Friday, December 20, 2013

"ဆိုးပေ့"သားသမီးတွေ

ထိုင်း-မြန်မာအမျိုးသမီးဘောလုံးပွဲအပြီးပရိတ်သတ်ရဲ့ဂုဏ်ယူသံ၊ အားပေးသံ၊ ငိုကြွေးသံ၊ မချိတင်ကဲညည်းညူသံပေါင်းများစွာတို့ကဖေ့စ်ဘွတ်ပေါ် နံနက်ခင်းနှင်းနဲ့အတူ အုံ့ဆိုင်းနေတော့သည်။

“ကျိုးစားမှုအတွက်ဂုဏ်ယူပါတယ်”၊ “မြန်မာမိန်းကလေးအသင်းရဲ့ ဇွဲနဲ့စိတ်ဓါတ်ကိုပြသနိုင်ခဲ့တဲ့ပွဲ”၊ “ဒိုင်လူကြီးညစ်တယ်”၊ စတဲ့မှတ်ချက်တွေထဲမှာ “တို့မြန်မာဆိုရင်အမြဲအနှိမ်ခံနေရတာပဲ။ မြန်မာတွေဆိုရင်အထင်သေးအမြင်သေးနဲ့အောက်ကျလိုက်တာ” ဆိုတာလေးဖတ်မိတော့ ငယ်ငယ်က သူငယ်ချင်းနှစ်ယောက်ကိုဖြတ်ကနဲ့သတိရလိုက်မိတယ်။


ဆိုကြပါစို့။ ဆိုးပေတို့ မိသားစုနဲ့ မောင်ပွေတို့ မိသားစု။ သူတို့မိသားစုနှစ်ခုက အရပ်ထဲမှာ အောက်ကျနောက်ကျ၊ အနှိမ်ခံရတဲ့မိသားစုနှစ်စုပေါ့။ ဆင်းရဲတယ်။ ပညာနည်းတယ်။ လက်လုပ်လက်စားတွေ။ ကြမ်းကြမ်းတမ်းတမ်းဝုန်းဒိုင်းသမားတွေ။ ညဖက်ဆိုအရက်ကလေးတမြမြ၊ လင်မယားတကျက်ကျက်ရန်ဖြစ်ကြနဲ့ အရပ်ကအော့ကြောလန်၊ မေးငေါ့ရတဲ့သူတွေ။ မိဘတွေဖြစ်တဲ့ ဆိုးပေ၊ မောင်ပွေတို့ရဲ့ဒဏ်ကိုသားသမီးတွေခံရတာပေါ့။ ဒါပေမယ့်လည်း ရပ်ထဲရွာထဲ အလှူအတမ်း၊ ပွဲလမ်းသဘင်ကျရင် လုပ်အားရှင်လိုတဲ့အခါ သူတို့သားသမီးတွေကိုပဲခေါ်ခိုင်းရတာပဲ။ ခိုင်းလို့ကောင်းတယ်လေ။ ဒါပေမယ့် မဏ္ဍပ်ရှေ့ထွက်ပြုံးပြရတဲ့အလုပ်၊ စားပွဲလေးမှာစာရင်းလေးမှတ်ရတဲ့ အလုပ်တွေမှာဘယ်လူရာသွင်းမလဲ။ ထင်းခွဲ၊ ရေခပ်၊ ပန်းကန်ဆေးပေါ့။ အလှူမှာဖိနပ်ပျောက်၊ ပန်းကန်ပျောက်ရင် ဆိုးပေ၊ မောင်ပွေတို့သားတွေအထင်ခံရတယ်။ သူတို့အလုပ်သူတို့လုပ်နေလည်း အငေါက်ခံချင်ခံရတတ်တယ်။ ဒီတော့ သူတို့သားသမီးတွေရဲ့ရင်ထဲမှာ သိမ်ငယ်မှု၊ အားငယ်မှု၊ အလိုမကျမှု၊ နာကျည်းမှုတွေနဲ့ ကြီးပြင်းလာရတာပေါ့။ ဒါပေမယ့် သူတို့တွေရဲ့လောကကြီးကို တုန့်ပြန်ပုံကမတူကြဘူး။

