Monday, November 4, 2013

လမ်းများ

Thanda WinOctober 27, 2013 at 6:56pm

မြန်မာပြည်ဟာ သက်ဦးဆံပိုင် ဘုရင်စံနစ်အောက်မှာ ကျင့်သားရလာခဲ့ပြီး အင်္ဂလိပ်ကိုလိုနီအဖြစ် ကျရောက်ခဲ့ပါတယ်။ သူ့ကျွန်ဘ၀နဲ့ နှစ် ၁၀၀ ကျော်နေခဲ့ရပြီး ၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ၁၉၆၂ မှာ အာဏာသိမ်းခံခဲ့ရပြီး ၂၀၁၀ အထိ အမည်ပြောင်း အာဏာရှင်စနစ်တွေ အောက်မှာ ရှင်သန်ခဲ့ပါတယ်။မြန်မာပြည်သူများအနေနဲ့ ဆိုးရွားလှတဲ့ စစ်အာဏာရှင်များကို ဘာကြောင့်ဒီလောက်ကြာကြာ သည်းခံနိုင်တာလဲလို့ ကမ္ဘာသူ ကမ္ဘာသားများက အံ့သြဘနန်းဖြစ်ခဲ့ကြပါတယ်။

ဘာကြောင့်ပါလဲ။

အကောင်းဘက်ကတွေးကြည့်ရင် မြန်မာများဟာ ပျော်ပျော်နေ သေခဲဆိုတဲ့ လူမျိုးတွေဖြစ်တယ်။ စိတ်အေးလက်အေးနေတတ်ပြီး တခြားလူမျိုးတွေထက်စာရင် ရန်ငြိုးအာဃာတ နည်းပါးပါတယ်။ နားထောင်လို့တော့ ကောင်းသား။

အလင်းခြမ်းရှိရင် အမှောင်ခြမ်းရှိစမြဲပါ။
မြန်မာ့နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာသူ ပညာရှင်များက မြန်မာများဟာ ရန်သူမျိုး ၅ ပါးထဲမှာ အုပ်ချုပ်သူ မင်းအစိုးရကို ထည့်သွင်းထားတယ်။ ရှင်ဘုရင်လည်း ကြိုက်တာလုပ်၊ ငါတို့လည်း ကြိုက်တာလုပ်မယ်လို့ မှတ်ယူထားကြပါ သတဲ့။ ပြန်မပြော နားမထောင်ပေါ့လေ။ ဒါဟာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာတဲ့ အတွေးအမြင်မျိုးမဟုတ်ပါဘူး။ ပဒေသရာဇ်ခေတ်ကတည်းက တည်တံ့ခဲ့တဲ့ ရိုးရာဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးကြောင့် ရှင်ဘုရင်က အရည်အချင်းရှိသူဖြစ်တဲ့အခါ မြန်မာနိုင်ငံတော်ရယ်လို့ ထိပ်တန်းတစ်နေရာကို ရောက်နိုင်ခဲ့ပြီး ရှင်ဘုရင်ဆိုးတဲ့အခါ အကွဲကွဲအပြားပြားတွေ ဖြစ်ခဲ့ရတာကို သမိုင်းတစ်လျှောက်တွေ့နိုင်ပါတယ်။ ဒါဟာ မြန်မာတစ်နိုင်ငံတည်းတော့လည်း မဟုတ်ပြန်ပါဘူး။ အာရှနိုင်ငံအများစုဟာ  ခပ်ဆင်ဆင် ရာဇ၀င်တွေရှိခဲ့တာမို့ အာရှသားများဟာ မင်းလောင်းမျှော်အလေ့အထ ရှိတယ်လို့ ပြောကြပါတယ်။
ဟုတ်သလိုလိုပဲ။ မင်းလောင်းမျှော် တတ်ကြသလား။ မညာကြေးနော်။

ဒါကြောင့်လည်း ဆရာတစ်ယောက်က မြန်မာနိုင်ငံရေး အပြောင်းအလဲဆိုတာ ဘုရင်တစ်ယောက်သေ၊ ဘုရင်တစ်ယောက်တက်၊ မိဖုရားကြီး နောက်ယောက်ျားရသွားတဲ့ အပြောင်းအလဲမျိုးပါပဲလို့ သရော်ပါတယ်။
မေးစရာရှိတာက ဒီလိုအပေါ်ယံပြောင်းတာမျိုးမဟုတ်ပဲ၊ အတွင်းကျကျပြောင်းတာမျိုး ဖြစ်အောင် ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။ ဘာတွေ လုပ်ကြမလဲ။

ရှေးရှေးဘုရင်စနစ်ထဲမှာ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အယူအစွဲတွေက နစ်မြှပ်နေပေမယ့် ပြင်ပကမ္ဘာကတော့ သွက်သွက်ကြီး ပြောင်းလဲနေခဲ့ပါတယ်။ စိုက်ပျိုးမွေးမြူရေးခေတ်၊ စက်မှုခေတ်၊ အိုင်တီခေတ်၊ အင်တာနက်ခေတ်နဲ့ ရွာကြီးဖြစ်လာပြီ။ အုပ်ချုပ်သူလူတစ်စုကိုသာ အဓိကထားခဲ့ရာက တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ တန်ဖိုးနဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့ အတွေးအမြင်တွေ နေရာအနှံ့ထွန်းကားလာခဲ့ပါပြီ။

ဒီလိုအချိန်ကောင်းမှာပဲ မြန်မာပြည်က ရုတ်တရက်ကြီး တံခါးတွေဖွင့်လိုက်ပါတယ်။
ရိုးရာဒေသစွဲတွေနဲ့ နိုင်ငံတကာအမြင်တွေ တိုးတိုက်မိကြတာပေါ့လေ။ တကယ်တော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ရှေးရိုးစွဲ စံနှုန်းတွေ၊ တန်ဖိုးတွေနဲ့ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက စွန့်ထားခဲ့သူတို့ ထိပ်တိုက်တွေ့ကြပါတယ်။
မြန်မာပြည်သူတွေမှာ ---
ရုပ်ပိုင်းဆိုင်ရာမှာ ဖြစ်ချင်တာက သူများနည်းတူ ဖွံ့ဖြိုးတိုးတက်ခေတ်မီလိုကြတယ်။
စိတ်ပိုင်းဆိုင်ရာမှာက ဒါတွေဖြစ်အောင်လုပ်ပေးရမှာ ဘုရင်ကြီးအလုပ်၊ ငါတို့နဲ့မဆိုင်လို့ တွေးနေတုန်းပဲ။
တစ်ခုလိုချင်ရင်၊ တစ်ခုတော့ ပေးကြရမြဲပါ။ အလကားရတာ ဘာမှမရှိဘူးလေ။
ဘာတွေပေးကြရမလဲ။

အပြောင်းအလဲရဲ့ ခေါင်းစဉ်က ဒီမိုကရေစီပါ။
သက်ဦးဆံပိုင်ဆိုတဲ့ ဘုရင်စနစ်မျိုးနဲ့ ဆန့်ကျင်ဘက် အာဏာသည် လူထုလက်မှ ဆင်းသက်သည်ဆိုတဲ့ အဓိပ္ပါယ်ပါ။ လူထုကမကြိုက်ရင် အချိန်မရွေး ဖြုတ်ချခွင့်အထိ ရှိနေတာမျိုးပါ။
တစ်သက်လုံး ဘုရင်ကို ကြောက်ရွံ့ရိုသေ ရွံရှာခဲ့ကြတဲ့ မြန်မာတွေအတွက် နားဝင်ချိုလှပါတယ်။
ဒီတစ်လုံးနဲ့တင် အရည်တွေပျော်လို့။

ဒါပေမယ့် ဒါက  စကားလုံးအဆင့်မှာပဲ ရှိပါသေးတယ်။ လူထုလက်ထဲကို အာဏာရောက်သေးတာ မဟုတ်ပါဘူး။ ရော့ ယူလိုက်လို့ ထည့်ပေးလို့ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။
အရင်ဆုံးလုပ်ရမှာက ဘုရင်လည်းလုပ်ချင်ရာလုပ်၊ ငါတို့လည်း လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတွေးအမြင်ကို ပြောင်းပြန်လှန်ပစ်ဖို့လိုပါတယ်။ အုပ်ချုပ်သူကို လမ်းကြောင်းတည့်အောင် မောင်းနှင်နိုင်တဲ့ အရည်အချင်းရှိပြည်သူတွေဖြစ်ဖို့လိုပါတယ်။

