Tuesday, November 5, 2013

မသေတဲ့ သူငယ်ချင်း (အပိုင်း၁)

November 3, 2013 at 1:33pm


(သူရဲကောင်းပီသစွာ ကျဆုံးသွား ပေမဲ့ ဒီကနေ့ အထိ သူချစ်တဲ့ABSDF အဖွဲ့အစည်းခေါင်းဆောင်တွေက  အသိအမှတ်မပြု၊ဘွဲ့တံဆိပ်လည်း မချီးမြှင့်တဲ့  ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ ရင်ဘတ်ထဲက သူရဲကောင်း တယောက်အကြောင်း ဂုဏ်ပြုရေးသားတာဖြစ်တယ်)
 ကျောင်းသားတပ်မတော် (ABSDF) ၂၅နှစ်အခမ်းအနားတွေ၊အမှတ်ရပွဲတွေ လုပ်နေတော့ ကျနော်သူ့ကိုပဲ သတိရနေတယ်။ သူ့အကြောင်း အမှတ်တရ စာရေးချင်တာကြာပြီ။သူဘယ်တုန်းက ကျဆုံးသွားတာလဲ၊ ဘယ်လို ကျဆုံးသွားသလဲ ဆိုတာ တိတိကျကျမသိရတော့ စိတ်သာရှိပြီးမရေးဖြစ်ဘူး။ တလောတုန်းကမှ တမြို့ထဲသား ABSDF တပ်ဖွဲ့ဝင် ကိုဂျာကြီးရဲ့ ဖေ့စ်ဘွတ်မှာသူ့ဓာတ်ပုံနဲ့ သူ့အကြောင်းမှတ်တမ်းတင်ထားတာတွေ့တော့မှ သူ့ရဲ့ နောက်ဆုံးကာလအဖြစ်အပျက်တွေပြန်သိရတော့တယ်။ ကိုယ့်သူငယ်ချင်းဟာ ကိုယ်ထင်တာထက်ပိုပြီး သူရဲကောင်းပီသနေတာသိရတယ်။သိပ်ကို ဂုဏ်ယူစရာကောင်းတယ်။
သူဟာ ရန်သူကို တစိုးတစိလေးမှ တုန်လှုပ်မှုမပြခဲ့ဘူး။ ရန်သူက သူ့ရဲ့ သတ္တိပြောင်မြောက်မှုကိုစိုးရိမ်ထိတ်လန့်ခဲ့တယ်။ သူ့ရဲ့ရပ်တည်ချက်ကို အသိအမှတ်မပြုရဲဘူး။ ဒါကြောင့်သူ့ကို လုပ်ကြံလိုက်တာ။သူငယ်ချင်းဟာ သူရဲကောင်းပီသစွာ ကျဆုံးခဲ့တယ်။ ဒါပေမဲ့ အနိုင်တိုက်သွားတယ်။
သူဟာ ဂုဏ်သိက္ခာရှိရှိ အနိုင်ရလိုက်တာဖြစ်တယ်။ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့တတွေကိုလည်းအနိုင်ယူရဲတဲ့ စိတ်ဓာတ်ဆိုတာဒါပဲလို့ သင်ပေးလိုက်တယ်။

ခွပ်ဒေါင်းမှာ အရှုံးမရှိဘူး၊ သရေမရှိဘူး။ အောင်ပွဲနဲ့၊ ဂုဏ်သိက္ခာရှိရှိ ကျဆုံးမှုသာရှိတယ်။
 ဒါကို သူမီးမောင်းထိုးပြသွားခဲ့တယ်။
သူနဲ့ သူငယ်ချင်းဖြစ်ရတာ ကျနော်မြတ်တယ်၊ ကျနော်ဂုဏ်ယူတယ်။
သူ့နာမည်ကို ရွတ်ရတာ သိပ်ကို ခွန်အားပြည့်တယ်။ မင်္ဂလာရှိတယ်။ ကျနော်သူ့နာမည်ကိုအခါခါရွတ်တယ်၊ အခါခါ သတ္တိတွေ ပေါ်တယ်။ သူ့ရဲ့ သွေးတွေ ကျနော့ကိုယ်ထဲ အနှံ့ပျံ့ဝင်စီးဆင်းတယ်။
ကျနော်တွေဝေတိုင်း သူ့မျက်နှာကို ပြေးမြင်လိုက်တယ်။
 ပြီးတော့ သူ့နာမည်ကို တည်တည်ငြိမ်ငြိမ်ပီပီသသကြီုး ရွတ်တယ်။

