Friday, November 8, 2013

"တပ်မတော်ကြီးက အင်အားရှိဖို့ အရာရာမှာကူညီ"

November 7, 2013 at 8:49am


          လွန်ခဲ့တဲ့ နှစ်လကတည်းက ထွက်သွားမိတဲ့ သင်ကြားလေ့လာရေး ခရီးရှည်ကြီးဟာ ဒီနေ့ညနေမှ လိုက်ပါလာသူ ဂျပန်ဆရာကြီးများကို လေဆိပ်အ၀အထိ တာ့တာ့ဘိုင့်ဘိုင်လုပ်ပြီး ဆုံးခန်းတိုင်ပါတော့တယ်။ ကိုယ့်ဆီက သတင်းထောက်သူငယ်မလေးတွေလိုမျိုး ဟိုပေါ့နော်။ နိုင်ငံခြားကို ပညာတော်သင်သွားပြီး ပြန်လာတော့ ဘယ်လိုခံစားရပါသလဲရှင့်။ လို့ မေးလာရင်တော့ သည်ကလည်း သူတို့လေသံ အတိုင်း ဟုတ်ကဲ့။ ဟိုပေါ့နော်။ ဘယ်လိုပြောရမလဲ။ ဟိုးအရင် ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလိုပေါ့နော်။ ဂျပန်စစ်သားတွေ ချွေးတပ်ဆွဲသွားတာ ခံရသလိုမျိုး ခံစားမိပါတယ်ဗျ။ ဟုတ်။ လို့ အဲသလိုလေး ပဲပြစ်ပြစ်နှစ်နှစ်ပေးလို့ ဖြေလိုက်ချင်ပါတယ်။ အောင်မယ်။ အကောင်းစား ဟော်တယ်ကြီးတွေပေါ်က မဆင်းပဲ အစားကောင်းအသောက်ကောင်းတွေ ၀ါးကာမြိုကာနဲ့ ကျည်ဆန်ရထား လေယာဉ်များနဲ့ လှုပ်ရှားသွားလာနေရတာများ သူမို့လို့ ပြောရက်ပလေတယ်။ ချွေးတပ်ဆွဲသလေး ဘာလေးနဲ့။ တကယ်လည်း အဲသည်အတိုင်းပဲ ခံစားရပါတယ်။
လူကဘယ်လောက်ပဲ သာယာငြိမ့်ငြောင်း အာရုံကောင်းတွေနဲ့ မိန်းမူးနေသော်ငြားလည်း ကိုယ်ရောစိတ်ပါ တစက်ကလေးမှ အနားမရခဲ့တာ အခုချိန်ကျမှ စာရေးဖို့ထိုင်နိုင်တာသာ ကြည့်ပါတော့။ ရောက်ကာစကမှ သူများသင်ကြားပို့ချသမျှကို ငြိမ်ငြိမ်လေး ထိုင်နားထောင်ပြီး ညဘက်ကျ တွေးကာတောကာ ရေးနိုင်ခဲ့သေးတယ်။ နောက်ပိုင်းရက်တွေ ရောက်လာလေလေ၊ သူတို့ အပြောတွေလျှော့ပြီး ကိုယ်တွေကို အလုပ်ခိုင်းတာ များများလာလေလေဆိုတော့ ညတိုင်ကျလည်း မအိပ်ရဘူး။ နောက်တစ်နေ့ ကိုယ့်လုပ်ရမယ့်အလုပ်အတွက် ပြင်ရဆင်ရ ရှာရဖွေရနဲ့ ဘာစာမှ မရေးနိုင်တော့ဘူး။

           အင်မတန်မှကို စေ့စပ်သေချာတဲ့ ကိုယ့်ဆရာသမားကြီးများဟာ သူတို့အိပ်သွန်ဖာမှောက် သင်ကြားလေ့ကျင့်ပေးသမျှကို ကျေကျေညက်ညက် ပြန်လည်ဆွေးနွေးနိုင်ရုံလောက်နဲ့လည်း စိတ်ဒုံးဒုံးမချသေးဘူး။ ကိုယ့်တိုင်းပြည်ပြန်ရောက်တဲ့အခါ ထိထိရောက်ရောက် လက်တွေ့အသုံးမချနိုင်ပဲ ပွဲပြီးမီးသေဖြစ်သွားမစိုးလို့ သူတို့ကိုယ်တိုင် တာဝန်ရှိလူကြီးမင်းများနဲ့ လိုက်ပါတွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေး အကြံပေးအကြံယူ လုပ်ကြပါသေးတယ်။ စလောင်းတွေ အဲသလောက်ပူနေတော့လည်း ကိုယ်တို့အိုးတွေက လိုက်မပူလို့ကို မရတာ။ ဒါကြောင့် လူက စံပုံပေါ်မှာရွှေရသော်ငြား ဦးနှောက်တစ်ခုလုံး ချွေးတပ်အဆွဲခံသွားရသလို ဖတ်ဖတ်မော ကျန်ရစ်ခဲ့တယ်။ စာစောင့်ဖတ်နေမယ့်သူတွေကို အားနာမိပေမယ့်လည်း ခေါင်းထဲမှာ  မှတ်သားထားသမျှ အချက်အလက်တွေက အိမ်ပြန်ကာနီး ထိုးသိပ်ထည့်ထားတဲ့ ခရီးဆောင်အိတ်ကြီးလိုပဲ ဘာတစ်ခုမှ အစီအစဉ်တကျမရှိတာမို့ ဘယ်ဟာကိုမှ အစဆွဲထုတ်လို့ မရဘူး။ ဘယ်ကစရေးရမှန်းကို မသိတာ။ ဒါနဲ့ပဲ ပြန်ကာနီး တိုကျိုကမိတ်ဆွေတစ်ယောက်ရဲ့ မေးခွန်းကို ပြန်အစကောက်လိုက်ပါတယ်။ သူမေးတာက“ဂျပန်ပြည်ကိုလာပြီး လေ့လာခဲ့သမျှထဲမှာ ဘယ်အရာကို စိတ်အ၀င်စားဆုံးလဲ။” တဲ့။

