Saturday, November 16, 2013

ရွှေတောင်သား ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း

Khaing Lay November 15, 2013 at 5:31pm
သခင်ကိုယ်တော်မှိုင်း မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇဝင်(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲ ဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေး အကျိုးပြုသမား အဖြစ်ထင်ရှား ကျော်ကြား သူဖြစ်သည်။ ကလောင်အမည်အမျိုးမျိုးနှင့် ဆောင်းပါး၊ ကဗျာ မြောက်များစွာရေးသားခဲ့သည့်အနက် မစ္စတာမောင်မှိုင်း မှာပုံတော်၊ ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ သခင်ဋ္ဋီကာတို့မှာ အထူးထင်ရှားသည်။
သခင်ကိုယ်တော်မှိုင်းသည် သီပေါမင်းပါတော်မူကာ မန္တလေးပျက်သည်ကို သိမှီခဲ့သူဖြစ်သည်။ သက်ရှိထင်ရှားမရှိတော့သည့်တိုင် မြန် မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် မျိုးဆက် အဆက်ဆက်တို့ အားသြဇာလွှမ်းမိုးဆဲဖြစ်သည်။ငယ်ဘဝနှင့်ပညာရေးသခင်ကိုယ်တော်မှိုင်းအား ပြည်မြို့အနီး ရွှေတောင်နယ် ဝါးလယ်ကျေးရွာတွင် လှည်းသမားတစ်ဦး ဖြစ်သူ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့ ၁၂၃၇ခု တပေါင်းလပြည့်ကျော် (၁၄)ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်လွန်းဖြစ်သည်။ မိခင်ဒေါ်အုန်းသည် အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း သားဖြစ်သူမောင်လွန်း အား စာရေး စာဖတ်သင်ကြားပေးခဲ့သည်။ ထို့နောက်မိဘများမှ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး ထံတွင်အပ်နှံပြီး ပညာသင်စေသည်။ မောင်လွန်းသည်ကျောင်းသားဘဝမှာပင် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါသဂြိုဟ် စသည်တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။
မောင်လွန်းသည်ကျောင်းသားဘဝတွင် ရွှေတောင်မြို့၌သာနေခဲ့သည် မဟုတ် မိခင်ဖြစ်သူ၏မောင် ဦးရီးရဟန်းတော်နှင့် အညာဒေသများသို့လိုက်ပါရင်း ပညာသင်ယူခဲ့သည်။ သို့သော် နေရပ်ပြန်ရောက် ချိန်တွင် ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ထံတွင်သာ စာသင်သွားလေ့ရှိသည်။ တခါတွင် မောင်လွန်းသည် ဦးရီးရဟန်းနှင့်အတူ မန္တလေးမြို့ မြတောင်တိုက်၌ ရှိနေစဉ် သီပေါမင်းအား အင်္ဂလိပ်တို့ ခေါ်ဆောင်သွားသည့် ပါတော်မူအရေးအခင်းကြီးနှင့် ကြုံကြိုက်ခဲ့သည်။ ၁၀နှစ်အရွယ်ရှိပြီဖြစ်သောကြောင့် အမျိုးနှင့်နိုင်ငံအတွက် နာရကောင်းမှန်းသိကာ အခဲမကျေရှိခဲ့သည်။
ယင်းနောက်ရှင်သာမဏေဝတ်ကာ အလုံ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်စသော အထက်အညာတခွင် ၌လည်းကောင်း ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးထံ၌ လည်းကောင်း ပညာများဆည်းပူးနေခဲ့သည်။ အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံထွန်းကွယ်လွန် သွားပြီး မရှေးမနှောင်းပင် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးပါ ပျံလွန်တော်မူ သွားခဲ့သည်။ ထို့ကြောင့် လူထွက်ကာ မိခင်မုဆိုးမကြီးအား လုပ်ကျွေးမွေးမြူရန် ကြိုးစားရင်းရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။
စာစီသမားဘဝရန်ကုန်သို့ရောက်ရှိပြီးနောက် ဆူးလေဘုရားလမ်း ဇမ္ဖူ့ကြက်သရေ စာပုံနှိပ်တိုက်၌ စာစီသမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ထိုအခါက ထိုတိုက်၌ အယ်ဒီတာ ဆရာကြန်၊ တောင်လုံးပြန်ဆရာမြ၊ လင်းလွန်းပင် ဆရာတော်လူထွက် ဆရာဦးပန်းလှိုင်တို့ ရှိနေကြသည်။ မောင်လွန်းသည် အရည်အချင်းရှိသူဖြစ်သည့်အတိုင်း စာစီသမားဘဝမှ စာပြင်ဆရာ၊ အယ်ဒီတာကလေးဘဝ သို့မကြာမီအတွင်းမှာပင် တိုးတက်ရောက်ရှိ လာခဲ့သည်။ ပုံနှိပ်တိုက်ပိုင်ရှင် ဦးမောင်မောင်ခနှင့် ဒေါ်မမ လေးတို့ကလည်း မောင်လွန်းအား အလွန်ပင် ချစ်ခင်ကြသည်။
