Tuesday, November 26, 2013

“အငိုလွယ်သည်”

November 23, 2013 at 11:18pm
          ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ ကာယကံရှင် နှစ်ဦးနှစ်ဘက်ကြားက၀င်ပြီး “သည်းခံလိုက်ပါ သူကြီးရာ။ သည်းခံလိုက်ပါ သူဌေးကတော်။” ဖြန်ဖြေစေ့စပ်ပေးရုံနဲ့ မရသလို ရွာဦးကဆရာတော် ကျောင်းခေါ်၍ ကြိမ်ဆော်ပြီး နင်တော်နင်တန် ပန်းကန်ကွဲ လက်ဘက်တစ်ရိုး ကွမ်းတစ်ရိုးနဲ့ ကျေအေးပလိုက်လို့လည်း မရပြန်ပါဘူး။ ကြားထဲမှာ အကြောင်းအပေါင်းတွေက အများကြီး ရှိသေးတာကိုး။ ထည့်တွက်ငဲ့ကွက်ဖို့ လိုလာတဲ့အထဲမှာ ထိပ်ဆုံးကပြေးနေတာကတော့ Geo-politics လို့ခေါ်တဲ့ ပထ၀ီနိုင်ငံရေးကြီးပါပဲ။ တိုင်းရင်းသားချင်းအတူတူ၊ ခံစားချက်ရှိခဲ့တာချင်းလည်းအတူတူ၊ ရခိုင်တွေဆီမှာ လက်နက်ကိုင် သည်လောက်မရှိပဲ၊ ရှမ်းတွေ၊ ကချင်တွေ၊ ကရင်တွေ၊ ကယားတွေဆီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေရခြင်းအကြောင်းဟာ အဲသည် ပထ၀ီကြောမလွတ်တဲ့ ပယောဂက ထိပ်ဆုံးကပါပါတယ်။ တဘက်နိုင်ငံက အားပေးအားမြှောက်ပြုနေတယ်လို့ မဆိုလိုပါဘူး။
သူတို့ကိုင်ထားတဲ့ လက်နက်တွေဟာ အဲသည်ဘက်က၀င်လာတာ မဟုတ်ရင် ကိုယ့်ဆီကစစ်တပ်ကတော့ ပြန်ထုတ်ရောင်း စားပါ့မလား။ ပြီးကျ အဲ့ဒါကြီးတွေနဲ့ ကိုယ့်ပြန်ပစ်မယ့်ဟာကို။


          အဲသည်နယ်စပ်ဒေသတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုဟာ တစ်ဘက်နိုင်ငံရဲ့ နိုင်ငံရေးပေါ်လစီတွေအပေါ်မှာ အမှီပြုနေတာကတော့ ငြင်းဖို့ခက်ပါတယ်။ မြန်မာ-ဘင်္ဂလား၊ မြန်မာ-တရုတ် နဲ့ မြန်မာ-ထိုင်းဆက်ဆံရေးတွေ မတူညီတဲ့အတွက် သက်ဆိုင်ရာ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရှင်သန်နေထိုင်ပုံချင်းလည်း မတူညီကြဘူး။ တရုတ်တစ်နိုင်ငံတည်းတောင်မှပဲ ဘေကျင်းအစိုးရဆီက သဘောထား၊ ယူနန်ပြည်နယ်အစိုးရရဲ့ သဘောထား၊ နယ်စပ်အုပ်ချုပ်ရေးအဖွဲ့ရဲ့သဘောထားတွေဟာ တစ်ခုနဲ့တစ်ခု မတူကြဘူး။ တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားသက်ရောက်မှုအပေါ်မှာ အခြေခံပြီး တစ်မျိုးစီတုန့်ပြန်ကြသတဲ့။ အဲသည်အခါမှာ ရှုမြင်သုံးသပ်ဖို့က ပထ၀ီကနေ ဘောဂဘက်ကို ပြောင်းလာပြန်ရော။ စစ်ကိုအမှီပြုပြီး အကျိုးစီးပွားဖြစ်ထွန်းမှု (War economy) ဆိုတာကို ထည့်မစဉ်းစားလို့ မရဘူး ဖြစ်လာတယ်။

