Sunday, December 8, 2013

နှောင်ကြိုးမှ အပ


၂၀၁၀ ပြည့်နှစ်ကစပြီး မြန်မာအစိုးရသည် သူတို့ ၏ နိုင်ငံရေးနည်းပရိယာယ်ကို ပြောင်းလိုက်သည်။ ၁၉၈၈ ခုနှစ်ကစပြီး ကျင့်သုံးခဲ့သည့် လူထုနှင့်ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်သည့်နည်း မဟုတ်တော့။ ပထမဦး စွာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကလွှတ်ပေးသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသား လူငယ်နိုင်ငံရေးသမားများကိုလွှတ်ပေးသည်။ နိုင်ငံတကာသို့  ဒီမိုကရေစီစနစ်သို့ ပြောင်းပြီ ဟု ကြေညာမောင်းခတ်သည်။ ကြားဖြတ်ရွေးကောက်ပွဲလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနိုင်ရသည်ကို အသာလေးလွှတ်ပေးသည်။ လူနည်းစုဖြစ်သည်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလည်း ဘာမျှမထူးဆိုသည်ကို သိထား၍ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရလွှတ်တော်သို့ ဝင်စေသည်။ နိုင်ငံတကာသို့  လွှတ်ပေးသည်။ နိုင်ငံတကာကလည်း တကယ်ဒီမိုကရေစီဖော်ဆောင်နေပြီဟု ယုံကြည်ကြသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်းဖိတ်ခေါ်သည်။ ဗိုလ်ချုပ်များဘောင်းဘီချွတ်ကာ ပုဆိုးဝတ်ခေါင်းပေါင်းပေါင်းကြသည်။ နိုင်ငံတကာနှင့် လမ်းပွင့်သွားသည်။ ဤသည်မှာ အစိုးရ၏နည်းပရိယာယ်ပြောင်းလဲမှုကြောင့် ရရှိလာသည့် အောင်မြင်မှုများဖြစ်သည်။ သို့ သော် နည်းပရိယာယ်ပြောင်းခြင်းသာဖြစ်သည်။ မူဝါဒကတော့ မပြောင်းပါ။ ပြည်သူလူထုကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှ အချိုသတ်သည့်နည်းသို့  ပြောင်းလိုက်ခြင်းသာဖြစ်သည်။ အစိုးရက မကြာခဏအော်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးကို ယခုနောက်ပိုင်း ခဏခဏကြားနေရသည်။ ဘယ်လိုအမျိုးသားသင့်မြတ်ရေးပါလဲ။ သူတို့ ဘက်ပါသူများ၊ မပြတ်သားသည့်နိုင်ငံရေးပါတီများနှင့်သာ သင့်မြတ်နေကြပြီး မူဝါဒရှိသူများ၊ ပြည်သူ့ ဘက်တော်သားများနှင့်တော့ မသင့်မြတ်ပါ။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည်ဟု ဆိုသည်။ တိုင်းရင်းသားများကို တစ်ဖွဲ့ စီ ဖိတ်ခေါ်ဆွေးနွေးသည်။ အမှန်မှာ တိုင်းရင်းသားပေါင်းစုံကို ညီလာခံခေါ်ယူဆွေးနွေးသင့်သည်။ စားပွဲဝိုင်းတွင် လက်ဆွဲနှုတ်ဆက်နေကြပြီး တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရစစ်တပ်မှ တာဝန်ရှိသူ အကြီးအကဲလည်း ဘယ်တော့မှ မတက်ရောက်ပါ။ တိုင်းရင်းသားများကို စီးပွားရေးလုပ်ပိုင်ခွင့်များပေးပြီး စည်းရုံးသည်။ စိတ်ဓာတ်မခိုင်မာသူများ အစည်းရုံးခံလိုက်ရသည့်အခါ လက်နက်ကိုင်အဖွဲ့ များ အင်အားချည့်နဲ့ လာသည်။ ငြိမ်းချမ်းရေးဆွေးနွေးနေပြီ၊ ဒေါ်စုလည်း လွှတ်တော်တက်နေပြီ၊ ကျောင်းသားများ နိုင်ငံရေးအကျဉ်းသားများကိုလည်း လွှတ်ပေးပြီဟုအကြောင်းပြကာ နိုင်ငံတကာကို လက်ဖြန့်  အကူအညီတောင်းခံနေသည်။ ရသည့်ငွေ၊ ရသည့်အထောက်အပံ့နှင့် တိုင်းပြည်ဘယ်နေရာတွေကို ထူထောင်ပံ့ပိုးနေပါသလဲ။ ပြည်သူတွေ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေးကတော့ ဒုံရင်းဒုံရင်း ငတ်ပြီးရင်း ငတ်ရင်းပါဘဲ။ အခုတော့ အိုးမဲ့အိမ်မဲ့အဖြစ်များက ပို၍ပို၍ များပြားလာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေစိုးမိုးရေး အကြီးအကဲတာဝန်ကိုပေးသည်။ တိုင်းပြည်သယံဇာတများကို ရရာဈေးနှင့် ရောင်းစားကာ တောတွေ၊ တောင်တွေ၊ မြစ်တွေပါမကျန် မတန်တဆဈေးနှင့် တရုတ်က၀ယ်နေသည်။ ရခိုင်မှာဆိုလျှင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိစ္စ ရခိုင်များမကျေနပ်၍ ပေါက်ကွဲလုဆဲဆဲအချိန်တွင် ရခိုင်နှင့်ဘင်္ဂလီတို့ ကို ရန်တိုက်ပေးကာ တရုတ်စီးပွားရေး အသက်ရှူပေါက်ချောင်အောင်လုပ်လိုက်သည်။ ဘင်္ဂလီနှင့်ရခိုင် ပဋိပက္ခကြားမှာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်း ပြီးစီးအောင်လုပ်လိုက်သည်။ နဂိုက လူမျိုးရေးရန်စ ရှိသည်ကို ငြိမ်းချမ်းအောင်မဆောင်ရွက်ဘဲ အကြီးအကျယ် ပဋိပက္ခဖြစ်အောင် အသုံးချလိုက်သည်။ နစ်နာဆုံးရှုံးသည်က ရခိုင်အမျိုးသားများပါဘဲ။ လက်ပံတောင်းတောင်ကိစ္စမှာ ဒေါ်စုကို တရားဥပဒေစိုးမိုးရေး အကြီးအကဲ တာဝန်ပေးပြီး ပြည်သူလူထုနှင့်ထိပ်တိုက်တွေ့ အောင် ဖြေရှင်းခိုင်းလိုက်သည်။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောဖြစ်သည်။ လက်ပံတောင်းတောင် ကိစ္စလည်း ဖြေရှင်းစေဆိုသည့်ရည်ရွယ်ရင်း အောင်မြင်ပါသည်။ ဒေါ်စု တရုတ်မျက်နှာ၊ စစ်ဗိုလ်ချုပ်တွေမျက်နှာကြည့်ကာ ဆက်လုပ်စေဟု ဆုံးဖြတ်သည်။ လိုက်နာရမည့်စည်းကမ်းတွေတော့ရှိသည်။ သို့ သော် ဆက်လုပ် စေသည်။ တရုတ်နှင့် စစ်ဗိုလ်ချုပ်တွေကတော့ ၀မ်းသာအားရဖြစ်သွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုစဉ်က တကယ်လို့  လက်ပံတောင်းတောင်ကိစ္စ ဆက်မလုပ်နဲ့ ဟု တားမြစ်လိုက်လျှင် တရုတ်နှင့်စာချုပ် ပျက်သွားမည်။ ဤသို့  စာချုပ်ပျက်သွားလျှင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမည့်သူများ အ၀င်တန့် သွားမည်ကို စိုးရိမ်သည်ဟုဆိုသည်။ ဆရာဦးဝင်းတင်ကတော့ “တရုတ်နဲ့ စာချုပ်ပျက်သွားလို့  တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ လာမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကတော့ ဒီလိုမထင်ဘူး။ တရုတ်ဆိုတာ ကမ္ဘာမှာ အာဖရိကနိုင်ငံတွေ၊ လက်တင်အမေရိကနိုင်ငံတွေ၊ ဆင်းရဲတဲ့နိုင်ငံတွေကိုသွားပြီး မတရားနိမ့်တဲ့ဈေးနဲ့ စီးပွားရေးလက်ဝါးကြီးအုပ်နေတဲ့ သူတွေဘဲ။ စာချုပ်ချုပ်မယ်ဆိုတုန်းကတော့ ပြည်သူလူထုကို ဘာများပွင့်ပွင့်လင်းလင်း တင်ပြခဲ့ဖူးသလဲ။ အဲဒီတော့ ဒီတရုတ်တွေထွက်သွားမှ တခြားနိုင်ငံတကာက ပိုပြီးဝင်လာကြမှာဘဲလို့ ကျွန်တော်ထင်တယ်”ဟု ပြောခဲ့သည်။ မြန်မာအစိုးရသည် ၈၈ မျိုးဆက်ခေါင်းဆောင်များကို