Saturday, November 30, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး နှင့် ကျွန်တော့် ဘ၀ တစ်စိတ်တစ်ဒေသ ပဉ္စမပိုင်း

Htun Aung Gyaw November 13, 2013 at 10:07pm

ကျွန်တော်တို့စခန်းမှ အရွေးခံရသူများ စုပြီး စကားပြောကြရာတွင် ကျွန်တော်က ဒေါက်တာနိုင်အောင်အား “ကိုနိုင်အောင်၊ ကျွန်တော်တို့စခန်းမှာ ဆရာဝန်ဆိုလို့ ခင်ဗျားတစ်ယောက်ပဲရှိတယ်၊ ရဲဘော်တွေလည်း သေတဲ့သူတွေ သေပြီး ဖျားတဲ့သူတွေလည်းဖျားနေပြီ၊ ကုမယ့် ဆရာဝန်မရှိဘူး၊ ညီလာခံတက်ဖို့က အရေးကြီးသလား၊ ရဲဘော်တွေ အသက်ကယ်ဖို့က အရေးကြီးသလား ခင်ဗျားဆုံးဖြတ်ပါ၊ ကျွန်တော်သာ ခင်ဗျားလို ဆေးပညာတတ်ရင် ညီလာခံ မတက်ဘူးနေခဲ့မယ်” ဟု အများရှေ့တွင် ပြောသည့်အခါ ကိုနိုင်အောင်က “ကျွန်တော်နေခဲ့ပါ့မယ် မလိုက်တော့ပါဘူး” ဟု ပြောပြီး ကိုယ်စားလှယ်အဖြစ်မှထွက်ပြီးနေခဲ့ပါသည်။ ထိုအချိန်က ကျွန်တော်တို့နှစ်ယောက်လုံး တစ်ချိန်ချိန်တွင် ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌများ ဖြစ်လာလိမ့်မည်ဟု တွေးပင်တွေးဖူးကြမည်မဟုတ်ပါ။ ကိုနိုင်အောင် ထိုကဲ့သို့ အသိတရားရှိရှိနှင့် ကျွန်တော်ရှင်းပြခဲ့သည်ကို လက်ခံပြီးနေခဲ့သည့်အတွက် ထိုအချိန်က ကျွန်တော်သူ့ကို ရဲဘော်များ ကိုယ်စား ကျေးဇူးတင် လေးစားခဲ့သည်။


ကျွန်တော်တို့ ခရီးမထွက်ခင် ထိုင်းဘတ်လဲထားသည့် ငွေများအားလုံးထဲမှ ဘတ်ငွေငါးရာနှင့် ပင်နီအင်္ကျီ၊ ရှပ်အင်္ကျီတစ်ထည်၊ လုံချည်တစ်ထည်ကို လွယ်အိတ်ထဲထည့်ပြီး ကျန်အဝတ်အစားများနှင့် ငွေသားများအားလုံးကို ကျွန်တော်မရှိခင် စားသောက်နေထိုင်ရန် ပေးခဲ့ပြီး ရဲဘော်များကို ဖက်ရမ်းနှုတ်ဆက်ကာ ထွက်လာခဲ့သည်။ တင်နိုင်ဝင်းနှင့် ဇော်မိုးတို့က “လေးလေး ညီလာခံပြီးရင် ချက်ချင်းပြန်လာခဲ့နော်” ဟု မျက်နှာငယ်ငယ်နှင့် မှာရှာသည်။ ကိုဇော်ဝင်းနှင့် ကျော်ကျော်ဦးတို့ကို “ကလေးတွေကို ကျွန်တော်မရှိတုံး ဂရုစိုက်ကြဗျာ၊ စည်းစည်းရုံးရုံးနေကြပါ” ဟု မှာကြားရာ သူတို့နှစ်ယောက်လုံးက “စိတ်ချ ကိုထွန်း ဂရုစိုက်ပါ့မယ်” ဟု ပြောကြသည်။

