Tuesday, November 26, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း (၁)

ကျနော်တို့ ရန်ကုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခဲ့ကြတာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး နောက် ၄ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့ပါ၊ ကျနော်အပါအဝင် ရန်ကုန်တက္ကသိုလ် ဒသနိကဌာနက ကျူတာ ရဲလွင်၊ နောက် မောင်တူး၊ တခြားဌာနတွေက ကျူတာ ၄ ယောက်အပါအဝင် ပေါင်း ၇ ယောက်၊ ရန်ကုန်က မထွက်ခွါခင်ညက ကျနော့်အိမ်နောက်ဖက်က အမျိုးသားဘော်ဒါဆောင်မှာ လူခွဲအိပ်ကြပြီး မနက် လင်းအားကြီး ၄ နာရီခွဲမှာထ၊ ကျနော်အဖေနဲ့ အမေကိုအားလုံးကန်တော့ကြပြီး အမေထုတ်ပေးတဲ့ ကျပ်ငွေ ငါးထောင်နဲ့ ကျနော်တို့အိမ်ရှိတဲ့ ၆မိုင်ခွဲကနေ အောင်ဆန်းကွင်းမှာရှိတဲ့ မော်လမြိုင်-မုဒုံ ကားဂိတ်ကိုထွက်ခဲ့ကြတယ်။

ရန်ကုန် မုဒုံ ဟိုင်းလပ် ကားစီးပြီး မုဒုံရောက်တဲ့အထိဘာမှ ပြသနာမရှိပဲရောက်ခဲ့ကြတယ်၊ ဟိုင်းလပ်ကားပေါ်မှာ သူငယ်ချင်းအဆိုတော်မွန်းအောင်နဲ့ ဆုံကြသေးတယ်၊ သူက သူ့အစီအစဉ်နဲ့ သူသွားမှာဆိုတော့ မုဒုံမှာပဲ သူနဲ့ကျနော်လမ်းခွဲကြတယ်၊ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ ချိတ်ထားပြီးမို့ပါ၊ မုဒုံရောက်ပြီး ခဏနား၊ နားပြီး မော်လမြိုင်ကိုကူးခဲ့ကြပြီး ဘုန်းကြီးကျောင်းမှာတည်းကြတယ်၊ နောက်နေ့နေ့လည်ရေး-ထားဝယ်ရထားနဲ့ လိုက်ခဲ့ကြပြီး ထင်းရှူးဘူတာမှာဆင်းကြတယ်၊ အံ့သြောစရာကောင်းတာက ရထားတစီးလုံးလောက်ကိုဆင်းကြတာပါပဲ၊ ကျောင်းသားတွေ၊ လူငယ်တွေ၊ အလုပ်သမားတွေ၊ ရဟန်းသံယာတွေ......
ထင်းရှူးဘူတာကအထွက်မှာပဲ မွန်ပြည်သစ်ပါတီက တပ်စိတ်တစိတ် လက်နက်အပြည့်အစုံနဲ့ ကျနော်တို့ကိုလာကြိုကြပါတယ်၊ မွန်ပြည်နယ်က ကျောင်းလာတက်တဲ့ စက်မှုတက္ကသိုလ်က တင်စိုးနောင်၊ အောင်ဆန်း၊ အောင်မျိုးဆန်းတို့အပါအဝင် ကျောင်းသား၇ ယောက်ကလည်းကျနော်တို့အပေါ်နွေးနွေးထွေးထွေးကူညီကြပါတယ်၊ အဲဒီကနေစလို့ ထိုင်း မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူ စမ်ခဘူရီကို တောလမ်းခရီးကြမ်းနဲ့ ခြေလျှင်ခရီး စခဲ့ကြတာပါပဲ၊ နာမည်ကျော်ဒေါနတောင်တန်းကြီးကို တလတိတိကြာအောင်လမ်းလျှောက်ခရီးကြမ်းနှင်ခဲ့ကြရတာပါ။ တောထဲစဝင်ခဲ့ကြတော့ လူအုပ်ကြီးဟာ ၃ဝဝ ကျော်လို့မှန်းမိတယ်၊ လက်နက်ကိုင်တော်လှန်ရေးကြီးဆင်နွဲကြဖို့ဆိုပြီးအားလုံးဟာ တက်ကြွနေလိုက်ကြတာ အားရစရာပါပဲ။