 ပြဇာတ်ဆရာလွမ်းထိုအချိန်က နှစ်ပဲတန်ပြဇာတ်လွန်စွာ ခေတ်စားသောကြောင့် ပြဇာတ်စာအုပ်အများအပြားကို အားစိုက်ရေးသားခဲ့သည်။ ထိုစဉ်က အပျော်ဖတ် ဇာတ်စာအုပ်များ ပလူပျံအောင်ထွက်နေခဲ့ပြီး ကိုယ်တိုင်ရေးသာရေးသော်ငြား မနှစ်မြို့လှသောကြောင့် "အသုံးမကျသော ဇာတ်စာအုပ်"ဟု ရေးသားခဲ့ဖူးသည်။ ထို့အပြင် ရေးသား ခဲ့သောပြဇာတ်များအားလုံးမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ဇတ်သဘင်စင်ထက်မှ လာသောဇာတ်များသာ ဖြစ်သည်ကတစ်ကြောင်း၊ ဆရာသမားများ၏ ဂုဏ်သိက္ခာများ ကိုထိခိုက်မည် စိုးသည်ကတစ်ကြောင်း အမည်ရင်းဖြင့်မရေးပဲ ရွှေတောင်မောင်လွမ်း ဟူသောအမည်ကို အသုံးပြုခဲ့သည်။ရေးသားခဲ့သော ပြဇာတ်စာအုပ်ပေါင်း ၈၀ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။
အိမ်ထောင်ရေးဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်၌ အလုပ်လုပ်ကိုင်နေစဉ်မှာပင် တိုက်ပိုင် ဦးမောင်မောင်ခနှင့် ဒေါ်မမလေးတို့က ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အိမ်ထောင်ချပေးခဲ့သည်။ ၁၂၇၇ခု အသက်၄၀အရွယ်၌ ဇနီးဒေါ်ရှင် ကွယ်လွန်ကာ သားသမီးလေးဦး ကျန်ရစ်ခဲ့သည်။ ၁၉၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၌ သမီးကြီး ဒေါ်မြရီသည် စာရေးဆရာ ဆရာဇေယျ နှင့် အိမ်ထောင် ပြုခဲ့သည်။
သတင်းစာဆရာဘဝဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်အား အစုစပ်လိမိတက် သတင်းစာတိုက်လုပ်လိုက်ပြီးနောက် မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင်ရှင် ဖြစ်လာခဲ့သည်။ လုပ်ငန်းတိုးတက် မှုမရှိသည့်အပြင် လခလည်းမမှန်၊ ဆရာရင်းများလည်း မရှိတော့သဖြင့် ရန်ကုန်သတင်းစာတိုက်သို့ ပြောင်းရွှေ့ အလုပ်လုပ်ခဲ့သည်။ ထိုတိုက်တွင် ဆရာလွန်းကမြန် မာစာအယ်ဒီတာ အဖြစ်လုပ်ကိုင်ရသည်။ စာတော်ပြန်အလုပ်ရသော်လည်း အလုပ်ပဲ ငြင်းပယ်ခဲ့သည်။ ရန်ကုန်တိုင်း သတင်းစာ ဆုတ်ယုတ်လာသောအခါ မော်လမြိုင် သို့ပြောင်းကာ မြန်မာတိုင်းသတင်းစာ၌ အယ်ဒီတာ အဖြစ်လုပ်ကိုင်သည်။ မောင်သမာဓိအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့သော်လည်း နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးပေ။ ဇနီးသည် မမာမကျန်း ဖြစ်ခြင်းကြောင့် မော်လမြိုင်သတင်းစာတိုက်မှ နှုတ်ထွက်ကာ ရွှေတောင်၌ ခေတ္တပြန်နေခဲ့သည်။ ၁၉၁၁သူရိယသတင်းစာ ကိုစတင်တည်ထောင်ကြရာတွင် ဆရာလွန်းကို ခေါ်ယူသဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်သည်။ ထိုအခါ ဆရာလွန်း၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များရှင်သန်ကြီး ထွားကာ မျိုးချစ်စာပေများ၊ နယ်ချဲ့ဆန့်ကျင်ရေးစာပေများ စတင်ရေးသားခဲ့သည်။
ချဉ်ပေါင်ရွက်သည်မောင်မှိုင်း နှင့် မစ္စတာမောင်မှိုင်းသက္ကရာဇ်၁၉၀၀ကျော်ခန့် မှစ၍မြန်မာ ပညာတတ်အချို့သည် မစ္စတာဆိုသည့် အသုံးအနှုံးအား မိမိတို့မြန်မာအမည်များ ရှေ့တွင်တပ်၍ ခေါ်ဝေါ်ကြသည်။ ထို ခေတ်ဗုဒ္ဓဘာသာ ကလျာဏရုဝ အသင်း၏ခေါင်းဆောင်များဖြစ်ကြသော ဦးမေအောင်၊ ဦးခင်စသည်တို့သည် မစ္စတာမေအောင်၊ မစ္စတာခင် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြသည်။ အသင်းအစည်းအဝေး မှတ်တမ်များတွင် မစ္စတာမေအောင်မှ အဆိုတင်သွင်းပြီး မစ္စတာခင်မှကန့်ကွက်ဟု ရေးမှတ်ကြသည်ဟု ဆိုသည်။ သခင် ကိုယ်တော်မှိုင်းသည် ထိုအပြုအမူများကိုမြင်သောအခါ လုံးဝနှစ်သက်ခြင်းမရှိ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန်ကျင်သည့်အပြင် လွတ်လပ်ရေကြိုးပမ်းနှင့်လည်းဆန့် ကျင်သည်ဟု ယူဆသည်။
၁၉၀၄ဝန်ကျင်ခန့်က ပြင်သစ်စာရေးဆရာ ဒူးမားရေးသားသောThe Count of Monte Cristoဝတ္ထုကို ဂျိမ်းလှကျော်က မောင်ရင်မောင် မမယ်မ ဟူ၍ဆီလျော် အောင်ဘာသာပြန်ထုတ်ဝေခဲ့ပြီး လွန်စွာရေပန်းစားခဲ့သည်။ ဟံသာဝတီပိဋကတ်တိုက် ပိုင်ရှင် မစ္စတာရစ်ပလီဆိုသူသည် အားကျကာ ဝန်စာရေးဟောင်း ဦးကြီး အားအများကြိုက်မည့် ဝတ္ထုတပုဒ်ကို ရေးသားစေသည်။ ဦးကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္တုကို ရေးသားပေးရာ ၁၉၀၄ခုနှစ်တွင် ပထမတွဲကိုထုတ် ဝေနိုင်ခဲ့သည်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းသည် ဇာတ်လမ်းအရ အလွန်ယုတ်မာကောက်ကျစ်လှသော လူရှုတ်လူပွေတစ်ဦးဖြစ်ပြီး အမျိုးကောင်းသမီးများအား လှည့်ဖြားကာ ဥစ္စာပစ္စည်းတို့အား ယူငင်သည်။ ထိုခေတ်ကာလက လူကြီးများသည် ထိုဝတ္ထုကို ယုတ်မာညစ်ညမ်းသော ဝတ္ထုအဖြစ်မှတ်ယူပြီး လူငယ်များအား မဖတ်ရန် တားမြစ်ခဲ့ကြသည်။ ဖတ်ရှုလိုသူ လူငယ်အချို့သည် ထိုဝတ္ထုကို အိမ်သာအတွင်း ယူငင်၍ဖတ်ရှုခဲ့ရသည်ဟူ ဆိုသည်။
