Tuesday, November 19, 2013

အမျိုးသားရေးနစ်နာချက်များနှင့် တုန့်ပြန်မှု ပုံသဏ္ဍန်များ

Aung Moe Win
November 17, 2013 at 9:05pm
 

ခေတ်က ၊ လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာ ဆိုတာ ရွာထဲမှာ အုပ်စုတခုနဲ့တခု ဓါးယှဉ်ခုတ်ကြတဲ့ပွဲလို ပြီးသွားတာမဟုတ်ပါဘူး။ မီဒီယာ စစ်ပွဲကို သဘောပေါက်ရပါမယ်။
တဘက်က ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို ပလီတီးချောက်ချက် သတင်းပို့နေချိန်မှာ ကိုယ်က စံနစ်တကျ နဲ့ တုန့်ပြန်ဖို့ လိုပါတယ်။

အမျိုးသားရေးနစ်နာချက်တွေကို ပြောဆိုကြတဲ့အခါ၊

နိုင်ငံတကာ လူထုကို ချပြတဲ့ ပုံရိပ်တွေဟာ သိမ်မွေ့ရမယ်။ ယဉ်ကျေးရပါမယ်။ ပညာတတ်ဆန်ရပါမယ်။



စရိုက်လက္ခဏာအပေါ် အမှတ်ပေးမှုများ
 
၁၉၇၉ အီရန်မှာ အရာတိုလာခိုမေနီ အာဏာရလာတော့၊ မြို့တော်ရဲ့ လမ်းမတွေမှာ အမေရိကန် ဆန့်ကျင်ရေးအသံ နဲ့ ပြည့်နှက်နေခဲ့တယ်။ အစ္စလာမ်ကျောင်းသားတော်လှန်ရေးသမားတွေဦးဆောင်ပြီး အမေရိကန်သံရုံးကို ရက်ပေါင်း (၄၄၄) ကြာ ပြန်ပေးဆွဲသိမ်းပိုက်ထားခဲ့တယ်။ အမေရိကန်ရုပ်သံ ဋ္ဌာနတွေမှာ အမေရိကန်အလံတွေကို ဒေါသတကြီး မီးရှို့နေတဲ့၊ ဆူညံပွက်လောရိုက်နေတဲ့ ဝရုန်းသုန်းကားလူအုပ်ရဲ့ ပုံရိပ်တွေ နဲ့ ပြည့်နှက်နေခဲ့တယ်။

ထို့အတူပဲ။ စက်တင်ဘာ (၁၁) ရက်တိုက်ခိုက်မှုအပြီး၊ အာဖကန်နစ္စတန် နဲ့ အီရတ်စစ်ပွဲကို ဆင်နွဲကြတဲ့အခါ၊

အစ္စလာမ်ကမ္ဘာက ဒေါသတကြီးတုန့်ပြန်ကြတဲ့ ပုံရိပ်တွေဟာ အမေရိကန်သတင်းမီဒီယာတွေမှာ ဆက်တိုက်နေရာဝင်ယူလာခဲ့တယ်။ “အမေရိကန်တွေ ကျဆုံးပါစေ” “ မာန်နတ်အကြီးစားကြီး ကို တိုက်ထုတ်ပစ်ကြ” ဆိုတဲ့ နဖူးစီးတွေက ဆန္ဒပြပွဲရှေ့ဆုံးတန်းတွေမှာ တွေ့ရလေ့ရှိတယ်။

သတင်းမီဒီယာရဲ့လက်နက်

နိုင်ငံရေးအရတော့ နိုင်ငံတိုင်းဟာ မိမိတိုင်းပြည်ရဲ့ အကျိုးစီးပွားကို လုပ်လေ့ရှိတာကြောင့် နှစ်ဘက်လုံးမှာ  အမှန်တရားအတွက် ဆင်ခြေပေးနိုင်တဲ့ အချက်အလက်တွေရှိနေမှာပါ။ ဒါပေမဲ့ သတင်းမီဒီယာ ရဲ့ ပုံဖေါ်မှုမှာ ရည်ရွယ်ချက်တခုထားလေ့ရှိတယ်။ အစ္စလာမ်ကမ္ဘာရဲ့ မီဒီယာတွေကလည်း သူတို့ရဲ့ အမျိုးသားရေးနစ်နာချက်တွေကို ပုံဖေါ်ပြသလို၊ အမေရိကန်အသံလွှင့်ဋ္ဌာနတွေကလည်း သူတို့ရဲ့ အမျိုးသားရေးအန္တရာယ်ကို သတိပေးလေ့ရှိတယ်။