“ဆန်းလင်း..ဆန်းလင်း..ဆန်းလင်း”

----------------------------------------

ဆန်းလင်းနဲ့ ကျနော်နဲ့က ၈တန်းကျောင်းသားဘ၀ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အမှတ်(၁) အထကကျောင်းမှာ စခင်မင်ကြတာ။ ၁၉၇၇လောက်မှာ ကျနော့ဇာတိ ဖြူး မြို့နယ် ဇေယျဝတီမြို့လေးကနေရှမ်းပြည်ကို ပြောင်းရွှေ့ နေထိုင် တော့ သူနဲ့ စာသင်ခန်းမှာ ပထမဆုံး တွေ့ဆုံပြီး သူငယ်ချင်းဖြစ်ခဲ့တယ်။ကျောင်းသားသစ်ဖြစ်တဲ့ ကျနော်ဟာ စာသင်ခန်းရှေ့ဆုံးမှာထိုင်တဲ့ သူနဲ့ ဘေးချင်းယှဉ်ရက်ထိုင်ဖြစ်တယ်။ကျနော်က မျက်စေ့အားနည်းတယ်၊ မျက်မှန်လည်း မတပ်သေးဘူး။ ဆရာက သင်ပုန်းပေါ်မှာ စာရေးရင်ကျနော် စိတ်ညစ်တယ်။ အထူးသဖြင့် သင်္ချာအချိန်ပေါ့။ “ အဲဒါ ဘာရေးထားတာလဲ၊  ဟိုဟာက ဘာလဲ” နဲ့ သင်ပုန်းပေါ်က မှုန်ဝါးဝါး စာတွေကိုမကြာခနမေးနေတော့ ဆန်းလင်းက သူ့စာအုပ်ကို ကျနော့ဘက်တိုးပေးပြီး ကြည့်ကူးခိုင်းရာက ဆန်းလင်းစာအုပ်ပဲ ကူးရေးတတ်တဲ့အကျင့်ပါသွားတယ်။ သူကျောင်းမတက်တဲ့ နေ့ဆို ကျနော် ဒုက္ခရောက်တော့တာပဲ။ဆန်းလင်းက အဲဒီတုန်းက ကျနော့အတွက် မရှိမဖြစ်လိုအပ်တယ်။



နှစ်ယောက်လုံးတူတာတခုက အနုပညာကို နှစ်သက်တာ။ အရူးအမူးကြီးတွေ မဟုတ်ကြပေမဲ့ စာတွေကဗျာတွေ ဖတ်တာ၊ စပ်တာ တူသလို၊ သီချင်းဆိုတာ တီးတာ ရေးတာလည်း ၀ါသနာပါကြတယ်။ အတန်းထဲဆရာလစ်ပြီဆို ကျနော်တို့ ၂ယောက်အနား တခြားကျောင်းသားတွေရောက်လာပြီ။ နှစ်ယောက်သား ခုံခေါက်ပြီးသီချင်းတွေဟစ်တော့တာပဲ။ တခါတလေ စုံတွဲသီချင်းတွေတောင်ပါသေးတယ်။ ဘိုဘိုဟန်နဲ့ သျှားတို့စုံတွဲဆိုထားတဲ့ “ ရှင်းရှင်းလေး လွယ်ရဲ့သားနဲ့ ရှုတ်နေပြီ..ဘာညာတွေမလိုတော့ပြီ” သီချင်းကိုကျနော်က ဘိုဘိုဟန်လိုဆို သူက အမျိုးသမီးအသံတုလုပ်ပြီး ဆိုပြရင် အတန်းသားတွေ သြဘာပေးကြတယ်။ဆရာလစ်ရင် ကြည့်ဖူး၊ ဖတ်ဖူး၊ ကြားဖူးတဲ့ ရုပ်ရှင်၊ ၀တ္တု၊ကာတွန်းတွေ အလုအယက်ပြောတော့တာပဲ။နှစ်ယောက်လုံး ရုပ်ရှင်ဇာတ်လမ်း အပြောကောင်းကောင်းနဲ့ဆရာမ ၀င်လာတာတောင် မရပ်ပဲ စာသင်တုန်းအထိအာနေလို့ တယောက်နားရွက် တယောက်ဆွဲပြီး ထိုင်ထလုပ် အပြစ်ဒါဏ်လည်း ပေးခံရဖူးတယ်။ ရာဗင်ဒြာနတ်တဂိုးဘာသာပြန်ကဗျာစာသားတွေ ကျနော်ရွတ်ပြရင် သူအရမ်းသဘောကျတယ်။