          ဟုတ်သားပဲ။ သူမေးတော့မှ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တယ်။ စိတ်ဝင်စားစရာတွေကတော့ အများကြီးပဲ။ အဲဒီထဲမှာမှ ဘယ်ဟာကို စိတ်အ၀င်စားဆုံးလဲလို့ မေးတာ ဖြေရခက်တယ်။ သူ့မဖြေခင် ကိုယ့်ဘာသာစဉ်းစားကြည့်မိတော့ ရလာတဲ့အဖြေကို ကိုယ့်ဘာသာလည်း တော်တော် အံ့သြသွားတယ်။ လာတာက ဆရာဝန်တွေ၊ သင်တာက ဆေးပညာ၊ ဗဟိုပြုထားတာက လူနာဆိုပေမယ့်လို့ စပ်စပ်စုစု သိလိုစိတ်တွေနဲ့ “အထဲမှာဘာတွေများ ရှိသေးပါလိမ့်နော်။” ဆိုပြီး စိတ်ဝင်စားသွားမိတဲ့အကြောင်းအရာကတော့ သူတို့ဆီက “Self Defense Force” လို့ခေါ်တဲ့ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးတပ်မတော်ကြီးပါပဲ။ ဘယ်သူတွေက ဘယ်လိုပဲ “အဲဒါနင်နဲ့ လားလားမျှ မအပ်စပ်၊မသက်ဆိုင်၊ မရေးထိုက်တဲ့ မတန်မရာကိစ္စတွေပါကွဲ့” လို့ ဟုတ်သည် မဟုတ်သည် နှုတ်ဝဇီထုတ်မြည် ဆိုကာမှဆိုလေရော။ မသိသေးလေ သိချင်လေ။ မရေးနဲ့ဆိုလေ ရေးချင်လေပဲ။ ကိုယ့်ဆီကစစ်တပ်အကြောင်းတောင် ကိုယ်သေသေချာချာ မသိပဲနဲ့ သူများတိုင်းပြည်ကစစ်တပ်ကို ဗာရာဏသီချီးမွှန်းခန်းဖွင့်မလို့တော့ မဟုတ်ပါဘူး။ ဂျပန်ပြည်သွားတောလားထဲမှာ သူတို့ ဂျပန်တပ်မတော်ကြီးအကြောင်းလောက် စိတ်ဝင်စားစရာကောင်းတာ ဘာမှမရှိဘူးလို့ ပြောချင်တာပါ။

         ပြောမယ့်သာပြောရတာ။ တကယ်တော့ ကိုယ်တို့မြန်မာ့တပ်မတော်ကြီးဆိုတာလည်း ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာသင်ကြားခဲ့တဲ့ဆီက စတယ်ဆိုတော့ သူတို့ဂျပန်စစ်တပ်နဲ့ စပ်မယ်ဆိုရင် ဆွေမျိုးသွေးသားမကင်းဘူး လို့ ပြောရမယ်။ အင်္ဂလိပ်ဆီက လွတ်လပ်ရေး မရအရ ယူတဲ့အထဲမှာ ဂျပန်အကူအညီသာမပါရင် အဲသလောက်စောစော လွတ်လပ်ရေးရဦးမှာ မဟုတ်ဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ အရေးဆိုတိုက်ပွဲဝင်သမျှဟာ ကုလားထိုင်လေး ပစ်ပေးပြီး “ထိုင်ပါဦး။ အေးအေးဆေးဆေး။” “ဖြေးဖြေးပြော မောမယ်။” နဲ့ ချွေးသိပ်လိုက်ရင် အီလေးဆွဲသွားရော မဟုတ်လား။ ရဲဘော်သုံးကျိပ်ရဲ့အရှေ့မှာ ခေတ်မီစစ်ပညာတတ်တဲ့ မြန်မာပညာတတ် အထက်တန်းလွှာတွေ ရှိခဲ့ကြပါတယ်။ ဗြိတိသျှစစ်တပ်ထဲမှာ အရာရှိတွေတောင် ဖြစ်ခဲ့သေး။ ဒါပေမယ့် အဲဒီ စစ်ပညာတတ် မြန်မာတိုင်းရင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့နေရာမှာ နှမ်းတစ်လုံးစာလောက်တောင် ဆီမဖြစ်ခဲ့ဘူး။ ဒါကြောင့် တက္ကသိုလ်ကျောင်းသားသခင်အောင်ဆန်းက စစ်ပညာသင်ပေးဖို့ တစ်ခုတည်းတင်မဟုတ်ဘူး။ အင်္ဂလိပ်ကိုတိုက်တဲ့အခါမှာ မဟာမိတ်အဖြစ် ကူညီပေးဖို့ ဂျပန်ပြည်ကို ထွက်ခဲ့တာ။

