Saturday, November 16, 2013

နိုင်ငံရေးကို လေ့လာဖို့ နေရာတစ်ခု ဖန်တီးနေသူ (သို့) မျိုးဇော်အောင်


Post 12 November 2013 By မေသင်္ကြန်ဟိန်(မြစ်မခ)

အသားညိုညို၊ မွန်မွန်ရည်ရည်နဲ့ စကားနည်းနည်းပြောတတ်တဲ့ လူရွယ်တစ်ဦးကို အောက်တိုဘာလတုန်းက နေပြည်တော်၊ သင်္ဂဟ ဟိုတယ်မှာကျင်းပခဲ့တဲ့က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ညီလာခံမှာ စီစဉ် ဆောင်ရွက်နေတာကို တွေ့လိုက်ရတော့ စိတ်ထဲမှာတွေ့ဖူးမြင်ဖူးသလိုလို ထင်မှတ်နေခဲ့ပါတယ်။
နိုဝင်ဘာလ ၉ရက်နေ့ကနေ ၁၁ရက်နေ့အထိ နေပြည်တော်၊ ဇဗ္ဗူသီရိဟိုတယ်မှာ ကျင်းပခဲ့တဲ့ လူငယ်များအတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆွေးနွေးပွဲမှာ အဖွဲ့မိတ်ဆက်စကားပြောကြားတော့မှ ဦးမျိုးဇော်အောင်ကို သိခွင့် ရပါတယ်။
 ဦးမျိုးဇော်အောင်က The Innovative ရဲ့ ဥက္ကဋ္ဌ ပါ။ ဦးမျိုးဇော်အောင်က NLD ပါတီမှာ လူငယ်နိုင်ငံရေးသမားဘ၀နဲ့ ၁၀ နှစ်ကျော်ကြာအောင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင် ရင်း ဒီပဲယင်းကိစ္စဖြစ်ပွားခဲ့သည့်အတွက် ထိန်းသိမ်းခံခဲ့ရပါတယ်။၂၀၁၀ ရွေးကောက်ပွဲမှာတော့ NDF ပါတီက ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ၀င်ရောက်အရွေးခံယှဉ်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ်ခဲ့ရတယ်လို့ သိရပါတယ်။
ဦးမျိုးဇော်အောင်နဲ့ သူ့ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းဆွေးနွေးဖြစ်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်ရှေ့ပိုင်းကာလမှာတော့ မြန်မာနိုင်ငံမှာ Activism လို့ ခေါ်တဲ့ လှုပ်ရှားတက်ကြွမှုက ရှေ့တန်း ရောက်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ နိုင်ငံရေးလုပ်တဲ့ သူတွေအနေနဲ့ ပညာတတ်ဖို့ထက် ထောင်ကျ ခံရဲဖို့၊ စွန့်လွှတ် အနစ်နာခံရဲဖို့၊ မိသားစုဘ၀တွေ အပျက်ဆီးခံနိုင်ရဲဖို့၊ စီးပွားရေးတွေ ပျက်ဆီးခံနိုင်ဖို့ ဒါ့အပြင် မတော်တဆမှုတစ်ခုခုနဲ့ အသတ်ခံရမယ်ဆိုရင်တောင်မှ  အသတ်ခံရဲဖို့ဆိုတဲ့ တော်ရုံလူ မလုပ်နိုင်တဲ့ ပေးဆပ် စွန့်လွှတ်ခြင်း Sacrific စိတ်ဓါတ်နဲ့လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောဆိုပါတယ်။