တိုတိုပြောရင်တော့ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပါသည် ပေါ့လေ။ ဒါကိုလည်း စကားလုံးအဆင့်ထက်ပိုပြီး လူတိုင်းနားလည် သဘောပေါက်လာတဲ့အထိ အမျိုးမျိုး အဖုံဖုံသော နည်းစနစ်များနဲ့ နိုင်ငံရေးအသိပညာပေးဖို့ လိုအပ်ပါတယ်။ ဆရာအောင်ထွဋ်ကြိုးစားခဲ့တာ ဒါပါပဲ။ ဒီတစ်ခွန်းအတွက် နှစ်ပေါင်းများစွာပေးခဲ့ရတာပါ။ ဒီမိုဘိုးအေနိုင်ငံတွေမှာတောင် ဘယ်တော့မှ ပြီးဆုံးရပ်တန့်သွားမှာမဟုတ်တဲ့ စဉ်ဆက်မပြတ်လုပ်ငန်းစဉ်မျိုးပါ။ မြန်မာပြည်မှာ အခုမှ စလုံးရေစပဲ ရှိပါသေးတယ်။



ဒီအချိန်မှာ ကျိုးကြောင်းသင့်တော်လှတဲ့ အကွက်ကောင်းအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကဏ္ဍက အရေးပါလာပါတယ်။ နိုင်ငံရေးဟာ လူတိုင်းနဲ့ ဆိုင်သလို အခြေခံဥပဒေကလည်း လူတိုင်းနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ဒါတွေဟာ ချိတ်ဆက်နေကြောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးကို မသိ သိအောင်လုပ်ပေးဖို့ရန်မှာ နားလည်ထားတဲ့ လူတိုင်းရဲ့ တာဝန်ပါ။ နိုင်ငံရေးကို ဦးဆောင်ချင်သူတိုင်းရဲ့ တာဝန်ပါ။ ပါတီတစ်ခု၊ လူတစ်စုတည်းရဲ့ ၀တ္တရားမဟုတ်ပါဘူး။

ဒီလိုအတွေးအမြင်တွေဟာ အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် စနစ်ဟောင်းကို ပုံစံတစ်မျိုးနဲ့ ဆက်လက်ရှင်သန်ချင်သူတွေကတော့ သဘောကျနှစ်သက်လိမ့်မယ် မဟုတ်ပါဘူး။ ဘယ်နည်းနဲ့ မဆိုတားမြစ်မှာပါပဲ။ အကြမ်းနည်းက အလုပ်မဖြစ်လေတော့ အနုနည်းပေါ့လေ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြည်သူ့ဆန္ဒတောင်းခံတဲ့အပေါ် အမြင်အမျိုးမျိုးကို ကြားနေရပါတယ်။ ဒါဟာ တပ်မတော်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်ဖို့ကြိုးစားတာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်တဲ့နည်းပါပဲ လို့ တပ်အပ်သေချာပြောနေကြတာကို တွေ့ရပါတယ်။


နည်းနည်းစဉ်းစားကြည့်ရအောင်ပါ။ လူထုအနေနဲ့ ဖွဲ့စည်းပုံဥပဒေကို ဖတ်ရှူလေ့လာထားခြင်းမရှိပါဘူးလို့ ဦးဌေးဦးပြောခဲ့တာ အမှန်ပါပဲ။ မဖတ်ပဲ မဲပေးခဲ့ပြီး ၉၂.၈ % ထောက်ခံမှုကိုရခဲ့တာပါ။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်ချင်တယ်ဆိုရင် လစ်လျုရှူနိုင်ငံရေးကိုသာ တစ်လျှောက်လုံးကျင့်သုံးခဲ့တဲ့လူထုကို ဒီစာအုပ်ဖတ်ဖြစ်အောင် တိုက်တွန်းရမှာပါ။ လူထုထဲမှာ အ၀င်အပါဖြစ်တဲ့ တပ်မတော်သားတွေကိုယ်တိုင်နဲ့ မိသားစုဝင်တွေလည်း ဖတ်ဖြစ်အောင် ဖတ်ရပါမယ်။ ဘယ်လိုအချက်တွေ ပါဝင်တယ်၊ သူ့အခွင့်အရေးကဘာတွေ၊ ကိုယ့်အခွင့်အရေးက ဘယ်လိုတွေ၊ နှစ်ဦးနှစ်ဖက် မလိုရ မပိုရလေအောင် ညှိနှိုင်းသဘောတူထားတာတွေကဘာတွေဆိုတာကို အသိပေးဖို့လိုအပ်ပါတယ်။