သူ့အိမ်က ကျောက်မဲမြို့ ထုံးဖိုရပ်ကွက် မြို့မ ဘောလုံးကွင်း အနားမှာ။(စကားကြုံလို့ပြောရရင် ကျောက်မဲ ထုံးဖို ရပ်ကွက်က လူစွမ်းကောင်းတွေထွက်တယ်။ ရှမ်းသတင်းဌာနထူထောင်သူဦးခွန်ဆိုင်း၊ ဗိုလ်မှူး စိုင်းသိန်းဝင်း တို့ဟာ ကျောက်မဲ ထုံးဖိုရပ်ကွက်သားတွေ)  ဆန်းလင်း အဖေရောအမေရော ကျောင်းဆရာဆရာမတွေ။ ဆရာဦးမင်းဝေကကျနော်တို့ ကျောင်းမှာ၊ သူ့အမေ ဆရာမ ဒေါ်ဘောက်ခွန်က အမှတ်၂ အထကကျောင်းမှာ။ အစောပိုင်းကသူတို့မိသားစုက ကွတ်ခိုင်မှာနေကြတာ။ ဆန်းလင်းတို့ နဲ့ ဆရာဦးရွှေထူးတို့ ဇနီးမောင်နှံကတိုက်တလုံးထဲ၊ ဟိုဘက်ဒီဘက် နှစ်ခြမ်းခွဲငှားနေကြတာ။ ဆန်းလင်းတို့မိသားစုက ၀န်ထမ်းတို့ထုံးစံအတိုင်း ချို့ချို့တဲ့တဲ့ နေထိုင်ရတာ။ မောင်နှမ(၆)ယောက်တောင်။ ဒီကြားထဲ သူ့အဖေကလည်းနောက်အိမ်ထောင်ပြုသွားတယ်။ ဆရာမ ဒေါ်ဘောက်ခွန်ဟာ အတော်လေးရုန်းကန်ရတယ်။ သူ့အဖေကလည်းတဖက်တလှမ်း ထောက်ပံ့ရှာပါတယ်။ ဆရာ ဦးမင်းဝေက ၈၈သပိတ်ဖြစ်တော့ မြို့နယ်သပိတ်ကော်မတီမှာပါတယ်။နောက်ပိုင်း NLD မြို့နယ် စည်းရုံးရေးကော်မတီမှာလည်းပါတယ်။ အခုတော့ ဆုံးသွားရှာပြီ။ဆန်းလင်းအမ မိုင်းမိုင် နဲ့ ကျနော်တို့က အတန်းအတူတူဘဲ။ သူ့အမလည်း သီချင်းဆိုတာကောင်းတယ်။မိုင်းမိုင်ရယ်ဆန်းလင်းရယ် ကျနော်ရယ်က တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျောင်း ကပွဲမှာပါဝင်နေကျပေါ့။