၂၀၁၀ ခုနှစ်နောက်ပိုင်းကာလတွေမှာာတေ့ အစိုးရကို ဆန့်ကျင်တတ်ရုံ၊ ဆဲတတ်ရုံနဲ့ နိုင်ငံရေး လုပ်လို့ မရတော့ ပါဘူး။ ယှဉ်ပြိုင်မှုတွေ၊ ကိုယ်ပိုင် Agenda တွေနဲ့ နိုင်ငံရေးလမ်းကြောင်းတွေ၊ နိုင်ငံရေးညှိုနှိုင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ တကယ့်နိုင်ငံရေးဝန်းကျင်အသစ်ကို ရောက်လာခဲ့ပြီး ကိုယ်နဲ့ အယူအဆမတူတဲ့သူတွေ၊ တူသူတွေကို ယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့ နိုင်ငံရေးပညာရပ်တွေ လိုအပ်လာတာတွေ့ရတဲ့အတွက် သူ့အနေနဲ့ The Innovative ကို ဖွဲ့စည်းထူထောင်ခဲ့တယ်လို့ မိတ်ဆက်ပြောဆိုခဲ့ပါတယ်။

မေး။     ။ ဆရာ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကိုကတော့ အဖွင့်အမှာ ပြောတုန်းကတော့ မှတ်ထားတာရှိပါတယ်ရှင့်၊ အသေးစိတ်သိခွင့်ရရင်လည်း သိချင်ပါတယ်။
ဖြေ။     ။ နိုင်ငံရေးလှုပ်ရှားမှုကတော့ အရင်က NLD  ပါတီမှာ လုပ်လာတာလေ ပါတီမှာလူငယ်အဖွဲဝင်အနေနဲ့ပေါ့ ကိုးနှစ်ကျော် ၁၀ နှစ်ပေါ့နော်လုပ်လာတယ် ပါတီထဲကမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှ လူ့အခွင့်ရေး Documenter နဲ့ Educator အဖြစ်နဲ့ပေါ့နော် ဘယ်လိုပြောရမလဲလူ့အခွင့်အရေးမှတ်တမ်းမှတ်ရာတွေယူတာပေါ့ သုတေသနပြုတာပေါ့ အဲ့ဒီအလုပ် ကို ကျွန်တော်သုံးလေးနှစ်လောက်လုပ်လာတာပေါ့ ပြီးတော့2010 ရွေးကောက်ပွဲ ကျတဲ့အခါကျတော့ ကျွန်တော်တို့ က အမျိုးသားဒီမိုကရေစီအင်အားချုပ်ပါတီ(NDF) ထူထောင်တဲ့နေရာထဲမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ 2011 မှာ ကျွန်တော်ပါတီကနေ နားပြီးတော့မှ ဒီအဖွဲ့ကို ထောင်ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကတော့ အခက်အခဲကာလကြားထဲမှာကော အများကြီးလုပ်လာတာပေါ့နော်၊ ဥပမာ 2003 ခုနှစ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွေမှာလိုက်ပြီးဒေါ်အောင်ဆန်းစုကြည်ဘေးမှာ လိုက်နေရတဲ့အချိန်ပေါ့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဒီပဲရင်း ပြဿနာတတ်တယ်လေ ဒီပဲရင်း ပြဿနာတတ်တော့ အဲ့ဒီမှာလည်း ကျွန်တော် ပါခဲ့တယ် ပါခဲ့ပြီးတော့မှ ကျွန်တော်ထောင်ထဲမှာ (၆) လ လောက်ကြာတယ် ကြာခဲ့ပြီးတော့မှ ပြန်လွှတ်လာတဲ့အချိန် မှာကျောင်းတွေ ဘာတွေလည်း အထုတ်ခံရပြီးသားဖြစ်နေတာပေါ့နော်။ ဒါပေမဲ့အဲ့ဒီ အချိန်မှာတော့ ဘယ်လောက်ပဲ ခက်ခဲတဲ့အခြေအနေပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ချင်တဲ့အတွက် တစိုက်မတ်မတ်လုပ်လာတာပေါ့။

မေး။     ။ ၂၀၁၁ နောက်ပိုင်းမှာ The Innovative  ကိုတည်ထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေဆက်ပြီး ဆောင်ရွက် နေတယ်လို့သိရတော့ ဘယ်လိုဆောင်ရွက်မှုတွေနဲ့ ဘယ်လို လုပ်ငန်းစဉ်တွေများ လုပ်ဆောင်နေပါသလဲ။