ဒါဟာ ကလေးတွေကို စာသင်သလိုပါပဲ။ အချက်အလက်က အချက်အလက်ပါပဲ။ စာအုပ်ထဲမှာရေးထားတဲ့ အတိုင်းပဲ နားလည်သဘောပေါက်ရလေအောင် ရှင်းလင်းပြဖို့လိုအပ်ပါတယ်။ ၀ လုံးရေးထားတာကို သုညလို့ ဖတ်လို့မှ မရတာပဲ။ စာအုပ်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ကြီးမားများပြားနေတယ်ဆိုတာ ကမ္ဘာကသိပြီးသားအချက်ပါ။ ဒါကို ကမ္ဘာ့လူသားတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ မြန်မာလူထုကလည်း သိဖို့လိုပါတယ်။ မဟုတ်ပါဘူး၊ မလုပ်ပါဘူးလို့ အငြင်းပွားစရာမရှိပါ။

လူထုခမျာ အခုမှ အစိမ်းရောင်စာအုပ်ကို မြင်ဖူး၊ တွေ့ဖူးရုံပဲရှိပါသေးတယ်။ သူတို့တကယ်ဖတ်ဖြစ်အောင်၊ နားလည်အောင် အပြင်းအထန်ကြိုးပမ်းရဦးမှာပါ။ အသစ်ပြောင်းသွားတဲ့ စနစ်ထဲမှာ တစ်ဦးချင်းအနေနဲ့ ဘယ်နေရာက ဘယ်လိုပါဝင်သင့်သလဲဆိုတာ စဉ်းစားတွေးတောဖို့ အချိန်အများကြီးယူကြရပါဦးမယ်။ အထူးသဖြင့် ပဒေသရာဇ် လက်ကျန်အတွေးအခေါ်ကို ဖျောက်ထုတ်ဖို့ပေါ့လေ။

ဒီနေရာမှာ လူထုကမဲပေးလိုက်ပြီးပြီပဲ၊ လွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ တာဝန်သက်သက်လို့ပြောကြတာကိုလည်း သဘောမတူနိုင်ပါဘူး။ အာဏာလွှဲလိုက်ပြီ၊ ကြိုက်ရာလုပ်ကြဆိုတဲ့ အဓိပ္ပါယ်ကို ပြန်ရောက်ပါတယ်။ မဲပေးလိုက်ရုံနဲ့ လူထုတာဝန်မကျေပါဘူး။ ကိုယ်မဲပေးလိုက်သူက ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသနဲ့ နိုင်ငံအကျိုးကို တကယ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှိ မရှိ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အခုလို မှီတင်းနေထိုင်ကြသူအားလုံးနဲ့ ပတ်သက်တဲ့အကြောင်းအရာမျိုးမှာ လူထုကိုယ်တိုင်က တက်တက်ကြွကြွပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အာဏာဘယ်သူ့ဆီက တကယ်လာသလဲဆိုတာကို အမြဲအမှတ်ရကြမှာပေါ့။
ဒီလိုရှင်းပြလို့ တပ်မတော်နဲ့ လူထုကို ထိပ်တိုက်တွေ့ရအောင် ဖန်တီးပေးတယ်၊ တပ်မတော်ကို ဖယ်ထုတ်ဖို့ကြိုးစားတယ်ဆိုတဲ့ အမြင်ကတော့ အကြောက်လွန်လွန်းလှပါတယ်။ တစ်နည်းပြောရရင် အခုမှ ကကြီး ခခွေး သင်ခါစ ကလေးလေးကို ဘွဲ့ရပညာတတ်သွားပြီး ငါ့ကို ပမာမခန့်လုပ်ရင် ဒုက္ခပဲလို့ တွေးပူနေတာမျိုးပါပဲ။ ဒါဆို စာမတတ်၊ ပေမတတ်ဘ၀နဲ့ အဆုံးသတ်ကြရတော့မလား။

အကယ်၍ အတိုက်အခံပါတီက ဟောပြောနေတာတွေကို သဘောမကျဘူး၊ သဘောမတူဘူးဆိုရင် အာဏာရပါတီအနေနဲ့ရော၊ အခြားပါတီများအနေနဲ့ပါ ကိုယ့်ရှူထောင့်နဲ့ကိုယ် လူထုကို ၀င်ရောက်ဆွေးနွေးတင်ပြခွင့် အပြည့်ရှိနေတာပါပဲ။ မီဒီယာအင်အားတွေလည်း အပြည့်သုံးခွင့်ရှိနေတာပဲ။ သုံးလည်းသုံးနေတာပါပဲ။ အရှိကို အရှိအတိုင်း လူထုအနေနဲ့ ချင့်ချိန်နိုင်အောင် ထောင့်မျိုးစုံက ပညာပေးနိုင်မယ်ဆိုရင် ပိုပြီးခရီးရောက်ပါလိမ့်မယ်။

တိုင်းရင်းသားဒေသတွေအနေနဲ့ မြို့ပြထက်တောင် ပိုပြီးလိုအပ်ပါတယ်။ သူတို့ခမျာ စစ်ပွဲတွေရှည်ကြာတဲ့အတွင်းမှာ မြန်မာစာကိုတောင် သေသေချာချာဖတ်တတ်သူ နည်းပါလိမ့်မယ်။ သူတို့ကိုနားဝင်အောင် ပြောပြဖို့၊ သူတို့လည်း ဒီမြေ ဒီရေပေါ်က ဒီဥပဒေနဲ့ တိုက်ရိုက်သက်ဆိုင်ကြောင်း သိကြဖို့ဆိုတာ ဆယ်စုနှစ်တောင် ကြာကောင်း ကြာနိုင်ပါတယ်။ သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောပါပဲ။ ကျွန်တော်၊ ကျွန်မတို့က နားမလည်ပါဘူး။ ယုံမှတ်လို့ ပုံအပ်ပါတယ်ဆိုရင် အာဏာရှင်စနစ်ကိုပဲ ပြန်ရောက်ပါတယ်။ ဒီမိုကရေစီနည်းစနစ်မှာ ပြည်သူတစ်ဦးချင်းအနေနဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်သိရှိ နားလည် ရွေးချယ်တာမျိုးကိုပဲ အားပေးလက်ခံရမှာ ဖြစ်ပါတယ်။ နီးတဲ့ခရီးတော့ မဟုတ်ပါဘူး။ အဲဒီပန်းတိုင်အထိရောက်အောင် စုပေါင်းချီတက်ကြရမှာပါ။

ပန်းတိုင်မတူဘူးဆိုရင်တော့ ရှင်းပါတယ်။ လမ်းတွေက ဆန့်ကျင်ဘက်တွေတောင် ဖြစ်နေနိုင်ပါတယ်။
ပန်းတိုင်တူတယ်ဆိုရင်တောင်မှ လမ်းကတော့ အမျိုးမျိုးကွဲပြားနိုင်ပါသေးတယ်။ ရန်ကုန်ကနေ မန္တလေးကိုသွားတဲ့ လမ်းမျိုးစုံရှိနေသလိုပါပဲ။ အချိန်တန်တော့ မန္တလေးမှာ ဆုံကြမှာပဲလေ။

ဒီအတွက်တော့ အကြီးအကျယ်ငြင်းခုန်နေကြဖို့ မလိုအပ်ဘူးမို့လား။

သန္တာဝင်း
(၂၇.၁၀.၁၃ )
( ၁၉၅၄ မှာ ထုတ်ဝေခဲ့တဲ့ သခင်ဘသောင်းရဲ့ ဒီမိုကရေစီဆိုတာ -- အကျဉ်းချုပ်ကို ကိုးကားပါတယ်။ )

https://www.facebook.com/juliametalrose/media_set?set=a.330236303709798.72577.100001702942262&type=1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...