Wednesday, November 6, 2013

ဗိုလ်ဇော်မျိုးထက် အသတ်ခံရတဲ့ကိစ္စ

Ko Htut September 17, 2013 at 9:38pm
တခါတခါ ကျွန်တော့် သူငယ်ချင်း list က သူငယ်ချင်းတစ်ယောက်တစ်လေ like လုပ်ထားတဲ့ ဓါတ်ပုံတပုံပုံကို ကြည့်မိရင်း ဓါတ်ပုံရှင်ရဲ့ ဖေ့ဘွတ်အကောင့်ထဲ ရောက်သွားပြီး၊ အဲဒီဓါတ်ပုံရှင်ဟာ စစ်တပ်က အရာရှိငယ် တစ်ဦးဦး ဖြစ်နေတတ်ပါတယ်။ အဲဒီစစ်ဗိုလ်တွေတင်ထားတဲ့ ဓါတ်ပုံတွေမှာ like လုပ်ထားတဲ့လူ ရာဂဏန်းရှိတာလည်း တွေ့ရပါတယ်။ ဒီနေ့လည်း ကျွန်တော့်သူငယ်ချင်းစာရင်းထဲက သူငယ်ချင်းနှစ်ယောက် like လုပ်ထားတဲ့ဓါတ်ပုံတစ်ပုံကိုဖွင့်ကြည့်မိရင်း ဓါတ်ပုံရှင်ဟာ စစ်တပ်က အရာရှိတစ်ယောက်ဖြစ်နေတာ တွေ့ရပါတယ်။ အဲလိုနဲ့ အဲဒီပုံကနေတဆင့် ကျွန်တော်လည်း တပုံပြီး တပုံ ဆက်ကလစ်ရင်း သူတင်ထားတဲ့ ပုံတွေကို ကြည့်မိပါတယ်။ သူတင်ထားတဲ့ ဓါတ်ပုံတွေမှာ တချို့ပုံတွေမှာ လူတစ်ရာကျော်၊ တချို့ နှစ်ရာကျော်၊ သုံးရာကျော် like တွေ တွေ့ရပါတယ်။ အဲဒီမှာ ကျနော်ဘာစဉ်းစားမိ သလဲဆိုတော့ အော် ငါတို့ငယ်ငယ်တုန်းက အအထိ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ခဲ့ဖူးတဲ့ စစ်ဗိုလ်တွေဟာ အရောင်မှိန်သွားတာကလွဲလို့ လုံးဝဥဿုံမြောင်းထဲရောက် သွားတာ မဟုတ်သေးဘူးဆိုတာပါပဲ။
ဆက်ကြည့်နေရင်း တနေရာ အရောက်မှာ ဘာတွေ့ရလဲဆိုတော့ တပ်မတော် တပ်မတစ်ခုရဲ့ တံဆိပ်တခုတင်ထားတာ တွေ့ရပြီး၊ အဲဒီပုံမှာ သူရေးထားတာက ကေအိုင်အေဆီမှာ အကြွေးတောင်းစရာရှိတယ်၊ သူကိုယ်တိုင်ကေအိုင်အေနဲ့ တိုက်နေတဲ့ မပခလက်အောက်ခံတပ်တခုခုမှာ ကိုယ်တိုင်တိုက်ပွဲဝင်လိုက်ချင်တယ်ဆိုတာကို ကဗျာဆန်ဆန် ရေးထားတာတွေ့ရတယ်။ အဲဒီအရာရှိငယ်လိုပဲ စစ်သားတွေလို့ယူဆရတဲ့သူတွေကလည်း ငါတို့လည်း မင်းလိုပဲ၊ ကေအိုင်အေကို ကိုယ်တိုင်တိုက်လိုက်ချင်တယ်ဆိုတဲ့အကြောင်း ကွန်းမန့် လာရေးကြတယ်။ အဲဒီမှာ ကျနော်သဘောပေါက်တယ်၊ သူတို့ဟာ ဗိုလ်ဇော်မျိုးထက် သေတာနဲ့ပတ်သက်လို့ ကေအိုင်အေကို လက်စားချေချင်နေကြတယ်ဆိုတာပါ။


