၏ စဉ်းစားဥာဏ်ဖြင့် အမြဲ သုံးသပ်လေ့ရှိကြရမည်။ သို့မှသာ ခေါင်းဆောင်ကို ဥာဏ်ရှိရှိ ၀န်းရံသူများ ဖြစ်နိုင်မည် ဟု ထင်မြင်မိပါသည်။ နောက်ဆုံးတစ်ချက်က အလွန်အရေးကြီးသည်။ ခေါင်းဆောင်တစ်ယောက်မှားယွင်းနေသည်ဟု ယူဆရသော အချက်ကို တွေ့ရှိပါက သတ္တိရှိရှိ တင်ပြရဲရမည် ဟူသောအချက်ပင် ဖြစ်သည်။ ရှေ့မှ အချက်များ ပြည့်စုံနေပါလျက် နောက်ဆုံးတစ်ချက်ဖြစ်သော ခေါင်းဆောင်ကို ထောက်ပြဝေဖန် ပေးမည့် ရဲရင့်သော စိတ်မရှိခဲ့လျှင် ရှေ့မှ အချက်များ ကောင်းခဲ့သမျှ အလကား ဖြစ်ချေတော့မည်။ ကောင်းသော ၀န်းရံသူဖြစ်ရန် ဝေးပေတော့မည်။ တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရန် အချည်းနှီး ဖြစ်ပေတော့မည်။ ထို့ကြောင့် မိမိ၏ စိတ်တွင် ခေါင်းဆောင်မှားယွင်းနေသည်ဟု ယူဆရသည့် အချက်ကို တွေ့ရှိလျှင် ထိုအချက်ကို ပြောဆို ထောက်ပြလိုက်၍ ခေါင်းဆောင်က မိမိအား ငြိုငြင်မည်ကို မစိုးရိမ်သင့်ပေ။ လေးလေးစားစား ရဲရဲရင့်ရင့် ထောက်ပြပေးရဲရမည်။ ခေါင်းဆောင်က မိမိအား ငြိုငြင်မည်ထက် မိမိ၏ တိုင်းပြည်ချစ်စိတ်က မိမိအား ငြိုငြင်မည်ကို ပိုမို အလေးထား သင့်သည်။ မိမိ၏ ပြောဆိုမှု၊ ထောက်ပြမှု တစ်ချက်သည် သမိုင်းတွင် မော်ကွန်းတင်လောက်သည့် ကိစ္စရပ် ဖြစ်နေနိုင်သည်ကို သတိပြု ဆင်ခြင်သင့်သည်။ ပြောလိုသည်မှာ ခေါင်းဆောင်နားတွင် ၀န်းရံနေသူများသည် တိုင်းပြည်အတွက် လိုအပ်လာလျှင် ခေါင်းဆောင်၏ အမုန်းကို ခံယူရဲရမည်။ မိမိတို့နိုင်ငံတွင် စဉ်းစားတွေးခေါ်တတ်သည့် နောက်လိုက်ကောင်းများ ရှိပါလျက်နှင့် ဆင်းရဲတွင်း နက်နေရခြင်းမှာ ခေါင်းဆောင်၏ အမုန်းကို မခံနိုင်ကြသည့် နောက်လိုက်များကြောင့် ဖြစ်နိုင်သည် ဟု ရိုးရိုးလေး စဉ်းစားမိခဲ့သည်။ အမုန်းခံနိုင်သည့် ၀န်းရံသူများ ရှိလာပါစေဟုလည်း အစဉ်အမြဲ ဆန္ဒပြုမိသည်။ အချုပ်ဆိုပါမည်။ ခေါင်းဆောင်အနားတွင် ၀န်းရံကြသည်ဆိုရာတွင်။ ခေါင်းဆောင်ကို ချစ်မြတ်နိုးသည့် စိတ်တစ်ခုတည်းနှင့် ၀န်းရံ၍ မရပါ။ ပထမအချက် အနေဖြင့် သက်ဆိုင်ရာ ပညာတစ်ရပ်ရပ်ကို တစ်ဖက်ကမ်းခတ် ထူးချွန်သူ ဖြစ်ရပါမည်။ ဒုတိယအချက်အနေဖြင့် တိုင်းပြည်ချစ်စိတ်က မိမိကိုယ်ကိုယ်နှင့် မိမိ၏ မိသားစုကို ချစ်စိတ်ထက် ကဲသူဖြစ်ရပါမည်။ တတိယအချက်အနေဖြင့် ခေါင်းဆောင်ပြောသမျှ ထောက်ခံသည့် ပုတ်သင်ညိုကဲ့သို့ နောက်လိုက်မလုပ်ဘဲ ခေါင်းဆောင်ပြောသမျှကို မိမိ၏ စဉ်းစားဥာဏ်ဖြင့် သုံးသပ် ဆင်ခြင် ကြည့်တတ်သူ ဖြစ်ရပါမည်။ နောက်ဆုံးအချက်အနေဖြင့် ခေါင်းဆောင်၏ မှားယွင်းနေမှုများကို အမုန်းခံ ထောက်ပြပေးနိုင်သူဖြစ်ရပါမည်။ ခေါင်းဆောင်ကလည်းကောင်း၊ နောက်လိုက်များက လည်းကောင်း ဆိုလျှင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် အာရှကျားတစ်ကောင် ပြန်ဖြစ်ရန် မဝေးတော့ဟု ထင်မြင်မိရင်း စိတ်ကူးထဲ တိုက်အိမ်ဆောက်နေမိပါတော့သည်။ ခေါင်းဆောင်ကောင်းများနှင့် သူတို့ကို အကောင်းဆုံး ၀န်းရံပေးကြသူများအား အစဉ်လေးစားလျက်
 ကို ရူပ 
Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

1 comment:

Related Posts Plugin for WordPress, Blogger...