Thursday, November 28, 2013

တစ္ဆေနှစ်ကောင်ရဲ့ အမှောင်



မင်းက
ညတွေမှာ သွပ်မိုးပေါ်လမ်းလျှောက်တဲ့ကြောင်တကောင်
ငါက
ညရောက်မှ အသက်ဝင်ခွင့်ရတဲ့ ဖုတ်ကောင်တကောင်
အမှောင်မှာပဲတွေ့ကြတယ်

မင်းက
သင်္ဘောပျက်ပြီးမျောလာတဲ့ လူတယောက်
ငါက
သင်္ဘောပျက်ပြီးမျောလာတဲ့ ပျဉ်တချပ်
မုန်တိုင်းဖြတ်တုန်းမှာပဲတွေ့ကြတယ်

မင်းက
မင်းအခန်းတံခါးကိုလာခေါက်မယ့်
ဧည့်သည်တွေရဲ့တံခါးခေါက်သံကိုနားစွင့်တယ်
ငါက
ငါတို့ ခေတ်ကိုခေါင်းနဲ့ တိုက်ဖွင့်မယ့်
တံခါးခေါက်သံတွေကို နားစွင့်တယ်

မင်းက
‘အမေရိကား’လည်း စိတ်မ၀င်စားဘူး
မင်းပိုင်တဲ့ အမိမြေက မင်းအမေအိမ်ရှေ့မှာ
ကုန်စုံဆိုင်လေးတဆိုင်သာဖွင့်ချင်ရှာသူ
ငါက
လူအများအတွက် တိုက်ပွဲဝင်ရဲသူမဟုတ်ဘူး
လူတယောက်အနေနဲ့
လူတယောက်ရဲ့အခွင့်အရေးဆိုတာကိုပဲ
တိုက်ပွဲဝင်ရဲသူ


ဟီရာကလီးတပ်စ်ရဲ့ အဆိုအရဆို
မြစ်တွေဟာလည်း တခါသုံးပစ္စည်းပဲ
ငါတို့ခေတ်ရဲ့အလိုအရဆို
‘ရိုမန်တစ်’ဆိုတာလည်း
တခါသုံးပစ္စည်းတခုရဲ့
ကုန်အမှတ်တံဆိပ်တမျိုးပဲ

လူတွေက
ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့
နာမည်ကိုသိတယ်
ကိုယ်ဟန်ပြမယ်တွေရဲ့
ခန္ဓာကိုယ်အချိုးအစားကိုသိတယ
ဒေါ်လာဈေးအတက်အကျကိုသိတယ်
ဘုရားမှာဆုတောင်းဖို့ကိုသိတယ်

အဲဒီလူတွေရဲ့အလိုအရဆို
ရေနံနဲ့စစ်ပွဲကြီးတွေဟာ
တွင်းထွက်ပစ္စည်းပဲ
ငါတို့အချစ်ရဲ့အလိုအရဆို
မေတ္တာတရားနဲ့ ယုံကြည်ချက်ဟာ
တွင်းထွက်ပစ္စည်းပဲ

မထူးဆန်းပါဘူးကွယ်
ခပ်နက်နက်ထိုးစိုက်ထားတဲ့အမှောင်မှာ
ခပ်စိပ်စိပ်စိုက်ပျိုးထားတဲ့အမှောင်မှာ
အမှောင်များမဆုံးသရွေ့အမှောင်မှာ

ငါက ပိုးစုန်းကြူးတကောင်
မင်းကတော့
အမှောင်မှာတောင်မှ
ကြောင်နက်မလေးတကောင်ပါပဲ

မင်းမျက်လုံးစိမ်းတွေနဲ့
အမှောင်ကို မဲ့ပြတဲ့အခါ
ငါ့အတောင်စိမ်းတွေနဲ့
အမှောင်ကိုရွဲပြမယ်

မထူးဆန်းပါဘူးကွယ်
မင်းမဖွင့်နိုင်သေးတဲ့
‘ဈေးဆိုင်လေးတဆိုင်’အကြောင်း
မင်းစဉ်းစားနေချိန်မှာ
ငါကလည်း
ငါ့ဆီရောက်မလာသေးတဲ့
‘တရားမျှတမှု’တွေအကြောင်း
ငါစဉ်းစားနေလိမ့်မယ် ။ ။


သစ်ကောင်းအိမ်
(၂၀၀၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...