Friday, November 22, 2013

နှလုံးသားဒိုင်ယာရီ (၁၇)

Win Ko November 22, 2013 at 5:02am

      ဘ၀တွင် ၀မ်းအကျင့်၊နှုတ်အကျင့် ကိုဖျောက်ရန်ခက်ခဲသည်ဟုဆိုရမည်။ တော်လှန်ရေးနယ်မြေ ကျင်လည်နေထိုင်စဉ်ကာလ ထမင်းကိုသာအားပြုစားသောက်တတ်ကြသည်။ နံနက်(၄)နာရီထိုးသည် နှင့် အိပ်ယာမှထကာ ချက်ပြုပ်ကြပြီး (၆)နာရီထိုးသည်နှင့်နံနက်စာကိုစားသောက်တတ်ကြသည်။
ညနေ စာကိုတော့ (၃)နာရီထိုးသည်နှင့်စားသောက်ပြီးဖြစ်သည်။ ထိုမှာ နိစ္စဓူဝဖြေရှင်းရသော ၀မ်းရေးဖြစ်သည်။      သာစည်ဘူတာအနီး ရွှေဝတ်မှုံတည်းခိုခန်းရောက်တော့လည်း နံနက်(၆)နာရီထိုးသည်နှင့် ၀မ်းမီး က ပူလောင်ထကြွသောင်းကျန်းနေတော့သည်။ မုန့်ပဲသရေစာမစားတတ်၊မတင်းတိမ်၍ဖြစ်မည်။ ၀မ်းမီးငြိမ်း စေရန်အတွက် ထမင်းဆိုင်ရှာတော်ပုံဖွင့်ရသည်။ ဘူတာနှင့်မနီးမဝေးနေရာတွင် ထမင်းဆိုင်ကိုရှာတွေ့ လိုက်သည်။ “မခိုင်” မြန်မာထမင်းဆိုင်ဟူ၍ဖြစ်သည်။ ကျနော်လည်းထမင်းဆိုင်ထဲသို့ဝင်ရောက်သွားပြီး “အစ်မရေ အမဲသားဟင်းနဲ့ထမင်းတစ်ပွဲချပေးပါ” ဟုဆိုတော့ ဆိုင်ရှင်က အံ့သြနေပုံရသည်။ ခဏအကြာ “မောင်လေးရေ ထမင်းကအခုမှချက်တုန်းရယ်” ဟုဆိုလာသည်။ ကျနော်ကလည်း “အစ်မရေထမင်းကြမ်း ရှိရင်လဲဖြစ်ပါတယ်ဗျာ” ဟုထပ်မံတောင်းဆိုလိုက်သောကြောင့် မနေ့ညကကျန်သောထမင်းကြမ်းနှင့် အမဲ သားဟင်းတစ်ပွဲလာရောက်ချပေးသည်။ မျက်နှာရှေ့ကျရောက်လာသော ထမင်းနှင့်ဟင်းကို မြိန်ယှက်စွာ စားသောက်လိုက်ရမှ မီးကိုရေနှင့်ငြှိမ်းသကဲ့သို့ဝမ်းသည်လည်း ငြိမ်သက်သွားရလေတော့သည်။
      ထို့အတူ ဈေးသို့လိုအပ်သောပစ္စည်းများသွားရောက်ဝယ်ယူရာတွင်လည်း “ဘယ်နှစ်ဘတ်လဲ၊ တစ်ကီ လိုဘယ်လောက်လဲ” စသည့်စကားလုံးများက အလိုလိုပြုတ်ကျသွားတတ်သည်။ သတိထားစောင့်ထိန်းခဲ့ သော်လည်း နှစ်ရှည်လများစွဲမြဲခဲ့သော နှုတ်အကျင့်ကားဖျောက်ရန်အတော်ပင်
ခက်ခဲလွန်းသည်ဟုဆိုရ မည်။