ထို့ကြောင့်လည်း သခင်ကိုယ်တော်မှိုင်သည် မောင်မှိုင်းအမည်ရှေ့တွင် မစ္စတာတပ်၍ သုံးစွဲလိုက်ရာ ဦးမေအောင်တို့လူစု မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြရသည်။ ပြန်လည်ရန်တွေ့ကြသလို သတင်းစာမှလည်းပြန်လည် ချေပရေးသားကြသည်။ သို့သော် သခင်ကိုယ်တော်မှိုင်းကား မဖြုံ ထိုအမည်ဖြင့် ဆောင်းပါး၊ ကဗျာများကို အစဉ်တစိုက် ဆက်ရေးသွားရာ တစ်နှစ်ခန့်အကြာတွင် ဦးမေအောင်နှင့်တကွ မစ္စတာတပ်သူအပေါင်းသည် မစ္စတာဘဝမှ အနားယူသွားကြရလေသည်။
အမျိုးသားကောလိပ်ကျောင်းဆရာဘဝ၁၉၂၀တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ကြသော ကျောင်းသားတစ်စုမှ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်ရှိ ကျောင်းတိုက်တစ်တိုက်တွင် အမျိုးသားကောလိပ်ကျောင်း အားစတင်တည်ထောင်ကြသည်။ ထိုအချိန်တွင် မစ္စတာမောင်မှိုင်းအမည်ဖြင့် စာပေလောက၌ ထင်ရှားပြီးဖြစ်သော ဆရာဦးလွန်း သူရိယသတင်းစာတိုက်မှထွက်ကာ ဝင်ရောက်ဆောင်ရွက်ပေးသည်။ ကနဦးတွင် မြန်မာစာ ပါမောက္ခဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာရာဇဝင်ပြောင်း၍ သင်ကြားသည်။ သို့ရာတွင်အမျိုးသားကောလိပ်မှာ အမျိုးသားပညာရေး ကောင်စီ၏ အထောက်အပံ့မရသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာပြီး နောက်ဆုံးတွင်ကောလိပ်ကို ပိတ်ခဲ့ရသည်။
မစ္စတာမောင်မှိုင်းမှသည် သခင်ကိုယ်တော်မှိုင်းသို့သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ခုနှစ်တွင် ပါတီသစ်တစ်ရပ်အနေဖြင့် ထင်ရှားလာသော တို့ဗမာအစည်းအရုံးကို သူ၏သြဇာတိက္ကမနှင့် ဝင်ရောက်အားပေးကူညီရာ ၁၉၃၆တွင် နာယကဖြစ်လာခဲ့သည်။ ထိုအခါတို့ဗမာအစည်းအရုံးဝင်များ၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင်အမည်ကို ခံယူသည်။ ထိုအချိန်မှစကာ သခင်ကိုယ်တော်မှိုင်းဟူသော အမည်အား ကွယ်လွန်သည်အထိ အသုံးပြုသွားခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာအစည်းအရုံးဝင် ခေတ်လူငယ်များ၏ အလုပ်လုပ်ပုံကို သ ဘောကျပြီး အကြံဥာဏ်များနှင့် အာပေးအားမြှောက် ပြုခဲ့ရာ ထိုလူငယ်များအနက် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် သခင်အောင်ဆန်း၊ မြန်မာပြည်ဝန်ကြီးချုပ် ဖြစ်လာမည့် သခင်နုတို့ပါဝင်ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များသခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်ကြီး မဖြစ်ပွါးရန် အမျိုးမျိုးကြိုးစားခဲ့သည်။ ၄င်းနောက် ပြည်တွင်စစ်ကြီး ဖြစ်ပွါပြီး ရက်သတ္တပတ် အကြာတွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ စက်တင်ဘာ၁၄ရက် နေ့တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း သခင်စံထွန်းလှဇရပ်၌ အဖွဲ့အစည်း ပေါင်းစုံကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ရပ် ကျင်းပြပြုလုပ်ပြီး ၁၇ဦးကော်မတီ နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၈ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရွှေတိဂုံစေတီတောင် ရာဟုဒေါင့် သံတန်ဆောင်းကြီး၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း၁၀၀ကျော်မှ ဆရာတော်၃၀၀၀ခန့်၊ အခြားဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် လူထုပရိတ်သတ် ၂၀၀၀ကျော်တက်ရောက်သော ပြည်တွင်းငြိမ်းချမ်းရေး စည်းဝေးပွဲကြီးအားဦးစီး ကျင်းပခဲ့သည်။ ထို့နောက် ၁၉၅၁ခုနှစ်တွင် ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ(People's Peace Front) ကိုဖွဲ့စည်းခဲ့ပြန်သည်။
၁၉၅၂ခုနှစ် မေလ ၁၀ရက်မှ ၁၄ရက်ထိ ဂျူဗလီဟောတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ပြည်လုံးကျွတ် ညီလာခံစင်မြင့်ပေါ်မှ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး မေလ၁၀ရက်နေ့တွင် ပြည်တွင်းစစ်ရပ်စဲရန် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ၄င်းနောက် ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလ၂၇ရက်နေ့မှ မတ်လကုန်အထိ အထက်မြန်မာပြည်တလွှားသို့ လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားများ လိုက်လံဟောပြောခဲ့သည်။ မတ်လ၃၁ရက်နေ့တွင် မန္တလေးအိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီး၌ လေးပြင်လေးရပ် ဆရာတော် ၁၄၃ပါးကို ပြည်တွင်းငြိမ်းချမ်းရေးပန်ကြးလွှာတစ်စောင် တင်ဆက်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။