         စစ်ဖြစ်ရင် လူတွေက ဒုက္ခသည်တွေကိုချည့် မြင်မြင်နေကြတာ။ သူဌေးဖြစ်သွားတဲ့သူတွေကို ဘယ်သူမှ သတိမထားမိလိုက်ဘူး။ စစ်မြေပြင်မှာ ပစ်လိုက်တဲ့ ဒိုင်းညောင့် ဒိုင်းညောင့် တစ်ခွန်းဟာ ကိုယ့်ပါးစပ်က စစ်တိုက်တမ်းကစားရင်း အော်သလိုမျိုး အလကားရတာမှ မဟုတ်ပဲ။ နှစ်ဘက်စလုံးမှာ စစ်စားရိတ်ဆိုတာတွေရှိတယ်။ အဲဒီအတွက် ငွေရပေါက်ရလမ်းတွေလည်း ရှိရတယ်။ သည်တော့မှ နားလည်လာရပြန်တာက ခရိုနီဆိုတာ နန်းရပ်နေပြည်မှာမှ ရှိတာ မဟုတ်ဘူး။ တောထဲတောင်ထဲ လက်နက်ကိုင်တွေဆီမှာလည်း ရှိတတ်တာပဲ လို့ သဘောပေါက်လာတယ်။ ရွှေတွင်းကြီးပေါ် ဖင်ခုထိုင်ထားတဲ့ အဖွဲ့ဆီမှာ ရွှေသူဌေးကြီးတွေရှိသလို
ကျောက်တွင်းကြီးတွေ ခြေကန်တိုက်နေတဲ့အဖွဲ့ဆီမှာ ကျောက်သူဌေးကြီးတွေ ရှိမယ်။ ဘာမှ မရှိရင်လည်း ပူစရာ မလိုပါဘူး။ တောထဲမှာပါဆိုမှ သစ်ပင်မရှိပဲနေမလား။ အဲသည်သစ်ပင်မှ မရှိလည်း မပူနဲ့။ ရာသီဥတုက ကိုယ့်ဘက်မှာရှိတယ်။ ဘိန်းစိုက်စား။ ဒါလောက်မှ အဖြစ်မရှိဘူးဆိုရင် သိပ်စဉ်းစားမနေနဲ့။ ဆက်ကြေးကောက်စား။ ငှက်ပျောသီးကမှ အခွံနွှာနေရဦးမယ်။ တောခိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပါဆိုနေ ရဲဖမ်းမှာ၊ တရားဥပဒေနဲ့မညီမှာ ဘာကြောက်စရာရှိသတုန်း။ အဲသည်ရေသောက်မြစ်ကြီးတွေကို ထည့်မတွက်ပဲ ကိုင်းဖျားကိုင်းနားလောက်ပဲ လှည့်ချိုင်နေတဲ့ ငြိမ်းချမ်းရေးဆိုရင် ပျဉ်းမငုတ်တိုကြီးကမှ အတက်ထွက်တာ နှေးနေဦးမယ်။ အသစ်အသစ်သော လက်နက်ကိုင်တွေ ၀င်လာမစဲ တသဲသဲ ရှိလိမ့်မပ။      စစ်နဲ့အကျိုးစီးပွား ဖြစ်ထွန်းနေသူတွေက ဥပုသ်သည်တစ်ယောက်မှ မပါတဲ့အတွက် လူသားချင်း စာနာထောက်ထားစွာ ငြိမ်းချမ်းရေးကို လိုလားလိမ့်မယ် လို့များ ထင်သလား။ ခနတဖြုတ်ကလေး အပစ်အခတ်ရပ်စဲလိုက်ရင်တောင် ဘိန်းစိုက်နှုန်း ၁၃%၊ ဘိန်းထုတ်လုပ်မှုနှုန်း ၁၆%လောက် တက်လာသတဲ့။ ဆက်ကြေးတွေဈေးမြင့်လာပြီး ဆက်ကြေးလိုက်ကောက်တဲ့ ဧရိယာ ပိုကျယ်ပြန့်လာသတဲ့။