အမေရိကန်အသံလွှင့်ဋ္ဌာနတွေက သူ့ရဲ့ ပြည်သူတွေကို လွှမ်းမိုးဖမ်းစားနိုင်မဲ့ပုံရိပ်တွေ နဲ့ စတင်မိတ်ဆက်လိုက်တယ်။

“အမေရိကန်အလံတွေမီးရှို့တာတွေ၊ အမေရိကန်တွေကျဆုံးပါစေ” လို့ ဒေါသတကြီး အော်ဟစ်နေတဲ့ ကြောက်မက်ဘွယ်ပုံရိပ်တွေကို ဆက်တိုက်ပြနေတာဟာ အကြောင်းမဲ့မဟုတ်ဘူး။  “ တွေ့လား။ ဒီလူတွေဟာ ကျနော်တို့ရဲ့ အနောက်တိုင်းသားတွေကို မာန်နတ်အကြီးစားအဖြစ်သတ်မှတ်ထားတာ။ သူတို့ဟာ အမေရိကန်အစိုးရတင်သာ မကဘူး။ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့သူတွေအားလုံးကို ဆန့်ကျင်သူတွေဖြစ်တယ်” ဆိုတဲ့ သတင်းတွေကို ပေးနေတာဖြစ်တယ်။

ဒီအဖြစ်အပျက်လေးတခုကို ပြန်လေ့လာကြည့်ပါ။

အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသားရေးနစ်နာမှုတွေကို တုန့်ပြန်ကြတာ သူတို့ဘက်က နိုင်ငံရေးအမြင်အရ မှန်ချင်မှန်မှာပေါ့။ ဒါပေမဲ့ အမေရိကန်အားလုံးကို သိမ်းကြုံး စိန်ခေါ်တာ၊ အနောက်အုပ်စုတခုလုံးကို မာန်နတ်အဖြစ် ဥပမာပေးရှုတ်ချနေတာတွေဟာ သူတို့ရဲ့ ကိုယ်သေတွင်းကိုယ်တူးနေတဲ့ အပြုအမူတွေဖြစ်လာတယ်။ သူတို့ရဲ့ ပုံရိပ်တွေ၊ လှုပ်ရှားမှုတွေဟာ အမေရိကန်ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေခဲ့တယ်။ အစ္စလာမ်ကမ္ဘာက အစွန်းရောက်တွေရဲ့ အန္တရာယ်ကို သိမြင်နေတဲ့  အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ ပညာတတ်တွေကလည်း အစွန်းရောက်တွေ ပြောနေတဲ့ “ ဂျီဟတ်စစ်ပွဲဆိုတာ ငါတို့ စစ်ပွဲမဟုတ်” ဆိုတဲ့ ဟောပြောပွဲတွေကို ပိုမိုပြုလုပ်လာကြတယ်။

အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို ပုံတူမကူးမိပါစေနဲ့

တကယ်တော့ အမေရိကန်မီဒီယာတွေဟာ အစ္စလာမ်ကမ္ဘာမှာ တည်ရှိနေတဲ့ အမေရိကန်ဆန့်ကျင်ရေးအုပ်စုတွေကို တဖြည်းဖြည်း ဖြိုခွဲလာနိုင်ခဲ့တယ်။ ဒေါတကြီးဆန္ဒပြနေကြတဲ့ မုတ်ဆိတ်မွှေးရှည်ရှည်၊ ပါးသိုင်းမွှေးရှည်ရှည်လူအုပ်တွေ၊ အမေရိကန်အလံမီးရှို့တာတွေကို ဆက်တိုက်ပြလာခဲ့တယ်။ ကိုယ့်လူမျိုးရဲ့ အလံကို မီးရှို့ပြတဲ့ကိစ္စကို ဘယ်အမေရိကန်ပြည်သူတွေမှ မကြိုက်ကြပါဘူး။ ဒါကြောင့်လည်း အမေရိကန်ပြည်သူတွေဟာ သူတို့အစိုးရ၊ ဝင်ရောက်စွက်ဖက်တဲ့ စစ်ပွဲတွေကို ( မလိုအပ်မှန်းသိနေပေမဲ့) စစ်ပွဲကို ဆုတ်တော့မယ် ဆိုရင် “ ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့ လူ့အဖွဲ့အစည်းကို ပစ်ထားခဲ့စမ်းပါ။ ဘာလို့သွားကူညီနေရတာလဲ” ဆိုတဲ့ကောက်ချက်တွေကို ချလေ့ရှိကြတယ်။ ဝရုန်းသုန်းကားတုန့်ပြန်ခြင်းရဲ့ ရလဒ်။

အခု ကျနော်တို့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ နဲ့ ပတ်သက်ပြီး၊ ဖေ့ဘွတ်မှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေ နဲ့ ထိုင်ဆဲနေတာတွေ၊ ဘာသာတရားတခုလုံးကို ရှုတ်ချတဲ့ စာတမ်းတွေကို ကိုင်ပြီး ဆန္ဒပြနေကြတဲ့ လုပ်ရပ်ဟာ ပါကစ္စတန်၊ အီရန်၊ အပါအဝင် အစ္စလာမ်နိုင်ငံတချို့မှာ အမေရိကန်အလံကို မီးရှို့ပြီး ဒေါသတကြီး ဆန္ဒပြနေတာတွေ၊ အမေရိကန်တွေ သေဆုံးပါစေ ဆိုတဲ့  လုပ်ရပ်တွေ နဲ့ အတူတူဖြစ်သွားမှာပေါ့။ ဒီလိုနည်း ကို သုံးပြီး ကိုယ့်ရဲ့ အမျိုးသားရေးနစ်နာမှုတွေကို တောင်းဆိုလို့ မရနိုင်ပါ။

ခုတော့ ကျနော်တို့ နိုင်ငံက ပြောင်းပြန်ဖြစ်နေတယ်။ ပြည်ပက အစ္စလာမ်အဖွဲ့အစည်းတွေက အမေရိကန်မီဒီယာတွေလို လုပ်ခွင့်ရနေပြီး၊ ပြည်တွင်းမှာ ရှိတဲ့ အစွန်းရောက်မျိုးချစ်တချို့က အစ္စလာမ်နိုင်ငံတွေမှာ သူများအလံမီးရှို့၊ အမေရိကန်တွေကျဆုံးပါစေ အော်ဟစ်နေတဲ့ လူအုပ်စုတွေလို ဖြစ်နေတယ်။ သတိထားစေချင်ပါတယ်။ ဒီလိုအမှားမျိုးကို မကျူးလွန်မိပါစေနဲ့။



အန္တရာယ်များသော အုပ်စု နှစ်ခု

မြန်မာနိုင်ငံကို အန္တရာယ်များတဲ့ လမ်းကြောင်းဆီ တွန်းပို့နေတဲ့ အုပ်စုနှစ်ခုရှိတယ်။

(က) တခုက နိုင်ငံတွင်းမှာ လူမျိုးရေးအဓိကရုဏ်းတွေ ဆီက အပြစ်မဲ့ပြည်သူတွေ ရဲ့ အဖြစ်ဆိုးတွေ၊ အသံတွေကို ခုတုံးလုပ်ပြီး နိုင်ငံတကာ အစ္စလာမ်အဖွဲ့အစည်းတွေထံရောင်းစား၊ လုပ်စားနေတဲ့ အုပ်စု၊            ( ပြည်ပမှာ ရှိတယ်)။