ထို့နောက်ပြည်တွင်းငြိမ်းချမ်းရေး ၈ဦးကော်မတီအားဖွဲ့စည်း၍ ၁၉၅၈ခုနှစ် မတ်လ၂၈ရက်နေ့တွင် တပြည်လုံးရှိ ခရိုင်မြို့နယ် အသီသီး၌ တပြိုင်နက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော်၁၉၅၈တွင် အာဏာလွှဲပြောင်းမှုကြီး ပေါ်ပေါက်ခဲ့ပြီး ၈ဦးကော်မတီအားဖျက်သိမ်းပေးခဲ့ ရသည်။ ၁၉၆၀အရောက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးနှိုးဆော်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
ကမ္ဘာလှည့် ငြိမ်းချမ်းရေးခရီးသည်ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ဥက္ကဋ္ဌကြီးအဖြစ် တညီတညွတ်တင်မြှောက်ခြင်း ခံရပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်ခဲ့သည်။ ၁၉၅၂ခုနှစ် ပီကင်းတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကြီးကိုလည်ကောင်း၊ ၁၉၅၃ခုနှစ် တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော် တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် ကိုလည်ကောင်း တက်ရောက်ခဲ့သည်။ ထို့အပြင် ၁၉၅၇ခုနှစ် သိရိလင်္ကာနိုင်ငံ ကိုလံဘိုတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်ကိုလည်း မြန်မာပြည်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။
ဘွဲ့နှင့်ဆုအမျိုးမျိုးကိုလိုနီခေတ်အတွင်းက ရန်ကုန်ယူနီဗာစီတီ မြန်မာစာပါမောက္ခအဖြစ် တစ်လ၃၀၀ကျပ်အဖြင့် အမှုထမ်းရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ တပည့်ရင်း ဖြစ်သူပြည်ထဲရေးဝန်ကြီး ဦးမေအောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ယူရန် ပြောဆိုသော်လည်း လက်မခံခဲ့ပေ။ ထို့အပြင် ဝေလမင်းသားအား ကြိုဆိုဂုဏ်ပြုသည့် ပိုဒ်စုံရတုအား ငွေတစ်ထောင်ပေး၍ ရေးခိုင်းသော်လည်း ရန်သူကိုချီးမွမ်းထောပနာမပြုနိုင် ဟုခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပြည် ထောင်စုအစိုးရမှ အင်္လကာကျော်စွာ စာပေဘွဲ့ကိုပေးအပ်ခဲ့သည်။ မကြာမီပင် ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် ဆိုဗီယက်ယူနီယံမှ စတာလင် ငြိမ်းချမ်းရေးဆုကို အပ်နှင်းခဲ့ပြန်သည်။ တဖန် အရှေ့ဂျာမဏီမှ ဒေါက်တာဘွဲ့ချီးမြင့်ခဲ့ပြန်သည်။ သခင်ကိုယ်တော်မှိုင်းသည် အဆိုပါ ဒေါက်တာဘွဲ့အား များစွာနှစ်မြို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး သဘောအရသာ လက်ခံခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးနေ့ရက်များဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာရလာပြီး ၁၉၆၃နိုဝင်ဘာတွင် အစိုးရနှင့်တောခိုအဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားသည် သာမက နောက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပါ ဖျက်သိမ်းခြင်းခံရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်သွားချိန်မှစ၍ စိတ်ထိခိုက်ကာ အင်အားချိနဲ့ လာခဲ့သည်။ သို့သော် အဖွဲ့ဖျက်သိမ်းခံရသည့်အကြောင်းအား တပည့်၊သား၊မြေးများမှ ဖုံးဖိထားခဲ့ကြသည်။ တနေ့တွင် ကွမ်းသီးထုတ်အား ပတ်ထားသည့် သတင်းစာစက္ကူမှ ထိုသတင်းအားသိရှိသွားကာ "တိုင်းပြည်တော့ပိုဆိုးတော့မှာပဲ" ဟုဆိုပြီး အိပ်ယာထဲလဲသွားသည်။ ၁၉၆၄ခုနှစ်ဇူလိုင်၂၂တွင် သတိမရှိတော့ပဲ ၂၃ရက်နေ့နံနက်၁နာရီ အချိန်တွင် ကွန်လွန်အနိစ္စရောက်သွား ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက်၈၉နှစ် ရှိပြီဖြစ်သည်။
ဈာပနသခင်ကိုယ်တော်မှိုင်း၏ရုပ်ကလပ်ကို နေထိုင်ရာ စမ်းချောင်း၊ ချမ်းသာလမ်းရှိ နေအိမ်မှ အစိုးရဆောက်လုပ်ပေးသည့် စမ်းချောင်းပုဒမ္မာကွင်းရှိ မဏ္ဍတ်သို့ ဇူလိုင်၂၉ တွင်ရွှေ့ပြောင်းခဲ့သည်။ ထိုမဏ္ဍတ်အတွင်းတွင် သူ၏ အသုံးအဆောင်ပစ္စည်းများအား ပြခန်းသဖွယ်ပြသာထားခဲ့သည်။ နေ့လည်၂နာရီတွင် ပုဒမ္မာကွင်းမှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံသို့ လူထုပရိတ်သတ်ထောင်ပေါင်းများစွာ လိုက်လံပို့ဆောင်ကြပြီး ဂူသွင်းမြှပ်နှံခဲ့သည်။
သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည် စာများသတင်းစာဆရာဘဝမှစ၍ ရေးသားပြုစု တည်းဖြတ်ခဲ့သော ဆောင်းပါး၊ ကဗျာ၊ လေးချိုး၊ ဋီကာပေါင်းများစွာ ရှိပြီး သခင်ကိုယ်တော်မှိုင်းပြုစုခဲ့သည့်စာများစာရင်း တွင်အကျယ်ကြည့်ပါ။
ပြည်သူ့ သမိုင်း အလျဉ်မှာ အဆက် မပြတ် ပါဝင် ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၃) နှစ်မြောက် နှစ်လည် ဝမ်းနည်း အမှတ်တရ အဖြစ် ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိကို စုဆောင်း ကူးယူ တင်ပြ လိုက်တာ ဖြစ်ပါတယ်။ သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)
  1. အမည်ရင်း - မောင်လွမ်းမောင်
  2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း
  3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့
  4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ
  5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်
  6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်
ကိုယ်ရေး ဖြစ်စဉ် ၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။
၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။
၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။
၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။
၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။
နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။
၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။
၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။
၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။
၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။
၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။
၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။
၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။
၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။
၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။
၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။
၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။
၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။
၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။
၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။
၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။
၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။
၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။
၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။
၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။
၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။
၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။
ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။
 
ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။
ထုတ်ဝေ ခဲ့သော စာအုပ် စာရင်း
  1. ညီတော် မင်းနန် ချွန်ခန်း ဟောစာသစ် (ရွှေတောင်မြို့ ဆရာလွန်း) - ၁၉ဝ၂ ခုနှစ်
  2. ရွှေတိဂုံ ဘုရား အမှူးကို ကျား အဖူးတက်သော ဇာတ်ဆန်း (မောင်လွမ်း) - ၁၉ဝ၃ ခုနှစ်
  3. ကျမိုင်းမောင် နှင့် စောမြိုင် ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၃ ခုနှစ်
  4. ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (ပ - အကြိမ် - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်
  5. မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်
  6. ကဗျာသာရ မဉ္စူ (ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်
  7. ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ - ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်
  8. အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၇ ခုနှစ်