             အဲဒီလို ငဲ့ကွက်စရာအကြောင်းတွေကြောင့် တကယ်လို့များ ငြိမ်းချမ်းရေးရခဲ့လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အရပ်သားအဖြစ် တပ်ခေါင်းခွဲပြီး နေရပ်ပြန်လို့ လွှတ်လိုက်ရင် သည်အတိုင်း ပြန်လွှတ်လို့မရဘူး။ သူတို့တတွေ ဘယ်လိုဆက်ပြီး လုပ်စားကိုင်စားကြမလဲဆိုတာအထိ ပူပူပင်ပင် ရှိရလိမ့်မယ်။ အဲဒါ Demobilization လုပ်ရင် တွေ့ရမယ့် ပြဿနာပဲ။ ငါ့နှယ်။ မုန့်ဆီကြော်ဆို အသံတောင် မကြားချင်တော့ဘူး။ စဉ်းစားကြည့်လေ။ သူတို့ကို သူပုန်လို့ ကိုယ်ကခေါ်ပေမယ့်လည်း သူတို့နယ်မှာသူတို့ လက်နက်ကိုအမှီပြုပြီးရထားတဲ့ အာဏာဆိုတာကလေးက အထိုက်အလျောက်တော့ ယစ်မူးစေတယ်။ ကိုယ့်လက်ထဲကအာဏာကို အဲလောက်လွယ်လွယ်ကူကူ ပြန်ပေးတတ်မှဖြင့် ကျုပ်တို့မြန်မာပြည် ခုလိုဘ၀ရောက်စရာလား။

           နောက်တစ်ကြောင်းကတော့ လက်နက်ကိုင်ဆိုတာ အနည်းနဲ့အများ အရိုင်းလို့ပဲ ပြောရမယ်။ အယဉ်တစ်ယောက်မှ မပါဘူး။ ယဉ်နေရင် လက်နက်ကိုင်လို့မရဘူး။ တချို့များဆို လူလားတောင် မမြောက်သေးတဲ့ ကလေးစစ်သားတွေတောင် ပါသေးတယ်လေ။ မဟုတ်ဘူး ငြင်းရင် ယူကျုထဲမှာ ထိုင်းဆေးရုံဝင်စီးတဲ့သူငယ်လေးတွေ ပြန်ကြည့်။ သူတို့တတွေမှ စိတ်ကြမ်းလူကြမ်းမရှိရင် ဘယ်သူရှိမလဲ။ ငယ်ငယ်ရွယ်ရွယ် လက်နက်ကိုင်ဘ၀ကို ရောက်လာရတာ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာတွေ မရှိပဲ မနေဘူး။ သူတို့ကို အရပ်သားတွေနဲ့ အတူထားလို့ လွယ်ပါ့မလား။ အရပ်ကရော သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်လက်ခံမှာလဲ။ အတိတ်က အဖြစ်တွေကို ခ၀ါချပြီး သင်ပုန်းချေတာ အဲသလောက် လွယ်ပါ့မလား။ သူတို့တတွေ အလုပ်အကိုင် လူမှုရေး စီးပွားရေး အဆင်ပြေအောင် စီစဉ်မထားနိုင်ရင် အရင်အတိုင်း လက်နက်ပြန်ကိုင်ဖို့က အနီးဆုံးထွက်ပေါက် ဖြစ်သွားဦးမယ်။ ဒါကတော့ Re-integration လုပ်ရင် တွေ့ရမယ့် ပြဿနာပါ။