ကျွန်တော်တို့စခန်းမှ ရွေးချယ်ပေးလိုက်သော ဘုရားသုံးဆူကျောင်းသားကိုယ်စားလှယ်များကိုမူ မွန်ပြည်သစ်ပါတီမှ တာဝန်ခံပြီးပို့ရာ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်မှ ဦးဆောင်ပြီး ပစ်ကပ်ကားတစ်စီးနှင့်ခေါ်ခဲ့ရာ အားလုံးကားနောက်ခန်းတွင် ကုလားထိုင်မရှိဘဲ သံပြားဘော်လီကြမ်းပေါ်တွင် ရာဘာညှပ်ဖိနပ်ကို ခုထိုင်၍ တစ်မျိုး ကြာလာသည့်အခါ ဖင်ကြိမ်းလာ၍ ဆောင့်ကြောင့်ထိုင်၍တစ်ဖုံ အလွန်ပင်ပန်းဆင်းရဲစွာ တစ်နေကုန် တစ်နေခန်း လိုက်ပါခဲ့ကြချိန်တွင် အင်ဒီအက်မှ ပို့ပေးသည့် ကိုသန်းဝင်းနှင့် ကိုကိုလေးတို့အုပ်စုမှာမူ အဲယားကွန်းကားနှင့် ဆိုဖါကုလားထိုင် ပေါ်တွင်အိပ်ပြီး ဇိမ်နှင့်လိုက်လာကြကြောင်းကို နောက်ပိုင်း မဲဆောက်ရောက်ပြီးနောက် တွေ့ကြသည့်အခါ သူတို့ ပြောပြတော့မှ သိရသည်။ သူတို့သည် အစကတည်းက ဆင်းရဲဒုက္ခခံရန် ဇာတာပါမလာသော်လည်း ငါတို့မှာမူ ထူသားပေသားရရန် လောကဓံ ကံတရားမှ ပညာပေးတာပဲ ဟု သံဝေဂရ ပြုံး မိပါတော့သည်။

ကျောင်းသားညီလာခံ(နှီးနှောဖလှယ်ပွဲ) စပြီ
တော်လှန်ရေးနယ်မြေအသီးသီးရှိ လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ၎င်းတို့နယ်မြေသို့ ထွက်ခွါလာသော ကျောင်းသားများကို စုစည်းလျက် စခန်းဖွင့်ရန် နေရာထိုင်ခင်းပေးခြင်း၊ အစားအစာ၊ ဆေးဝါးများ ပေးခြင်းတို့ဖြင့် ကူညီခဲ့ကြပြီးနောက် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (မဒတ) National Democratic Front (NDF) ခေါင်းဆောင်များဦးစီး၍ တော်လှန်ရေးနယ်မြေတွင်းသို့ ရောက်လာကြသော ကျောင်းသားများကို ညီလာခံကြီး ပြုလုပ်ပေးပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ရာတွင် ပိုမိုထိရောက်မှုရှိရန် အားပေးဖို့ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် တော်လှန်ရေးနယ်မြေများဖြစ်သော ကရင်၊ မွန်၊ ကယား၊ ရှမ်း၊ ပအို့ဝ်နယ်မြေများသို့ ရောက်နေသော ကျောင်းသားစခန်းများတွင် ကိုယ်စားလှယ်များကို ရွေးချယ်စေပြီး တာဝန်ခံအဖွဲ့အစည်းများမှ မိမိတို့နယ်မြေမှ ကျောင်းသားကိုယ်စားလှယ်များကို ကေအင်န်ယူ နယ်မြေရှိ ဝမ်ခစခန်းသစ်ဆီသို့ တာဝန်ယူပို့ဆောင်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မွန်ပြည်နယ်ရှိ ဘုရားသုံးဆူစခန်းမှ ကျောင်းသားကိုယ်စားလှယ်များကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်ကိုယ်တိုင် လိုက်ပို့ခြင်း ဖြစ်သည်။ မွန်ပြည်သစ်ပါတီမှ သူတို့အဖွဲ့ဝင်လိုလျှင် ဝင်နိုင်ကြောင်း ပြောသည်ကို ကျွန်တော်တို့က ကျောင်းသားအလံအောက်တွင် ရပ်မည်ဆိုသဖြင့် စိတ်ခုသွားသည်ဟု ခံစားမိသည်။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် သူတို့၏ အမျိုးသားရေးအတွက် စစ်သားစုဆောင်းရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ တောတွင်နေကြသော တောသူတောင်သားအများစုတွင် အမျိုးသားရေးစိတ်ဓါတ်၊ နိုင်ငံရေးအမြင်ရှိသူ အလွန်ရှားသဖြင့် အတင်းအကြပ် စစ်သားစုဆောင်းရသည်များ ရှိသည်။  ထို့ကြောင့် တော်လှန်ရေးစိတ် အပြည့်အဝနှင့် တောခိုလာသောနိုင်ငံရေးအမြင်ရှိသည့် ကျောင်းသားများကို သူတို့အဖွဲ့ဝင်အဖြစ် လိုချင်ကြသည်။

ကျွန်တော်တို့အုပ်စုကို တင်လာသောကားလေးသည် ကန်ချနဘူရီတွင် ခရီးတစ်ထောက်နားပြီး နေ့လည်စာ စားပြီးနောက် မဲဆောက်မြို့သို့ ထွက်ခွါလာခဲ့ရာ ည ၈-၉နာရီခန့် မှောင်ရီပျိုးချိန်တွင် ဆိုက်ရောက်ခဲ့ပါသည်။ မဲဆောက် ဟော်တယ်တွင် ကျွန်တော်တို့ကို ဥက္ကဋ္ဌကြီးနိုင်ရွှေကျင်မှနေရာချထားပေးသဖြင့် ကိုအောင်ကြည်ဦးနှင့် ကျွန်တော်က တစ်ခန်း၊ ကိုတင်စိုးနောင်တို့ကတစ်ခန်း အိပ်စက်နားကြရပါသည်။ ထိုမှတဆင့် ညီလာခံကျင်းပရာ ဝမ်ခစခန်းသစ်သို့ ရောက်ပြီးအောက်တိုဘာလ (၁) ရက်နေ့တွင် ကျောင်းသား ညီလာခံကြီးကို တက်ရောက် ခဲ့ပါတော့သည်။