ဖြေ။     ။ ကျွန်တော်တို့ အဖွဲ့မှာ အဓိက အလုပ် ၃ ခုလုပ်ပါတယ်။ ၁ ခုကတော့ နိုင်ငံရေးပညာပေးရေး လုပ်ငန်းကို လုပ်ပါတယ်။ ခုလို ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆွေးနွေးပွဲတွေ Forum တွေ လုပ်သလို၊ ပါတီစုံက လူငယ်တွေပါဝင် တဲ့ နိုင်ငံရေးခေါင်းဆောင်မှုအစီစဉ် Policy Leadership Program လို့ ခေါ်တဲ့သင်တန်းတွေ လုပ်ပါတယ်။ နောက် တစ်ခုကတော့ Policy Consultancy ပါ။ ဒါကလည်း လွှတ်တော်ကိုယ်စားလှယတွေ အစိုးရအဖွဲ့တွေကို သတင်း အချက်အလက် ကူရှာပေးဖို့၊ မူဝါဒတွေ ၀ိုင်းဝန်းရှာဖွေပေးပြီး အကြံပြုပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ နိုင်ငံရေးစောင့်ကြည့်လေ့လာတဲ့လုပ်ငန်း Political Monitoring ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ဘယ်ကိုရွေ့နေသလဲ၊ လက်ရှိပြဿနာရပ်တွေက ဘာတွေလဲဆိုတာကို သုတေသနလုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။

မေး။     ။ အရင်တုန်းကတော့ ပါတီနိုင်ငံရေးကနေပြီးတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအနေနဲ့ မြန်မာ့ နိုင်ငံရေးထဲ ပါဝင်ခဲ့တယ်။ အခုတော့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ထူထောင်ပြီးတော့ မြန်မာ့နိုင်ငံရေးထဲ ဆက်လက် ပါဝင်လာတာတွေ့ရပါတယ်။ အဲဒီတော့ ပါတီနိုင်ငံရေးနဲ့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ လုမှုရေး လုပ်ငန်းတွေဆောင်ရွက်လာတဲ့အပိုင်းမှာရော၊ ဘယ်လိုကွာခြားချက်မျိုးတွေ တွေ့ရပါသလဲရှင့်။
ဖြေ။     ။ အရမ်း ကွာခြားပါတယ်။ ဘာလို့လဲဆိုတော့ ပါတီနိုင်ငံရေးက စုစုစည်းစည်းနဲ့အဖွဲ့အစည်းတစ်ခုကို လုပ်ရ ပါတယ်။ တကယ့်နိုင်ငံရေးရဲ့သဘောက အစိုးရတွေပြောင်းအောင်လုပ်မယ် စနစ်တစ်ခုပြောင်း အောင်လုပ်မယ်၊  ပြောင်းပြီးလို့ရှိရင် ဒီမိုကရေစီအစိုးရသစ်တက်ပြီးတော့မှ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ပေါ့နော် အဲ့ဒီရည်ရွယ်ချက်နဲ့ ပါတီနိုင်ငံရေးမှာကလုပ်တဲ့အခါ လူမှုရေးအဖွဲ့တွေနဲ့လုပ်ရတဲ့ ပုံဏ္ဍာန်က တော်တော် ကွာပါတယ်။  လူမှုရေးအဖွဲ့တွေက ဘာပိုလုပ်နိုင်လဲဆိုတော့ ပြည်သူလူထုတွေကို တိုက် ရိုက်အကူအညီပေးနိုင်တယ်။ ဘာလိုအပ်လိုအပ် ပညာရေးဆိုလို့ရှိရင်လည်း ပညာရေးကိုတိုက်ရိုက်ကူညီပေးနိုင်တယ်။ တခြားကိစ္စပေါ့နော်၊ သူတို့ ဆင်းရဲလို့စားစရာမရှိလို့ရှိရင်လည်း သူတို့အတွက် စားစရာကျွန်တော်တို့ကစုဖွဲ့ ပြီးတော့မှလှူဒါန်းတာတို့ ကျွန်တော်တို့က လုပ်နိုင်တယ်။ လူမှုရေးလုပ်တဲ့လုပ်ငန်းပိုင်းပေါ့၊ ဒါပေမဲ့ နိုင်ငံရေးပါတီမှာကျတော့ ပြည်သူတွေကို တိုက်ရိုက်ကြီး မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ပါတီတွေမှာကလည်း  ငွေရေးကြေးရေး အခက်အခဲရှိတယ်လေ ရှိတဲ့အခါကြတော့ ပါတီတွေရဲ့အဓိကလုပ်ငန်းကဘာလဲဆိုတော့ ဆင်းရဲနေတဲ့အခြေအနေကနေ ချမ်းသာတဲ့ အခြေအနေတစ်ခုဖြစ်အောင် ဘာကိုလုပ်တာလဲဆိုတော့ စနစ် ကိုအပြောင်းအလဲဖြစ်အောင်လုပ်တာပေါ့။ ဒါပေမဲ့ လူမှုရေးအနေနဲ့ လုပ်တဲ့ခါကျတော့ စနစ်ကြီးတစ်ခုလုံးအပြောင်း လုပ်ဖို့ကျတော့မလုပ်နိုင်ဘူး ကျွန်တော်တို့ စနစ်ကြီးအပြောင်းလဲထဲမှာ လုပ်ရင်းနဲ့တော့ပါဝင်တာပေါ့နော် ။ ပါဝင်တယ်ဆိုတဲ့အဆင့်ပဲရှိတာပေါ့ ဒါပေမဲ့ သူ့မှာအားသာချက်ရှိတာက ပြည်သူလူထုကိုတိုက်ရိုက် အကူအညီပေးနိုင်တယ် ပြည်သူလူထုလိုနေတဲ့ ပညာရပ် တွေကို ကျွန်တော်တို့ရှာပေးနိုင်တယ် လောလောဆယ် မှာအပြောင်းအလဲကိုလုပ်ပါမယ်ဆိုတဲ့ သူတွေကိုလည်း ကျွန်တော်တို့က တခြားပညာရပ်တွေရှာပြီးတော့ သူတို့ လိုနေတဲ့ပညာရပ်တွေကိုကျွန်တော်တို့ပံ့ပိုးပေးနိုင်မယ်ပေါ့နော် အဲ့လိုလုပ်ငန်းသဘာဝလေးကွာခြားချက်တော့ နည်းနည်းရှိတာပေါ့ ။

မေး။ အခုလော မြန်မာ့နိုင်ငံရေးလောကမှာ ဗဟိုချုပ်ကိုင်မှု လျော့ချရေးဆိုတဲံ ခေါင်းစဉ်ကို တော်တော်ကြားရတော့  ဗဟိုချုပ်ကိုင်မှုလျော့ချရေးမှာ အဖြေတစ်ခုလိုအပ်နေလို့ ခုလို ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ဆွေးနွေးပွဲကို ကျင်းပ ခဲ့တာလား၊ ဘယ်လိုရည်ရွယ်ချက်မျိုးပါလဲ။
ဖြေ။ ဘယ်နိုင်ငံမှာ မဆို နိုင်ငံတစ်ခု စတင်ထူထောင်ပြီဆိုရင် ဗဟိုတစ်နေရာကနေ ထိန်းချုပ်ထားတဲ့ အခြေအနေနဲ့ စတင်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒီအနေအထားမှာ ပြဿနာပေါင်းစုံ ရှိနေပါတယ်။ ပြည်သူတွေဟာ သူတို့ဘ၀ မပြည့်စုံတာတွေကို သူတို့ကိုယ်တိုင် မဖြည့်ဆည်းနိုင်ကြပါဘူး။ မကျေနပ်တာတွေကို မထုတ်ဖော်နိုင်ကြပါဘူး။ အစိုးရတွေကလည်း ဘာမဆို အစိုးရလုပ်ရမဲ့ဟာလို့ထင်တယ်။ တချိန်တည်းမှာလည်းပဲ ပြည်သူတွေကလည်း ဘာပြဿနာဖြစ်ဖြစ် အစိုးရကို လွှဲချတယ်။ အစိုးရအဖွဲ့တစ်ခုတည်းက နိုင်ငံတွင်းမှာရှိတဲ့ ကိစ္စရပ်တိုင်းကို ကောင်းမွန် အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့တော့ ပြည်သူ့မူဝါဒတွေချမှတ်တဲ့အခါမှာ အစိုးရက ပြည်သူတွေ မလုပ်နိုင်တဲ့ ကိစ္စကိုသာ လုပ်ပြီး ပြည်သူတွေ လုပ်နိုင်တဲ့ကိစ္စတွေကို ပြည်သူတွေကို လုပ်ခွင့်ပေးဖို့ စဉ်းစားလာကြပါတယ်။ ဒီမိုကရေစီမှာ ပြည်သူနဲ့ နီးနိုင်သမျှနီးအောင်၊ ပြည်သူတွေပိုမိုပါဝင်နိုင်သမျှ ပါဝင်အောင် လုပ်တဲ့နေရာမှာ decentralization ဗဟိုချုပ်ကိုင်မှုလျော့ချရေးနဲ့ devolution လုပ်ပိုင်ခွင့်အပြည့်အ၀ပေးရေးတွေဟာ အဓိကအခန်း ကဏ္ဍက ပါဝင်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံလို တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ လူ့အဖွဲ့အစည်း Ethnically Divided Societies တွေမှာဆိုရင် ဗဟိုချုပ်ကိုင်မှုကြီးနေမယ်ဆိုရင် ပြဿနာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ငင်းအကျိုးဆက်တွေ တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
တိုင်းရင်းသားအချင်းချင်း အယုံအကြည်မဲ့လာခြင်း၊ ပြည်တွင်းစစ်မီးတောင်လောင်ရခြင်းတွေဟာ အဖွဲ့တစ်ခုက ထိန်းချုပ်ထားလို့ ဖြစ်လာရတာတွေ ဖြစ်ပါတယ်။ အတူတကွနေထိုင်ကြတဲ့ တိုင်းပြည်တစ်ခုအနေနဲ့  ရေရှည်ရပ်တည် ချင်တယ်ဆိုရင် ဒီပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ ဒီအချိန်မှာမှ ပြဿနာတွေကိုမဖြေရှင်းပြီးဘူးဆိုရင် ပြဿနာပြေလည်မယ့်အချိန်ကို ကျွန်တော်တို့ မမျှော်မှန်းရဲ တော့ပါဘူး။ ကျွန်တော်တို့မျိုးဆက်တွေ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ အတွက် ပိုမိုလုံခြုံတဲ့ နိုင်ငံတစ်ခု၊ ရေရှည် အာမခံချက်ရှိတဲ့ နိုင်ငံတစ်ခု တည်ဆောက်ဖို့ လိုအပ်နေပါပြီ။ ဗဟိုချုပ်ကိုင်မှု လျော့ချရေးဟာ ဒီလိုအခြေ အနေတစ်ခု ကို ဖန်တီးပေးနိုင်ဖို့လိုပါလိမ့်မယ်။ ဒါပေမဲံ ဗဟိုချုပ်ကိုင်မှုလုပ်ခြင်းဟာ အားလုံးကောင်းပြီး ပြဿနာတွေကို အားလုံး ပြေလည်သွားမယ်လို့ မဆိုလိုပါဘူး။ဗဟိုချုပ်ကိုင်မှု လုပ်တဲ့အခါမှာ သယံဇာတအကျိုးအမြတ်ကို ပြည်နယ်တိုင်းက မခံစားနိုင်တဲံ အတွက်ဂရုစိုက်လုပ်ဖို့လိုပါတယ်။ အဲဒီလိုပဲ လုပ်ပိုင်ခွင့်ရလာတဲ့အခါမှာ လုပ်နိုင်ဖို့အတွက်လည်း အရည်အချင်း capacity တွေလိုပါတယ်။ အဲဒါကြောင့်လည်း ဒီဆွေးနွေးပွဲက တက်ရောက်လာတဲ့ သူတွေအတွက် အကျိုးရှိမယ်လို ယူဆပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မေး။     ။  လက်ရှိအချိန်မှာတော့မြန်မာပြည်နိုင်ငံရေးအနေအထားမှာ အရွေ့တစ်ခုနဲ့ ပြောင်းနေတယ်လို့ အားလုံး သုံးသပ် ကြတယ်ပေါ့။  NGO တို့ INGO တို့မှာဝင်နေတဲ့လူငယ်တွေ ပေါ့နော် ဒါကတော့ ခေတ်သစ်အမြင်နဲ့ ပညာရေး အင်အားကောင်းစွာနဲ့ပေါ့။ နိုင်ငံရေးထဲကိုစီးမျှောလာတာလည်းတွေ့ ရတယ် ဒီဖက်ကိုကြည့်တော့လည်း ပါတီနိုင်ငံရေးမှာ နိုင်ငံရေးလုပ်နေတဲ့လူငယ်တွေ တက်လာတာတွေလည်း တွေ့ရပါတယ်။ အဲ့တော့ အရင်တုန်းကလို ထက်စာရင်တိုင်းပြည်ရဲ့အရွေ့က မြန်လာတယ်။ အဲ့တော့ လူမှုရေးအဖွဲ့အစည်းတွေအရွှေ့နဲ့ နိုင်ငံရေးလွှတ်တော် တွေရဲ့အရွှေ့ဟာနည်းနည်းတော့ ဟနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေတယ်ဆရာ ဒီဘက်က ရပ်ရွာ အခြေပြုလုမှုရေး အဖွဲ့အစည်းတွေက အားကောင်းပြီးတော့မှတက်လာတာတွေရှိတယ် ဆောင်ရွက်လာတာ တွေရှိ တယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာတော့ လွှတ်တော်နိုင်ငံရေးမှာတော့ အရွှေ့ကနှေးနေသေးတယ် ထင်သလောက် လူထုပြောင်းလဲစေချင်သလို အပြောင်းအလဲမဖြစ်နိုင်သေးဘူး ဆိုတဲ့ သုံးသပ်သံတွေလည်း ထွက်ပေါ်လာတော့ ဆရာ့အနေနဲ့ရော အဲ့ဒီအရွေ့ နှစ်ခုပေါ်မှာ ဘယ်လိုမြင်မိဘာသလဲရှင့် ။
ဖြေ။     ။ ဒီလိုရွှေ့တဲ့အခါမှာ ကျွန်တော်ကတော့ ခုဏတုန်းက သုံးသပ်ချက်ကိုတော့ ကျွန်တော်လက်ခံပါတယ် ဒီလွှတ်တော်ကလုပ်နေတဲ့ ဆောင်ရွက်ချက်တွေ ကပြည်သူလူထုလိုချင်သလောက်မဖြစ်မြှောက်နိုင်သေးဘူး ဆိုတာ ကတော့ လောလောဆယ်အထိအောင် ကျွန်တော်လက်ခံပါတယ် ။ ဒါပေမဲ့ ဒါကလည်းသဘာဝလို့ပဲ ကျွန်တော် မြင်တာပေါ့နော် ဘာလို့လဲဆိုတော့ ဒီလိုအပြောင်းအလဲတစ်ခုဖြစ်ပြီဆိုလို့ရှိရင် အစိုးရကမြန်မြန်ရွှေ့ချင်ရွှေ့မယ် ပြည်သူလူထုကမြန်မြန်ရွေ့ချင်ရွေ့မယ် ဒါက တစ်ခုမဟုတ်တစ်ခုတော့ မြန်မြန်ရွှေ့မှာပဲ ဒါပေမဲ့ တစ်ခုနဲ့တစ်ခု ဟန်ကိုက်ပေါ့နော် ချိန်ကိုက်ကြပြီးတော့ အတူတူရွှေ့ဖို့ဆိုတာတော်တော်လေးစိတ်ကူးယဉ်ရာရောက်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ကပြည်သူလူထုတွေရော အရပ်ဖက်လူ့အဖွဲ့အစည်းတွေရော အရွှေ့ဖြစ် လာတာဟာ ကျွန်တော့အနေနဲ့ ဝမ်းလည်းဝမ်းသာပါတယ် အခုလိုပိုပြီးတော့မှ ရှေ့ကိုရောက်နေရင်လည်းပဲ ဒါ ဟာအရမ်း ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအရပ်ဖက်လူ့အဖွဲ့အစည်း တွေဟာ အစိုးရကိုရော လွှတ်တော်တွေကိုရော များများ တွန်းအားပေးတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်၊ ဒီအဖွဲ့ အစည်းတွေဟာ ဘယ်လောက်တောင်အရေးပါသလဲဆိုလို့ရှိရင် ပညာဖြန့်ဝေပေးဖို့လည်း အရေးပါတယ် ပြီးတော့ တစ်ခုခုပြည်သူတွေကလိုချင်တဲ့ဟာကို အစိုးရကိုလုပ်ကိုင်ပေးဖို့ ပြောတဲ့နေရာမှာ ဒီအရပ်ဖက်လူ့အဖွဲ့အစည်းတွေက အဓိကကျပါတယ်။ တကယ်လို့အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အစိုးရရဲ့အနောက်ကိုရောက်နေပြီ ဆိုလို့ရှိရင် အရပ်ဖက်အဖွဲ့အစည်းဟာ အမည်ခံမှတ်တမ်းအဖွဲ့အစည်းပဲ ဖြစ်ပါ လိမ့်မယ် အရပ်ဘက်အဖွဲ့အစည်းဟာ အစိုးရရဲ့အရှေ့ကိုရောက်နေမှ လွှတ်တော်ရဲ့အရှေ့ကိုရောက်နေမှ သာလျှင် အတွေးအမြင်တွေဟာ လွှတ်လပ်ပွင့်လင်းနေမှသာလျှင် လွှတ်တော်ကိုပြည်သူလူထု လိုချင်သလိုတွန်းနိုင်မှာ ဖြစ်ပါတယ်။
