Saturday, November 2, 2013

တူးပေါ်ရရှိခဲ့သော နှလုံးသား

October 31, 2013 at 4:41pm

ရှစ်ဆယ့်ရှစ် လမ်းမထက်က
သွေးစက်တွေအတွက်
ပေးဆပ်သူ ပေးဆပ်၊ ပြတ်သူ ပြတ်
သူတို့ကတော့ မတ်မတ်ဘဲလေ။


ရန်သူကို ထိုးနှက်ဖို့ ထက်
ကုလားထိုင်တွေ မလွတ်လပ်ဖို့ အရေးကို
ဆွေးနွေးကြ တိုင်ပင်ကြ မထင်မှတ် စရာပါဘဲလေ။

ရဲဘော်တို့ ရှေ့တက်
ဒါ … တိုင်းပြည်အတွက်လို့ ပြော
ဦးတည်ချက်ကို ကိုင်စွဲ မယိုင်လဲ စေနဲ့လို့ ဆို
ငါတို့တွေ စွန့်လွှတ်မှ
အနာဂတ် တိုင်းပြည် ငြိမ်းချမ်းမယ် ဆိုပြီး
သူတို့ကတော့ ထိုင်ခုံပေါ်က”မ”ဆင်း
အသားဟင်းကို မြိန်ရှက်စွာ စားသုံးနေကြသေးတယ်။

ရှစ်ဆယ့်ရှစ်ရဲ့ သွေးစက် နင်းချေဖျက်ကြတာလား၊
“အညတရ”ရဲဘော်တွေရဲ့ အသက်
မြိန်ရှက်စွာ စားသုံးကြတာလား။

“ကေးကေးဇံ” ရဲ့”ကုလားထိုင်ပျိုးခင်း”ဆိုတဲ့
ကဗျာမြှားတစင်း ပစ်ခွင်းလိုက်တော့
သူတို့ အချင်းချင်း ငြင်းခုံနေကြသေးတယ်။

မြတ်ခင်းသစ်ရဲ့ ခေါင်းစဉ်တခု
ငါတို့ အတွက် ပြုစုလိုက်တာလား
“အလှမ်းကျယ် အလယ်လတ်
တကယ်ငတ်တာက ငါ …”တဲ့။

သူတို့က ပြောသေး
အလုပ်တွေများနေလို့ …တဲ့

ဒါဟာ
အရက်ပုန်း ဘားတွေထောင်
တသက်လုံး ဝါးနေရအောင်အတွက်
မသိချင်ဟန် ဆောင်နေကြတာလား ။

နောက်ကနေ ချချ လာမယ့်
ခုနှစ်နှစ်မြောက်မှာ သူရဘွဲ့ ပေးမယ်ဆိုတဲ့ပုဂ္ဂိုလ်
သူ့ ဘဝ
ရေမြိုတာလာ့း့ 
မြေမြိုတာလာ့း့ 
ဘဝတပါးတော့ ပြောင်းသွားရ ရှာပြီပေါ့။

မျောက်ပြပြီး ဆန်တောင်းတဲ့
ဟိုယခင်အိမ်ဟောင်းထဲက ဒီဇိုင်းကို
မှိုင်းဝအောင် ကြပ်ခိုးတင်လို့
ရှေးဟောင်း ဒီဇိုင်းဆိုပြီး
လေဟာပြင်မှာ
ရောင်းခိုင်းလိုက်ကြသေးတယ်။

လူ့ အခွင့်အရေးကို ဘမ်းပြ
ရဲဘော်တွေကို ရောင်းချ
သူတို့ကတော့ ဝမ်းဝနေကြပြီပေါ့။

“တို့ခေါင်းဆောင်ကြီး ဖျားလို့နေ
ခေါက်ဆွဲကြော်နဲ့ ကြက်သားတွေ”
“တို့ ရဲဘော်လေး အဖျားကြီး
ညာအိုထီး ညာအိုထီး”ဆိုတဲ့
၉၄ က သင်္ကြန်သံချပ်
ဘောင်ခတ်ထားလိုက်ကြသေးတယ်။

ဘီးလူးက မင်းသားခေါင်းဆောင်း
နေရာဟောင်းတွေ လွှတ်ပြ၊ နေရာသစ်ကို ရှာကြ
ဒါမှ
သူတို့ ဘဝ တိုးတက်မှာတဲ့ ။

သေသူသေ၊ ကြွေသူ ကြွေနေကြပေမယ့်
မွှေသူတွေကတော့၊
ယခုတက်တိုင်၊ မွှေနေဆဲဘဲလေ။

မင်းလူက
ရန်သူကို ထိုးနှက်လို့ အနှစ် နှစ်ဆယ်ထက် မနဲတဲ့
ထောင်ဒဏ်ကို သူ့  ခံရသလို

ကျနော်ကတော့
အမှန်ကိုတင်ပြ ရင်နာရလွန်းလို့
လာမဲ့ဘေးကို ပြေးတွေ့ လိုက်ချင်ပြီလေ။

(၂၅ နှစ်အတွင်း တူးပေါ်ရရှိခဲ့သော နှလုံးသား)

ရိုး(ခေတ္တရာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...