ကျောင်းသားညီလာခံကြီးကို သဘာပတိအဖြစ် ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောမှ ဆောင်ရွက်ပြီး၊ အခန်းအနားမှူးအဖြစ် ကေအိုင်အိုမှ နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာတူးဂျာက ဆောင်ရွက်ပါသည်။  ညီလာခံသို့ တက်ရောက်လာသော ကိုယ်စားလှယ်များတွင် ကရင်နယ်မြေမှ ကိုယ်စားလှယ်ကျောင်းသားများက အများစုဖြစ်သည်။ သေ့ဘောဘိုးစခန်း၊ မင်းသမီးစခန်း၊ မိုးထောင်စခန်း၊ စောထစခန်း၊ သံလွင်စခန်း၊ ခရက်ဒေးစခန်းတို့သည် ကရင်နယ်မြေ၏ စခန်းများဖြစ်သည်။

ကိုလှမျိုးနောင်နှင့် မောင်မောင်သိန်း (ပြောင်ကြီး) တို့ကလည်း ဘန်ကောက်မှဆင်းလာပြီး ကိုသန်းဝင်းနှင့် မဲဆောက်တွင် တွေ့ကြပြီး သူတို့က ကိုသန်းဝင်းအား ညီလာခံမတက်ရန် ပြောရင်းမှ ကိုသန်းဝင်းက သူတို့နှစ်ယောက်လုံးကို ဖျောင်းဖြပြီး တက်ခိုင်းသဖြင့် ညီလာခံသို့ တက်လာသည် (ကိုသန်းဝင်းနှင့်အင်တာဗျူးမှ)။

ကိုလှမျိုးနောင်သည် သေ့ဘောဘိုးစခန်းသို့ရောက်ဖူးသည့်အပြင် ကေအင်န်ယူ နှင့် ပဏာမစားသဖြင့် (သဟဇာတမတည့်သဖြင့်) ဘန်ကောက်သို့ တက်သွားပြီး ဦးဇာလီမော်နှင့် ဦးနု၏သား ဦးအောင်တို့ထံတွင် နေသည့်အတွက် ကေအင်န်ယူ မှ အမြင်မကြည်မလင် ဖြစ်နေစဉ် ကာလဖြစ်သည်။ ဗိုလ်ချုပ်ကြီး တာမလာဘောက “ခင်ဗျားက ဘယ်စခန်းကလဲ” ဟု မေးရာ မိုးကဲစခန်းမှဖြစ်ကြောင်းပြောရာ “ခင်ဗျားက မိုးကဲကိုယ်စားလှယ် မဟုတ်ဘူး၊ ဒါကြောင့် ညီလာခံမှာ ကိုယ်စားလှယ် အနေနဲ့ခွင့်မပြုနိုင်ဘူး” ဟုပြောသဖြင့် ကိုလှမျိုးနောင်ကို လေ့လာသူအဖြစ်နှင့်သာ တက်ရောက်ခွင့်ပြုပြီး ဝင်ရောက် ဆွေးနွေးခြင်းကို ခွင့်မပြုခဲ့ပေ။ ကိုလှမျိုးနောင်သည် ကိုမင်းဇေယျာ ဦးဆောင်သော မကဒ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရေစီလှုပ်ရှားမှုအစည်းအရုံး) မှဖြစ်ပြီး ထိုစဉ်က မင်းကိုနိုင် ဦးဆောင်သော ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်) နှင့် ပြိုင်ဖက်များဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ရှစ်လေးလုံးတွင် ပေါ်ပေါက်လာသော အဓိကကျောင်းသားအဖွဲ့အစည်းနှစ်ခုမှာ စည်းလုံးမှုမရှိခဲ့ဘဲ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်ဆိုသည့် အခြေအနေဖြစ်သည့်အတွက် ပြည်တွင်းမှ ညီညွတ်မှုမရှိသည့်ဂရက်သည် နယ်စပ်အထိ ရိုက်ခတ်လာခဲ့သည်ဆိုက မမှားချေ။ ထို့ကြောင့် အစည်းဝေး တက်လာသော ကိုလှမျိုးနောင်ကို ကိုဝင်းမိုး၊ ကိုအောင်နိုင်တို့၏ ဗကသအုပ်စုမှ ယနေ့ပွင့်လင်းလူ့အဖွဲ့အစည်းကဲ့သို့ အတူတကွ ပူးပေါင်းရပ်တည်ရန် ဖိတ်ခေါ်ခြင်း မရှိခဲ့ချေ။ ထို့နောက် ကိုလှမျိုးနောင် နောက်တစ်နေ့တွင် ဘန်ကောက်သို့ ပြန်တက်သွားခဲ့သည်။ ထိုစဉ်က ကျောင်းသားထုအကြားတွင် စောစောစီးစီးနယ်စပ်သို့ အာဏာမသိမ်းခင် ထွက်လာပြီး သတင်းစာများတွင် ပါလာခဲ့သည့်အတွက် တရှိန်ထိုး နာမည်တက်နေသော ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော်ကို ကျောင်းသားကိုယ်စားလှယ်များက မျှော်နေကြသော်လည်း ညီလာခံကြီးသို့ သူသည် တက်ရောက်မလာခဲ့ချေ။ အကယ်၍သာ ကိုမောင်မောင်ကျော် တက်ရောက်လာပါက ညီလာခံကြီးမှ သူ့အား ဥက္ကဋ္ဌအဖြစ်ရွေးချယ်ကောင်းရွေးချယ်မည့်သဘောရှိသည်ဟု ထင်သည်။