ဆိုးပေသားက သူ့အဖေကြောင့်သူဒီလိုအနှိမ်ခံရတယ်ဆိုတာနားလည်တယ်။ လောကမှာ အထင်သေးစရာကောင်းရင် အထင်သေးခံရမှာပဲ၊ အားနည်းချက်ရှိရင်အနိုင်ယူခံရမှာပဲ ဆိုတာကိုလက်ခံတယ်။ ဒါကြောင့် ဘယ်သူတွေဘယ်လောက်နှိမ်နှိမ် သည်းခံပြီး သူ့စိတ်ကိုသိမ်ငယ်သွားအောင်သူမခံစားဘူး။ အဲဒီနာကျည်းမှုတွေဟာ သူ့အတွက်တွန်းအားအဖြစ်အသုံးချပြီးသူအလုပ်ကျိုးစားတယ်။ သူ့ရဲ့အကျင့်စာရိတ္တကိုအပြစ်ပြောမခံရအောင်စောင့်ထိန်းတယ်။ သူဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်တော့ အရပ်ထဲကပိုက်ဆံရှိအမျိုးသမီးကြီးက “အမလေးဟယ်၊တက္ကသိုလ်ကိုတက်နိုင်တာလဲမဟုတ်ဘဲနဲ့ ဆယ်တန်းအောင်ပြီပဲ မိဘကိုလုပ်ကျွေးတော့” ဟု စေတနာနှင့်ပြောသော်လည်း မရည်ရွယ်ဘဲသူ့ကိုနှိမ်သလိုဖြစ်သွားတာကိုသူဒီနေ့အထိမှတ်မိနေသေးသည်ဟု ကျွန်တော့်ကိုပြောဖူးသည်။ မခံချင်စိတ်ကြောင့်ပဲ အဝေးသင်တက္ကသိုလ်တက်၊ တစ်ဆင့်ပြီးတစ်ဆင့်ကျိုးစားလာခဲ့တာ အခုတော့ ဘွဲ့သုံးလေးခုနှင့် နိုင်ငံခြားတက္ကသိုလ်က မဟာဘွဲ့ပင်ရကာ လူတကာလေးစားရသည့်ပညာရှင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီ။ တစ်ချိန်ကသူ့ကို အထင်သေးခဲ့၊ နှိမ်ခဲ့သူများပင် အခုအချိန်တွင် သူ့ကိုတလေးတစားဆက်ဆံနေပြီ။
နောက်သူငယ်ချင်း မောင်ပွေ့သားကတော့ အများနှိမ်သည့်ဒဏ်ကိုအရွဲ့တိုက်ပြ၊ မိုက်ပြရင်း သူ့အဖေလမ်းအတိုင်းလိုက်သွားခဲ့သည်။ တစ်ခါကမခံချင်စိတ်ကြောင့် လက်လွန်ခြေလွန်ဖြစ်ကာ ကျောင်းတော်ကြီးဆီ ရောက်သွားခဲ့သည်ဟုသိရသည်။

လူတွေမှာ prejudice ဆိုသည် အဂတိစိတ်ရှိတတ်ပါသည်။ ၄င်း prejudice သည် အခြေအမြစ်မရှိဘဲ မိမိဘာသာ စိတ်ကသတ်မှတ်တာလည်းဖြစ်နိုင်သည်။ သို့ရာတွင် အခါများစွာတွင် မြင်သိကြား အကြောင်းတရားတို့အပေါ်တွင်အခြေခံလေ့ရှိပါသည်။ လူမျိုးတိုင်း၊ နိုင်ငံတိုင်းတွင် ထိုအခံစိတ်က လေးရှိနေတတ်ပါသည်။ လူမျိုးကြီးမို့လို့၊ နိုင်ငံကြီးသားမို့ ထိုအကျင့်မရှိဘူး၊ လူမျိုးလေးမို့လို့၊ နိုင်ငံသားလေးမို့လို့ ထိုအကျင့်ရှိတယ်မဟုတ်ပါဘူး။ လူတစ်ဦးချင်း၏ ပညာတတ်၏မတတ်၏၊ ကျိုးကြောင်းနှိုင်းချိန်တတ်၏မတတ်၏၊ အတ္တကြီး၏မကြီး၏ အပေါ်မှာပဲမူတည်ကာ သူတပါးအပေါ် အထင်သေးခြင်း၊ နှိမ့်ချခြင်း၊ လူရာမသွင်းခြင်း အပြုအမူများပြုတတ်ကြပါသည်။ တစ်ဖက်သားက အထင်သေးချင်စရာ အကြောင်းများရှိနေလျှင်ကားပြောစရာပင်မလိုချေ။ မုချအထင်သေး မည်ဖြစ် သည်။
၉၉ ခုနှစ်လောက်တုန်းက ဟိုတယ်တစ်ခုတွင် ဧည့်ကြိုလုပ်စဉ်အခါကဖြစ်ပါသည်။ ကောင်တာတွင် ပြင်သစ်လူမျိုးတစ်ဦး check in လုပ်နေချိန်အတွင်း အယ်ဘေးနီးယားလူမျိုးတစ်ဦး check out လုပ်သွားပါသည်။ ကျွန်တော်နှင့်ထိုပြင်သစ် တစ်ခွန်းနှစ်ခွန်းစ စကားပြောနေတုန်းသူက စပ်စုပါသည်။ ခုနက ထွက်သွားတာဘယ်နိုင်ငံကလဲတဲ့။ ကျွန်တော်က အယ်ဘေးနီးယားကဟုပြောတော့ သူက “ငါမသိဘူး” ဟုဖြေသည်။ ကျွန်တော်က ဥရောပအရှေ့တောင်ဘက်တွင်ရှိကြောင်း၊ ပြောသည့်အခါသူကပုခုံးတွန့်၍ a small country ဟုတုန့်ပြန်သည်။ အထင်မကြီးဘူး ဟူသည့်အဓိပ္ပါယ်ပင်။