              သူများတကာဆီက အတွေ့အကြုံ သဘောတရားနဲ့ ပူပူပင်ပင် တွေးခေါ်မျှော်မြင်ထားတာတွေ ကို လေ့လာမှတ်သားသင့်သလိုပဲ တကယ်တမ်း စစ်မြေပြင်မှာ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်တိုက်ပွဲဝင်နေသူတွေဆီက ငြိမ်းချမ်းရေးအတွေ့အကြုံတွေကိုလည်း သိသင့်တာပေါ့နော်။ အထိုက်အလျောက် အောင်မြင်ခဲ့လို့သာ သည်ကနေ့ လွှတ်တော်ပေါ်မှာ တချို့သော လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို ကိုယ်စားလှယ်တော်ကြီးများအဖြစ် မြင်တွေ့ခွင့်ရနေတာ မဟုတ်လား။ လက်နက်ကိုင်နဲ့ လက်နက်စွန့်နဲ့ ဘယ်သင်းက ပိုများတယ် ထင်သလဲ။ “အို.. သူတို့လုပ်သမျှ ဘာဆို ဘာမှ မကောင်းဘူး။ ဘာမှ လာမပြောနဲ့ မသိချင်ဘူး။” ဆိုတဲ့ တစ်ဘက်ပိတ်အမြင်မျိုးကို မစွန့်နိုင်ရင် နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သည်အခါမှာ ဘဘကြီးများရဲ့ ခြေစလက်စ နဲ့ လက်ရုံးရည် နှလုံးရည်ကိုလည်း တွေ့ခွင့်မြင်ခွင့် ရခဲ့ပါပေတယ်။

        ကိုယ်တို့ဘဘကြီးတွေက ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ “ဟေ့ကောင်တွေ ဟေ့ကောင်တွေ။ မပြေးနဲ့။ အားလုံးလက်နက်ဖမ်းပြီး အချခံပါ။ ပြည်သူ့ဝိုင်းတွေ ရဲထားပြီ။” ဆိုတာမျိုး ချောင်ပိတ်ဖမ်းထားတာ မဟုတ်ပါဘူးတဲ့။ အပိုင်းသုံးပိုင်းခွဲခြားပြီး သီးခြားထွက်ပေါက်ကလေးတွေ ပေးထားပါတယ်။ ခေါင်းဆောင်ပိုင်းကိုတော့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးအားဖြင့် ခေါင်းဆောင်မှုကို ရယူပါ။ တရားဝင် နိုင်ငံရေးပါတီထောင်ပါ။ ကိုယ့်ပြည်သူထောက်ခံမှု ရရင် အဲသည်ပြည်သူကို ကိုယ်စားပြုပြီး ခေါင်းဆောင်အဖြစ် ရပ်တည်ပါ လို့ လမ်းဖွင့်ပေးခဲ့တယ်။ အဲဒီနည်းအားဖြင့် ဦးဖုန်ကျားရှင်တို့၊ ဦးကျောက်ညီလိုင်တို့၊ ဦးအောင်ခမ်းထီတို့ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်များအဖြစ် မြင်တွေ့ခဲ့ရတယ်။ တခြားလည်း အများကြီး ရှိဦးမှာ။ ကိုယ်က ကိုယ်မြင်ဖူးတဲ့သူကိုပဲ ပြောနေတာ။   ဒုတိယအဆင့် လူလတ်ပိုင်းခေါင်းဆောင်တွေကိုတော့ စီးပွားရေးအခွင့်အလမ်းတွေဖွင့်ပေးပြီး တရားဝင် ကုမ္ပဏီထောင်လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးခဲ့တယ်။ အေးရှားဝေါတို့၊ ပတ္တမြားနဂါးတို့လို တိုင်းရင်းသားကျောထောက်နောက်ခံ ကုမ္ပဏီလုပ်ငန်းစုကြီးတွေဟာ အဲဒီနည်းအားဖြင့် စည်ပင်ဖြစ်ထွန်းလာတယ်။

