Wednesday, November 27, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း (၃)

ကျနော်တို့လဲ ကျောင်းသူနှစ်ယောက်ကို သူတို့ထမိန် ယောင်္ကျားလေးတွေပုဆိုး ကတောင်းကျိုက်သလို ကျိုက်ခိုင်းပြီး ရှေ့ကသူများတွေဖြတ်သလိုသာဖြတ်တော့ဆိုပြီးပြောတော့ သူတို့လဲ ကွိကွိကွကွ အိအိအအ အော်သံတွေနဲ့ မျှော့တောကြီးဖြတ်ကြတာပေါ့၊ ဟိုဘက်ကမ်းရောက်မှ ကျနော်တို့က ပါလာတဲ့ မီးခြစ်နဲ့ မျှော့ကြီးတွေကို အပူမြှိုက်ပြီးခွာချပေးကြရတယ်။

အားလုံး အိုကေပြီ၊ မျှော့ကွင်းကြီးကျော်ခဲ့ပြီးမှ ကားလမ်းဖြတ်ဖို့ တဖက်လမ်းကနေ လမ်းကြောင်းရှင်းအချက်ပြမဲ့ မွန်ပြည်သစ်ကရဲဘော်ရဲ့ အချက်ပေးသံကိုမျှော်ရတယ်၊ နာရီဝက်လောက်အကြာ ရဲဘော်ရဲ့ အချက်ပေးလက်ခေါက်မှုတ်သံကြားတော့ ကျနော်တို့ရန်ကုန်အုပ်စုက ရှေ့ဆုံးကနေပြေးကူးကြတယ်၊ ကျနော်တို့နောက်က ကျန်အုပ်စုတွေကလဲ တန်းစီပြီး လိုက်ကူးကြတာပေါ့၊ ဖြစ်ချင်တော့ လူအုပ်ကြီး ၃ ပုံ ၁ပုံ ကူးပြီးတော့မှ ရဲဘော်လေးရဲ့ ဟာ လမ်းမှားသွားပြီ၊ ဒီလမ်းက ရွာအဝင်လမ်းမဟုတ်ဘူး၊ တောထဲဝင်တဲ့လမ်းဆိုလို့ နောက်ထပ် ကိုက်တရာသာသာလောက်ဝေးတဲ့လမ်းအမှန်ရောက်အောင်ဝရုန်းသုံးကားပြေးကြရပြန်တယ်။
ရွာအဝင်လမ်းမှန်ပြီဆိုတော့မှ အားလုံးသက်ပြင်းတွေချကြရင်း ဝမ်းတွေကလဲ ဆာလောင်နေကြပြီလေ၊ ကားလမ်းကူးဖို့စောင့်နေတဲ့ တနေ့လုံးက ဘယ်သူမှ ဘာမှ မစားကြရသေးဘူးလေ၊ ရွာရောက်ဖို့ဆက်လျှောက်လာကြရင်း လမ်းဘေးမှာ ဘယ်သူပိုင်မှန်းမသိတဲ့ ကြံခင်းကြီးသွားတွေ့ကြတော့ ကျနော်တို့လဲ ကြံစုပ်ရလဲ ကောင်းတာပဲဆိုပြီး ကြံခင်းထဲဝင်စားမယ်လုပ်တော့ ဗိုလ်မှုးထွန်းအောင်က ခင်ဗျားတို့ဆာနေတာတော့သိပါတယ် ဒါပေမဲ့ နောက်နာရီဝက်လောက်ဆို ဒူးယားရွာကိုရောက်တော့မှာ ရွာရောက်မှပဲထမင်းစားကြတာပေါ့လို့ပြောပေမဲ့ ကျနော်တို့က နားမထောင် ကြံပဲအရင်စားမယ်လို့ပြောတုန်း ကြံခင်းထဲက ဦးလေးကြီးတယောက်ပေါ်လာပြီး သြော် ကျောင်းသားတွေလား..စားနိုင်ပါတယ်ကြိုက်သလောက်သာစားကြဆိုပြီးကြံချောင်းလတ်လတ်ဆတ်ဆတ်တွေ ခုတ်ပေးလို့ ကျနော်တို့အားရပါးရကြံရည်စုပ်ခဲ့ကြတာပေါ့။