သူတို့က ဖေ့ဘွတ် နဲ့ ပြည်တွင်းမှာ အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုတွေရဲ့ ရေးသားချက်တွေ၊ လှုပ်ရှားမှုတွေကို တခုချင်းမှတ်တမ်းတင်ပြီး နိုင်ငံတကာ အစ္စလာမ်အဖွဲ့အစည်းတွေဆီ ပုံမှန် တင်ပြတယ်။ ပလီတီးချောက်ချက်တွေထပ်ထည့်တယ်။ သူတို့သည်သာ အစ္စလာမ်ဘာသာရေးကို တကယ်သက်ဝင်ယုံကြည်နေသရောင်ရောင်၊ ကာကွယ်နေသရောင်ရောင် လုပ်တယ်။ တို့မီးရှို့မီးလုပ်ပြီး စွက်ဖက်ဖို့ ကြိုးစားတယ်။ တိုင်းပြည်ထက် ဘာသာရေးပေါင်းစည်းမှုကို ပိုမိုလုပ်ချင်သူတွေဖြစ်တယ်။ ဒီနေရာမှာ “ဝါကာအူဒင်း” အကြောင်းကို ကြားဖြတ်ပြောချင်ပါတယ်။ ဝါကာအူဒင်း ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက တွေ့ဘူးတာ။ သူက တလျှောက်လုံး ဘင်္ဂလားဒေ့ရှ်က ကျောင်းဆရာ လို့ မိတ်ဆက်လေ့ရှိသူ။ နောက်တော့ ခြေသွက်လက်သွက် နဲ့ မြန်မာရိုလင်ဂျာ ကိစ္စကို တင်လာတော့တယ်။ ဒီလို မရိုးသားတဲ့တိုင်းတပါးသားတွေက ပြည်ပမှာ ရှိနေတယ်။ အဲ့ဒီအုပ်စုက ကလီကမာ လုပ် ပုံကြီးချဲ့ပြောလေ၊ ပိုရှု့ပ်ထွေးလာလေ။ ပြည်တွင်းမှာ အပြစ်မဲ့ အစ္စလာမ်ဘာသာဝင်တွေ ခံရလေပါပဲ။



(ခ) နောက်အုပ်စုတခုကတော့ မြန်မာနိုင်ငံကို အစ္စလာမ်ကမ္ဘာ နဲ့ ရန်တိုက်ပေးနေတဲ့ အုပ်စု
( ပြည်တွင်းမှာ ရှိတယ်)။ အားလုံးသိနေကြတဲ့အတွက် ထူးပြီး ပြောဖို့လိုမယ် မထင်ပါဘူး။

ဒီအုပ်စုကို ပြောချင်တာတခုတော့ ရှိတယ်။ ဘာသာတခုလုံးကို စော်ကားတဲ့အပြုအမူတွေ လုပ်နေသမျှတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုကိုပဲခံရပါမယ်။ အားလုံးကို စစ်မျက်နှာဖွင့်ရလောက်အောင်ထိ အမေရိကန်တွေတောင် မလုပ်ခဲ့ကြပါ။ ကိုယ့်ရဲ့ အင်အားစုဟာ အမေရိကန်တွေလို မတောင့်တင်း၊ အစ္စရေး လို စံနစ်မကျတဲ့ လူ့အဖွဲ့အစည်း ဆိုတာ သဘောပေါက်ရဲ့သား နဲ့ ရူးရူးမိုက်မိုက် လျှောက်လုပ်နေတဲ့လုပ်ရပ်တွေ ကို ရပ်တန့်စေချင်ပါတယ်။ ကိုယ့်လူမျိုးကို နှစ်နေတာနဲ့ အတူတူဖြစ်နေတာမို့ပါ။

အမေရိကန်တွေ ရဲ့ တုန့်ပြန်မှု ပုံသဏ္ဍန်တွေကို ဒုတိယပိုင်းမှာ ဆက်လက်ဆွေးနွေးပါရစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...