           ဒီအကြောင်းက လူတိုင်းသိပြီးသား။ စာအုပ်ထဲမှာ ပါတယ်ဆိုပေမယ့် ကိုယ်ကိုယ်တိုင်တောင် အခုချိန်ကျမှ တွေးကြည့်မိတာက “ဘာဖြစ်လို့ ဂျပန်ကိုရွေးရသလဲ။” ဆိုတဲ့ မေးခွန်းပါ။ ကိုယ်တို့မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့ထုံးစံအရ တနင်္ဂနွေထောင့်၌ရှိသော တနင်္လာနံနှင့် စသည့်လူမျိုးခြား အကူအညီကို အောင်မြေနင်း၍ မိတ်ဖက်ယူပါလေဆိုတာမျိုး မဟုတ်ဘူး။ စစ်နှစ်စစ်အကြားမှာရှိတဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲအခြေအနေကို ကျကျနနကြီး သုံးသပ်ပြီး ထိထိမိမိ အသုံးချသွားတာပါ။ ဒါကြောင့်လည်း အာဇာနည်မည်ပေတာကိုး။ သူများသတ်လို့သေရုံသက်သက်ဆိုရင်ဖြင့် နတ်စိမ်းလောက် အလွန်ဆုံးပေါ့။

          အဲဒီအချိန်က အာရှမှာ ဂျပန်ကလွဲလို့ မြန်မာပြည်ကို စစ်ရေးအရကူညီနိုင်မယ့်သူ မရှိပါဘူး။ တရုတ်ကြီးကလည်း ၁၉၁၁ ဆွန်ယက်ဆင်ဦးဆောင်တဲ့ တော်လှန်ရေးနဲ့ ချင်မင်းဆက်ကို နန်းစွန့်ခိုင်းခဲ့ပေမယ့် ဗြိတိသျှမွှေနှောက်တဲ့လက်ချက်နဲ့ နာလန်မထူနိုင်ဘူး။ အိန္ဒိယက နေရူးတို့၊ ဆူဘာချန်ဒရာဘို့စ်တို့၊ ဂန္ဒီတို့ခမျာလည်း အိမ်ဦးကြမ်းပြင် ထောင်ထဲဝင်လိုက်ထွက်လိုက် လုပ်ကောင်းနေတုန်း။ ဂျပန်ကတော့ ခေတ်မီစစ်တပ်အားကိုးနဲ့ သူကစပြီးကျူးကျော်နိုင်တဲ့ အခြေအနေရှိရုံတင်မကဘူး။ အာရှသားအချင်းချင်းမို့ လူကိုယ်တိုင် ၀င်လိုက်လာဖို့ပါ အားတက်သရောရှိနေတယ်။ ထိုင်ဝမ်၊ ကိုရီးယား၊ မန်ချူးရီးယား နဲ့ တရုတ်ပြည်မြောက်ဘက်ပိုင်းဒေသတွေဟာ ဂျပန်က ပြုသမျှ နုရတဲ့အခြေအနေမှာ ရှိတယ်။ 

          ဒါပေမယ့်လည်း ဂျပန်ဟာ နံမယ်ကောင်းမရပါဘူး။ စစ်ဘီလူးတွေ၊ လူမဆန်တဲ့ စစ်ရာဇ၀တ်ကောင်တွေလို့ အနယ်နယ်အရပ်ရပ်က ကောင်းချီးသြဘာပေးခဲ့ကြတယ်။ တိုကျိုမှာရှိတဲ့ ယာစုကုနိဂျင်ဂျာဆိုတာ စစ်အတွင်းမှာ ရှေ့တန်းကပြန်မလာနိုင်သူ ဂျပန်စစ်သည်များကို အောင့်မေ့တသဖွယ် စစ်သင်္ချိုင်းတစ်ခုကို နတ်ကွန်းကလေးဆောက်သလိုဆောက်ပြီး ဆုတောင်းမေတ္တာပို့သကြတယ်။ ဒါပေမယ့် ဂျပန်အစိုးရဘက်က လူကြီးတွေ ပန်းခွေသွားချ ပန်းခြင်းသွားချလုပ်တိုင်း ဟိုဘက် တရုတ်တို့ ကိုရီးယားတို့က ဒီလိုတော့ မလုပ်သင့်ပါဘူးဆို စီစီညံနေအောင် ကန့်ကွက်ကြသတဲ့။ ကိုယ်တို့ဆီမှာလည်း ဂျပန်တွေနဲ့ ပတ်သက်လာရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကအစ “အောင်ဆန်း။ မင်းပင့်လာတဲ့ဘုရားတွေ မင်းကိုယ်တိုင် မောင်းချပေတော့။” လို့ ပြောခဲ့ဖူးသတဲ့။ ဂျပန်တွေ မြန်မာကားထဲပါရင် ဘယ်အခန်းကပါရသလဲ လူတိုင်းသိပြီးသားမို့ မပြောတော့ဘူးနော်။ စိတ်ဝင်စားဖို့ကောင်းတာက ဂျပန်မြန်မာ ဆက်ဆံရေးထဲမှာပါတဲ့ အောင်ဆန်း-ဂျပန်ဆက်ဆံရေးကရော ဘယ်လိုရှိမှာပါလိမ့်ဆိုတာပါ။ နိုင်ငံရေးဟာ နိုင်ငံရေးဖြစ်ပြီး ပုဂ္ဂိုလ်ရေးဟာ ပုဂ္ဂိုလ်ရေးပဲ ဖြစ်တယ်လို့ ဗိုလ်တေဇအမည်ခံထားတဲ့ သခင်အောင်ဆန်းက ကောင်းကောင်းကြီး နားလည်ပါတယ်။ စစ်မှန်တဲ့လွတ်လပ်ရေးကိုရဖို့ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ပုဂ္ဂိုလ်စွဲမထားပဲ တိုက်ခိုက်ဖို့ ပြတ်သားတဲ့ စိတ်ဓါတ်ရှိပါတယ်။ အဲလိုစိတ်ထားမျိုးရှိတဲ့ ကိုယ်တို့ဗိုလ်ချုပ်ကိုရော ဂျပန်တွေက ဘယ်လိုသဘောထားမှာပါလိမ့်။