တပ်မတော်ကိုစည်းရုံးရေး၊ Army Reform လုပ်ကြဖို့ ပြည်ပ (နယ်စပ်)က အတိုက်အခံအချို့ ကြံရွယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီကိစ္စကို လက်တွေ့လုပ်ကြည့်ဖူးတဲ့သူတိုင်း ဒီအစီအစဉ်က မဟန်ဘူးဆိုတာ သိကြတယ်။ ၈၈ အရေးအခင်းအပြီးမှာ ဒုဗိုလ်မှူးကြီး စိန်မြ၊ ဒုဗိုလ်မှူးကြီးအေးမြင့် တောခိုတယ်။ တခြားအရာရှိအနည်းငယ်နဲ့ စစ်သည်အနည်းငယ်လည်းတောခိုတယ်။ နောက် ဗိုလ်ကြီးစိုင်းဝင်းကျော်၊ ဗိုလ်မှူးစိုင်းသိန်းဝင်း၊ ဗိုလ်မှူးအောင်လင်းထွဋ်၊ ဗိုလ်ကြီးနေမျိုးဇင်.. အနှစ် ၂၀ ကျော်ကာလမှာ စစ်တပ်ကိုပုံကန်ပြီး ဒီမိုကရေစီအင်အားစုဖက်ပါလာတဲ့ အရာရှိက တစ်ဒါဇင်ထက် မကျော်ဘူး၊ ပါလာသူတွေကလည်း အရာရှိငယ်တွေသာ ဖြစ်တယ်။


ဒီကျောင်းကိုတက်ပြီး ဒီစာပဲသင်ခဲ့တယ်၊ ဒီ ပုံသေနည်းထဲကပဲ စဉ်းစားတယ်၊ တသွေးတသံတမိန့်ကိုပဲ နာခံတယ်၊ ကျန်တာဘာမှမသိဘူး၊ ကျန်တာဘာမှ ဂရုမစိုက်ဘူးဆိုတာ စစ်တပ်အရာရှိတွေပဲ။ ဒီရက်ထဲမှာ နိုင်ငံခြားဘဏ်တွေမှာ ဒေါ်လာ ၁၁ ဘီလီယံအပ်ထားတယ်၊ ဒီပိုက်ဆံတွေက တိုင်းပြည်ကနေခိုးထားတဲ့ ပိုက်ဆံတွေဆိုတာလည်း သူတို့ စိတ်မ၀င်စားဘူး။ ဇော်မျိုးထက်အသတ်ခံရတဲ့ကိစ္စနဲ့ ကေအိုင်အေကို လက်စားခြေဖို့ပဲ သူတို့စဉ်းစားတယ်။ ဦးသန်းရွှေသမီး သန္တာရွှေ မင်္ဂလာဆောင်တုန်းက စိန်တွေသီးနေအောင်ဝတ်ထားတာကို PDC ကမှတ်တမ်းခွေထုတ်တယ် (အခွေကို စစ်တပ်ထဲမှာလည်း ဖြန့်တယ်)။ အဲဒီစိန်အလုံးကြီးတွေကို စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယုကတောင် ခရစ်စမတ်သစ်ပင်လားမှတ်ရတယ်ဆိုပြီး ဝေဖန်ခဲ့ရတာ၊ ဒီစိန်တစ်လုံးဟာ မြို့တစ်မြို့ တည်ဆောက်လို့ရလောက်အောင် တန်ကြေးကြီးတာ၊ ပြီးတော့ အဲဒီမင်္ဂလာပွဲမှာ လက်ဖွဲ့က ဒေါ်လာ သန်း ၅၀ ရတာတွေ သူတို့စိတ်မ၀င်စားဘူး။ အဘကြီး အဖေကြီးကို အကြည်ညိုမပျက်ခဲ့ဘူး။ တပ်မတော် ဆောင်ပုဒ်အတိုင်း ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ပဲ။ အပြင်ကနေမနာလိုလို့ ပြောတဲ့ အတင်းအဖျဉ်းစကားတွေလို့ပဲ သတ်မှတ်ခဲ့ပုံရတယ်။