ကျနော်တို့ နှစ်ယောက်ဆယ်တန်းအောင်တော့ ကျနော်က မန္တလေး တက္ကသိုလ်တက်တယ်၊ သူက မန္တလေးစက်မှုလက်မှု သိပ္ပံကျောင်း (GTI) တက်တယ်။ ကျောင်းအားရက်တွေမှာ ကျနော်ရှိရာ ရွှေပြည်အေးဆောင်ကိုညအိပ် ညနေ လာတတ်တယ်။ ညနေစာအဆောင်မှာပဲ စားသောက်ပြီး ညပိုင်းဆို ကျနော်တို့ ၂ယောက် ဗောဓိကုန်းကအမျိုးသမီးအပြင်အဆောင်တွေကို ဂစ်တာသွားတီးလေ့ရှိတယ်။ တခါက ဂစ်တာတီးပြီး အော်လို့ကောင်းတုန်းရပ်ကွက်ထဲက မလိုလားသူတွေက ခဲနဲ့ပေါက်တယ်။ ထုံးစံအတိုင်း လူထိအောင်ပေါက်တာမဟုတ်ဘူး၊ညနက်လို့ အိပ်ချိန်တန်ပြီမို့ မနှစ်သက် မလိုလားတဲ့သဘောပါ။ ခဲတွေက ကျနော်တို့ဂစ်တာတီးနေတဲ့ရေမြောင်းရှေ့ကို လာ လာကျတယ်။  ကျနော်တို့ နှစ်ယောက်လုံးကလည်းခတ်ရွဲ့ ရွဲ့စရိုက်တွေနဲ့ ဆိုတော့ ခဲနဲ့ထုလေ ပိုတီးလေ၊ ပိုအော်လေပဲ။ ခဲမိုးတွေလည်းခတ်စိတ်စိတ်ကျလာတော့ အနားက ရပ်ထားတဲ့မြင်းလှည်းကြီးအောက်မှာ ထိုင်ပြီး ဆက်အော်တယ်။မြင်းလှည်းခေါင်မိုးပေါ်အထိ ခဲတွေ တဘုတ်ဘုတ်ကျလာတယ်။ ဆက်ပေပြီးတီးနေတာ အတော်လေးကြာတယ်။မနေနိုင်တော့တဲ့ ရပ်ကွက်လူကြီးတချို့လာတားမှ အဆောင်ပြန် အိပ်ဖြစ်တယ်။ ကျနော်တို့နှစ်ယောက်ကအဲလိုပဲ အိုးရွဲ့ စလောင်းရွဲ့နဲ့ အလိုက်ကမ်းဆိုး မသိတတ်ဘူး။


ကျောင်းပြီးတော့ ကျနော်က ဇေယျဝတီမြို့ သကြားစက်ရုံမှာ အလုပ်ဝင်လုပ်တယ်။ တရက်ကျနော့အိမ်ကို ဒီကောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတယ်။ သူ တောင်ငူမှာ အငယ်တန်းဆောက်လုပ်ရေးအင်ဂျင်နီယာ တာဝန်ထမ်းနေတဲ့အကြောင်း၊ သူ့မိသားစုလည်း ရွှေ့လာတဲ့အကြောင်းပြောတယ်။ ဒါနဲ့သူနဲ့အတူ တောင်ငူလိုက်သွားတယ်။ သူ့အမ မိုင်းမိုင် ကတောင်ငူ မီးရထားရုံးက ကိုမြတ်စိုး(လူ့ဘောင်သစ်၊နိုင်ကျဉ်း၊ ယခု နော်ဝေး) နဲ့အိမ်ထောင်ကျပြီး မီရထားဝင်းလေးက အိမ်လေးမှာ အတူနေကြတယ်။အိမ်လေးက ကျဉ်းကျဉ်းလေးပါ။ ဆန်းလင်းနဲ့ ကျနော် စစ်တောင်းမြစ်ရိုးဘက် လမ်းလျှောက်ကြတယ်။မြစ်ကမ်းရိုးအတိုင်း အတူလျှောက်ရင်း သူက သီချင်းတပုဒ်ဆိုပြတယ်။ သီချင်းမဆိုခင် သူရေးထားတဲ့သီချင်းအကြောင်းအရင်ရှင်းပြတယ်။ သူ စိတ်ပင်ပမ်းတိုင်း ဒီမြစ်ရိုးဘက်လမ်းလျှောက်နေကျတဲ့၊စစ်တောင်းမြစ်ရဲ့ ထူးခြားချက်က တချို့နေရာတွေမှာ ရေစီးကကြမ်းတယ်၊တချို့နေရာမှာ ညင်သာတဲ့အကြောင်း၊ တောတွေတောင်တွေ ကျောက်ဆောင်ကြားက ဖြတ်သန်းလာလို့ ရေတံခွန်တွေလည်း ရှိတယ်၊ဒါပေမဲ့ အခုလို လွင်ပြင်တွေကို ဖြတ်လာတဲ့အခါ ရေပြင်က တည်ငြိမ်တဲ့အကြောင်း၊ ဘ၀ဆိုတာတခါတခါ ခက်ထန်ကြမ်းတန်းပေမဲ့ တခါတလေတော့လည်း အေးဆေးညင်သာတတ်တဲ့အကြောင်းပြောတယ်။ ပြီးတော့သီချင်းဆိုတယ်။ ကျနော်ကြားကြားချင်းကြိုက်သွားတယ်။ ချက်ချင်းလွယ်အိပ်ထဲက စာအုပ်ထုတ်ပြီးသီချင်းစာသားကို ချရေးခိုင်းတယ်။