ဆိုတဲ့ခါကျတော့ ပြည်သူလူထုတွေကများများဖြစ်စေချင်နေပြီ ပွင့်လင်းစေချင်နေပြီ များများတက်နေပြီဆိုလို့ရှိ ရင်လည်း ဒါကောင်းတဲ့လက္ခဏာရပ်လို့မြင်ပါတယ် နိုင်ငံတစ်ခု အပြောင်းလဲလုပ်တဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတဲ့အခါကျတော့ လွှတ်တော်အနေနဲ့ ရွေ့လာဖို့ကတော့ အားလုံးဝိုင်းပြီးတော့ အချိန်နည်းနည်းယူရမယ် ဝိုင်းပြီးတော့မှ များများတွန်းကြရမယ်ဆိုတာ ကျွန်တော့အနေနဲ့လက်ခံပါတယ် ဒါပေမဲ့ ဒါအရမ်းတော့မကြာ သင့်ဘူး ဆိုတာလည်း ကျွန်တော့အနေနဲ့လက်ခံပါတယ် အဲ့တော့ ကျွန်တော်တို့ကအခုအချိန်မှာတော့ လွှတ်တော် ပထမ ဦးဆုံးသက်တမ်းပဲရှိသေးတာပေါ့နော် 2010 မှာရွေးကောက်ပွဲလုပ်တယ် 2012 မှာ ကြားပေါက်ရွေးကောက် ပွဲလုပ်တယ်၊ အခုအချိန်မှာ ဒီမိုကရေစီသမားတွေရော အရင်တုန်းကလုပ်လာတဲ့လူတွေရော အားလုံးက ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာလုပ်ကြမယ်ဆိုပြီးမှ လွှတ်တော်ထဲကိုရောက်နေကြပြီ ဒါပေမဲ့ စဉ်းစားတွေးခေါ်မှုတွေ အကုန်လုံး က အပြောင်းလဲအများကြီးမရှိသေးဘူး ဘယ်ဖက်မှာမှ အပြောင်းလဲအများကြီးမရှိသေးဘူး အများကြီးအပြောင်းအလဲ မရှိသေးတဲ့အချိန်မှာ ပထမဦးဆုံးလွှတ်တော်သက်တမ်းဟာ ပြည်သူလူထု ကနေပြီးတော့ လွှတ်တော်ကို ထိန်းညှို အောင်လုပ်နိုင်တဲ့ အင်အားဟာ နဲနဲနည်းဦးမယ်ပေါ့နော် နည်းဦးမယ်ဆိုတဲ့ အတွက်ကြောင့်မို့ နှေးသေးတယ် ဆိုတာကို ကျွန်တော့်အနေနဲ့ လက်ခံပါတယ် ဒါဟာလည်း သဘာဝလို့ပဲမြင်ပါတယ်၊  ဒါပေမဲ့ကျွန်တော် မျှော်လင့်တာ ကတော့ 2015 ခုနှစ်နောက်ပိုင်း ဆိုလို့ရှိရင် လွှတ်တော်ကအရှိန်အဟုန် တွေအများကြီးတက်လာတယ်၊  ပြည်သူလူထု လိုချင်တဲ့ဟာကိုပိုပြီးတော့မှ လုပ်ပေးလာနိုင်မယ်ပေါ့နော်၊ ဒါပေမဲ့ 2020 နောက်ပိုင်းဆိုရင်တော့ တော်တော့ကို အခြေကျ သွားမဲ့အနေအထားဖြစ်သွားမယ်လို့ ယူဆပါတယ်၊ ဒါပေမဲ့ ကျွန်တော်ဘယ်တော့မယုံကြည်တာတစ်ခုရှိတာ က လွှတ်တော်ဟာပြည်သူလူထုရဲ့လိုအင်ဆန္ဒကို အပြည့်အဝ ပံ့ပိုးပေးနိုင်လိမ့်မယ် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ တော့ ကျွန်တော်အယုံအကြည်မရှိပါဘူး၊ ဘယ်လိုဒီမိုကရေစီနိုင်ငံမှာမှ အဲ့လိုကြီးလုပ်ပေးနိုင်တယ်ဆိုတာ ကျွန်တော်မကြားဘူးပေါ့နော်၊ ဒါပေမဲ့ ဒီထက်တော့စွမ်းဆောင်ရည်ပိုမြင့်တဲ့လွှတ်တော် နောက်မကြာခင်မှာ ဖြစ်လာမယ်လို့တော့ ကျွန်တော်ယူဆပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...