စစ်ပွဲမှာ အရှင်ဖမ်းမိရင် ခေါင်းဖြတ်တာ လည်လှီးတာ ဘယ်တပ်ကပဲ လုပ်လုပ် မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ ဗိုလ်သန်းရွှေစစ်တပ်က ခေါင်းဖြတ်တာ လည်လှီးတာတွေဆိုတာ လုပ်ရိုးလုပ်စဉ်တွေပါ။ ဦးနေ၀င်းလည်း လုပ်ခဲ့တယ်၊ ဗိုလ်သန်းရွှေက အမွေဆက်ခံတယ်။ ဗိုလ်သန်းရွှေတပ်က အရှင်မိလို့ ခေါင်းဖြတ်တာ ခဏထားဦး၊ စစ်စလီကျွန်းမှာ ၁ နှစ် ၂ နှစ်အရွယ်ကလေးတွေအပါအ၀င် ဘာမှ အပစ်မရှိတဲ့ အရပ်သား ဒါဇင်ပေါင်းများစွာ (၅၉ ယောက်) ကို အဲဒီစစ်ဆင်ရေးကို တာဝန်ယူနေတဲ့ အဖွဲ့ကအရာရှိတွေက ဘာမှအပြစ်မရှိတဲ့ သာမန်အရပ်သားတွေပါလို့ အစီရင်ခံတင်ပြခဲ့တာတောင် “ရထားပုလဲ”  ရှင်းပစ်သတ်ပစ်ဆိုတဲ့ ကြေးနန်းနဲ့ ဗိုလ်သန်းရွှေက သေဒဏ်ပေးခဲ့သေးတာပဲ။ စစ်ဆင်ရေးအရာရှိတွေကိုယ်တိုင်တောင် ဒီအမိန့်တကယ်ဟုတ်ပါ့မလားလို့ မယုံနိုင်ဖြစ်ခဲ့ရလို့ တစ်ညဆိုင်းငံ့ထားပြီး နောက်တနေ့မှာ စစ်ရုံးချုပ်ကို ပြန်မေးခဲ့ရတယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ဟထားတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်က တပ်မတော် သစ္စာဖောက်မို့ လိမ်ညာပြောနေတာလို့ သတ်မှတ်ရင် အဲဒီစစ်ဆင်ရေးမှာ ပါခဲ့တဲ့ အရာရှိတွေအားလုံးလိုလို ခု အသက်ရှင်နေသေးတာပဲ။ ဗိုလ်သန်းရွှေတပ်က လည်လှီးတာ၊ ခေါင်းဖြတ်တာ၊ မုဒိမ်းကျင့်တာတွေကို မပြောသေးပါဘူး။


ဒီနေ့ စစ်တပ်ကို မြန်မာ့တပ်မတော်လို့ ဘယ်လို လက်ခံပေးရမှာလဲ။ တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ဖို့ စည်းကမ်းတကျ ဖွဲ့စည်းပုံနဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ အဆင့်မြင့် အင်စတီကျူးရှင်းဖြစ်တယ်။ ဒီနေ့ တပ်မတော်က အဲဒါတွေနဲ့ ဆန့်ကျင်ဖက်။ ပြည်သူတွေ လမ်းပေါ်မှာ အာဏာရှင်ကို ဆန္ဒပြရင် ပစ်သတ်တယ်၊ ဘုန်းကြီးတွေ၊ မယ်သီလတွေ အာဏာရှင်ကို ဆန့်ကျင်ရင် ပစ်သတ်တယ်။ ဆယ်စုနှစ်များစွာ တိုင်းပြည်ကပိုင်တဲ့၊ ပြည်သူတွေပိုင်တဲ့ သယံဇာတ အရင်းအမြစ်တွေကို ခိုးဝှက်နေတဲ့ ဗိုလ်ချုပ်တွေကို အကာအကွယ်ပေးထားတယ်။ ကိုယ်တိုင်ခိုးလို့ရရင် ကိုယ်တိုင်ခိုးတယ်။ ဇာတ်သိမ်းတော့ တိုင်းပြည်မှာ ဘာမှမကျန်ဘူး၊ အခွံပဲ ကျန်တယ်၊ ရောင်းလို့ရတာ အကုန်ရောင်းခဲ့တယ်၊ ပေါင်လို့ရတာ အကုန်ပေါင်ခဲ့တယ်။ သိမ်းလို့ရတာတွေလည်း အကုန်သိမ်းပြီး ငါ့ဟာ လုပ်တယ်။ တောင်တွေမကျန်၊ တောတွေမကျန်၊ ပင်လယ်မထား၊ မြစ်ပါ ချမ်းသာ မပေးဘူး။ တပ်မတော်ကို အိတ်ထဲထည့်ပြီး တိုင်းပြည်ကို စုတ်ပြတ်သတ်သွားအောင် ဗိုလ်ချုပ်ကြီးတွေ လုပ်ခဲ့တယ်။ ဆိုတော့ ဒီတပ်မတော်ကို မြန်မာ့တပ်မတော်လို့ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဗိုလ်သန်းရွှေခါးပိုက်ဆောင်တပ်၊ ဗိုလ်ချုပ်ကြီးတွေလက်သပ်မွေးထားတဲ့ တပ်အဆင့်ပဲဖြစ်နေတယ်။