 “ တောတောင်တွေကို ..ကျော်ဖြတ်ရင်းနဲ့တကိုယ်ထဲ ခရီးကြမ်းလှမ်းသူရေ..
လောကဓံကို အံခဲရင်းနဲ့ ဖိတ်ခေါ်နေ၊
ပန်းလွင်ပြင်ကို ဖြတ်သန်းခဲ့စဉ် ကြည်နူးမှုတို့ ရှိသလိုပဲ..
အားခဲရင်ဆိုင် အဆိပ်ဆူးတောလည်း ဖြတ်ကျော်ဆဲ..
အိုစစ်တောင်း..ကောင်းမြတ်တဲ့ လုံ့လအဖော်ဟာ သင့်မှာရှိလေရဲ့
အိုစစ်တောင်း..ရင့်ကျက်တဲံ သဘောရဲ့ အင်္ဂါ သင့်မှာပြည့်စုံရဲ့
ရေတံခွန်အပေါ်မှာ မာန်ပြင်းခဲ့သလို
လွင်ပြင်ပေါ်သင် ညင်အေးခြင်းများနဲ့ ဖြတ်ကျော်ခဲ့..”
သူက သီချင်းနာမည်ကို အိုစစ်တောင်းလို့ ပေးခဲ့တယ်။ ၁၉၉၄ မှာ ကျနော် မြင့်ပျံငှက်များအမည်နဲ့တော်လှန်ရေးသီချင်းခွေထုတ်တော့ ဆန်းလင်းရဲ့ အို..စစ်တောင်း သီချင်း စာသားကို အို.ခွပ်ဒေါင်းလို့ နာမည်နဲ့ စာသားတချို့ပြောင်းပြီး ထည့်သွင်းခဲ့တယ်။



သူနဲ့ ကျနော် ရေစက်ဆုံမှုက ရပ်မသွားဘူး။ ၈၈သပိတ်ဖြစ်တော့ ကျနော်က ကျောက်မဲမှာ၊သူက တောင်ငူမှာ။ တောင်ငူ ရွှေဆံတော် သပိတ်တပ်မှာ လှုပ်ရှားတယ်လို့ ကိုမြတ်စိုးပြန်ပြောလို့သိရတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်၂ရက်အကြာ KNU နယ်ထဲ တောခိုထွက်သွားတယ်။ နောက်ပိုင်း ABSDFဖွဲ့တော့ တပ်ရင်း(၂၁၀) စောထစခန်းမှာ တပ်ရင်းမှူးဖြစ်သွားတယ်။ အဲဒီတုန်းက ကိုထွန်းအောင်ကျော်တို့ဦးဆောင်တဲ့ ABSDF ၂၁ဦး ဗဟိုကော်မတီဝင်တွေ ထဲမှာ သူလည်း တယောက်အပါအ၀င်ပေါ့။ ရဲဘော်ရဲဘက်စိတ်ရှိပြီးသနားကြင်နာတတ်သလို၊ ကိုယ့်ထက်နိမ့်ပါးသူတွေကို အမြဲကူညီစောင့်ရှောက်တတ်တဲ့ ဆန်းလင်းခေါင်းဆောင်တယောက်ဖြစ်လာတာ မဆန်းပါဘူး။ တောင်ငူမှာနေတုန်းက လမ်းမှာတွေ့ခဲ့တဲ့ သူတောင်းစားလူငယ်တယောက်ကိုအိမ်ခေါ်လာပြီး သူ့မှာ ရှိတဲ့ အ၀တ်အစားတွေပေးခဲ့ဖူးတယ်လို့ ကိုမြတ်စိုးပြန်ပြောပြတယ်။