မနေ့ညက ထိုင်း-မြန်မာဘောလုံးပွဲရလာဒ်၏ တုန့်ပြန်သံများကိုပြန်ဆက် ရလျှင် မြန်မာတွေကိုအထင်မကြီးသည် မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖြစ်လည်းဖြစ်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က “ဆိုးပေ့” သားသမီးတွေဖြစ်နေသည်မဟုတ်ပါလား။ တကယ်လည်း “ဆိုးပေ့” သားသမီးတွေအဖြစ်ကမ္ဘာမှာအနှိမ်ခံနေရ၊ အထင်သေးခံနေရတာကြာခဲ့ပြီ။ နိုင်ငံခြားထွက်ဖူးသည့်သူတိုင်းသိမည်။ “ဆိုးပေ့” သားသမီးတွေထိုင်းမှာ နှစ်သန်းခန့်၊ စင်္ကာပူ၊ မလေး၊ ဂျပန်၊ ကိုရီးယား၊ အရှေ့အလယ်ပိုင်းတွင်ထောင်သောင်းများစွာရှိနေကြသည်ပဲ။

သို့ရာတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် စိတ်ဓါတ်ကောင်းစွာ၊ အားကျိုးမာန်တက်နှင့်ကစားသွားခဲ့သည်။ သူတို့၏တုန့်ပြန်ပုံကို ပြိုင်ဘက်ထိုင်းအသင်းကောင်းစွာ တွေ့ကြုံသွားခဲ့ကြသည်။ အနည်းဆုံး ဒီတစ်နှစ်တော့ ထိုင်းအသင်းနှင့်ပရိတ်သတ်က မြန်မာအသင်းနှင့်ပရိတ်သတ်ကို လေးစားစိတ်များသူတို့ရင်အတွင်းကိန်းဝပ်သွားမည်။ fifa ကဒိုင်လူကြီး အမျိုးသမီးတွေ၏ အထင်သေးစိတ်များကိုလည်း ဒီတစ်နှစ်အတွက်ရိုက်ချိုးပစ်နိုင်ခဲ့ပြီ။ သို့ရာတွင် ၄င်းသည် အစခရီးပင်ဖြစ်သေး သည်။ နောက်နှစ်တွေ၊ နောင်နှစ်တွေတွင်လည်း ဤစိတ်ဓါတ်နှင့် သူတို့၏အထင်သေးစိတ်များကိုကျော်လွှားသွားမှကမ္ဘာတွင်မြန်မာဟု ပြန်လည်ဝံ့ကြွားလာနိုင်မည်ဖြစ်သည်။ ကျွန်တော်တို့သည် “ဆိုးပေ့” သားသမီးတွေဖြစ်ကြသည်။ ကျွန်တော်တို့ကိုနှိမ့်ချသူများအား တုန့်ပြန်ပုံမှန်ကန်ပါမှကျွန်တော်တိုးတက်လိမ့်မည်။ ၄င်းတို့သည်ကျွန်တော်တို့အတွက်တွန်းအားဖြစ်သည်။ ကံအားလျော်စွာပင်“ဆိုးပေကြီး” သည်လည်းသူကိုယ်တိုင်၏ဂုဏ်သိက္ခာနှင့် သားသမီးတို့၏ဂုဏ်သိက္ခာ အတွက် အပြောင်းအလဲသို့ဦးတည်နေလေပြီ။ သို့ရာတွင်ကျွန်တော်တို့တစ်ဦးချင်းကိုယ်တိုင်လည်း behavior change မလုပ်သရွေ့တော့ အများ၏လေးစားမှုနှင့်ထိုက်တန်ဦးမည်မဟုတ်ချေ။ “ဆိုးပေ့” သားလိုကျင့်မည်လား၊ “မောင်ပွေ့”သားလိုကျင့်မည်လားမြန်ပြည်သားတို့။

“အထင်သေးတာဘာ့ကြောင့်လဲ။ အထင်မကြီးလို့။
အထင်မကြီးတာဘာ့ကြောင့်လဲ။ အထင်ကြီးစရာမရှိလို့။
ကိုယ့်ကိုယ်နှိမ်တာဘာ့ကြောင့်လဲ။ ကိုယ်ကမမြင့်လို့။
အထင်သေးမခံချင်ရင်အထင်ကြီးစရာအရည်အချင်းတွေပိုင်ဆိုင်အောင်ကျိုးစား။
အနှိမ်မခံချင်လျှင်အများကမော်ကြည့်ရမည့် မြင့်မားသည့်အရည်အသွေးကိုပိုင်ဆိုင်အောင်ကျိုးစား။”
ဒါသည်ပင် ဆိုးပေ့သား ကျွန်တော့်သူငယ်ချင်း၏လက်ကိုင်တရားပင်ဖြစ်လေသည်။

27 ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းကိုဂုဏ်ပြုပါသည်။

ဇာနည်(MyWay!)

Read more: "ဆိုးပေ့"သားသမီးတွေ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A1001236&xgs=1&xg_source=msg_share_topic#ixzz2nytsWco5

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...