  9. ချင်းမလေး ဝါနု ပြဇာတ်သစ် (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်
  10. သူခိုး ထိလပ် ပြဇာတ် (ပ - ဒု) (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်
  11. ကျောက်ဝိုင်း သမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်၊ ပထမတွဲ (ဆရာလွမ်း) - ၁၉ဝ၉ ခုနှစ်
  12. ကဗျာသာရတ္တ သဂြုင်္ိဟ် (ဆရာလွမ်း) - ၁၉၁ဝ ခုနှစ်
  13. သီရိဓမ္မာ သောက မင်းကြီး ပြဇာတ် (ပ-တွဲ) (ဆရာလွမ်း) - ၁၉၁၁ ခုနှစ်
  14. မြန်မာ ရာဇဝင်ချုပ်နှင့် ရွှေနတ်တောင် ဘုရားသမိုင်း (ဆရာလွန်း) - ၁၉၁၁ ခုနှစ်
  15. လက်မှုပညာ ဋီကာ (Hard Book of Useful Recipes) - ၁၉၁၃ ခုနှစ်
  16. ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်း) - ၁၉၁၄ ခုနှစ်
  17. ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း - ၁၉၁၄ ခုနှစ်
  18. ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (မစ္စတာမောင်မှိုင်း) - ၁၉၁၄ ခုနှစ်
  19. မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (မစ္စတာမောင်မှိုင်း) - ၁၉၁၆ ခုနှစ်
  20. အီနောင် နန်းတွင်းဇာတ်တော်ကြီး - ၁၉၁၇ ခုနှစ်
  21. ဓမ္မစေတီ (မင်းအတ္ထုပ္ပတ္တိ) ဝတ္ထု - ၁၉၁၈ ခုနှစ်
  22. ကေသာသီရိ နန်းတွင်း ဇာတ်တ်ာကြီး - ၁၉၁၈ ခုနှစ်
  23. မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) - ၁၉၁၉ ခုနှစ်
  24. ပဲခူး ရာဇဝင် ဇာတ်တော်ကြီး - ၁၉၁၉ ခုနှစ်
  25. ဒေါင်းဋီကာသစ် - ၁၉၂ဝ ခုနှစ်
  26. ဘွိုင်းကောက် ဋီကာကြီး - ၁၉၂၁ ခုနှစ်
  27. မှာတော်ပုံ ဝတ္ထု (တတိယတွဲ) - ၁၉၂၁ ခုနှစ်
  28. မှန်နန်း ရာဇဝင်တော်သစ် (ပထမအုပ်) - ၁၉၂၂ ခုနှစ်
  29. မျောက်ဋီကာ - ၁၉၂၃ ခုနှစ်
  30. မျောက်ဂဏ္ဌိ - ၁၉၂၃ ခုနှစ်
  31. ခွေးဋီကာ - ၁၉၂၅ ခုနှစ်
  32. ဒေါင်းဂဏ္ဌိ (ပထမတွဲ) - ၁၉၃၁ ခုနှစ်
  33. ဂဠုံပျံ ဒီပနီဋီကာ - ၁၉၃၁ ခုနှစ်
  34. မန္ဈလေးမြို့ ရွှေရေးဆောင် ဆရာတော်ဘုရားကြီး ဦးကြည်၏ ထေရုပ္ပတ္တိကထာ - ၁၉၃၅ ခုနှစ်
  35. ခွေးဂဏ္ဌိ (ပထမတွဲ၊ ဒုတိယတွဲ) - ၁၉၃၆ ခုနှစ်
  36. သခင်ဋီကာ - ၁၉၃၈ ခုနှစ်
  37. အာဇာနည်ဗိမာန် - ၁၉၄၈ ခုနှစ်
  38. ဗမာ ပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်း မည်နည်း သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး - ၁၉၄၈ ခုနှစ်
  39. အနာဂတ် ဇာတ်ခုံ အိပ်မက် ဒီဠုံ ဋီကာ - ၁၉၅ဝ ပြည့်နှစ်
  40. လေးချိုးပေါင်းချုပ် (ပထမတွဲ) - ၁၉၅၅ ခုနှစ်
  41. လေးချိုးပေါင်းချုပ် (တတိယကြိမ်) - ၁၉၆၈ ခုနှစ်
  42. မှာတော်ပုံ နှင့် စစ်ကိုင်းပြန် မှာတော်ပုံ - ၁၉၇၁ ခုနှစ်
  43. လက်ရွေးစင် လေးချိုးတရာ - ၁၉၇၃ ခုနှစ်
  44. တို့ဗမာ ဝတ်ရွတ်စဉ် - ၁၉၇၆ ခုနှစ်
  45. အနုသာသနခေါ် ဂမီႝရပျို့အဖြေ
  46. ဦးပုည မေတ္တာစာ
  47. မှန်နန်းရာဇဝင်ချုပ်
  48. ကုန်းဘောင်ပေါ်လစ်တစ်
  49. ကလဟ ဝိနိစ္ဆယ
  50. တက္ကသိုလ် ပန်တူဝိနိစ္ဆယ
  51. ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)
  52. အဝနန်းတော်
  53. မြန်မာ့ဇေယာသဝဏ်
  54. ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ
  55. သခင် ညီလာခံ သြဘာ ဆောင်းပါးများ
  56. မင်္ဂလာရတုများ
  57. အရေးတော်ပုံ ဆောင်းပါးများ
  58. အရမ်းကာရ ဝိသောဓနီ
  59. စုန်တော်မူမှာတမ်း
တည်းဖြတ်ခဲ့သော စာအုပ်များ
  1. (မောင်စံသူ) ရွှေနန်းဘွဲ့ မှာတမ်း - ၁၉၁၃ ခုနှစ်
  2. (မဏိကက်) နန်းတွင်း ဇာတ်တော်ကြီး - ၁၉၁၇ ခုနှစ်
  3. (ဦးဘိုးသစ်) ကဗျာရေးနည်း နိသျှည်းကျမ်းကြီး - ၁၉၂၄ ခုနှစ်
  4. (မောင်ချစ်စရာ) မြန်မာစာ ညွန့်ပေါင်း ဋီကာ - ၁၉၂၅ ခုနှစ်
  5. တောင်တွင်းကြီးမြို့ ဆရာတော် ဟိတသိဒ္ဓက ဝတ္ထု - ၁၉၂၉ ခုနှစ်
  6. ပုံတောင်နိုင် မော်ကွန်း - ၁၉ ? ခုနှစ်
  7. (ဦးထွန်းဖေ) မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် - ၁၉၃၃ ခုနှစ်
  8. ဒုတိယ နဝဒေး စကြာမင်း မယ်တော် ဆင်ဖြူရှင်မ ဧချင်း - ၁၉၃၄ ခုနှစ်
  9. (သခင် လေးမောင်) ဒို့ဝတ္တရားကြီး - ?
  10. မြဒေါင်းညို (ဦးအောင်သိန်း) ဝသုမြေ (ပထမပိုင်း) - ၁၉၃၈ ခုနှစ်