             အဲသလိုမျိုး သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်ပေးလိုက်တဲ့အခါ အမြင်သစ်အတွေးသစ်တစ်ခု ရလာပါတယ်။ စစ်ကိုအကြောင်းပြုပြီး လူသတ်၊ ညှင်းပန်း၊ မုဒိန်းကျင့်၊ မီးရှို့၊ အစရှိတဲ့ ယုတ်မာရက်စက်သောအမှုတို့ကို ပြုတဲ့သူဟာ ဂျပန်တွေမို့လို့ မတရားဘူး။ မြန်မာတွေကတော့ ဟိုဥစ္စာပြုလို့ အ၀ှာဖြစ်လို့ လုပ်ရတာ လုပ်ပစေ။ တရားတယ်ဆိုတာမျိုး ဘယ်ရှိလိမ့်မလဲ။ မကောင်းတဲ့အလုပ်ကိုလုပ်ရင် ဂျပန်ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ်၊ ဘယ်သူလုပ်လုပ် မကောင်းဘူးလို့ မြင်နိုင်ရမှာပေါ့။ ဒီလိုဆိုရင် “ကုလားအိမ်တွေ ပြာကျအောင် မီးတိုက်ပလိုက်မယ်။” “တရုတ်မမို့ မိုးမွှန်အောင် ဆဲပလိုက်မယ်။” ဆိုတဲ့သူတွေကို မလုပ်သင့်ပါဘူးလို့ တားမိပြောမိရင် “နင်ဗမာဖြစ်ပြီး မျိုးချစ်စိတ်လည်း မရှိပါလား။”  လို့ မပြောသင့်ဘူးပေါ့နော်။ ဂျပန်တွေ မြန်မာကားထဲပါသလိုမျိုး မြန်မာတွေလည်း ယိုးဒယားကားထဲပါနေတာ ဘယ်ကောင်းမလဲ။

            ဂျပန်တွေဘက်ကကြည့်ရင် သူတို့နိုင်ငံကို မြန်မာပြည်စစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်လာနိုင်တဲ့ ဂျပန်စစ်သည်အရေအတွက်ဟာ တော်တော်နည်းပါးပါတယ်။ တရားသောစစ်ပဲဖြစ်ဖြစ်၊ ကျူးကျော်စစ်ပဲဖြစ်ဖြစ်၊ တိုင်းပြည်အတွက်ပဲတိုက်တိုက်၊ ဘုရင်မင်းမြတ်အတွက်ပဲတိုက်တိုက်၊ အိမ်မှာကျန်ရစ်ခဲ့တဲ့ ဇနီးသားမယားများအတွက်တော့ အိမ်ထောင်ဦးစီးခင်ပွန်းလင်ကို စွန့်လွှတ်လိုက်ရတာပါပဲ။ ဒီ့ထက်ဆိုးတာကတော့ စစ်ရဲ့အကျိုးဆက်ကို နောက်တန်းမှာ ကျန်ရစ်ခဲ့သူ လူမမယ်ကလေးသူငယ်များပါ ပြာပုံအတိချေမှုန်းခံရတဲ့အခါ ဘာအကြောင်းပြချက်နဲ့မှ စစ်ကိုဆက်မတိုက်တော့ပဲ အကြွင်းမဲ့လက်နက်ချပြီး စစ်အတွင်းကထွက်သွားခဲ့ပါတယ်။ ထွက်တာမှ စစ်တပ်ဆိုတာတောင် မရှိတော့ပဲ ကမ်းခြေစောင့်တပ်လောက်ပဲထား၊ ပုလိပ်နဲ့အုပ်ချုပ်ဆိုတာမျိုးအထိ စစ်အင်အားကိုလျှော့ချပလိုက်တာ။ အိုကီနာဝါမှာ အမေရိကန်စစ်အခြေစိုက်စခန်းထားပြီး ဂျပန်စစ်တပ်ကို အရင်းကခုတ်လှဲသလို အလဲထိုးခဲ့ပါသတဲ့။ အခုရှိနေတဲ့ Self Defense Force ဆိုတာက ဂျပန်ဆုတ်ခွာသွားတဲ့ ကိုရီးယားကျွန်းဆွယ်ကို အမေရိကန် နဲ့ ရုရှားက သူ့သဘောနဲ့သူ ထက်ပိုင်းခြမ်းပြီး တ၀က်စီဝေလိုက်ရာက ပြည်တွင်းစစ်ကြီးဖြစ်လာတဲ့အခါ နင်တို့ဂျပန်တွေကို ငါတို့အကာအကွယ်မပေးနိုင်တော့ဘူး။ ကိုယ့်ဘာသာပဲ ကာကွယ်ကြတော့လို့ ခွင့်ပြုလိုက်တဲ့အတွက် ပြန်လည်ဖွဲ့စည်းတည်ဆောက်လိုက်တဲ့ တပ်မတော်အသစ်ဖြစ်ပါတယ်တဲ့။ ဟယ် ဂလိုဆိုရင် ၁၉၄၅ကတည်းက ပြည်သူကြားကမွေးဖွားလာတယ်ဆိုတဲ့ မြန်မာ့တပ်မတော်ကြီးကတောင် ပိုပြီးစီနီယာကျသလို ဖြစ်နေပါပေါ့လား။

           ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်တွေစိတ်တိုင်းကျ ချည်တုပ်ချုပ်နှောင်သွားတဲ့ ဂျပန်စစ်တပ်ကြီးဟာ တကယ်တော့ ဘယ်လောက်ထိအောင် အင်အားကြီးမားပါတယ်။ ဘာလက်နက်တွေတပ်ဆင်ထားပါတယ် အစရှိသဖြင့် ကိုယ်နဲ့မကျွမ်းဝင်သောအရာများကို မငြင်းခုန်လိုပါဘူး။ ဒါပေမယ့် သိချင်လွန်းလို့ မေးကြည့်မိတာတစ်ခုက သူတို့တိုင်းပြည်မှာ ဘယ်သူနဲ့မှ စစ်မတိုက်တော့ပဲနေလာတာ နှစ်ပေါင်း ၇၀ ပြည့်လုပြီ။ အဲ့ဒီတပ်မတော်ကြီးက ဘာအတွက်ထားပြီး ဘာတွေလုပ်နေတာပါလိမ့် လို့ စပ်စုမိပါတယ်။ အဓိကကတော့ ကိုယ့်တိုင်းပြည်ကိုယ်ကာကွယ်ဖို့ဆိုပေမယ့်လည်း တချိန်လုံး မအားမလပ်အောင် လုပ်ဆောင်နေရတာက သဘာဝဘေးအန္တရာယ်တွေ၊ လူစုလူဝေးနဲ့ အစုလိုက်အပြုံလိုက် သေကြေထိခိုက်ဒဏ်ရာရလာကြတဲ့ ကိစ္စတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရတယ် လို့ ပြောပါတယ်။ တကယ်တမ်းအရေးကြုံလာတဲ့အခါမှာ အရပ်သားအဖွဲ့အစည်းများက မစွမ်းဆောင်နိုင်တဲ့ကိစ္စတွေမှာ သူတို့စစ်တပ်က ထိထိရောက်ရောက် စွမ်းဆောင်နိုင်တာတွေ ရှိသတဲ့။ အဆောက်အဦလမ်းတံတား ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတဲ့ သဘာဝဘေးအန္တရာယ်တွေမှာဆိုရင် သူတို့မှာရှိတဲ့ အရေးပေါ်စက်ကိရိယာတွေက ပိုအသုံးဝင်သတဲ့။ ယုတ်စွအဆုံး တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ လူစုလူဝေးကြီးကို “ပြည်သူပြည်သားများခင်ဗျား..။” လို့ အာလုပ်သံပေးတာထက် သူတို့စစ်သားအသံနဲ့ ဟိတ် ဆို တိတ် လုပ်ခိုင်းတာက ပိုထိရောက်သတဲ့။ နိုင်ငံတော် လုံခြုံရေးနဲ့ပတ်သက်တဲ့ “ဆာရင်း”အာရုံကြောအဆိပ်ငွေ့တွေနဲ့ လုပ်ကြံတဲ့ကိစ္စမျိုးမှာလည်း စစ်တပ်ကချဉ်းကပ်နည်းတွေကသာ ပိုမိုစံနစ်ကျ လုံခြုံစေနိုင်သတဲ့။ အနုမြူယိုစိမ့်မှုတွေလည်း အတူတူပဲ။ ဒါကြောင့် သူတို့ဆီမှာ စစ်တပ်ဆိုရင် စပိုက်ဒါမန်းလည်း ဟုတ်တယ်။ စူပါမန်းလည်း ဟုတ်တယ်။ မီးသတ်ကား ဆရာဝန်ကားတွေလို“ကယ်ကြပါဦးရှင်” တစ်ခွန်းတည်းနဲ့ ရောက်မလာပေမယ့် “ကိုကိုကယ်ရင် လွတ်မြောက်ခွင့်ရမယ့် အဖြစ်ပါကွယ်။” လို့ တစရာမလိုပဲ သူကယ်မှဖြစ်မယ့် ကယ်ဆယ်ရေးတွေဆိုရင် ခြေရောလက်ရော မနှေးဘူးလို့ ဆိုလေတယ်။ လောကကြီး သည်လိုပဲ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလုပ်နေရမှာဖြင့် တို့လည်းပဲ မဆိုစကောင်းဆိုစကောင်း တောက်တဲ့ခေါင်းပေါင်းပေါင်းနေတာ ကြာရောပေါ့။ ကိုယ်တွေ့မျက်မြင် မဟုတ်ရင်တော့ မယုံနိုင်ပေါင်ဆရာ လို့ အထွန့်တက်မိတာကြောင့် သူတို့ကာကွယ်ရေးတပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ Middle Army Medical Unit ကို သွားရောက်လေ့လာဖြစ်ပါတယ်။