        တတိယအဆင့်ကတော့ လက်အောက်ငယ်သားပိုင်းတွေ ဖြစ်ပါတယ်။ သူတို့က လူဦးရေပိုများပြီး ကိုင်တွယ်ထိန်းသိမ်းရခက်တဲ့အထဲမှာ ပါတယ်။ သူတို့ကို မူလရှိရင်းစွဲခေါင်းဆောင်ရဲ့အောက်မှာ လက်နက်စွဲကိုင်ခွင့်ဆက်ပေးထားပြီး ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ ရိက္ခာလစာများနဲ့ ဆက်လက်တည်ရှိနေစေရတယ်။ သို့သော်..။ အဲသည် သို့သော်က အရေးကြီးတာ။ အမိန့်နာခံတဲ့အခါမှာတော့ မြန်မာ့တပ်မတော်ကိုသာ အမိန့်နာခံစေရမယ်။ နယ်ခြားစောင့်တပ် လို့ ခေါ်ချင်ခေါ်၊ ပြည်သူ့စစ်လို့ ခေါ်ချင်ခေါ်၊ ကြိုက်သလိုခေါ်။ ဒါပေမယ့် တရားဥပဒေ အပြင်ဘက်က လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တော့ဘူး။ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်က စည်းကမ်းစံနစ်ကျတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိရမတဲ့။ အဲသည်တပ်သားတွေဟာ တပ်မတော်သားများနည်းတူ ရိက္ခာလစာ၊ နေရာထိုင်ခင်း၊ အခွင့်အရေးများ ခံစားနိုင်မှာဖြစ်ပြီး အိုမင်းမစွမ်းလာတဲ့အခါ ပင်စင်ပါမကျန်ရအောင် ခံစားခွင့်ရှိစေမတဲ့။ တပ်မှူး၊ ခွဲမှူး၊ အရာရှိ၊ အရာခံအားလုံး ငြိမ်းချမ်းရေးအဖွဲ့အစည်းကသာ ပါဝင်ဖွဲ့စည်းစေပြီး၊ တပ်မတော်ကတော့ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းမှာ ၀င်မပါပဲ ကူညီပံ့ပိုးရုံသက်သက်မို့ တပ်ရေးဗိုလ်ကြီး တပ်ထောက်ဗိုလ်ကြီးနဲ့ စာရေးစာချီဝန်ထမ်း အနည်းငယ်သာ ပါဝင်ကြမတဲ့။ “တော်ပါရှင် တစ်ပတ်လောက်လျှော့လိုက်ဦး” လို့တောင် ပြောစရာ မကျန်ဘူးနော်။ လွှတ်ကို လိုက်လျောတော့တာ။ ဒါပေသိ ဟိုဘက်က ငြိမ်းချမ်းရေးယူထားမိသူတွေကတော့ အိုင်ရင်းဇင်မာမြင့် သီချင်းသံကြားတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ကြရသတဲ့။ “ချိုသာတဲ့စကားလေးများစွာ ပြောသမျှ အဟုတ်ထင်ခဲ့။ ခုတော့ မှန်ရာကို မှားတယ်။ ကြုံလာပြီမို့ မြင်လာပြီမို့….။” ဆိုတာလေ။ လက်စသတ်တော့ သူတို့လည်း နှလုံးသားအရင်းအနှီးနဲ့ပဲကိုး။ ယုံမှတ်လို့ ပုံအပ်ပြီးမှတော့ ထွက်မပြေးပါနဲ့ အသက်ကလေးရယ်။ အတူတူပဲ ဆက်နေကြတာပေါ့။ သာယာလို့ငြိမ်းချမ်းတဲ့ကမ္ဘာ ဘာမှမဝေးဘူး အနီးလေးမှာပါ။