  11. (ဦးအုန်းမောင်) ကျောင်းသုံး မြန်မာ ရာဇဝင်သစ် - ၁၉၄၈ ခုနှစ်
  12. (ဗိုလ်သိမ်းဆွေ) ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ - ၁၉၅၁ ခုနှစ်
  13. (မဟာတင်) လွတ်လပ်ရေး နှင့် ဗိုလ်ချုပ် မော်ကွန်း - ၁၉၅၂ ခုနှစ်
  14. (ဆရာရွှေ)မြန်မာ ရှေးဟောင်း ကဗျာညွန့်ပေါင်း - ?
  15. တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ - ?
သခင်ကိုယ်တော်မှိုင်းပြုစုခဲ့သည့်စာများစာရင်း
သခင်ကိုယ်တော်မှိုင်း ရေးသားတည်းဖြတ်ခဲ့သော စာများအား အပိုင်း(၁) သက္ကရာဇ်စဉ် စာစုစာရင်း၊ အပိုင်း(၂) အမည်သာသိရသော စာများစာရင်း၊ အပိုင်း(၃) သက္ကရာဇ်စဉ် တည်းဖြတ်ခဲ့သောစာမူများစာရင်း ဟူ၍ ၃ ပိုင်းခွဲခြားထားသည်။

အပိုင်း(၁) သက္ကရာဇ်စဉ် စာစုစာရင်း
၁၉၀၂
၁။ ညီတော်မင်းနန် ချွန်ဟောစာသစ်။ ရေးသူ ရွှေတော်မြို့ ဆရာလွန်း၊ ရန်ကုန်မြို့။ ဇမ္ဗုကြက်သရေပုံနှိပ်တိုက်။ ၁၉၀၂။ ၁-၂၄။
၁၉၀၃
၂။ ရွှေတိဂုံဘုရား အမှုးကို ကျားဖူးတက်သော ဇာတ်ဆန်း။ ပထမတွဲ။ ရေးသူမောင်လွမ်း၊ ရန်ကုန်မြို့။ ဇမ္ဗုကြက်သရေပုံနှိပ်တိုက်။
၃။ ကျမိုင်းမောင်နှင့် စောမြိုင်ပြဇာတ်။ ရေးသူဆရာလွမ်း၊ ရန်ကုန်မြို့။ ဇမ္ဗုကြက်သရေပုံနှိပ်တိုက်။ ၂တွဲ၊ စာမျက်နှာ ၈၀စီ။

၁၉၀၅
၎။ ကုလားလေး ငဗြတ်ဝိ ငဗြတ္တ။ ရေးသူဆရာလွမ်း။ ပထမအကြိမ်ပုံနှိပ်ခြင်း။ ရန်ကုန်အီဗရာဟင်။ ၃တွဲ။ စာမျက်နှာ ၈၀စီ။
၅။ မော်လမြိုင် ရာဇဝင်ဝတ္တု။ ရေးသူဆရာလွမ်း။ မော်လမြိုင်မြို့၊ မြန်မာတိုင်းသတင်းစာ ပုံနှိပ်တိုက်။ ၁၇၆စာမျက်နှာ။ ပထမတွဲ။

၁၉၀၆
၆။ ကဗျာသာရမဉ္ဇူ။ ရေးသူဆရာလွမ်း။ မော်လမြိုင်မြို့၊ မောင်ရွှေအိုး၊ မြန်မာတိုင်းသတင်းစာ ပုံနှိပ်တိုက်။ ၂၂၃စာမျက်နှာ။
၇။ ပရမတ္တ သံခိပ်အဖျြေကျမ်း၊ ဒုတိယတွဲ။ ရေးသူဆရာလွမ်း။ မော်လမြိုင်၊ မောင်သာလှိုင် မြန်မာတိုင်းသတင်းစာ ပုံနှိပ်တိုက်။ ၁၁၄စာမျက်နှာ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ချိန်၌ အသက် ဆယ်နှစ်ကျော် ရှိနေသည်။ သီပေါမင်းပါတော်မူသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာပြည်ကို တိုင်းတပါးအောက်က လွတ်မြောက်ရန် ကြိုးပမ်းရမည်ဆိုသောအသိ ငယ်စဉ်ကတည်းက ကိန်းအောင်းခဲ့သူဖြစ်သည်။
ပညာသင်ကြားခြင်း
စာပေရေးသားခြင်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက် ၁၉ နှစ်တွင် ရန်ကုန်သို့ ရောက်လာပြီး စာစီ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ သတင်းစာအယ်ဒီတာ အဖြစ်အဆင့်ဆင့်ရောက်ရှိခဲ့ပြီး သတင်းစာအယ်ဒီတာ ဖြစ်သည့်အချိန်တွင် ဆောင်းပါးများ စပြီးရေးခဲ့သည်။ ‘ရွှေတောင် မောင်လွမ်း’ဆိုသည့် ကလောင်နာမည်ကို ရှေ့ပိုင်းတွင် သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် အင်္ဂလိပ်ကို အထင်ကြီးပြီး ကိုယ့်နာမည်ရှေ့၌ မစ္စတာ တပ်သော ဗမာများကို စက်ဆုပ်သည့်အတွက် ထိုခေတ်က နာမည်ကြီးသော ဝန်စာရေးဦးကြီး၏ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ဝတ္ထုထဲမှ လူရှုပ်လူပွေ ဇာတ်ကောင် ‘မောင်မှိုင်း’၏ အရှေ့တွင် မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ဆိုသည့် ကလောင်အမည်ကို ပြောင်းလဲသုံးစွဲခဲ့သည်။ သခင်ကိုယ်တော်မှိုင်း ဆိုသည့်အမည်မှာ တို့ဗမာအစည်းအရုံးကို ဝင်ပြီး ထိုအသင်းကြီး၌ နာယက ဖြစ်လာသည့်နောက်ပိုင်း၌ တွင်ခဲ့သည့်အမည်ဖြစ်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေတွေလက်ရာများတွင် ဗိုလ်ဋီကာ၊ သခင်ဋီကာ၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဒီပနီဋီကာ စသည့် နိုင်ငံရေးသဘောတရားများ ပါရှိသော စာပေများပါဝင်သကဲ့သို့ ကဗျာလင်္ကာတွေ၊ ရာဇဝင်များလည်း ပါဝင်သည်။
သခင်ကိုယ်တော်မှိုင်းအလွန်
၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။

လန်ဒန်တိုင်းသတင်းစာ၌ ဖော်ပြခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ
  • မောင်ထင် ဘာသာပြန်သည် (၂၄-၇-၀၇)
မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။
သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိ သည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီး နောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။
ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကိုနန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌ ၀င်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့ သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ် သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာ သောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နား လည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသားရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာ သောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေး သည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။
ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေ သည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင် ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။
သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်း မပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာ သတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။
သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူ ကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည် ကိုပေးသည်။
သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကို လည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။
သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာ အစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည် အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။
တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့် စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက် ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီး အဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှ ထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။
မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ် တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။
ဘာသာပြန်သူ၏မှတ်ချက် - လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာမဟုတ်၊ လွတ်လပ်စွာ ရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြား တပါးသော နိုင်ငံတို့က ကြိုက်သည်လည်းရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။
မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူ ကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူ ကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀ တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင် စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်းတို့၌ လွတ် လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာ အာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြပေသည်။
ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာ ရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေ ဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။
စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိ ကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေ ပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်းသည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကို လည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့ သို့ ရေးသားဂုဏ်ပြုခံရသူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။
လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။
သခင်ကိုယ်တော်မှိုင်း “၁” ရာပြည့်ကော်မတီမှ ကူးယူသည်။
(၂၀၀၆ ခုနှစ်ထုတ် အောင်စောဦး ပြုစုသည့် “ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း နှစ် (၁၃၀) ပြည့် အထူးထုတ်” စာအုပ်မှ ကူးယူဖော်ပြသည်။)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...