ညီလာခံမစခင် ကျွန်တော်တို့ မဲဆောက်သို့တက်၍ မောင်မောင်ကျော်ကို ဖုံးဆက်ခေါ်ကြသည်။ ကိုဝင်းမိုးက ကိုမောင်မောင်ကျော်ကို “ဆင်းမလာနဲ့ အသက်အန္တရာယ်ရှိတယ်” ဟု ပြောသံကြားရသည်။ ကျွန်တော်က ဖုံးကိုင်၍ ကိုမောင်မောင်ကျော်ကို ဆင်းလာခဲ့ရန် တိုက်တွန်းခဲ့သည်။ သူကလာခဲ့ပါမည်ဟု ပြောသော်လည်း ညီလာခံကို တက်ရောက် လာခြင်း မရှိခဲ့ချေ။

(ကေအင်န်ယူ ဒုဥက္ကဌဟောင်း စောသန်းအောင် (ကွယ်လွန်) နှင့် ကိုမောင်မောင်ကျော်တို့ ၁၉၈၈ စက်တင်ဘာ ၁ ရက် ၀မ်းခဆွေးနွေးပွဲတွင် အဆင်မပြေဖြစ်ခဲ့ပြီးနောက် အောက်တိုဘာလ အလယ်လောက်ကစပြီး ကေအင်န်ယူနယ်မြေ အတွင်းသို့ ကိုမောင်မောင်ကျော် ဝင်လို့ မရတော့ဘဲ ညီလာခံနှင့် ဝေးခဲ့ရသည်ဟု နောင်တွင် ကိုမောင်မောင်ကျော်က ရှင်းပြခဲ့ပါသည်။)
ညီလာခံကြီးတွင် ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခွင့်မပြုဘဲ ငြင်းပယ်ခြင်းခံရသောသူများမှာ သော့ဘောဘိုး စခန်းခေါင်းဆောင်ဖြစ်ခဲ့သူ ကျောင်းဆရာ ကိုလှအောင်၊ ဟွေစေတီစခန်းအတွင်းရေးမှူးလုပ်ခဲ့သူ ကိုဂျော်လီထွန်းတို့ ဖြစ်သည်။ ကိုဂျော်လီထွန်းသည် သာယာဝတီ-သုံးဆယ်မြို့၏ သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သေ့ဘောဘိုး စခန်းသို့ ရောက်ပြီး KNU က မဲကလားချောင်းဘေးမြေနေရာကို စပေးသည့်အခါ ကျောင်းသားခေါင်းဆောင်များ လက်ဖ၀ါးခြေဖ၀ါးဗလာနှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်တွင် ကိုဂျော်လီထွန်းက ပုဆိန်၊ ရဲဒင်း၊ ပေါက်ပြား၊ တူရွင်းများ ဝယ်ယူရန် သာယာဝတီရန်ပုံငွေထဲမှ ငွေအချို့ကို တော်လှန်ရေးအတွက် မတွန့်မတို ထုတ်ပေးခဲ့သည်။ နောင်တွင် ကရင်လွှမ်းမိုးမှု ရှိသည်ဟု သံသယရှိကာ စခန်းမှ ထွက်ခွါသွားခဲ့သည်။ ကိုဂျော်လီထွန်းသည် ဗကသအုပ်စုနှင့် သေ့ဘောဘိုးစခန်းတွင် အတူရပ်ခဲ့ပြီး လွတ်လပ်သောနယ်မြေတောင်းဆိုမှုတွင် ပါဝင်ခဲ့သည်။ ထိုမှတဆင့် မဲဟောင်ဆောင် ဟွေစေတီစခန်းသို့ ထွက်ခဲ့ပြီး စခန်းအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ မဲဟောင်ဆောင်စခန်း တစ်ခုလုံးရှိ ရဲဘော်များ၏ အိပ်ဆောင်များအားလုံးအတွက် ပလပ်စတစ်အမိုး၊ တပ်တွင်းဆေးခန်းအတွက် လိုအပ်သည့် ဆေးဝါးများကို သာယာဝတီ ရန်ပုံငွေများထဲမှ တော်လှန်ရေးအတွက် စိုက်ထုတ်ကုန်ကျခံခဲ့ပြန်သည်။