          ဒီအခါမှာတော့ ကိုယ်ရောက်ခဲ့နေခဲ့ဖူးတဲ့ ကိုးကန့်အထူးဒေသ(၁)က လောက်ကိုင်မြို့ကလေးကို ပြန်သတိရမိပါတယ်။ ဘဘဦးခင်ညွန့်နဲ့ ဘဘဦးဖုန်ကြားရှင်တို့ ငြိမ်းချမ်းရေးယူပြီးတဲ့အခါမှာ ကိုးကန့်ဒေသကို အထူးဒေသအဖြစ် သတ်မှတ်ပြီး အထက်မှာဖော်ပြခဲ့တဲ့ အချက်သုံးချက်နဲ့အညီ ရှဥ့်လည်းလျှောက် ပျားလည်းစွဲခဲ့ပါတယ်။ ဖုန်အိမ်ကလူတွေကို အရပ်သားအဖြစ်နဲ့ ရွှေပြည်ညွန့်မြို့သစ်တည်ပြီးတောင် အုံနဲ့ကျင်းနဲ့ စုစုစည်းစည်း ပြည်တွင်းအ၀င်ခံခဲ့တယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဖို့လည်း လမ်းဖွင့်ပေးခဲ့တယ်။ အရင်တုန်းကလို နင်ပဲငဆ အခေါ်အဝေါ်တွေအစား တလေးတစား ဦးခွန်ဆာ၊ ဦးဖုန်။ ဗိုလ်ချုပ်မြ အစရှိသဖြင့် အရေးတယူ ခေါ်ဆိုဆက်ဆံတဲ့အခါ ကိုယ်တွေတောင် အရင်တုန်းက သူတို့တွေ ပုလင်းတူဗူးဆို့မို့သာ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် မြှောက်နေကြတာ လို့ ထင်ခဲ့တယ်။ ဘိန်းဘုရင် လည်ပင်းဖက်ပေါင်းနေမှတော့ ဘုရားတကာလုပ်လည်း အကုသိုလ် မစင်နိုင်ဘူး လို့ အောင့်မေ့မိတယ်။

              အခုတော့ သဘောပေါက်လာပြီ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ရပ်တွေကို သင်ပုန်းမချေပဲနဲ့ ရှေ့ဆက်လို့ မရဘူး။ သူ့ဘာသူ အရင်က ဘိန်းဘုရင်မကလို့ ဘိန်းသိကြားမင်းကြီးပဲလုပ်လုပ်။ ကိုယ့်ဘက်က တလေးတစားခေါ်ပြောဆက်ဆံပြီး ငြိမ်းချမ်းရေးယူလိုက်လို့ အဲသည်ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်သွားမယ်ဆိုရင်၊ စစ်ပွဲတွေ ရပ်သွားမယ်ဆိုရင် ဆယ်ခါခေါ်ပလိုက်မယ်။ တန်တယ်။ တကယ်တော့ ကိုယ်ပေးနိုင်တဲ့ ငွေကြေး၊ စီးပွားရေးအခွင့်အလမ်းဆိုတာ သူတို့တွေအတွက် ဘာမှ ပြောပလောက်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး မယူလည်း သူတို့ဆီမှာ အဲဒါတွေ ပြည့်စုံပြီးသား။ ဒါပေမယ့် ငြိမ်းချမ်းရေးယူလိုက်လို့ စစ်ပွဲတွေရပ်သွားရင် ဒေသတွင်း စီးပွားရေး လူမှုရေးတွေ ပိုဖွံ့ဖြိုးတိုးတက်လာမယ်။ ပြည်သူတွေ အေးအေးချမ်းချမ်းနေရမယ်။ တပ်မတော်ကြီးလည်း အေးအေးချမ်းချမ်းနေရမယ်။ ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်ချိုတယ်။ မလိုသူတွေ ပြောစမ်းပါစေ။ ငြိမ်းချမ်းဖို့က အဓိက။ အကုသိုလ်အတွက်ကတော့ ကိုယ့်ခွဲတမ်းနဲ့ကိုယ်။ ကိုယ့်အထုပ်ကိုယ်ထမ်း သူ့အထုပ်သူထမ်း။