           အရင်ဆုံး သတိထားမိတဲ့အချက်ကတော့ စစ်သားတွေဟာ အရပ်သားနဲ့ တူကိုမတူဘူးး။ မြင်တာနဲ့ကို သိသာတယ်။ ဘာထူးခြားသလဲဆိုတော့ တက်ကြွနေတယ်။ ဟိုးတုန်းက ဗီဗီအချိုရည်သောက်ပြီး ခေါင်းကလေးထောင်သွားတဲ့ ဒွေးလို သူတို့ကြည့်ရတာ အမ်ဖီတမင်းသောက်ထားသလား မှတ်ရတယ်။ အမူအယာ အပြောအဆို လေယူလေသိမ်း အားလုံးက သူ့နဂိုအတိုင်း ရှိနေတာ မဟုတ်ဘူး။ ကြိမ်ဖန်များစွာလေ့ကျင့်ထားလို့ အသားသေနေတဲ့ ပုံသဏ္ဍာန်။ အမှုမဲ့အမှတ်မဲ့ သက်တောင့်သက်သာ အနေအထားမဟုတ်ပဲ။ သတိ သက်သာ အေးစေ နဲ့ လှုပ်ရှားသွားလာနေတာ။ မြန်မာဆရာဝန်တွေလာမယ်ဆိုလို့ ရဲဘော်လေးတွေကအစ မြန်မာစကား တစ်ခွန်းစ နှစ်ခွန်းစ၊ စာရွက်ကလေးတွေနဲ့ ကျက်ထားတယ်။ “နေကောင်းတယ်နော်။” “ပြန်တော့မလို့လား။” “သတိရနေမယ်။” အထိ လက်ဖ၀ါးထဲ ငုံကြည့်ငုံကြည့်နဲ့ ပြောတယ်။ ကိုယ်တွေကို ဘယ်အတိုင်းအတာအထိ ဖွင့်ပြောပြမယ်။ ဘာတွေကိုတော့ သိလို့မဖြစ်ဘူး။ အကုန်လုံး တိတိကျကျ သတ်မှတ်ထားပုံရတယ်။ မေးခွန်းတစ်ခုမေးလိုက်တိုင်း ၀ုန်းကနဲခေါင်းချင်းရိုက်သွားပြီး အားလုံးညီညွတ်ပြီးမှ ကိုယ့်ဆီကို ပြတ်သားတဲ့အဖြေတစ်ခု ပြန်လာတယ်။ ဘယ်သူကမှ ကိုယ့်သဘောနဲ့ကိုယ် လက်လွတ်စပယ် မဖြေဘူး။ “ထမင်းစားပြီးပလား။” မေးရင်တောင် အချင်းချင်း မျက်စပစ်ပြီးမှ ဖြေမယ့်သဘောရှိတယ်။

             ဆရာဝန်နဲ့ဆိုင်တဲ့ ဆေးရုံဆေးခန်း ဆေးစခန်းတွေကို လိုက်ပြတဲ့အခါ ကွန်တိန်နာကြီးနှစ်လုံးဆက်လိုက်ရင် ပစ္စည်းကိရိယာအပြည့်အစုံနဲ့ ခွဲစိတ်ခန်းကြီးတစ်လုံး ဖြစ်သွားတာတောင် မြင်ခဲ့တယ်။ ခွဲနေရင်းတန်းလန်း ဓါတ်မှန်အခါခါ ပြန်ရိုက်လို့တောင် ရတယ်။ သူတို့ဆီမှာလည်း စစ်ဆေးတက္ကသိုလ်ရှိတယ်လေ။ သူတို့လည်း သိချင်တာရှိရင် ပြန်မေးတယ်။ မင်းတို့နိုင်ငံက အရပ်ဘက်နဲ့တပ်ဘက် ဆေးတက္ကသိုလ်တွေမှာ အရည်အချင်းက အတူတူပဲလား။ ကွာလတီကွန်ထရိုးကို ဘယ်လိုလုပ်သလဲတဲ့။ သူတို့ဆီမှာတော့ အရပ်ဆရာဝန်ဖြစ်ဖြစ် တပ်ဆရာဝန်ဖြစ်ဖြစ် ဂျပန်ပြည်ဆေးကောင်စီက အရည်အချင်းစစ် စာမေးပွဲအောင်မှ ဆေးကုသခွင့်လိုင်စင်ရမှာဖြစ်သတဲ့။

             သူတို့လို ခေါင်းချင်းရိုက်တိုင်ပင်စရာမရှိပေမယ့် တွေးတွေးဆဆတော့ ဖြေရတာပေါ့လေ။ ဆေးပညာဘာသာရပ်တွေမှာ သင်ရတဲ့ သင်ရိုးညွှန်းတမ်းတွေ ဘာမှ မကွာခြားပေမယ့် စစ်ဆေးတက္ကသိုလ်က ဆေးဗိုလ်လောင်းကလေးတွေဟာ ၀င်ခွင့်စစ်ဆေးရွေးချယ်ကတည်းက ကိုယ်လက်အင်္ဂါ ကြံ့ခိုင်သန်စွမ်းမှုကို အဓိကထားတဲ့အပြင် သူများတွေလို စာချည့်ပဲ သင်ရတာ မဟုတ်ဘူး။ ညဘက်ကင်းစောင့်ရတယ်။ စစ်ပညာလည်း သင်ရတယ်။ ဘွဲ့လွန်တက်တဲ့အခါမှာလည်း ကိုယ့်သဘောကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ ရွေးချယ်ခွင့်မရှိပဲ တပ်မတော်ရဲ့လိုအပ်ချက်အရသာ လိုက်နာကျင့်ကြံရတယ်။ ဒါကြောင့် အရပ်ဘက်နဲ့တပ်ဘက်က အတူတူလို့တော့ မပြောနိုင်ကြောင်း ရှင်းပြရတယ်။