တခြားအုပ်စုကတယောက်မှ ကြံမစုပ်ကြလို့ ကျနော်တို့ နားမလည်ခဲ့တာ ရွာထဲရောက်လို့ ထမင်းစားကြတော့မှပဲ သူတို့ဘာကြောင့်မစားလဲဆိုတာသိလိုက်ရတော့တယ်၊ ရွာထဲရောက်တော့ သူကြီးအိမ်မှာကျနော်တို့အုပ်စုကို နေရာချပေးတယ်၊ ဒူယားရွာသူကြီးအိမ်ပေါ့၊ ကျနော်တို့ကို သူကြီးမိသားစုက သူ့အိမ်ကြက်နှစ်ကောင်ရိုက်သတ်ပြီး ဘူးသီးနဲ့ ကာလသားချက်ချက်ကျွေးတယ်၊ တကယ်တမ်းဆာဆာနဲ့စားတော့ စားမရဘူး ကျနော်တို့ ကြံအလွန်အကျွံစုပ်ခဲ့ကြတဲ့ ပါးစပ်တွေက စပ်ပူထူပြီး ဘယ်လိုမှ စားမရဘူး၊ အဲဒီကျမှ တခြားသူတွေဘာလို့ ကြံကို မစုပ်ခဲ့ကြတာလဲဆိုတာသဘောပေါက်ရပါတော့တယ်၊ အတွေ့အကြုံတွေပေါ့လေ....

ဒူးယားရွာအကြောင်းပြောရရင် အဲဒီအချိန်တုန်းကဒူးယားရွာအကြောင်းမသိသေးပါဘူး၊ နောက်ပိုင်းကျမှ ကွယ်လွန်သူဆရာမြသန်းတင့် ကိုကိုးကျွန်းမှာသူတကျွန်းချခံခဲ့ရတုန်းကဖြစ်ရပ်မှန်အကြောင်းကိုအခြေပြုရေးခဲ့တဲ့ သူ့ရဲ့နာမည်ကျော် ဒါးတောင်ကိုကျော်ရ်ျမီးပင်လယ်ကိုဖြတ်မည် ဝတ္ထုထဲက ကျွန်းကနေ လွတ်အောင်ပင်လယ်ကိုဖြတ်ကူးခဲ့တဲ့ နာမည်ကျော်သူ့ဇာတ်ကောင် သံချောင်း (သံချောင်းဆိုတဲ့ဇာတ်ကောင်က ကိုကိုးကျွန်းမှာ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်တို့နဲ့အတူ တကျွန်းချခံခဲ့ရတဲ့ တကယ်လဲ ကျွန်းကနေ ဖေါင်ဖွဲ့ပြီး ပင်လယ်ပြင်ကြီးကိုလွတ်အောင်ဖြတ်ကူးနိုင်ခဲ့တဲ့ ကေအန်ယူ က ဆရာမန်းငြိမ်းမောင်ရဲ့အကြောင်းပါ)။
ဖြစ်ချင်တော့ ဆရာမန်းငြိမ်းမောင်ဟာ ကိုကိုးကျွန်းကနေ ပင်လယ်ကိုလွတ်အောင်ဖြတ်ကူးနိုင်ခဲ့ပေမဲ့ သူ့ဖေါင်ကပ်ပြီးသူချစ်တဲ့ကရင်ပြည်နယ်ကိုပြန်ဖို့ ခေတ္တနားခိုခဲ့တဲ့ ဒူးယားရွာ၊ ရွာသူကြီးကပဲ သူ့ကိုအိမ်မှာချော့ခေါ်ထားရင်း စစ်အုပ်စုကို သတင်းပေးလိုက်လို့ ဆရာမန်းငြိမ်းမောင်တဖန်ပြန် အဖမ်းခံလိုက်ရတဲ့ ဒူးယားရွာနဲ့ ရွာသူကြီး၊ ဒါပေမဲ့ ကျနော်တို့ တည်းခိုခဲ့တဲ့ ဒူးယားရွာသူကြီးတော့ဟုတ်ဟန်မတူပါဘူး၊ သူ့မတိုင်ခင်တုန်းကပါ၊ ရွာရဲ့သမိုင်းကြောင်းလေးနောက်မှသိရလို့ပြန်မျှဝေတာပါ...။