           ငြိမ်းချမ်းရေးယူပြီးစမှာ ကိုးကန့်ဒေသကလေးဟာ အမှန်တကယ်ကိုပဲ သာတောင့်သာယာ အေးအေးချမ်းချမ်း ရှိခဲ့ပါတယ်။ ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံ နဲ့ လက်ဘက်ကို စိုက်တဲ့အခါ ကိုးကန့်လက်ဘက်ခြောက်ဆိုတာ ဈေးအကြီးဆုံး ထိပ်တန်း ပထမတန်း ဖြစ်ခဲ့တယ်။ နိုင်ငံတကာက အစိုးရမဟုတ်သောအဖွဲ့အစည်းများနဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို တောထဲတောင်ထဲပါမကျန် ထဲထဲဝင်ဝင် လုပ်ခဲ့ကြတယ်။ ဂြိုလ်တုက ဓါတ်ပုံချဲ့ကြည့်လို့ရတဲ့ခေတ်ကြီးမှာ ဘိန်းခင်းတွေတွေ့ရင် ဘီဘီစီက မအော်ပဲနေမှာလား။ လုံးဝပပျောက်မသွားပါဘူးလို့ ဆိုချင်ဆို၊ နဂိုတုန်းက ဘိန်းရောင်းတဲ့ဈေးဟောင်းကလေးကို အမှီပြုပြီး တရုတ်ဘာသာနဲ့ လောင်ကိုင်းလို့ခေါ်တဲ့ နယ်မြေကလေးဟာ တရားဥပဒေစည်းဝိုင်းထဲကိုတော့ ရောက်လာခဲ့တာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဆရာဝန် ဆရာမကို “နင်ထမင်းစားဖို့ ဘိန်းတစ်ခင်း ပိုစိုက်ပေးမယ်။” ဆိုတဲ့ခေတ်တော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် ရေရှည်မှာ စစ်မီးပြန်တောက်လာခဲ့တာကတော့ လက်နက်ကို အခြေခံတယ် လို့ ပြောရမှာပဲ။

            ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းလို့ ရချင်ရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံမှာတော့ လက်နက်ကိုင်စစ်တပ် နှစ်ခုရှိနေလို့ မရဘူး။ ကိုးကန့်ခေါင်းဆောင်တွေမှာ ကိုးကန့်စစ်တပ်ဆိုတဲ့ ခါးပိုက်ဆောင်တပ်တစ်တပ်ထားတယ်။ သူတို့အုပ်ချုပ်ရေးအဖွဲ့ ရှိတယ်။ ကိုးကန့်ရဲ နဲ့ ကိုးကန့်တရားစီရင်ရေးအဖွဲ့ သပ်သပ်ရှိတယ်။ ထောင်တောင်မှ ကိုးကန့်အကျဉ်းထောင် သပ်သပ်ရှိတာ။ ကိုယ်တွေဘက်မှာဆို ရဲစခန်းမှာပဲ ချုပ်စရာရှိတယ်။ ထောင်ရေးတန်းရေးဆို လားရှိုးလွှတ်ရတာ။ အုပ်ချုပ်ရေးပိုင်း နှစ်ဖွဲ့ရှိပေမယ့် သိပ်မရှုပ်ထွေးဘူး။ တရားခံမိရင် ဗမာလား။ လာခဲ့ ဗမာရဲစခန်းကို။ တရုတ်၊ ကိုးကန့်လား။ သူတို့ဟာသူတို့ လာခေါ်သွားလိမ့်မယ်။ ဗမာဘက်က ဌာနဆိုင်ရာအစည်းအဝေးတွေတိုင်း ကိုးကန့်ဘက်က ကိုယ်စားလှယ် တစ်ယောက်နှစ်ယောက် တက်တယ်။ ကိုးကန့်အစည်းအဝေးလည်း မြန်မာကိုယ်စားလှယ်ဖိတ်တယ်။ ညီညွတ်ရေး နဲ့ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်ပေါ့။ ကျန်းမာရေးပိုင်းမှာ ခေတ်မီစက်ကိရိယာပစ္စည်းစုံတဲ့ သူတို့ကိုးကန့်ဆေးရုံထက် ကိုယ်တို့မြန်မာဆေးရုံကို ပိုအားကိုးတယ်။ သည်ဘက်မှာက အထူးကုထားတာလေ။ မြန်မာဆရာဝန်တစ်ယောက်အနေနဲ့ ကိုးကန့်တစ်နယ်လုံးကို တံခါးမရှိ ဓါးမရှိ အန္တရာယ်ကင်းစွာ သွားလာလို့ရတယ်။ ဖုန်အိမ်လည်း ဆေးသွားကုဖူးတယ်။ ပယ်အိမ်လည်း ဆေးသွားကုဖူးတယ်။ အလွန်ချမ်းသာကြွယ်ဝသလောက် မာန်မာနမရှိ၊ ဖော်ဖော်ရွေရွေ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်သူများအဖြစ်ပဲ မြင်ခဲ့ရတယ်။ ကိုယ်နေခဲ့တဲ့ သက်တမ်းတလျှောက် ဘယ်နေရာမှာမှ ပြဿနာ မရှိခဲ့ဖူး။ လက်နက်ကိုင်နှစ်ဖွဲ့ ရှိနေတာကလွဲလို့။ ဒါပေမယ့် အဲသည်လွဲလို့ကြောင့်ပဲ ကိုးကန့်မှာ နောက်တစ်ကြိမ် တိုက်ပွဲတွေ ထပ်ဖြစ်ရတယ်။
 