အထက်တန်းကျောင်းသားခေါင်းဆောင်အဖြစ် တက်ရောက်လာသူ ကိုရွှေထီးနှင့် ကိုနိုင်ကိုတို့မှာလည်း ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့်မရဘဲ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိခဲ့သည်။

အခြားလေ့လာသူများအဖြစ် တက်ရောက်ခွင့် ရရှိသူများမှာ ကျွန်တော် မှတ်မိသလောက် မွန်းအောင်၊ ထူးအိမ်သင်နှင့် လွင်လွင်သိန်းတို့ ဖြစ်ကြသည်။

ဟွေစေတီကျောင်းသားစခန်းဥက္ကဋ္ဌ ရစ်ချက်ဋ္ဌေးရယ် (ကယားဥက္ကဋ္ဌကြီး စောမောရယ်၏တူ) နှင့် ကိုဂျော်လီထွန်းတို့ ညီလာခံမစခင်စကားများသဖြင့် ညီလာခံကိုယ်စားလှယ်အဖြစ်မှ သူ့အားထုတ်ပယ်ပစ်ရန် ရစ်ချက်ဋ္ဌေးရယ်က သဘာပတိအား ပြောကြားသည့်အတွက် သဘာပတိက ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းခြင်းခံခဲ့ရသည် (ကိုဂျော်လီထွန်း၏ပြောပြချက်မှ)။

ကိုဂျော်လီထွန်းက မိမိဖါသာ ပြည်တွင်းကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ကြိုးစားရာ သဘာပတိ ဗိုလ်ချုပ်ကြီး တာမလာဘောက “ခင်ဗျား ဘယ်စခန်းကို ကိုယ်စားပြုသလဲ” မေးသည့်အခါ ဂျော်လီထွန်းက သူသည် ပြည်သူ သန်း ၄၀ ၏ ကိုယ်စားလှယ်ဖြစ်ကြောင်း ပြောရာ လက်မခံဘဲ ပယ်ချလိုက်သည်။ ထို့အတူ သေ့ဘောဘိုးစခန်း ကျောင်းဆရာ ကိုလှအောင်ကလည်း ဝင်ရောက်ဆွေးနွေးရာ သဘာပတိကြီးက သူ့အားစခန်းမှ ကိုယ်စားလှယ်အဖြစ် မရွေးချယ်သဖြင့် ဆွေးနွေးခွင့် မပေးဘဲ ငြင်းပယ်ခံရပြန်သည်။ (မှတ်ချက်။ ကိုလှအောင်သည် ညီလာခံတွင် ကိုယ်စားလှယ် မဖြစ်သဖြင့်လည်းကောင်း ကရင်နှင့် မပြေလည်သဖြင့်လည်းကောင်း ပြည်တွင်းသို့ ပြန်ဝင်သွားပြီး အစိုးရနှင့်ပေါင်းကာ သေ့ဘောဘိုးစခန်းသို့ လေယဉ်မှ စာကျဲချပြီး ကျောင်းသားများကို ပြန်လာခဲ့ရန် ခေါ်သည်အထိ ဘက်ပြောင်းသွားခဲ့ပေသည်။)

ထိုအခါ ညီလာခံစသည်နှင့် ကရင်နယ်မြေတွင်ရောက်နေသည့်လူများက အများစုဖြစ်သည့်အပြင် စခန်းများကလည်း များသဖြင့် တက်ရောက်လာသော စခန်းကိုယ်စားလှယ်အများစုမှာ ကရင်နယ်မြေစခန်းများမှ ဖြစ်နေသည်မှာ မထူးဆန်းလှပေ။ ကရင်နယ်မြေမှ ကိုယ်စားလှယ်များကို ကေအင်န်ယူမှ စုစည်းပေးသည့်အတွက် ထိုအုပ်စုသည် အင်အားအတောင့်တင်းဆုံး ဖြစ်နေခဲ့သည်။
ကရင်ပြည်နယ်စခန်းများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအုပ်စုကြီးကို ရှေ့နေကိုကျော်လင်း (ပြည်တွင်းပြန်ဝင်)၊ ကိုမောင်မောင်တိတ် (ဦးသန့်-မဲဆောက်)၊ ဒေါ်နုနုအေး (လေတပ်တပ်ကြပ်ကြီး ကွယ်လွန်) ကိုစံရွှေအောင် (ပြည်တွင်းပြန်ဝင်)၊ ကိုဘုန်းကို (ပြည်တွင်းပြန်ဝင်)၊ ကိုတင်စိုး၊ ကိုဆန်းလင်း (ကျဆုံး)၊နှင့် အခြားအမည်မသိလူများတို့မှ ဦးဆောင်သည်။