             ဒါပေမယ့်လည်း ကိုယ်တို့ဆီကဆရာဝန်များဟာ အရပ်ဘက်နဲ့တပ်ဘက် မကွဲမပြားစည်းလုံးကြောင်း၊ တပ်ဘက်ကလာတဲ့ ပါမောက္ခဆရာကြီးတွေ၊ ဆေးဝန်ထမ်းညွှန်ချုပ်တွေဟာ အရပ်ဘက်မှာ ဒုဝန်ကြီးလာဖြစ်ဖူးတာတွေ ရှိတယ်လို့ပြောပြတော့ သူတို့မျက်လုံးကြီးတွေ ပြူးသွားတယ်။ တပ်ကလူတွေ အရပ်ဘက် သွားသွားအုပ်ချုပ်လို့ရတယ်ဆိုတာကိုက သူတို့နားမလည်နိုင်တာ။ ဟယ် အလိုက်တဲ့ ဂျပန်တွေ။ ငါတို့ဆရာကြီးတွေဟာ သက်ဆိုင်ရာပညာရပ်နယ်ပယ်တွေမှာတင် ထူးချွန်ပြောင်မြောက်တာ မဟုတ်ဘူး။ စီမံခန့်ခွဲအုပ်ချုပ်မှုအတတ်မှာလည်း တဘက်ကမ်းခတ်တတ်မြောက်တယ်။ ဆရာဝန်ကို ဆရာဝန်လာအုပ်ချုပ်တယ်ဆိုတာ ဘာမှမထူးဆန်းဘူး။ ဆရာဝန်မဟုတ်တဲ့သူတွေတောင် လာလာအုပ်ချုပ်ဖူးသေးတာပဲဟာ။ အုပ်ချုပ်ရေးဆိုတာ ဆေးကျောင်းမှာသင်တဲ့ထဲ ပါလို့လား။ စစ်တပ်ကသင်တဲ့အထဲမှာတော့ ပါတယ်။ ဒါကြောင့် ဆရာမကူ သယမ္ဘူဥာဏ်နဲ့ အတွေ့အကြုံအရ အုပ်ချုပ်တာထက်စာရင် အဲဒီပညာရပ်ကို စံနစ်တကျ သင်ကြားတတ်မြောက်ပြီးသူများက အုပ်ချုပ်တာ ပိုအဆင်မပြေဘူးလား။ ဆရာဝန်တွေအကြောင်းကို နားလည်ဖို့သာအဓိက။ ဆေးပညာအကြောင်း မသိလည်းရတယ်။ (တခါတုန်းကတော့ ရွှေသမင်အလိုက်မှားပြီး မက်ကလောက်ဖတ်စာအုပ် လိုက်ကျက်၊ ကျောင်းသားတွေနဲ့ ဘေလုံးလိုက်စမ်းသူတစ်ဦး ရှိခဲ့ဖူးသဗျ)

             ဒီအကြောင်းတွေကိုတော့ သူတို့နားမလည်မှန်းသိလို့ ဆက်မပြောပြဖြစ်ပါဘူး။ သူတို့ဆီကလည်း ကိုယ်သိချင်တာတွေ ရှိတာ ဆက်မမေးဖြစ်တော့ဘူး။ အပြန်လမ်းမှာ ကိုယ့်ခေါင်းထဲ မေးခွန်းတွေ ရာထောင်ချီပြီး ထွက်လာတယ်။ အဲဒါကြောင့် အဲဒီကိုသွားရတာ စိတ်ဝင်စားစရာအကောင်းဆုံး လို့ ပြောတာ။ တို့လိုစစ်တိုက်စရာ ပြည်တွင်းသောင်းကျန်းသူတွေလည်း မရှိပဲနဲ့ဆိုတော့ သူတို့စစ်တပ်ထဲဝင်ရင် သေစရာပြတ်စရာ၊ ကျိုးစရာကန်းစရာ ဘယ်ရှိပါ့မလဲနော်။ ဒါဆိုရင် ကိုယ်တို့ဆီမှာလို သတ္တိ ဗျတ္တိ ကောင်းတဲ့သူတွေ စစ်ထဲဝင်တာ ဘယ်ဟုတ်တော့မလဲ။ သက်သက်သာသာကလေးနေပြီး အခွင့်အရေးမှန်သမျှ အရယူမယ့်သူတွေ အလုအယက်တန်းစီနေမှာပေါ့။ အပြင်မှာနေရင်မှ သဘာဝဘေး ဟိုအရေးသည်အရေး စိုးရိမ်နေရသေး။ တပ်ထဲမှာနေ ဈေးနီးကျောင်းနီးမှတ်တိုင်နီး ရေမီးအစုံ လေထီးခုန်နေရုံလေး။ ဘယ်လောက်သက်သာသလဲ။ သေစရာပျောက်စရာ မရှိတဲ့အတွက် အချိန်တန်ရင် ရွှေထီးဆောင်းဖို့ပဲ ရှိတော့မယ်။

