Friday, November 29, 2013

ပညာရေးသည် နိုင်ငံရေးဖြစ်သည်


၁၉၄၆ ခု၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ကန်တော်ကလေး မြူနီစီပယ်ကျောင်း၌ ကျင်းပသော ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းဆရာမျာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဗမာပြည် ဗမာတိုင်း၏ အစည်းအဝေးတိုင်းတွင် အချိန်မမှန်ကြသည်ကို တွေ့ရကြောင်း။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ လည်း ကျွန်နိုင်ငံ ဖြစ်နေသည့်အတွက် ပညာရေး စနစ်ညံ့ဖျင်းခဲ့ရာ အချိန်နှင့် စည်းကမ်းကို ရိုသေရမည့် အလေ့အ ထများ၊ အသိဥာဏ်များ မ၀င်စားခဲ့ကြရကြောင်း။


စည်းကမ်းစနစ်ကို လူတိုင်းသဘောပေါက်၍ လိုက်နာခြင်းသည် လွတ်လပ်သော တိုင်းပြည်နှင့် ကောင်းသော ပညာရေးစနစ်များ ထွန်းကားသည့် တိုင်းပြည်များတွင်သာ ရှိကြရကြောင်း။ ဗမာပြည်မှာတော့ အရင်းစစ်အမြစ် မြေက ဆိုသကဲ့သို့ ဗမာတမျိုးလုံး ကျွန်ဖြစ်သည့်နေ့ကစ၍ ဗမာ့ပညာရေး ဆုတ်ယုတ်ခဲ့သလောက်၊ စည်းကမ်းစ နစ်သဘော နားလည်မှုများလည်း ခေါင်းပါးခဲ့ရကြောင်း။

ဗမာရှင်ဘုရင်များ လက်ထက်က ဗမာတိုင်း ပညာရေး အထက်တန်းကျသဖြင့် စည်းကမ်းလည်းရှိခဲ့ကြကြောင်း။ ယခုပညာတတ်များမဲ့၍ စည်းကမ်းများမဲ့လာခဲ့ရာ ဗမာပြည်မလွတ်လပ်၍သာဟုမှတ်ယူရမည်ဖြစ်ကြောင်း။

ကျွန်ဖြစ်ရတဲ့တိုင်းပြည်များအဖို့မှာ အုပ်စိုးသူများက ခိုင်းနိုင်ရုံလောက်ပညာရေးကိုသာ သင်ပေးကြကြောင်း။ သို့ သော် .... တချို့ ပုဂ္ဂိုလ် အနည်းငယ်ခန့်က သင်ပေးတာထက်ပိုပြီး တတ်ကြလို့ သူတို့ရဲ့ ထင်းခွေရေခပ်ပညာရေး စနစ်စံချိန်ကိုချိုးပြီး ထွက်ခဲ့ကြခြင်းသာ ဖြစ်ကြောင်း။

ဆင်ခြေပေးနေတယ်

ကျွန်နိုင်ငံတွင် ကျွန်စနစ်လောက် သင်ပေးကြသော်လည်း ခေတ်ကိုကျော်၍ တက်ခဲ့ကြသူများ ရှိသဖြင့်လည်း ကမ္ဘာ့အခြေအနေသည်ပြောင်းလဲခဲ့ရကြောင်း။ ယခုဗမာပြည်တွင် အလယ်တန်းပညာကို မသင်မနေရစနစ်တခု ကို လုပ်မည်ဆိုက အထူးသင့်လျော်ကြောင်း။ သို့သော်လည်း ဆိုင်ရာအစိုးရက လူတိုင်း စာတတ်ကြမှာကို စိုးရိမ် နေသည့်အတွက် ကျောင်းအဆောက်အဦ မရှိဘူး၊ ဆရာမရှိဘူး၊ ငွေကုန်တယ်၊ အချိန်ကုန်တယ် စသည်ဖြင့် အ မျိုးမျိုး ဆင်ခြေပေးနေကြောင်း။

ငွေလည်းမကုန်၊ ကျောင်းအဆောက်အဦလည်း ဘုန်းတော်ကြီးကျောင်းတွေရှိပြီးသားဖြစ်သည်။ ဆရာများ လည်း လိုသလောက် ရနိုင်ပါသည်။ သို့သော် ဆရာဖြစ် လက်မှတ်ရသူကိုတော့ များများ မရနိုင်ခြင်းအကြောင်း က အစိုးရကိုယ်တိုင် ဆရာ ဖြစ် သင်ကျောင်း အနည်းငယ်မျှသာ ထားခဲ့ခြင်း၊ ပညာရေးတွင် ၀ါသနာပါကြသော ဆရာ၊ ဆရာမများအား လည်း အ၀တ်အစား လုံလောက်အောင် ရနိုင်သည့် လစာများမပေးသဖြင့် လက်မှတ်ရဆရာများ ယခုကဲ့သို့ နည်း ပါးရကြောင်း၊ ဖြစ်အောင် လုပ်မည်ဆိုလျှင် အစိုးရကိုယ်တိုင်းလည်း လုပ်နိုင်ကြောင်း၊ ဘိလပ်မှာ သူတို့လုပ်ချင် တာဆိုလျှင် အထက်အောင် လွှတ်တော် နှစ်ရပ်စလုံးမှာ သဘောတူအတည်ဖြစ်အောင် လုပ်ကြကြောင်း၊ ယခု သူတို့လုပ်နိုင်ရက်နှင့် မလုပ်ဘဲနေတာကို မလုပ်ပေးချင်လို့သာ နေကြကြောင်း။

အစိုးရကို သိပ်အားမကိုးနဲ့

နောက်ဆုံး အစိုးရကိုချည်း အားမကိုးဘဲ ကျောင်းဆရာဆိုလျှင် ဗမာပြည်က ကျောင်းဆရာတွေအားလုံး တစုတ ရုံးတည်းနဲ့ ဗမာပြည်၏ လွတ်လပ်ရေး ပညာရေး စနစ်ကို တီထွင်ကြရမည် ဖြစ်ကြောင်း၊ ကျုပ်တို့ကြိုက်တဲ့ ပညာ ရေးစနစ်မှန်ကို ရဖို့ရာတော့ တိုင်းပြည်လုံးဝ လွတ်လပ်မှပင်ဖြစ်မည်ဖြစ်၍ ဆရာများလည်း ထိုအချိန်ကျမှ လခပို ရမည်မှာ သေချာကြောင်း၊ ယခုအချိန်တွင် အတတ်နိုင်ဆုံး ကျောင်းဆရာနှင့် ကျောင်းသားအင်အားကြီးစုပြီး မိမိ တို့ရည်မှန်းသော ပညာရေးစနစ်ကို လုပ်ကြရမည်ဖြစ်ကြောင်း။

ဝန်ကြီးများနှင့်တွေ့ပြီး စကားနှင့်ပြောလိုက်သည့် ကတိများကို ဘယ်အခါမျှ မယုံကြည်ကြစေလိုကြောင်း၊ ပညာ ရေးသည် နိုင်ငံရေး ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ်မှ ပညာရေးလွတ်လပ်မည်ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ် အောင် ကြံဆောင်ကြရန် တိုက်တွန်းလိုက်ပါကြောင်း။ ။

[ * http://humanresourceprogram.blogspot.com.au/2009/10/blog-post_8734.html မှ ဤသည်မရွေး ကူးယူဖော်ပြအပ်ပါသည်။ ]

- အာတာလွတ်မီဒီယာ - မြန်မာ့နိုင်ငံရေး သမိုင်း ကဏ္ဍ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...