      သာစည်မှတစ်ဆင့် ပျဉ်းမနားဖက်သို့ နယ်မြေစည်းရုံးရေးသွားရန်အတွက် စတည်းနာရပြန်သည်။ စစ် အစိုးရမှ ၂၀၀၂ခုနှစ်စပိုင်းတွင်ပင် နေပြည်တော်စီမံကိန်းစတင်အကောင်အထည်ဖေါ်နေပုံရသည်။ တည်းခို ခန်းတွင်ဆုံစည်းခဲ့သော တပ်ကြပ်ကြီးထံမှအချို့အကြောင်းအရာများကိုသိခွင့်ရခဲ့သောကြောင့်ဖြစ်သည်။ ထိုတပ်ကြပ်ကြီးနှင့်ကျနော်မှာ မိတ်ရင်းဆွေပမာ ခင်မင်ခဲ့ကြသည်။ သူ့ဘ၀၊ကိုယ့်ဘ၀ဖလယ်ခဲ့ကြသည်။ သူ့ဖြတ်သန်းမှုအတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့သော်လည်း ကျနော့ဖက်တွင်တော့ ၀ှက်ဖဲ များရှိနေသည်ဟုဆိုရမည်။ ပျဉ်းမနားဖက်သို့လှည့်မည့်ခြေဦးကို နောက်သို့ခေါက်ကာ ရန်ကုန်ဆင်းရန် အတွက် ဆုံးဖြတ်လိုက်ရတော့သည်။ နောက်တစ်နေ့ ရွှေဝတ်မှုံတည်းခိုခန်းမှဘူတာသို့ဆင်းလာခဲ့သည်။ ရထားလက်မှတ်ဝယ်ရန်တန်းစီမည်ဟုစဉ်းစားသော်လည်း ယခင်ကြုံတွေ့ဘူးသောအတွေ့အကြုံအရ မ၀ယ်ဖြစ်၊ အခြေအနေကိုလေ့လာတွေးတောနေစဉ် အသက်(၂၀)ကျော်ခန့်ကောင်လေးတစ်ယောက် ကျနော့အနားရောက်လာသည်။ “အကိုဘယ်သွားမလို့လဲ” ဟုမေးလာသည်။ ကျနော်ကလည်း “ရန်ကုန် ဆင်းမလို့ ညီလေး” ဟုဖြေလိုက်သည်နှင့် “လက်မှတ်မ၀ယ်ရသေးဘူးလား၊ကျနော်ဝယ်ပေးမယ်၊အခုချက် ချင်းရစေရမယ်” ဟုဆိုလာသည်။ ကျနော်လည်း အခက်တွေ့နေစဉ်ကူညီဖြေရှင်းမည့်သူရောက် လာသော ကြောင့်အဆင်ပြေသွားတော့သည်။ ထိုကောင်လေးထွက်သွားပြီး(၁၀)မိနစ်ခန့်အကြာတွင် လက်မှတ်တစ် စောင်ကိုဆွဲကိုင်ပြီးကျနော့ထံပြန်ရောက်လာခဲ့သည်။ လက်မှတ်ဖိုးကျသင့်ငွေထက်(၃၀၀)ကျပ်ပိုပေးလိုက် ရသည်။ ဘူတာရုံအတွင်း ရထားဆိုက်ရောက်တော့ မည်ဖြစ်သောကြောင့် ခရီးသည်များ၊ဈေးသည်များနှင့် ကုန်စိမ်းသည်များယောက်ယက်ခတ်နေကြသည်။

      ရန်ကုန်သို့ထွက်ခွါမည့်ရထားဆိုက်ရောက်လာခဲ့သည်။ ကျနော်လည်းကိုတက်ရမည့်အတွဲနံပါတ်၊ခုံ နံပါတ်တို့ကိုရှာရန်အတွက် အတွက်ပေါ်သို့လှမ်းတက်လိုက်သည်။ လိုက်ပါစီးနင်းရမည့် အတွဲအတွင်းသို့ ကြည့်လိုက်သောအခါ လူငယ်အများစုမှာဆံပင်ခပ်တိုတိုနှင့်တစ်ပုံစံတည်းဖြစ်နေသည်ကိုတွေ့လိုက်ရ သည်။ မိမိထိုင်မည့် ခုံနံဘေးရှိလူကိုမေးကြည့်လိုက်မှ ထိုလူငယ်များမှာ ရန်ကုန်ဗိုလ်ရွေးသို့သွားမည့် ဗိုလ် လောင်းလေးများဖြစ်နေကြောင်းသိလိုက်ရသည်။ တပ်မတော်သားများနှင့်ကျနော် အတော်ရေစက် ဆုံသည် ဟုဆိုရမည်ဖြစ်သည်။ တွဲပေါ်တွင် ဗိုလ်လောင်းလေးများအားအုပ်ချုပ်သော တပ်မတော်မှ ဆရာကြီးများအား တွေ့လိုက်ရသည်။
 ကျနော်သူပုန်တစ်ယောက်ဆိုသည့် အနေအထားမျိုးမရှိစေရန်အတွက် ပိပိရိရိမှင်သေ သေနှင့် လိုက်ပါလာခဲ့ရသည်။ ရထားပေါ်(၂)နာရီခန့်စီးနင်းပြီးနောက် အတွဲထဲသို့ ထမင်းကြော်ရောင်း သည့် ကောင်လေး တစ်ယောက်ရောက်လာခဲ့သည်။
      “ထမင်းကြော်ရမယ်၊ ထမင်းကြော်ရမယ်” ဟုအော်နေသည့် လူငယ်လေးဝမ်းရေးအတွက် မရှက်မ ကြောက် ကြုံရာကျဘမ်းအလုပ်ကို လုပ်ကိုင်ရင်းလောကဓံကို ရင်ဆိုင်နေသောလူတစ်ယောက်ဟု ကျနော့် စိတ်ထဲမှ ချီးကျူးနေမိခဲ့သည်။ သူ့အသံကြောင့် ဗိုလ်လောင်းလေးတစ်ယောက်မှ “ထမင်းကြော်တစ်ပွဲပေးပါ” ဟုဆိုလိုက်သည်နှင့် ထမင်းကြော်ထည့်ထားသောဘန်းကို ဗိုလ်လောင်းလေးမျက်နှာရှေ့တည့်တည့်သို့ ထိုး ပေးလိုက်လေသည်။ ဗိုလ်လောင်းလေးမှာ စားသောက်ပြီး၍ငွေရှင်းရန် အိတ်မှငွေကိုနှိုက်လိုက်သောအခါ ငွေကားမရှိတော့ပေ။ ပြာပြာသလဲ ရှာဖွေသော်လည်းမတွေ့သောကြောင့်ဒေါသဖြစ်သွားသည်ဟုထင်သည်။ တစ်ဆက်ထည်း ထမင်းကြော်ရောင်းသည့်ကောင်လေးကို လက်ညှိုးဖြင့်ထိုးရင်း “မင်းငါ့ပိုက်ဆံနှိုက်ထား တယ်မဟုတ်လား၊ ငါ့ငွေပြန်ပေး” ဟုဆိုလိုက်သည်။ ထမင်းကြော်သည်ကလည်း “ခင်ဗျားတို့စားပြီးငွေမပေး ချင်တိုင်း အဲဒီလိုမပြောနဲ့၊ ကျနော်တို့က မရှိလို့ဈေးရောင်းစားနေတာ၊ သိက္ခာမဲ့တဲ့အလုပ်မျိုးဘယ်တော့မှ မလုပ်ဘူး” ဟုပြောပြောဆိုဆို ထမင်းကြော်ဘန်းကိုအောက်သို့ချပြီး ပုဆိုးနှင့်အကီင်္ျများကိုခါပြလေသည်။ ထိုအဖြစ်အပျက်တို့ကိုဘေးမှထိုင်ကြည့်နေသော စစ်သားကြီးတစ်ဦးမှ ထမင်းကြော်ရောင်းသည့် ကောင် လေးကို “ညီလေး မင်းရိုးရိုးသားသား လုပ်စားတာကိုတော့ အကိုမပြောလိုပါဘူး၊ သူတပါးပစ္စည်းယူတာ တော့ ဘယ်ကောင်းမလဲကွာ၊ သူလဲနှမြောရှာမှာပေါ့၊ပြန်ပေးလိုက်” ဟုဆိုလိုက်သည်။ ထမင်းကြော်သည်က လည်းခေသူမဟုတ်၊ “ခင်ဗျားတို့ကလည်း လူတစ်ယောက်ကို စွပ်စွဲဖို့ပဲသိကြတယ်၊ ကျနော့စီမှာဘာမှမရှိဘူး၊ အကုန်လှန်ပြပြီးပြီပဲဗျာ၊ ပိုက်ဆံမပေးလဲနေပါတော့၊ ကျနော်သွားတော့မယ်” ဟုဆိုကာ လှည့်အထွက် စစ်သားကြီးမှ ထမင်းကြော်သည်လက်ကိုဖမ်း၍လိမ်လိုက်ရာ လက်ညှိုးနှင့်လက်မအကြား ကျစ်လစ်နေသော ထောင်တန်တစ်ရွက်ထွက်ကျလာသည်။ ထွက်ကျလာသည်နှင့် ဗိုလ်လောင်းလေးများလည်း ၀ိုင်း၍ဆွမ်း ကြီးလောင်းလိုက်ရာ ထမင်းကြော်သည်၏အော်သံမှာ ငယ်သံပါလေတော့သည်။
      ဘူတာသို့ရောက်သောအခါ ရဲလက်သို့အပ်ရန်သွားရောက် အကြောင်းကြားကြတော့သည်။ ၀တ်စုံပြည့် နှင့် ရဲ (၅)ယောက် တွဲအတွင်းသို့ နံပါတ်တုတ်နှင့်လက်ထိပ်ကိုဝှေ့ယမ်း၍ ၀င်လာသည် ကိုတွေ့လိုက်ရသည် နှင့် ကျနော့ရင်တို့သည်လည်း မဆီမဆိုင်တစ်ဒိုင်းဒိုင်း တုန်လှုပ်မြည်ဟီး ပါလေတော့သည်။

ဆက်ပါအုံးမည်
အုပ်ကြီးဖေ
၂၂-၁၁-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...