            ရွှေထီးဆောင်းမယ့် မောင်ရင်လောင်းတွေ များနေတဲ့အတွက် သေချာအောင် နေကြာစိုက်တဲ့အတတ်တွေလည်း တတ်ကုန်ကြမှာပဲ။ အထက်ပိုင်းကို ရောက်လာတဲ့အခါ ကြီးလေးတဲ့ ရာထူးတာဝန်တစ်ခုခု ပေးအပ်ဖို့အတွက် “လုပ်သက်ဘယ်လောက်ရှိရမယ်။ အတွေ့အကြုံ ဘယ်လောက်ရှိရမယ်။” ဆိုတာနဲ့ မတိုင်းတာတော့ဘူး။ “ပေးအပ်တဲ့တာဝန်ကို ယုံကြည်စိတ်ချစွာ ထမ်းဆောင်နိုင်ပါ့မလား။” ဆိုတာနဲ့ပဲ စဉ်းစားတော့မှာ။ ဟုတ်တာပေါ့။ ပြောသားပဲ။ “ယုံကြည်စိတ်ချစွာ” တဲ့။ မတတ်သေးရင် သင်ပေးလို့ရတယ်။ အရေးကြီးတာ “စိတ်ချရပါ့မလား” ဆိုတာပဲ။ လူဆိုတာ ယုံရတာ မဟုတ်ဘူး။ အရေးပါတဲ့နေရာဆိုတာ ကိုယ့်လူကိုယ့်ဘက်သားထည့်ထားမှ ယုံကြည်စိတ်ချရတော့မပေါ့။ ဒါကြောင့် သေသေချာချာ စဉ်းစားကြေးဆိုရင် ဒီကောင် ဘယ်သူ့လူလဲ။ ငါ့လူမဟုတ်ရင် မြွေပွေးခါးပိုက်ပိုက်ထားသလို နေလိမ့်မယ်။ တစ်စင်ထောင်ချင် တစ်နွယ်ချင်းငင်မထားပဲနဲ့ မြဲကိုမမြဲဘူး။ ညီညွတ်ခြင်းသည် အင်အားတဲ့။ တွဲထားလက်တွေ မြဲခိုင်စေ။

              ဒီပုံအတိုင်းသာဆိုရင် သူတို့စစ်တပ်ထဲမှာ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်နဲ့လူတွေ အပြင်ရောက်ကုန်ပြီး အထဲထဲမှာ အတိုင်အဖောက်၊ အထိန်းအချုပ်၊ အကွက်အခင်း၊ စာရင်းဇယားတွေနဲ့သာ တစ်ဦးနဲ့တစ်ဦး ရင်ကြားစေ့အောင် ရပ်တည်နေကြတော့မှာ။ ဖေကြီးတို့မေကြီးတို့နောင်ရေး စိတ်အေးရဖို့ သားတွေသမီးတွေအချင်းချင်းလည်း လှည့်ပတ်ပေးစားပြီး ရွိုင်ရယ်ဖင်မလီလုပ်ထားနိုင်မှ တော်ကာကျတော့မယ် ထင်ပါရဲ့။ ကိုယ်ကအသက်ကြီးပြီမို့ ဘုရားနဲ့တရားနဲ့နေတော့မယ် ဆိုတဲ့စိတ်တောင် ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး။ ကိုယ့်လက်ထဲအာဏာမရှိတဲ့နေ့ ကိုယ့်မှီခိုနေတဲ့အသိုင်းအ၀ိုင်းကြီးပါ ခွေးဖြစ်မယ့်နေ့ လို့ တွေးမိပြီး နှာခေါင်း အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့တောင် ရုံးတက်ချင်နေဦးမှာ။ ဆံပင်အနက်တောင် တစ်ချောင်းတစ်သိန်းပေးပြီး စိုက်တဲ့သူတွေဆိုတော့ အသက်များဝယ်လို့ရရင် ဘယ်လောက်ပေးရပေးရ ၀ယ်ဆက်ထားကြလိမ့်မယ်။ ကိုယ်ရှင်သန်ဖို့ သူများအသက်သေရတာများဖြင့် မဖြုံပေါင် ဂဠုန်တောင်။ ဘုရား ဘုရား။ ကြောက်စရာကြီးပါ မာစတာရယ်။ သူတို့ဂျပန်စစ်တပ်အကြောင်း တွေးကြည့်မိတာ ကြက်သီးတောင်ထတယ်။

              တယ်လည်း အတွေးခေါင်တဲ့ မောင်စံဖားကွယ်။ အိုးကမပူ စလောင်းက ပူနိုင်ရန်ကော့။ သူတို့ဂျပန်တွေကလည်း မင့်တွေးသလောက် ဖြစ်မနေပါဘူးကွယ်။ မင့်တွေးကြည့်မိတဲ့ တပ်မတော်ကြီးဆိုတာ အပြင်မှာ တကယ်မှ ရှိပဲနဲ့။ ကြံကြီးစည်ရာ။ ပေါက်ပေါက်ရှာရှာ။ တော်တော့။ တိတ်တော့။ အိပ်တော့နော်။ ဆက်မတွေးနဲ့။ တော်နေကြာ ရူးသွားမှဖြင့်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...