ကျနော်တို့ နိုင်ငံသားတွေကလည်း မေတ္တာဂရုဏာအလွန်ကြီးမားကြတယ်၊ သနားကြင်နာမှု လွန်ကဲတယ်။ ပြီးတော့ လွယ်လွယ်ခွင့်လွှတ်တတ်ကြတယ်လို့ပဲ ပြောရမယ်။ ဗိုလ်ဇော်မျိုးထက် ကိစ္စမှာ ခေါင်းဖြတ်တာတော့ လွန်တာပေါ့ဆိုတဲ့သူတွေထဲမှာ အရင်က စစ်တပ်ကို ဆဲဖူးတဲ့လူတွေလည်း ပါတယ်။ မကြာခင်ကပဲ ဖေ့ဘွတ်မှာ ကြည့်ရင်းနဲ့ သမ္မတ ဦးသိန်းစိန် fan page ကိုရောက်သွားတယ်။ တင်ထားသမျှပုံတွေမှာ like တွေ ထောင်ကျော်တွေ့ရတယ်။ (အတိုက်အခံခေါင်းဆောင်ကိုအားပေးမှုထက်ပိုများတာတွေ့ရလို့ အံ့သြမိသေးတယ်။) အဲဒီမှာ ရေးထားတဲ့ comment တွေလည်း တွေ့ရတယ်။ “ဒို့သမ္မတကြီးကိုပဲ အားကိုးတယ်တို့… ဒို့ကတော့ သမ္မတကြီးမှ သမ္မတကြီးတို့…. ခုချိန်မှာ သမ္မတကြီးက လွဲရင် ကျန်တာ ဘာမှ မစဉ်းစားတို့”။ စုံလို့ပဲ၊ အများကြီး။ ဒီလူတွေ အကုန်လုံး စစ်တပ်က လူတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါအကုန်စစ်တပ်က လူတွေပါလို့ ပြောရင် ရူးနေလို့ပဲ ဖြစ်မယ်။ စစ်ဗိုလ်လူထွက် သမ္မတကို အားပေးမှုဟာ လျှော့တွက်လို့ မရတာ တွေ့ရတယ်။

အတိုက်အခံခေါင်းဆောင်ကလည်း လုပ်သင့်တာတွေမလုပ်၊ မလုပ်သင့်တာတွေဝင်လုပ်၊ မပြောသင့်တဲ့ စကားတွေပြော၊ ပြောသင့်တာတွေ မပြောတော့ ယုံကြည်မှုနဲ့ ထောက်ခံမှု သိသိသာသာလျှော့သွားတာတွေ့ရတယ်။ ဒါပေမဲ့ ဒါက ဖေ့ဘွတ်ပေါ်က ပြည်သူကို ကြည့်ပြီး သုံးသပ်ရတာ၊ အပြင်ဖက်က ပြည်သူ့သဘောထား ဘယ်လိုရှိမယ် မပြောနိုင်ဘူး။ ဒီမိုကရေစီဆိုရင် ရွေးကောက်ပွဲ ရှိပြီ၊ ရွေးကောက်ပွဲမှာတော့ ကိုယ်ကြိုက်တဲ့လူ ကိုယ်မဲပေးကြမှာပဲ။


ကိုထွဋ်
၁၇-၉-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...