စည်းရုံးရာတွင်လည်း အောင်မြင်ခဲ့ပါသည်။ ၈၈ မျိုးဆက်များကို ပြည်ပနိုင်ငံများသို့ သွားစေသည်။ သို့ သော် နိုင်ငံရေးအတွက်အရေးပါသည့် နိုင်ငံရေးခရီးတော့မဟုတ်ပါ။ ပြည်သူအတွက် ထိရောက်သော အရေးပါမှုမရှိ။ သူတို့ အလည်အပတ်သွားကြခြင်း သာဖြစ်သည်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သွားသည့် ခရီးစဉ်နှင့်တော့ အကွာကြီးကွာပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ပခရီးသည် ပြည်သူလူထု တစ်ရပ်လုံး စိတ်ဝင်စားမျှော်လင့်အားထားရသည့်ခရီးစဉ်ဖြစ်သည်။ ယခု ၈၈ မျိုးဆက်များပြည်ပခရီးစဉ်နှင့်တော့ အခြေအနေချင်း လုံဝမတူပါ။ ထို့ ကြောင့် သူတို့ သည် အစိုးရ၏စည်းရုံးခြင်းကို ခံသွားရကာ သူတို့ သည် ပြည်သူများနှင့် တဖြည်းဖြည်းကင်းကွာသွားရပါသည်။ ဤသည်မှာလည်း အစိုးရ၏အောင်မြင်ခြင်းတစ်ရပ်ပင်ဖြစ်ပါသည်။ တကယ်တော့ အစိုးရက “မြန်မာပြည်သည် တို့ ပြည်”ဟု ကြွေးကြော်နေချိန်တွင် ပြည်သူလူထုမှာ တိုင်းပြည်မရှိပါ။ တိုင်းပြည်မပြောနှင့် နေစရာမြေပင်မရှိပါ။ ကျူးကျော်ဟုဆိုကာ ဟိုကနှင်ထုတ်၊ ဒီကနှင်ထုတ်ခံနေရသည်။ နှင်ထုတ်လျှင်လည်း သူတို့ ကို နေရာထိုင်ခင်းပေးရမည်မှာ အစိုးရ၏တာဝန်မဟုတ်ပါလား။ မဟော်သဓာ၏ သားတရားစီရင်ခန်းလိုဖြစ်နေပါသည်။ လူယောင်ဆောင်သော ဘီလူးမက သားငယ်ကို ခြေထောက်ပဲ့ပဲ့၊ ခေါင်းဘဲပြတ်ပြတ် မရမက အတင်းအဓမ္မ လုယက်ယူငင်သည်။ မိခင်ရင်းကတော့ သားငယ်ကို သနားလွန်း၍ မနာမကျင်စေရအောင် လက်လွှတ်ပေးလိုက်သည်။ သားတရားစီရင်ခန်းထဲက လူယောင်ဆောင်သော ဘီလူးမအသွင်နှင့် တူနေပါတော့သည်။ တကယ်တော့ တော်လှန်ရေးသည် အဆုံးမသတ်သေးပါ။ အုပ်ချုပ်ခံလူတန်းစားနှင့် အုပ်ချုပ်သူလူတန်းစားတို့ ၏ လူတန်းစားတိုက်ပွဲသည်လည်း အဆုံးမသတ်သေးပါ။ အုပ်ချုပ်သူလူတန်းစားသည် နည်းပရိယာယ်တစ်မျိုးကိုသုံးကာ ဖိနှိပ်ညှင်းဆဲရေး အခြေအနေသစ်များနှင့် အစားထိုးလိုက်ခြင်းဘဲဖြစ်သည်။ ယခုအခါ စစ်အစိုးရရေးဆွဲသော အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲခြင်း၊ အသစ်ရေးဆွဲခြင်းလုပ်ပါက အကြီးအကျယ် အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဟု ကြိမ်းမောင်းသူက ကြိမ်းမောင်းသည်။ မည်သည့်အန္တရာယ်၊ မည်သည့်အဆုံးအရှုံးနှင့် ကြုံကြရပါမည်နည်း။ ဒီမိုကရေစီမင်းသားခေါင်းဆောင်းထားသောစစ်အစိုးရ ဆက်လက်ရပ်တည်ရေး ကြိုးပမ်းနေသူများက ကြိမ်းဝါးနေကြသည်။ ဖိနှိပ်သတ်ဖြတ်ရန် အဆင်သင့်ပြင်နေကြသည်။ အယောင်ဆောင်မင်းသားခေါင်း ပြုတ်ထွက်သွားရေးသည်သာ အများပြည်သူများ၏အရေးမဟုတ်ပါလား။ ပြည်သူတွေမှာ ဆုံးရှုံးစရာ ဘာများရှိပါသေးသလဲ။ တကယ်လို့ ဆုံးရှုံးရမည် ဆိုလျှင်လည်း သူတို့ ကိုချည်နှောင်ထားသည့် နှောင်ကြိုးမှအပ ဘာမျှဆုံးရှုံးစရာ မရှိတော့ပါ။ တင်တင်ဦး (News Watch ဂျာနယ် အတွဲ ၈ အမှတ် ၂၇ မှ ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...