ညီလာခံစသည်နှင့် ပထမဆုံးတက်သည့်ပြဿနာမှာ ညီလာခံကိုယ်စားလှယ်များအဖြစ် အကျုံး ဝင် မဝင် ဆိုသည့် ပြဿနာ ဖြစ်သည်။ ဗကသအုပ်စုသည် စခန်းတွင်မနေသဖြင့် စခန်းနောက်ခံမရှိသည့်အတွက် ကိုယ်စားလှယ် မပေးသင့်ဟု ကရင်နယ်မြေ ကိုယ်စားလှယ်များက ကန့်ကွက်တင်ပြလာသည်။ သေ့ဘောဘိုးစခန်း၏ ကိုးဦး ကော်မတီဝင်များထဲတွင် ကိုလှအောင်၊ ကိုဝမ်ဟုတ်၊ ဆလိုင်းကိုကိုဦး၊ ကိုဇာနည်တို့ ပါသည်။ ထိုသုံးယောက်လုံးသည် ဗကသအဖွဲ့ဝင်များ ဖြစ်ကြသည်။ သို့ရာတွင် ကိုလှအောင်မှာ ကေအင်ယူနှင့် သဟဇာတမဖြစ်သဖြင့် ညီလာခံ ကိုယ်စားလှယ်အဖြစ် အရွေးမခံရချေ။ ကိုလှအောင်က ရှင်းမည်ဟု ပြောသည့်အခါ ဗိုလ်ချုပ်ကြီးတာမလာဘောက “ခင်ဗျားမရှင်းနဲ့ ကျုပ်ရှင်းရင် ပြတ်သွားမယ်၊ ကျဉ်တစ်တောင့် ၂  ဘတ်ပဲ ရှိတယ်” ဟု ပြောသဖြင့် ကိုလှအောင် ကြောက်ပြီး နောက်ဆုတ်သွားခဲ့သည်။ ထို့ကြောင့် ကိုလှအောင်မပါဘဲ သေ့ဘော့ဘိုးစခန်း ကိုးဦးကော်မတီမှ ကျန်သုံးဦးသာ တက်ရောက် ခွင့်ရခဲ့သည်။

အဓိကပြဿနာမှာ ဗကသအုပ်စုသည် နယ်စပ်သို့ ရောက်လာပြီးနောက် သေ့ဘောဘိုးစခန်းတွင်ဝင်ရောက်ပြီး နိုင်ငံတကာသတင်းထောက်များဖြစ်သည့် ဂျပန်နိုင်ငံ အာဆာဟိရှင်ဘွန်း သတင်းထောက်၊ မြန်မာ့အရေး ကျွမ်းကျင်သူ မာတင်စမစ်၊ ထိုင်းနေရှင်းသတင်းထောက် ရင်ဒီစသည်တို့နှင့် တွေ့ဆုံရာတွင် လွတ်လပ်သောနယ်မြေ အလိုရှိကြောင်း တောင်းဆိုခဲ့သည့်အတွက်ကြောင့် ကေအင်န်ယူ ခေါင်းဆောင်များ၏ ညိုညင်မှုကိုခံရသည်။ ကေအင်န်ယူကလည်း ပညာတတ်ကျောင်းသားများ မိမိနယ်မြေထဲတွင် လာပြီး လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်သည်ကို ခွင့်မပြုနိုင်ချေ၊ ဘာပဲလုပ်လုပ် သူတို့ခွင့်ပြုမှရမည်၊ သူတို့၏လုပ်ပိုင်ခွင့်ဟုယူဆသည်။ ထိုစဉ်က စကားနှင့် ပြောရမည်ဆိုလျှင် အိမ်ကြီးထဲတွင် အိမ်ငယ်လာဆောက်ခြင်းကို ခွင့်မပြုနိုင်ချေ။ ထိုနေရာတွင် ကျောင်းသားများဖက်မှ မရင့်ကျက်မှု၊ မောက်မာမှုတို့သည် အဓိကအားနည်းချက် ဖြစ်သလို ကေအင်န်ယူနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဖက်ကလည်း အလွန်အမင်း စိုးရိမ်စိတ်နှင့် ကျောင်းသားတော်လှန်ရေးလှုပ်ရှားမှုကို ထိန်းချုပ်လိုခြင်း၊ တော်လှန်ရေးကြီးတစ်ခုလုံးကို မိမိတို့၏ဦးဆောင်မှုဖြင့်သာ သွားလိုခြင်းတို့ကြောင့် ကျောင်းသားများ၏ တော်လှန်ရေးရည်မှန်းချက်ကြီးကို ရေစုန်မြောစေရန် ဖန်တီးစေခဲ့သည်။