နောက်နေ့ဒူးယားကနေဆက်ထွက်ကြရပြန်တယ်၊ ရက်ကလဲတော်တော်ရလာပြီ၊ ၂ ပါတ်နီးပါးရှိခဲ့ပြီပေါ့၊ ဒူးယားကနေထွက်တာနဲ့ ရွာချင်းတော်တော်အဆက်ပြတ်သွားပြီ၊ တောကလဲ နက်သထက်နက်လာပြီ၊ တောနက်လာတဲ့အပြင် ရေစီးသန်တဲ့ တောင်ကျချောင်းတွေ မြောင်းတွေ တော်တော်ဖြတ်ရတယ်၊ ရေကကြည်နေပေမဲ့ တော်တော်အေးတယ်၊ ရေညှိတွေအပြည့်ကပ်နေတဲ့ ကျောက်တုန်းတွေပေါ် ချော်လဲမကျဖို့ တော်တော်သတိထားပြီးလျှောက်ကြရတယ်၊ ဆာလာတဲ့အခါ တောထဲက တောငှက်ပျောသီးတွေခူးစားကြရတာ၊ တောငှက်ပျောသီးက အခွံနွာလိုက်ရင် အထဲမှာ အမဲရောင်ငှက်ပျောစေ့တွေအပြည့်ပဲ၊ အသားကနဲတယ်၊ ညဘက်စမ်းချောင်းဘေးစခန်းချအိပ်ကြရတဲ့အခါ တောင်ကျချောင်းရေစီးသံတွေဟာ တကယ့်ကိုချောက်ခြားစရာအသံတွေ၊ ဂျီဟောက်သံတွေ၊ မြွေတွန်သံတွေ၊ ဝက်ဝံအော်သံတွေ၊ ဒေါင်းတွန်သံ အိုးဝေ အိုးဝေ ဆိုတဲ့အသံကြားရတဲ့အခါကျတော့ ဒို့ကျောင်းသားတွေအတွက် အောင်နမိတ်ကွ ဆိုပြီး အချင်းချင်းအားပေး အားတက်ကြတာတွေလဲရှိခဲ့ကြပါတယ်၊ တခါတလေ ချောင်းတွေကနဲနဲကျယ်တယ်၊ ပေ ၅ဝ ကျော်လောက်အထိကိုကျယ်တယ်၊ အဲဒီအခါ အားကောင်းမောင်းသန်အမျိုးသားတွေက နွယ်ကြိုးပင်တွေခုတ်ပြီး တယောက်က တဖက်ကမ်းကူး သစ်ပင်ကြီးတပင်မှာ နွယ်ကြိုးကို ခိုင်အောင်ချည်ပေးထားတယ်၊ ကျနော်တို့ကျန်လူအားလုံးက ချောင်းကိုဖြတ်ပြီးတန်းထားတဲ့နွယ်ကြိုးကို သေသေချာချာမလွတ်တမ်းကိုင်ပြီးဖြည်းဖြည်းချင်းကူးကြရတယ်။

ဒီလိုနဲ့ လမ်းခရီးမှာ တော်တော်ရေစီးကြမ်းတဲ့ချောင်းကြီးတခုကိုဖြတ်ရတော့မဲ့နေရာရောက်လာတယ်၊ တောနက်လွန်းတော့ နေရောင်သိပ်မမြင်ရဘူး၊ ထုံးစံအတိုင်း ရေကူးကျွမ်းကျင်တဲ့ အမျိုးသား ၄ ယောက်က တော်တော်ကြီးတဲ့ဝါးပိုးဝါး (ကျနော့အထင် ယောင်္ကျားကြီး ၁ ယောက်ရဲ့ ပေါင်လုံးလောက်လို့ပြောရမယ်ထင်တယ်) အဲဒီတော်တော်ကြီးတဲ့ ဝါးပိုးဝါးကြီး ၂ လုံးခုတ်ပြီး ရေစီးသန်လှတဲ့ ချောင်းကို ဟိုဘက်ကမ်း ဒီဘက်ကမ်း ကန့်လန့်ဖြတ်ပြီးခုတ်ချလိုက်တယ်၊ နောက် ရေကူးကျွမ်းတဲ့ အမျိုးသားတွေက အမျိုးသမီးတွေဦးစားပေးပြီး ကူးခိုင်းတယ်၊ နှစ်ယောက်က ချောင်းထဲဆင်းပြီး ကန့်လန့်ဖြတ်ခုတ်လှဲထားတဲ့ ဝါး ၂ လုံးကို ရေလယ်ကနေထိန်းထားပေးရင်း တယောက်ယောက်များ တခုခုဖြစ်ခဲ့ရင်ကူညီဖို့ အသင့်စောင့်ပေးနေကြတယ်၊ အမျိုးသမီးတွေ တယောက်ချင်းစီ တန်းထားတဲ့ဝါးကိုကိုင်ပြီးကူးကြတော့ အစပိုင်းတော့ ချောချောမောမောပါပဲ၊ လူကလဲများ၊ တယောက်ချင်းစီ သတိထားပြီးကူးကြရတာဆိုတော့ အချိန်ကြာလာတာနဲ့ ရေထဲကလူတွေလဲ နဲနဲတော့ပမ်းလာကြပြီ၊ အမျိုးသမီးတွေ ကုန်ကာနီးလောက်မှာ တယောက်က ချောင်းကိုဖြတ်ကူးနေတုန်း ဝုန်း ဖြောင်း...ဖြောင်း..ဘောင်း ဆိုတဲ့အသံကြီးကြားလိုက်ရပြီး ချောင်းကို ကန့်လန့်ဖြတ်တန်းထားတဲ့ ဝါးပိုးဝါးကြီး ၂ လုံးပူးဟာ အလယ်ခေါင်ကနေ ရေစီးဒဏ်ကိုမခံနိုင်တော့ပဲ ကွဲထွက်သွားပါတော့တယ်၊ ဝါးကိုကိုင်ထားတဲ့ လူနှစ်ယောက်လဲ ဘေးကိုလွင့်ထွက်သွားတာမြင်လိုက်ရတယ်၊ ရေကူးကျွမ်းတဲ့သူတွေဆိုပေမဲ့လဲ မနဲ အသက်လုပြီး နီးစပ်ရာကမ်းကို သေလုမျောပါးကူးသွားကြတာကြည့်နေတုန်း ရေလယ်မှာ ချောင်းကိုဖြတ်နေဆဲဖြစ်တဲ့ မိန်းကလေးကလဲ ကြောက်တာရော၊ လန့်သွားတာရောပေါင်းပြီး ငယ်သံပါအောင်အော်လိုက်တဲ့အသံနဲ့ ကွဲထွက်သွားတဲ့ ဝါး ၂ လုံးကြားကနေ ရေစီးနဲ့ မျောပါသွားတာမြင်လိုက်ရတယ်၊ ....ကျနော့်မျက်စေ့အောက်မှာပဲ အဲဒီအမျိုးသမီးဟာ ငယ်သံပါအောင်အော်လိုက်တဲ့သူ့အသံနဲ့အတူ မိနစ်ပိုင်းလေးအတွင်းမှာ အလွန်သန်လှတဲ့ရေစီးနဲ့အတူပျောက်သွားတာ ခုထိစိတ်မကောင်းစွာပြန်မြင်မိတယ်၊ ရေစီးနေတဲ့ချောင်းနောက်ကိုက်တရာအကွာလောက်မှာက တောင်အောက်ကိုစီးသွားမဲ့ ရေတံခွန်ကြီး ရှိနေတယ်။
သူ့အသက်ရှိလှ ၂ဝ ပေါ့၊ မော်လမြိုင်ကျောင်းသူလေးပါ.....

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...