        လက်နက်အသင့်ငြိမ်းချမ်းရေးဆိုတာ အချိန်မရွေး ပဋိပက္ခပြန်ဖြစ်နိုင်တာကိုး။ တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုတွေ ပျက်ပြားသွားတာနဲ့ ငြိမ်းချမ်းရေးကလေးလည်း ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ပြီး လစ်ရတယ်။ ဒါကြောင့် ပါးစပ်က ငြိမ်းချမ်းရေးစကား ဘယ်လိုပဲဆိုနေနေ၊ လက်နက်အသစ်တွေ ထပ်ဝယ်နေသမျှ၊ လက်နက်အင်အားတွေ တိုးချဲ့နေသမျှ ဓါးသွေးရင်း မေတ္တာပို့၊ ငါးမျှားရင်း ဥပုသ်စောင့်နေသလိုသာ ရှိလိမ့်မယ်။ ဒီအချက်တွေကြောင့် တချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုနေကြတဲ့ ဖက်ဒရယ်တပ်မတော်ကြီးဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နိုင်ချေရှိသလဲ တောင်းဆိုတဲ့သူတွေ ကိုယ်တိုင်ပဲ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။

              ကိုယ့်ဘက်က မုန့်ဆီကြော်ကြီးမျှော်ပြီး နှုတ်ခမ်းနာနဲ့ သင့်မသင့် စဉ်းစားပူပန်နေသလိုပဲ၊ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုနေတဲ့သူတွေအတွက် နှုတ်ခမ်းနာအကြောင်းကလေး မေးပါရစေ။ တကယ်လို့များ အစိုးရဘက်က မေတ္တာတရားကြီးမားစွာ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ဖို့ ခင်ဗျားတို့ပြည်နယ်ကို သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်ပြီဆိုရင် ကိုယ့်ပြည်နယ်ထဲမှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး၊ ကာကွယ်ရေး အစရှိတဲ့ အဖွဲ့အစည်း (Institutions) တွေများ စံနစ်တကျ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီးတာ အဆင်သင့်ဖြစ်နေပြီလား။ အလုံအလောက် ရှိနေပြီလား။ တကယ်ကြီး အဟုတ်ကြီးကို ကိုယ့်ဘာသာခွဲထွက်နိုင်ပြီလား။ ပြန်တွေးကြည့်ပါဦးလေ။ မုန့်ဆီကြော် မစားရလည်း နှုတ်ခမ်းနာစင်တော့ ဘာလာလာ စားနိုင်လိမ့်မယ် မဟုတ်ဘူးလား။ သူတို့ကို ပြောရင်း ကိုယ့်မေကြီးကိုလည်း မနေနိုင်မထိုင်နိုင် ပူပူပင်ပင် ကြောင့်ကျဝင်ရပြန်ပါတယ်။ မယ်ဖျားလည်း ရွှေတောင်တက်မယ် ဟန်ပြင်ရင် “မင်းကြီးများ” ဆို “ဖရား” ထူးမယ့်၊ မင်းကြီးနည်းရင် “ဖရဲ” လိုက်မယ့် နောက်ပါဗိုလ်ခြေ လောက်လောက်လားလားမှ ရှိနိုင်ပါ့မလား။ အားကိုးလောက်ပါ့မလား။ လို့ အများကြီး စိုးရိမ်မိပါတယ် မယ်မယ်။ ဟော.. ဟိုရှေ့က လာနေတာ မုန့်ဆီကြော်သည်ကြီး ထင်ပါရဲ့။

Soe Min

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...