  တော်လှန်ရေးနယ်မြေတွင် တော်လှန်ရေးကို လွတ်လွတ်လပ်လပ်လုပ်လိုသော လူငယ်စိတ်၊ အတွေ့အကြုံ နည်းသော်လည်း ငါသာခေါင်းဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ ဗိုလ်ချုပ်ကြီးများ လုပ်မည်ဟု စိတ်ကူးယဉ် နေသည့်သူများကလည်းရှိသည်။ တိုင်းရင်းသား တော်လှန်ရေးနယ်မြေတွင် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းအား မောက်မောက်မာမာ ပြောဆိုပြီး လွတ်လပ်သောနယ်မြေ တောင်းဆိုခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့စေသည့်အပြင် တော်လှန်ရေး လုပ်မရသည့် အခြေအနေအထိ ရောက်သွားစေနိုင်သည်ကို သတိပြုမိပုံမပေါ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖက်မှနေ၍ စဉ်းစားတွေးခေါ်မှုမရှိဘဲ မိမိ လိုချင်သည်တို့ကို ကာလံဒေသံမကြည့်ဘဲ တောင်းဆိုခဲ့ကြသဖြင့် တာစထွက်သည်နှင့် ကွဲခဲ့ကြသည်။

အပြန်အလှန် စဉ်းစားကြည့်လျှင် တိုင်းရင်းသားများဖက်မှလည်း သူတို့ကို မယုံကြည်သူများအား သူတို့နယ်မြေတွင် ဆက်လက် ထားပါက သူတို့အတွက် အန္တရာယ် ရှိသည့်အတွက် ထားမည်မဟုတ်သလို အပြန်အလှန်အားဖြင့် အရာရာ သူတို့ကို အသိပေးရမည်၊ သူတို့ခွင့်ပြုချက်ကို ယူရမည်ဆိုသည့် လက်အောက်ခံသဘောမျိုး ဆက်ဆံမှုကိုလည်း ကျောင်းသားများက လက်မခံနိုင်ကြချေ။ သာဓကအားဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံရေး၊ နိုင်ငံတကာမှ အထောက်အပံ့ ပစ္စည်းများကို တိုက်ရိုက် ရယူနိုင်ရေး၊ ပြည်တွင်းသို့ ထိုးဖေါက်နိုင်ရေးတို့ကို လွတ်လပ်စွာ လုပ်လိုကြသည်။ နိုင်ငံတကာမှ လှူဒါန်း၍ ရရှိလာသည့် ပစ္စည်းများကို ကေအင်န်ယူကရယူပြီး ကျောင်းသားတို့အား သူတို့ကပေးသည့် အကူအညီသဖွယ် ပြုလုပ်သည်ကို သိလာကြသော ကျောင်းသားများက နိုင်ငံခြားတိုင်းပြည်များနှင့် တိုက်ရိုက်ဆက်ဆံရေးကို တောင်းဆိုလာကြသောအခါ ထိုကဲ့သို့သော ကျောင်းသားများကို ကေအင်န်ယူက မလိုလားတော့ချေ။ ထို့ကြောင့် ဗကသအုပ်စုအား ညီလာခံ ကိုယ်စားလှယ်များအဖြစ် မပေးရန် ကေအင်န်ယူက မိမိနယ်မြေစခန်းများမှ တက်လာသည့်ကျောင်းသားကိုယ်စားလှယ်များကို ဗကသသည် မလိုလားအပ်သည့် ရေပေါ်ဆီ ကျောင်းသားအုပ်စုဖြစ်သည်ဟု သွေးထိုးထားခဲ့သည်။

ထို့ကြောင့် ကရင်နယ်မြေကိုယ်စားလှယ်များက သမဂ္ဂဆိုတိုင်း ကိုယ်စားလှယ်ပေးရမှာလားဟု ညီလာခံတွင် ပြောကြားလာပြီး ဗကသအုပ်စုအား ဗြောင်စော်ကားသည့်စကားဖြစ်သည့် “သမဂ္ဂဆိုတိုင်း ကိုယ်စားလှယ် ပေးရမည်ဆိုလျှင် ဆိုက်ကားသမားသမဂ္ဂတို့၊ အလှဖန်တီးရှင်များသမဂ္ဂ (မိန်းမရှာများသမဂ္ဂကိုဆိုလိုသည်) တို့ကိုလည်း ကိုယ်စားလှယ်ပေးရမည်” ဟု ပြောကြားလာသဖြင့် ကိုမြတ်စိုး (ရန်ကုန်တက္ကသိုလ်တွင် ဗကသဖွဲ့စည်းစဉ်က မင်းကိုနိုင်က ဥက္ကဋ္ဌဖြစ်ပြီး ကိုမြတ်စိုးမှာ ဘဏ္ဍာရေးအတွင်းရေးမှူး ဖြစ်သည်) ဒေါသပေါက်ကွဲပြီး အနီးရှိ ညီလာခံဘေးက သစ်ပင်ကြီးကို လက်သီးနှင့်ထိုးလိုက်ရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ညီလာခံကြီးကို အကျိုးဆောင် ဒေါက်တာတူးဂျာက ခေတ္တရပ်ဆိုင်းပေးလိုက်ရသည်။

