Wednesday, November 20, 2013

အောင်ခြင်းတပါးတိုး၍ ရှိခိုးလိုပါသည်အရှင်ဘုရား


သောဘဂ၀ါအစထား
မာန်ငါးပါးကိုအောင်တော်မူ
နတ်လူတို့၏သခင်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား...
ဘုရာ့တပည့်တော် ငမိုက်သား
မိုက်မှားမိပါက ရိုက်ပြီးသာဆုံးမတော်မူပါဘုရား။

အလွန်အင်မတန်ခံပြင်း
ရင်တွင်းမီး အလျှံတညီးညီးကို
ငြိမ်းစေသောငှာ မစွမ်းသာသည်ဖြစ်၍
အရှင်ဘုရားရှေ့တော်မှောက်
ဤဆုတောင်းဖြင့် လျှောက်ကြားအပ်ပါသည်ဘုရား။

အရှင်ဘုရား၏သာသနာသည်
လောဘဇော အသောမသတ်နိုင်သည့်
လူ့အတ္တဘော ဥမ္မတကောတို့၏
သွန်လိုသွန် မှောက်လိုမှောက်
နိုင်ငံရေးကစားကွက်အောက်
ခြေဖြင့်ကျောက်လိုကျောက်သည်တသွယ်
ကျွဲနှစ်ကောင်ခတ်သည့်ကြား
မြေဇာပင်ကဲ့သို့ ပြားလိုပြားသည်တမှောင့်
လောက်လောက်လားလား ကြည်ညိုစရာပျောက်
ထောင်းထောင်းညက်ညက်ကြေ၍
အရှက်ဖြေစရာပင် မရှိတော့ပါဘုရား။

ထို့ပြင်တဝ
ပညောင်ပင်လင်းတနားသကဲ့သို့
ဘုရားမသိ တရားမရှိသောလူ့မိစ္ဆာများသည်
အရှင်ဘုရား ဗျာဒိတ်ထားခဲ့သည့်
သာသနာစည်ပင်ရာ ဤတိုင်းပြည်တွင်
ဘုရားသားတော်များကို သတ်လိုသတ်
စစ်တုရင်ကွက်ပေါ်ကနယ်ရုပ်များလို မှတ်လိုမှတ်နှင့်
အဓမ္မနှင့် ဝိသမကိုထိပ်ပေါ်ရွက်ကာ
အရှက်နည်းစွာ ကျင့်ကြံနေကြသည်မှာ
ကြည့်၍မပျော် ရှု၍မကောင်း
ယင်ကောင်တလောင်းလောင်း အနံ့တထောင်းထောင်းနှင့်
မသတီစရာကောင်းလှပါသည်ဘုရား။

သဗ္ဗေသတ္တာ ကမ္မသကာဟု
ပျက်ချိန်တန် ပျက်ရမည့်သဘော စောကြောမိပါသော်လည်း
ဥပေက္ခာပြု လျစ်လျူရှုထားပါက
ပျက်ချိန်မတန်ခင် ပျက်မည်အမှန်ပင်ဖြစ်သည်ဟု
ဆင်ခြင်မိပါသည်ဘုရား။

သို့ဖြစ်ပါ၍
ဘာသာ သာသနာကို ခုတုံးလုပ်
နိုင်ငံရေးအမြတ်ထုတ်နေကြသည့်
အမျိုးယုတ်တသိုက်၏ မာန်စွယ်တငေါငေါအား
စောစီးစွာ ရိုက်ချိုးပြီး
အောင်ခြင်းရှစ်ပါးမှာ တပါးထပ်တိုး
အောင်ခြင်းကိုးပါးနှင့် ရှိခိုးလိုသည်မို့
ရှင်ပြန်ထမြောက်၍ လူ့ပြည်အရောက်ကြွလှမ်းကာ
တန်ခိုးဗြာဒိဟာဖြင့် နှိမ်နင်းတော်မူပါအရှင်ဘုရား။

မောင်ပါလ
၁၉.၁၁.၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...