၁၉၉၃လောက်မှာ ABSDF ဥက္ကဌ ဒေါက်တာနိုင်အောင် နယူးဒေလီကို ရောက်လာတယ်။ ကျနော်တို့နယူးဒေလီရောက်မြန်မာကျောင်းသားတွေနဲ့ တွေ့တယ်။ အဲဒီအချိန် ကျနော်တို့ အိန္ဒိယ နိုင်ငံရေးလောကနဲ့ သံတမန်လောကမှာမြန်မာကျောင်းသားများအဖွဲ့ချုပ်( Burma students League) နာမည်နဲ့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းတွေနဲ့ထိုးဖောက်လှုပ်ရှားနေတာ အရှိန်ရနေပြီ။ အိန္ဒိယ နိုင်ငံရေးနဲ့ အနောက်တိုင်း သံတမန်တွေအကြားမြန်မာကျောင်းသားရဲ့လှုပ်ရှားမှုတွေကို အားပေးပံ့ပိုးနေချိန်လည်းဖြစ်တယ်။ ဒေါက်တာနိုင်အောင် လာတဲ့အကြောင်းတွေနဲ့ဆွေးနွေးခဲ့တာတွေကို နောက်မှ သီးခြားရေးပါ့မယ်။ ဒေါက်တာနိုင်အောင် ပြန်သွားပြီးတဲ့နောက်တလအကြာ မမျော်လင့်ပဲထိုင်းနိုင်ငံသုံး တံဆိပ်ခေါင်းနဲ့  ကျနော့်ဆီစာတစောင်ရောက်လာတယ်။ ဖောက်ကြည့်တော့ ဆန်းလင်းဆီက..ကျနော်အံ့သြသွားတယ်။
စာထဲမှာ..

ကိုယ့်လူ..
ဥက္ကဌပြန်လာတော့ ဓာတ်ပုံတွေထဲမှာ မောင်ရင့်ပုံတွေ့လို့ ၀မ်းသာအားရနဲ့ စာရေးလိုက်တာပါ။အရပ်မျက်နှာမတူပေမဲ့ ကိုယ်စီတာဝန်ယူနေလို့ ဂုဏ်ယူတယ်သူငယ်ချင်း။
ကိုယ်အခု ပေါင်မှာတိုက်ပွဲက ဒါဏ်ရာနဲ့ ဗဟို တက်လာပြီးဆေးကုနေတာ၊ အခု သက်သာလို့ရှေ့တန်းပြန်တော့မယ်။ ၂၁၀ စောထမှာ ရင်းမှူးလုပ်နေတယ်။ တောင်ငူ နယ်မှာ လှုပ်ရှားတယ်။နယ်မြေခံတွေကို စည်းရုံးပြီး လှုပ်ရှားနေတယ်၊ ရန်သူ့နယ်မြေ ကိုယ့်နယ်မြေ၊ ရန်သူ့လက်နက်ကိုယ့်လက်နက် ဗျူဟာအတိုင်း တိုက်နေတယ်။ မောင်ရင် ဘန်ကောက်ရောက်ရင် ဆက်သွယ်ပါ။ ကိုယ်လာတွေ့မယ်။
အောင်ပွဲသို့..
လို့ရေးပြီး သူ့လက်မှတ်ထိုးထားတယ်။ ကျနော်သိပ်ပျော်သွားတယ်။ အားတက်သွားတယ်။ချက်ချင်းစာကောက်ရေးလိုက်တယ်..။

ကိုညို( အော်စလို)

………………………………………….အပိုင်း(၂) …မနက်ဖန်ဆက်ရေးပါ့မယ်..။

  • Zaw Ko Ko NaingMyat SoeAnn Lee and 29 others like this.
  • Ko Nyo ၂၁၀ စောထ တပ်ရင်မှူး ရဲဘော်ဆန်းလင်း မိမိတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှေ့တမ်းမထွက်ခွါမီ တပ်ထွက် မိန့်ခွန်း ပြောနေတဲ့ပုံ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...