ညီလာခံပြန်စသည့်အခါ ဒေါက်တာတူးဂျာက ဤညီလာခံကြီးဖြစ်မြောက်ရန် ကြိုးစားသူများထဲတွင် ဗကသအုပ်စုလည်း ပါကြောင်း၊ ကချင်နယ်မြေကျောင်းသားများကို ဗကသမှ သံကြိုးရိုက်၍ ဖိတ်ခေါ်ခဲ့ကြောင်း၊ အခြားစခန်းများကိုလည်း အကြောင်းကြားရာတွင် ပါဝင်ကူညီခဲ့ကြောင်း ထို့ကြောင့် ဗကသကျောင်းသားများကို ကိုယ်စားလှယ်ပေးသင့်ကြောင်း တင်ပြလာသည့်အပေါ် အများက တစ်ဖွဲ့လျှင် ၃ ဦး တက်ရောက်ခွင့်ကို သဘောတူညီချက် ပေးခဲ့ကြသည်။ ထို့ကြောင့် ညီလာခံတွင် ဗကသအုပ်စုအဖြစ် ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ရခိုင်ကိုကျော်ထင်တို့က တက်ရောက်ပြီး CSRM ကျောင်းသားအဖွဲ့ကိုယ်စားလှယ်များအဖြစ် ကိုမြတ်စိုး၊ ကိုအောင်ထွန်း (အရှည်ကြီး) နှင့် သီဟတင်စိုးတို့က တက်ရောက်ခဲ့ကြသည်။ ဆလိုင်းကိုကိုဦး၊ ကိုဇာနည်နှင့် ကိုဝမ်ဟုတ်တို့သည် သေ့ဘောဘိုးစခန်းမှ ကိုယ်စားလှယ် ဖြစ်သော်လည်း ကရင်နယ်မြေ ကိုယ်စားလှယ်အဖြစ် မနေဘဲ ဗကသအုပ်စုနှင့် လာပေါင်းသည်။

ကယားပြည်နယ်၊ ဟွေစေတီစခန်းအုပ်စုကို ရစ်ချက်ဋ္ဌေးရယ်၊ ကိုကြည်မိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဆန်နီမရင်ဒါ၊ ပါစကွယ်လယ် (DVB၊ နော်ဝေး) တို့က ဦးဆောင်သည်။

ရှေ့အပတ်ဆက်လက်ဖော်ပြပါမည်။

အားလုံးကိုလေးစားလျက်။
ထွန်းအောင်ကျော် (၇၄)
ညီလာခံမတိုင်မီ ကရင်စခန်းများမှ ကျောင်းသားကိုယ်စားလှယ်များ 
နောက်တန်း ဘယ်မှညာ - ဆန်းလင်း (ကျဆုံး)၊ ဝမ်ဟုတ်၊ ကိုကျော်လင်း၊ ကိုအောင်ခင်၊ ကိုမျိုးသန့်(ကျဆုံး)၊ စံရွှေအောင်၊ မောင်မောင်တိတ်၊ ကိုကိုဦး၊ ကိုရီထွန်း၊ ကိုတင်လေး (ပျောက်ဆုံး)။
ရှေ့တန်း ဘယ်မှညာ - သိန်းထိုက်၊ တင်စိုး၊ ဒေါ်နုနုအေး(ကွယ်လွန်)၊ ဘုန်းကို ၊အောင်ဟိန်း၊
ညီလာခံမတိုင်မီ ကရင်စခန်းများမှ ကျောင်းသားကိုယ်စားလှယ်များ နောက်တန်း ဘယ်မှညာ - ဆန်းလင်း (ကျဆုံး)၊ ဝမ်ဟုတ်၊ ကိုကျော်လင်း၊ ကိုအောင်ခင်၊ ကိုမျိုးသန့်(ကျဆုံး)၊ စံရွှေအောင်၊ မောင်မောင်တိတ်၊ ကိုကိုဦး၊ ကိုရီထွန်း၊ ကိုတင်လေး (ပျောက်ဆုံး)။ ရှေ့တန်း ဘယ်မှညာ - သိန်းထိုက်၊ တင်စိုး၊ ဒေါ်နုနုအေး(ကွယ်လွန်)၊ ဘုန်းကို ၊အောင်ဟိန်း၊
ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် “တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောမှတ်တမ်း
ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် “တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောမှတ်တမ်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...