တောထဲဝင်ပြီးမကြာခင်မှာပဲ ကျနော်တို့ကိုစောင့်ရှောင့်လာတဲ့ မွန်ပြည်သစ်က ရဲဘော်တယောက်က ကျားသစ်တကောင်ပစ်ချလိုက်တယ်ကြားရတယ်၊ ကျနော်တို့ မြင်တောင်မမြင်လိုက်ရပါဘူး၊ ကျားသစ်ကိုဖျက်တောင်ပြီးသွားပြီ၊ တခါမှ မစားဖူးတဲ့ ကျားသစ်သားတော့ အလကားစားရတော့မယ်လို့ထင်လိုက်တာ ဘယ်အလကားရမလဲ ရောင်းတာတဲ့၊ မမြင်လိုက်ရတဲ့အပြင် စားဖိုးဝေးလားဝေးပါပဲ။

တန်းစီဆက်ချီတက်ကြရင်း မှောင်ရီပျိုးလောက်ကြတော့ ဓနိတောဆိုတဲ့ရွာကိုရောက်ကြတယ်၊ ဓနိတောဆိုတဲ့အတိုင်း ဓနိပင်တွေချည်းပဲတွေ့ရတယ်၊ ရွာအပြင်ကပင်လယ်ကြီးပါ၊ ပင်လယ်ကမ်းစပ်က ဓနိတောရွာပေါ့၊ ဖြစ်ချင်တော့ ကျနော်တို့ ရန်ကုန်ကလာတဲ့ ၇ ယောက်ကိုရွာထဲပေးမဝင်တာပါပဲ၊ ရွာအပြင်ပင်လယ်ကမ်းစပ်မှာ ပင်လယ်ပြင်ကြီးကို ကျောပေးထိုင်ခိုင်းထားလို့ ကျနော်တို့ ၇ ယောက် တန်းစီပြီးထိုင်နေရတယ်၊ အချိန်ကလဲ မှောင်လာပြီလေ၊ ည ၇ နာရီလောက်လို့ထင်ပါတယ်၊ မွန်ပြည်သစ်ကရဲဘော်တယောက်က မွန်သံဝဲတဲ့ မြန်မာစကားနဲ့ ခင်ဗျားတို့ ရန်ကုန်ကလာတဲ့ ကျောင်းသားအုပ်စုထဲမှာ စစ်ထောက်လှမ်းရေးတွေပါတယ်လို့ ကျနော်တို့ ဗိုလ်မှုးကအတိအကျသတင်းရထားလို့ ခင်ဗျားတို့ကို စစ်ဆေးမေးမြန်းမှုတွေလုပ်ရမယ်လို့ သူ့လက်ထဲက အမ်၁၆ သေနတ်တရမ်းရမ်းနဲ့လာပြောနေတယ်လေ...ကျနော်တို့ကလဲ ကျနော်တို့ကိုကြိုက်သလိုစစ်နိုင်တယ်၊ အားလုံးကျောင်းသားတွေချည်းပဲ၊ ကျောင်းသားကဒ်ရော၊ မှတ်ပုံတင်တွေရောပါတယ်လို့ပြောလဲ သူကတော့ သူ့သေနတ်ကိုတရမ်းရမ်းလုပ်နေဆဲပါပဲ၊ နာရီဝက်လောက်ကြာတော့မှ ပစ္စတိုသေနတ်ကို ခါးကြားမှာထိုးထားတဲ့ ဗိုလ်မှုးဆိုတဲ့သူနဲ့ သူ့ကိုယ်ရံတော်ရဲဘော် ၅ ယောက် အေကေ ၄၇ ၊ အမ် ၁၆ သေနတ်တွေနဲ့ ကျနော်တို့အုပ်စုဆီကို ဓါတ်မီးကိုယ်စီထိုးပြီး ရောက်လာကြတယ်၊ ဘယ်မှာလဲဟေ့ ရန်ကုန်ကလာတဲ့ကျောင်းသားအုပ်စု ဆိုတဲ့ လေသံမာမာနဲ့ မွန်ပြည်သစ်ကဗိုလ်မှုးဆိုသူရဲ့အသံကြားလိုက်ရတယ်၊ အဲဒီဗိုလ်မှုးဆိုသူကပဲ ကျနော်တို့မျက်နှာတွေကိုတယောက်ချင်းသူ့ လက်နှိပ်ဓါတ်မီးနဲ့လိုက်ထိုးကြည့်ပါတော့တယ်။

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

1 comment:

  1. ဘာမှလဲ မဖတ်ရ သေးဘူး ဆက်ပါဦးမယ်တဲ့ .... ၀ူး....

    ReplyDelete

Related Posts Plugin for WordPress, Blogger...