Tuesday, December 10, 2013

"လူသေ လူဖြစ်"...တဲ့။ လူသေရင်.. လူဖြစ်သတဲ့လား...

"လူသေ လူဖြစ်"...တဲ့။ လူသေရင်.. လူဖြစ်သတဲ့လား... ဒီစကားကို စပြီး ကြားခဲ့ဖူးတာက ကျွန်တော် ရှစ်နှစ်သား အရွယ်လောက်မှာပါ။ အဲဒီတုန်းက.. ကျွန်တော်တို့ မိသားစုက (အဖေ့ဘက်က) အဖိုးတို့အိမ်မှာ အတူတူ နေခဲ့ကြတာပေါ့... ကျွန်တော့် အဖိုးက... မြန်မာဆန်လှတဲ့ တကယ့် ရှေးမြန်မာကြီး။ သျှောင် တစ်စောင်း ထုံးပြီး ပင်နီတိုက်ပုံ အင်္ကျီကို မချွတ်တမ်း ဝတ်တတ်တဲ့ အညာသား ရှေးမြန်မာကြီး တစ်ဦးပေါ့... လယ်ဧက အတော်များများကို အငှားချထားပြီး ဒေါက်လှည်းဘီးနဲ့ လယ်ယာသုံး ပေါက်ပြား၊ ဓား၊ တံစဉ်တွေလုပ်တဲ့ ပန်းဘဲဖိုတစ်ခုကိုလည်း ပိုင်ဆိုင် ထားတယ်လေ။ အဖိုးက... နေ့ခင်းဘက် အလုပ်ပါးတဲ့ အချိန်တွေဆိုရင်..ပန်းဘဲဖိုနံဘေး မန်ကျည်းပင်ရိပ်အောက်က သစ်သား ကွပ်ပျစ်ပေါ် မှာ မြေကရားအိုးကြီး တစ်လုံးချ၊ လာသမျှ ဓမ္မမိတ်ဆွေတွေနဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူး မှုတ်သောက်ရင်း၊ ရပ်ရေး ရွာရေး လူမှုရေးကအစ ဘုရားအကြောင်း တရားအကြောင်းတွေအဆုံး တပြုံးပြုံးနဲ့ ဆွေးနွေး နှီးနှော တိုင်ပင်တတ်လေ့ ရှိပါတယ်။
အဖိုးတို့..စကားဝိုင်းနားကို (ကျောင်းပိတ်ရက်နဲ့ ဆုံရင်) မယောင်မလည်နဲ့ ကပ်သွားတတ်တာက.. ကျွန်တော်။ ဘယ်ကလာ..ကျောင်းက ပြန်လာရင် လွယ်အိတ်ပစ်ချပြီး အရပ်ထဲက သူငယ်ချင်းတွေနဲ့ မျောက်ရှုံးအောင် ဆော့တတ်တဲ့ ရှစ်နှစ်သား ကျွန်တော့်အရွယ်က ဘယ်လိုလုပ် ဘုရားအကြောင်း၊ တရားအကြောင်းတွေ စိတ်ဝင်စားနိုင်သေးမှာတုန်း... မြေးဦးလည်း ဖြစ်ပြန်.. သားယောင်္ကျားလေးလည်း ဖြစ်ပြန်တဲ့ ကျွန်တော့်ကို.. အဖိုးက သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့၊ သြကာသ ကန်တော့ချိုးတို့၊ ဆွမ်းတော် ပန်းတော် ရေတော်ကပ် ဆုတောင်းတို့.. သင်ပေးထားတော့ (တစ်ခါတစ်လေ သူ စိတ်လိုလက်ရ ရှိတဲ့အချိန်ဆို) သူ့ ဓမ္မမိတ်ဆွေတွေရှေ့မှာ ခေါ်ပြီး ပွဲထုတ်တတ်တယ်လေ... ကျွန်တော်ကလည်း... အဖိုး သင်ပေးထားတဲ့အတိုင်း လက်ကလေးပိုက်ပြီး အထစ်အငေါ့မရှိ ရွတ်ဆို ပြတတ်တော့ အဖိုးက "ဒါမှ ငါ့မြေး" ဆိုပြီး သဘောတွေကို ကျလို့။ မြေးဦး ကျွန်တော့်အတွက် ဂုဏ်ယူ ဝံ့ကြွားစွာ လက်မထောင်ပြီး ကွပ်ပျစ်ပေါ်မှာ အဖွား ပြင်ပေးထားတဲ့ ထန်းလျှက်ဖြူဆုပ်တို့၊ မြေပဲလှော်တို့၊ ဇီးဆုပ်တို့.. ဆုချတတ်တယ်ဗျ။ ဆော့ကောင်းကောင်းနဲ့ ဗိုက်ချောင်နေတဲ့ ကျွန်တော့်အဘို့တော့ အဖိုးပေးတဲ့ အညာ သွားရည်စာတွေက နတ်သုဒ္ဓါပဲပေါ့... တစ်နေ့တော့... အဖိုးတို့ တရားဝိုင်းက ခါတိုင်းလို အေးအေးဆေးဆေး မဟုတ်တော့ပဲ ငြင်းကြ၊ ခုန်ကြနဲ့.. အတော့်ကို ပြင်းထန်နေတာရယ်။ "လူသေ လူဖြစ်" တွေလည်း ပါရဲ့.. "သျှင်ဥက္ကဋ္ဌ" လည်း ပါရဲ့.. "အဓမ္မဝါဒီ" ဆိုတာတွေလည်း ပါရဲ့.. ကျွန်တော်က ကလေးဆိုတော့ ဘယ်နားလည်မှာတုန်း... ဒါပေမယ့် ရာသီဥတုအခြေအနေ မကောင်းဘူးဆိုတာ သိတော့ ဇီးဆုပ်ကလေး၊ ထန်းလျှက်ဖြူဆုပ်ကလေးများ.. စားရလေမလား ဆိုတဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး ခပ်လှမ်းလှမ်းကပဲ ငေးကြည့်နေရတာပေါ့။ ခဏကြာတော့ အဖိုးရဲ့ မိတ်ဆွေတွေလည်း ရှူးရှူးရှဲရှဲနဲ့ ထပြန်၊ အဖိုးလည်း မျက်နှာကြီး နီပြီး ကျန်ခဲ့လေရဲ့... နောက်တစ်နေ့... အဖိုး စိတ်ကြည်လင်နေတဲ့အချိန် "အဖိုး.. လူသေ လူဖြစ်ဆိုတာ ဘာပြောတာတုန်း" လို့ သိချင်စိတ်နဲ့ သွေးတိုးစမ်းပြီး မေးမြန်းကြည့်တော့ "မင့်အရွယ်နဲ့ မေးစရာလား" ဆိုပြီး အဖိုး ကိုင်နေကြ ဝါးယပ်တောင်ရိုးနဲ့ ခေါင်းကို သုံးလေးချက် ခပ်ဆတ်ဆတ်ကလေး ခေါက်လိုက်လို့ အာလူးဘုသီးတွေ ထပြီး ကျွန်တော်လည်း ပြေးထွက်လာရ ပါလေရော... အခုတော့... အဖိုးလည်း ဆုံးရှာပါပြီ။ ကျွန်တော်တောင် ဘာလိုလိုနဲ့ လေးဆယ်ကျော်လို့ နှစ်နှစ်အတွင်းကို စွန်းလာပြီလေ။ အသက်အရွယ်လေး ရလာသလို ငယ်ငယ်တုန်းကတည်းက အဖိုးအမွေပေးခဲ့တဲ့ စာဖတ် ဝါသနာလေးက ပါလာပြန်တော့ လက်လှမ်းမှီရာ စာအုပ်တွေ အတော်များများ ဖတ်ဖြစ်တယ်။ ဒီဘက်ခေတ်မှာ "တင်ထုတ်စနစ်" မဟုတ်တော့ပဲ၊ "ထုတ်တင်စနစ်" ဖြစ်လာတော့ အရင်တုန်းက အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်တို့တတွေ ဖတ်ရှုခွင့် မရနိုင်ခဲ့တဲ့ စာအုပ်စာပေတွေကလည်း ဟောတစ်အုပ်၊ ဟောတစ်အုပ်ဆိုပြီး အပြိုင်အဆိုင် ထွက်လာကြပြီလေ။ စာအုပ်ချစ်သူ ကျွန်တော့်အဘို့တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားပဲပေါ့... ဒါပေမယ့်... ဒီလောက် စာအုပ်တွေအများကြီး ထွက်ပေါ်နေတဲ့ ခေတ်ကြီးမှာ ငယ်ငယ်တုန်းကတည်းက ကျွန်တော် သိချင်ခဲ့တဲ့ လူသေလူဖြစ် စာအုပ်ကို မတွေ့မိဘူး။ ကျွန်တော် မျက်စိမှောက်ပြီး ရှာမတွေ့တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ... တစ်နေ့... မြို့ထဲသွားရင်း စာအုပ်အဟောင်းတန်းကို ဝင်မွှေမိတော့ ကျွန်တော်ရှာနေတဲ့ လူသေလူဖြစ် စာအုပ်ကို တွေ့ရပါပြီ။ ပြန်ထုတ်တာ.. မဟုတ်ဘူးဗျ။ မူရင်းစာအုပ်ကို မိတ္တူဆွဲပြီး ပြန်ချုပ်ထားတာ။ ဆိုင်ရှင်ကလည်း ကျွန်တော် ကြိုက်မှန်းသိတော့ ဆိုဈေးကို တစ်ပြားမှ မလျှော့ပဲ တင်းခံနေတယ် ။ တတ်နိုင်ဘူးလေ.. ကိုယ်က ဖတ်ချင်နေတဲ့သူ ဆိုတော့ ကျွန်တော့် အိတ်ကပ်ထောင့်မှာ ငြိမ်ငြိမ်လေး ကုပ်နေတဲ့အစိမ်းရောင် ခြင်္သေ့သုံးကောင်က ပျော်ရွှင်စွာနဲ့ ခုန်ပေါက်ပြီး ထွက်သွားပါလေရော... အိမ်ပြန်ရောက်တော့... ရေတောင် မချိုးနိုင်ဘူး။ သျှင်ဥက္ကဋ္ဌရေးတဲ့ လူသေလူဖြစ် စာအုပ်ကို တစ်ထိုင်တည်း ဖတ်ပစ်လိုက်တယ်။ စာအုပ်သာ ဆုံးသွားရော..(ဒီဘက်အပိုင်းမှာ ဥာဏ်ရည်နိမ့်တဲ့ ကျွန်တော်) ဟုတ်တိပတ်တိ ဘာမှ နားမလည်လိုက်ဘူး။ သုံးလေးခေါက် ပြန်ဖတ်ကြည့်တော့လည်း ဆိုလိုချက်ကို သဘော မပေါက်နိုင်ဘူး ဖြစ်နေတာပေါ့။ မြတ်စွာဘုရားရှင်နဲ့ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာ အရှင်သူမြတ်တွေက လွဲရင် သာမန် ပုထုဇဉ်တွေအဘို့ ၃၁ ဘုံမှာ အဖန်တလဲလဲ ကျင်လည်ရတာပဲလို့ သိထားတဲ့ ကျွန်တော်... ဘုရားအလောင်းတော်တောင် နုစဉ်အခါက တစ်ချို့ဘဝတွေမှာ အဟိတိရစ္ဆာန်ဘဝ ရောက်ခဲ့သေးတာပဲလို့ သိထားတဲ့ ကျွန်တော်... (ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်) ဒီစာအုပ်ကို ဘဝင်မကျနိုင်ဘူးပေါ့ဗျာ..။ အဲဒီတော့မှ ကျွန်တော် ငယ်ငယ်တုန်းက အဖိုးတို့တတွေ ဒီစာအုပ်နဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန် ငြင်းခုန်ကြတာကို ရေးတေးတေး သဘောပေါက်လာမိသလို ဖြစ်လာပါလေရော... ဒါပေမယ့်... ဒီစာအုပ်ကိုရေးတဲ့ တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ ဆိုတာကလည်း နှယ်နှယ်ရရ မဟုတ်။ သူ့ခေတ်တုန်းက ဘာသာရေး စာအုပ်တွေ အတော်များများ ရေးသား ထုတ်ဝေခဲ့တဲ့ ဆရာတော်.. လူသေလူဖြစ်စာအုပ် ကောင်းမှုနဲ့ တရားရုံးတွေက "ကြွတော်မူပါဘုရား" လို့ ပင့်ဖိတ်ပြီး အကျဉ်းထောင်မှာတောင် သီတင်းသုံးခဲ့ရတဲ့ ဆရာတော်.. လွှတ်လာပြန်တော့လည်း သူ့ တရားပွဲဆို ရဟန်းပျိုတွေနဲ့ သံဃာတော် တစ်ချို့ကပါ ခဲမိုး ဖြိုင်ဖြိုင်ရွာပြီး ပူဇာစ အပြုခံခဲ့ရတဲ့ ဆရာတော်.. တစ်ချို့ ရပ်ရွာတွေက ဒကာ ဒကာမတွေက သူ့တရားပွဲဆို "ကန်တော့ဆွမ်းပါဘုရား" လို့ အလုပ်ခံရတဲ့ ဆရာတော်... အဲဒီတော့... ဒီအကျိုးဆက်တွေ ဖြစ်လာနိုင်တာ သိပါရက်ကယ်နဲ့ လူသေလူဖြစ်ကို ဘာကြောင့် ရေးခဲ့တာတုန်းလို့ တွေးကြည့်မိတယ်။ အဖြေက ထွက်မလာဘူး။ လက်လှမ်းမှီရာ အပေါင်းအသင်း မိတ်ဆွေ တစ်ချို့နဲ့ ဆွေးနွေး မေးမြန်း ကြည့်ပြန်တော့လည်း အတော်များများက ကြားတောင် မကြားဖူးဘူးဆိုတော့ လမ်းစက ပျောက်ကရော။ စာအုပ်ထဲက အကြောင်းအရာတွေတော့ ကျွန်တော့်ဥာဏ်ရည် မမှီတာမို့ မဝေဖန်ရဲဘူး။ ကျွန်တော် သိချင်တာက.. (ဆရာတော် ဒီစာအုပ်ကို ရေးခဲ့ရတဲ့ အကြောင်းအရင်း..ဝေဖန်မှု လှိုင်းဂယက်မျိုးစုံ အတွင်းမှာ သက်ဆင်းခဲ့ရတဲ့ ဒီစာအုပ် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း...) လုပ်ချင်တာတစ်ခု ရှိလာရင်... တော်လောက်နဲ့ ဇွဲမလျှော့တတ်တဲ့ ကျွန်တော်.. ဒီကိစ္စ အပေါ်မှာတော့ ဇွဲလျှော့ရမလို ဖြစ်နေပါပြီ။ ရှေ့မှီနောက်မှီ သက်ကြီးရွယ်အို တစ်ချို့ ကို မေးမြန်း ကြည့်ပြန်တော့လည်း "အဓမ္မဝါဒီအမြင်နဲ့ ရေးထားတာပါကွာ".. ဆိုတဲ့ စကားနဲ့တင်၊ သိချင်တဲ့ အဖြေက ရမလာခဲ့ဘူး။ ထူးတော့ပါဘူးလေ ဆိုပြီး သိချင်တဲ့ ဆန္ဒတစ်စုံကို မေ့ဖျောက်၊ လက်ရှိရောက်နေတဲ့ ဘဝပင်လယ်ပြင်မှာ နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်နဲ့ မမောနိုင် မပမ်းနိုင် ကူးခတ်နေတုန်း... ဗြုန်းဆို... မမျှော်လင့်တဲ့ တစ်နေ့မှာတော့ သိချင်လွန်းလှတဲ့ အရာတစ်ခုကို မျှော်လင့်မထားပဲ သိလိုက်ရပါပြီ။ အဲဒီမှာ ကျွန်တော် လုံးဝ မတွေးမိခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက်က ဒီစာအုပ်နဲ့ ပတ်သက်နေတာကို အံ့သြစွာနဲ့ တွေ့လိုက်ရတယ်။ ဟုတ်ပါတယ်.. အတိတ်သမိုင်းတွေ ကြားမှာ စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းနေတဲ့ ကျွန်တော်.. အတိတ်ကို ပြန်ဖော်ပြီး ဒီဖြစ်စဉ်ကို တူးဆွမိပြန်ပါပြီ... ၁၉၄၇ ခုနှစ်၊ ဇွန်လ... သူ့ကျွန်ဘဝက မလွတ်မြောက်နိုင်သေးတဲ့ ရန်ကုန်မြို့ကြီးကတော့ သဲကြီးမဲကြီး ရွာနေတဲ့ ရန်ကုန်မိုးအောက်မှာ အသွားအလာမပျက် စည်ကားနေလျှက်... မြန်မာပြည် လွတ်လပ်ရေးအတွက်(လိုအပ်ရင်)အသက်ကိုပါ စွန့်လွှတ်ဘို့ အဓိဌာန်ပြုထားတဲ့ နတ်မောက်သားလေး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ အလံတော်အောက်မှာ မြန်မာတစ်မျိုးသားလုံး သွေးစည်း ညီညွတ်စွာနဲ့ ခိုလှုံပြီး မပြီးဆုံးသေးတဲ့ လွတ်လပ်ရေး တိုက်ပွဲတွေ ဆင်နွှဲဘို့ အားခဲ ကြိုးပမ်းနေကြတဲ့အချိန်... နေရာက.. ရန်ကုန်မြို့၊ တာဝါလိန်းလမ်းရှိ တိုက်အိမ်တစ်အိမ်... အိမ်ပေါ်မှာတော့ ရဟန်းတော် တစ်ပါးက စက္ခုဣနြေ္ဒချပြီး တည်ငြိမ် အေးဆေးစွာ ဆွမ်းစား နေလေရဲ့။ ရဟန်းတော်ရဲ့ ရှေ့မှာတော့ အသက် သုံးဆယ်ကျော်အရွယ် ဆွမ်းဒကာ လူငယ် ဇနီးမောင်နှံနှစ်ဦးက ဒူးကလေးတွေ တုပ်ပြီး၊ ရိုသေစွာနဲ့ လက်အုပ်ကလေးတွေ..ချီလို့။ ဟုတ်ပါတယ်... သင်္ကန်ူကို သပ္ပာယ်စွာ ရုံပြီး တည်ငြိမ်စွာနဲ့ ဆွမ်းဘုန်းပေးနေသူက တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ.. ဆရာတော် ဆွမ်းဘုန်းပေးနေတာကို ကြည်နူး ပီတိဖြစ်တဲ့ မျက်ဝန်းကိုယ်စီနဲ့ ကြည်ညိုစွာ ဖူးမြော်ရင်း လက်အုပ်ကလေးတွေ ရိုရိုသေသေ ချီထားသူက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီးအလိမ္မာ ဒေါ်ခင်ကြည်... တောင်တွင်းကနေ... ကိစ္စတစ်ခုနဲ့ ရန်ကုန်ကိုကြွလာတဲ့ ဆရာတော်.. ဗဟန်း၊ ပြသာဒ်ကျောင်းမှာ ခေတ္တတည်းခို သီတင်းသုံးနေတယ် ကြားတော့ လွတ်လပ်ရေး ကြိုးပမ်းမှုမျိုးစုံနဲ့ မအားမလပ်နိုင်အောင် အလုပ်ရှုပ်နေတဲ့ ကြားထဲက ဆွမ်းကပ်ချင်ရှာတဲ့ ခင်ပွန်းဖြစ်သူရဲ့ လိုအင်ဆန္ဒကို မညည်းမညူနဲ့ ပါရမီ ဖြည့်ပေးနေသူက.. မြောင်းမြသူလေး ဒေါ်ခင်ကြည်.. ဂျပန်ခေတ် စစ်ဆေးရုံကြီးမှာ သူ ဝါသနာပါလှတဲ့ သူနာပြုဆရာမလေးအလုပ်ကို ဝင်လုပ်ရင်း နေမကောင်းလို့ ဆေးရုံလာတက်တဲ့.. ရှူတည်တည်နေပြီး စိတ်မထင်ရင် မထင်သလို ဘုဘောက် ပြောတတ်တဲ့.. ဗိုလ်တေဇကို ကျန်တဲ့ သူနာပြုဆရာမတွေက အနား မကပ်ရဲတာနဲ့ ဗိုလ်တေဇထက် အသက် သုံးနှစ်လောက်ကြီးပြီး အစ်မကြီးလိုတစ်မျိုး၊ မိခင်လိုတစ်သွယ်.. ကြင်နာယုယစွာ ပြုစု စောင့်ရှောက်ခဲ့တဲ့ သူ့ရဲ့ မေတ္တာ စေတနာတွေကြောင့် စစ်သားကြီးအသည်း မမာနိုင်တော့ပဲ (နဖူးစာ ရွာမလည်ပဲ၊ ဆေးရုံမှာ လည်ခဲ့ပြီး) နတ်မောက်သားက "ကြည်ရေ.." လို့ ချစ်စနိုးနဲ့ အဖျားဆွတ် ခေါ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်... ရှေ့သွား နောက်လိုက် ညီလှတဲ့ ဒီ ဇနီးမောင်နှံက ဆရာတော် ဆွမ်းဘုန်းပြီးသွားတော့... အချိုပွဲ၊ အချဉ်ပွဲတွေကို ဆက်ကပ်ရင်း ဆရာနဲ့ ဒကာ တိုင်းရေးပြည်ရေးက စလို့ အလ္လာပ သလ္လာပတွေ ဆွေးနွေး တိုင်ပင် နှီးနှောကြပါပြီ။ "တစ်နှစ်အတွင်း လွတ်လပ်ရေး ရရင် ရ၊ မရရင် ချမယ်" လို့ နယ်ချဲ့ဗြိတိသျှတို့ကို မကြောက်မရွံ့ စိန်ခေါ်ထားတဲ့ ဗိုလ်ချုပ်က..." ဆစ်လူမျိုးတွေဟာ တိုက်ပွဲမှာ ကျည်ဆံ နောက်ကမှန်ရင် ငရဲကို လားပြီး၊ ရှေ့တည့်တည့်က မှန်ပြီးသေမှ သူတို့ရဲ့ နတ်ပြည်ကို ရောက်တယ်လို့ အယူရှိသလို၊ ဂျပန်လူမျိုးတွေဟာလည်း တိုက်ပွဲမှာ ကျဆုံးရင် ဂျပန်ပြည်မှာ လူပြန်ဖြစ်မယ်။ မြင့်မြတ်တဲ့ ဘုံဘဝ ရောက်မယ်လို့ ယုံကြည်ကြကြောင်း။ အဲဒီလို တိုက်ရဲ သေရဲအောင် သူတို့ရဲ့ စာပေတွေကလည်း ယုတ္တိရှိရှိ ခိုင်လုံစွာနဲ့ ရေးသားပြီး ရဲစိတ်ရဲမာန်တွေ ပေါ်ပေါက်လာအောင် ရိုက်သွင်းထားကြောင်း" လျှောက်တင်ပါတော့တယ်..။ သူ့ရဲ့ မူဟန်အတိုင်း... စိတ်အား ထက်သန်စွာနဲ့ လျှောက်တင်နေတဲ့ ဒကာတော် ဗိုလ်ချုပ်ကို ကြည့်ရင်း ခေါင်းတဆတ်ဆတ် ငြိမ့်ပြီး ဂရုတစိုက် နားထောင်နေမိတာက သျှင်ဥက္ကဋ္ဌ... ဗိုလ်ချုပ်က... ဆက်ပြီး လျှောက်ထားတာက... "အဲဒီလိုပဲ မြန်မာ့ တပ်မတော်သားတွေနဲ့၊ မြန်မာတစ်မျိုးသားလုံးဟာ မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ရဲ သေရဲ စွန့်လွှတ် စွန့်စားရဲအောင် မကြောက်တရား သွင်းပေမယ့် စာပေ အဘိဓမ္မာတွေ အထူး လိုအပ်လှတာမို့ ဆရာတော့်အနေနဲ့ ရေးသား ပြုစု ပေးနိုင်မယ်ဆိုရင် အလွန် တန်ဘိုးရှိပါလိမ့်မယ် ဘုရား".. လို့ လျှောက်ထားပြီး သူ့စကားကို အဆုံးသတ်လိုက် ပါတော့တယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတဲ့ ဗိုလ်ချုပ်... လက်ရှိ မြန်မာပြည်မှာ အင်္ဂလိပ် ဘုရင်ခံပြီးရင် ဒုတိယ ရာထူးအကြီးဆုံး ဖြစ်ပေမယ့် လွတ်လပ်ရေးကလွဲရင် ဘာကိုမှ စိတ်မဝင်စားလို့ ထမင်းစားတာတောင် ဝက်အူချောင်းလေး တစ်ဖတ်လောက်နဲ့ ဖြစ်သလို စား၊ ကားပျက်တော့ လမ်းလျှောက်ပြီး ရုံးတက်၊ ချစ်ဇနီး ခွဲတမ်းပေးထားတဲ့ စီးကရက် ကုန်တော့ လုံခြုံရေး ရဲဘော်တွေဆီက ကပ်သောက်၊ ကြမ်းပိုးတွေ ဖင်ချစရာမရှိအောင် ပေါက်ဖွားနေတဲ့ ငါးမူးတန်း ထိုင်ခုံပေါ်မှာ သာမန်အရပ်သားလို ရုပ်ရှင်ကြည့်ပြီး မင်းသမီး မင်းသား သရုပ်ဆောင်တာ ကြိုက်တဲ့အခန်းဆို အားရပါးရ အော်ရယ်တတ်တဲ့ ဗိုလ်ချုပ်... သူ့မိသားစု ဆင်းရဲမှန်းသိလို့ သူ့ကိုကြည်ညိုတဲ့ အဖိုးကြီး တစ်ယောက်က အိမ်တိုင်ရာရောက် ရွှေချောင်းတွေ လာပေးတာတောင် သူ့အတွက် တစ်ပြားမှမသုံးပဲ၊ ဖဆပလရံပုံငွေထဲ အကုန်ထည့်ပြီး သမီးလေး ခမည်းပေးဘို့ကြတော့ အညာက မုဆိုးမ အမေအိုကြီးဆီ သွားကလေး အဖြီးသားနဲ့ ရွှေတစ်ပဲသားလောက် လှမ်းမှာခဲ့တဲ့ ဗိုလ်ချုပ်... ပြည်သူချစ်တဲ့ ဒီဗိုလ်ချုပ်ရဲ့ လျှောက်တင်စကားက တကယ့်ကို တည်ကြည် လေးနက်စွာ.. စိတ်အား ထက်သန်စွာနဲ့ လျှောက်တင်နေတာမို့..နောက်ဆုံးတော့ ဆရာတော်က ရုတ်တရက်.." လူသေလူဖြစ်..လူသေလူဖြစ် တိုက်ကြဟေ့" လို့ ကြုံးဝါးပြီး ဟစ်အော်၊ ဒကာတော် ဗိုလ်ချုပ်ရဲ့ မျက်နှာဟာ ဝင်းပသွားလေရဲ့... ဆရာတော်က... "ဥပါ ဒါန ပစ္စယ ဘဝေါ" ဆိုပြီး ဥပါဒန်ကြောင့် ဘဝဖြစ်ရပုံတွေ၊ လူသေရင် လူပြန်ဖြစ်နိုင်ပုံတွေကို အကျယ်တဝင့် ဟောကြားလိုက်တော့ ဗိုလ်ချုပ်ခမြာ သဘောတွေကျပြီး "ရန်ကုန်မှာ ဝါဆိုပြီး အဲဒီသဘောတရားကို ကျမ်းတစ်စောင်လောက် ရေးဖွဲ့တော်မူပါဘုရား" လို့ တောင်းပန်ပါလေရော... "ရန်ကုန်မှာတော့... ဝါမဆိုတော့ဘူး။ တောင်တွင်း ပြန်ကြွပြီး ဒီတစ်ဝါတွင်းမှာ အပြီး ရေးပေးပါ့မယ်'..လို့ ဆရာတော်က အာမဘန္တေခံပြီး လကုန်လို့ တောင်တွင်း ပြန်ရောက်တာနဲ့ လူသေလူဖြစ်ကျမ်းကို စတင် ရေးသားပါတော့တယ်။ ဒါပေမယ့်လည်း.. ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်... စိတ်ထိခိုက်သွားတဲ့ ဆရာတော်ခမြာ.. ရေးလက်စ ကျမ်းကိုလည်း အပြီးမသတ်နိုင်၊ မှိုင်တွေကာ ငေးမော၊ တွေးတောပြီး အားအင်တွေ ကုန်ခမ်း၊ ပြည်သူ့ချစ်ပန်း ဗိုလ်ချုပ်အောင်ဆန်းအတွက်၊ ရဟန်းပေမယ့် မျက်ရည်စို့ပြီး မပြီးဆုံးသေးတဲ့ ဒီကျမ်းကိုလည်း ဆက်ရေးချင်တဲ့စိတ် မရှိရှာတော့ဘူးလေ။ နောက်မှ.. တရားနဲ့ ဖြေပြီး တဖြည်းဖြည်းချင်း အားခဲလို့ ဆက်ရေးလာလိုက်တာ ၁၉၅၀ ခုနှစ်ကြမှပဲ လူသေလူဖြစ်ကျမ်းက အပြီးသတ်နိုင် ပါတော့တယ်။ ဒါပေမယ့်.. ဗိုလ်ချုပ်ကတော့ မသမာသူတစ်စုရဲ့ လက်ချက်ကြောင့် သူမြင်ချင်လှတဲ့ လွတ်လပ်ရေးကို မြင်တွေ့ခွင့် မရခဲ့သလို၊ သူ လျှောက်တင်ခဲ့တဲ့ လူသေလူဖြစ် ကျမ်းကိုလည်း ဖတ်ရှူခွင့် မရှိရှာတော့ပါဘူး။ တကယ်တော့.. ဗိုလ်ချုပ်ဟာ...သူနဲ့ မြန်မာတစ်မျိုးသားလုံးရဲ့ ဇွဲလုံ့လကြောင့် များမကြာမှီမှာ လွတ်လပ်ရေး ရတော့မယ်ဆိုတာ တွက်ချက် နိုင်ခဲ့သလို၊ လွတ်လပ်ပြီးစ မြန်မာပြည်ကို သူတို့ရဲ့ သြဇာအောက်မှာ ဆက်ပြီး ထားလိုတဲ့ နယ်ချဲ့လက်သစ်တွေရဲ့ ရန်စကျူးကျော်မှုတွေ၊ ထိပါးစွက်ဖက်မှု တွေ အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ် ဆိုတာကိုလည်း ကြိုတင် ခန့်မှန်းနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်... လွတ်လပ်ရေး ကြိုးပမ်းမှု ခရီးကြမ်း တလျှောက်မှာကော၊ ရရှိပြီးတဲ့ အချုပ်အခြာ အာဏာ တည်တံို့ခိုင်မြဲနေအောင် ကာကွယ်နိုင်ဘို့ အတွက်ပါ.. မြန်မာ တစ်မျိုးသားလုံး ရဲသွေး ရဲမာန်တွေ တက်ကြွပြီး တဖွားဖွားနဲ့ ဖြစ်ပေါ်လာစေချင်တယ်။ အမျိုး ဘာသာ သာသနာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်ဘို့ အတွက်ဆိုရင် မြန်မာလူမျိုးတိုင်း အသက်ကိုစွန့်ဘို့ ဝန်မလေးတဲ့ မြန်မာ့ အာဇာနည်..ဒေါင်ဒေါင်မြည်တွေ ဖြစ်စေချင်ခဲ့တယ်... နိုင်ငံနဲ့လူမျိုးကို ပြင်းပြစွာ ချစ်တတ်လွန်းတဲ့ ဗိုလ်ချုပ်ရဲ့ မျိုးချစ်စိတ်နဲ့ တစ်မျိုးသားလုံး သူရသတ္တိတွေ ထွန်းကားလာအောင် ရေရှည် မျှော်တွေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ရည်မှန်းချက်အပေါ်မှာ အခြေခံပြီး ထွက်ပေါ်လာခဲ့တဲ့ သျှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ကျမ်းကို (တကယ်လို့များ) ဗိုလ်ချုပ် သက်ရှိထင်ရှား ရှိနေသေးလို့ ဖတ်မိခဲ့မယ်ဆိုရင် ဆရာတော့်ကို ဘယ်လို ပြန်လျှောက်တင်မလည်း ဆိုတာ၊ ကျွန်တော်..အရမ်းကို သိချင်လိုက်တာဗျာ....။
 (ကိုးကား= ၁၉၇၁ ခုနှစ်၊ မတ်လထုတ် အိုးဝေဂျာနယ်ပါ ဆရာမင်းအောင်၏ "ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော ဆရာတော်") 

Thu Hlaing

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...