Wednesday, November 20, 2013

တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း.. တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)...

Thursday, November 07, 2013 ဒီမိုဝေယံ

သို့


ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်
နေ့စွဲ။ ။ ၆.၁၁.၂၀၁၃

အကြောင်းအရာ။ ။ တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း

ကျွန်မက တပ်မတော်(ကြည်း)မှ အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ILO အဖွဲ့အစည်းကို အဓမ္မ စေခိုင်းမှုများ ပပျောက်စေရမည်ဟု ကတိပေးခဲ့တာ ကြားသိရတော့ ကျွန်မတို့ ကာကွယ်ရေး ၀န်ကြီးဌာနက စစ်သည်ဇနီးသည်တွေမှာ အလွန်ပင် အားတက်ခဲ့ရပါတယ်ရှင်။ 



ဒါကြောင့်လည်း တပ်ရင်းကော်မတီက ချမှတ်ထားတဲ့ အလုပ်တွေကို အတင်းအဓမ္မလုပ်ခိုင်းရုံသာမက လူကြီးကတော်တွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်မှုကိစ္စတွေကိုပါ အစေခံသဖွယ် သဘောထားပြီး အဓမ္မခိုင်းစေခံနေရတဲ့ ကျွန်မနဲ့ ကျွန်မကဲ့သို့ ဘ၀တူ တပ်မတော်သားတွေရဲ့ အိမ်သူ ဇနီးမယားတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုရော နိုင်ငံတော်သမ္မတကြီး သိရှိပြီး လိုအပ်သလို ကြည့်ရှု စောင့်ရှောက် ပေးနိုင်ပါစေရန် ယခုလို စာရေး တိုင်ကြားလိုက်ရခြင်းဖြစ်ပါတယ်။

သမ္မတကြီးရဲ့ အစိုးရသစ် တက်လာတဲ့အချိန်ကစလို့ အခုအချိန်အထိ တပ်တွေမှာ အရင်ထက် ပိုဆိုးနေပါတယ်။ အရပ်ဘက်အာဏာမရှိတော့တဲ့အခါ တပ်တွေထဲမှာပဲ အာဏာလိုက်ပြနေကြပါတယ်။ တပ်ရင်းမှာ စစ်သည် မိသားစုတွေ တပ်နေပျော်စေဖို့ဆိုပြီး တာဝန်တွေပေးထားပေမယ့် တကယ်တော့ အဲဒီတာဝန်တွေကို မဖြစ်မနေ ကျေပွန်အောင် လိုက်ပြီးလုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အရာရှိကတော်တွေ တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး အတင်းလိုက်နေခိုင်းပါတယ်။

လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး ကျွန်မတို့ကို ဘယ်ကိုမှ ပေးမသွားပါဘူး။ တပ်မတော်လေ/ရေ တို့မှာတော့ အဲဒီလို အတင်းခြိမ်းခြောက်ပြီး လိုက်နေခိုင်းတာ မရှိဘူးလို့ သိရပါတယ်။ ကျွန်မတို့မှာ သူတို့ရဲ့ လခစားဝန်ထမ်း၊ အမှုထမ်းတွေ မဟုတ်ပေမယ့် သူတို့ပေးတဲ့တာဝန်၊ ခိုင်းတဲ့အလုပ်မှန်သမျှ ငြင်းခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အထက်လူကြီးတွေနဲ့ ဇနီးတွေကို အမြဲကြောက်နေရပါတယ်။

ခင်ပွန်းဖြစ်သူရတဲ့ လစာနဲ့ မလုံလောက်တဲ့အတွက် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ရှေ့ရေးအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေလေးရအောင်လည်း လုပ်ခွင့်မရှိပါဘူး။ အစိုးရအလုပ်လုပ်နေတာဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ အခြားကုမ္ပဏီ အလုပ်တွေဆို လုံးဝမလုပ်ရဘူးလို့ အမိန့် ထုတ်ထားပါတယ်။ အပြင်အလုပ်လုပ်နေရင်လည်း အလုပ်က အတင်းထွက်ခိုင်းပါတယ်။ ကျွန်မတို့မှာ ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရဘဲ တပ်အလုပ်တွေပဲ အဆူအဆဲ မခံရအောင် မနားမနေ လုပ်နေပါတယ်။ လစဉ်ပုံမှန် အစည်းအဝေးတွေ၊ အပတ်စဉ် ဆွေးနွေးပွဲတွေ၊ ဆန္ဒခံယူပွဲတွေလုပ်ရပါတယ်။

အရာရှိဇနီးတွေ၊ စစ်သည်ဇနီးတွေအားလုံး မပျက်မကွက် တက်ရပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ ပျက်ကွက်လို့မရပါဘူး။ ပျက်ကွက်ရင် အရေးယူခံရပါတယ်။ တပ်တွင်း စုပေါင်းသန့်ရှင်းရေးလုပ်ရပြီး အင်အားဘယ်လောက်နဲ့ လုပ်ခဲ့ပါတယ်ဆိုတာတွေ တင်ပြရပါတယ်။။ ရဲဘော်ဇနီးတွေ လုပ်အားပေးမလာရင် ရုံးတင်ခံရပါတယ်။ ရဲဘော်တွေရဲ့ သားသမီးတွေ စာမေးပွဲ အောင်ချက်ကိုလည်း လစဉ်တင်ပြရပြီး အောင်ချက်နည်းရင် ကျွန်မတို့ကို တာဝန်မကျေဘူးဆိုပြီး အဆူခံရပါတယ်။ မူကြိုကျောင်းမှာ ကလေးတွေကို အာဟာရကျွေးဖို့အတွက် ကျွန်မတို့ကို မုန့်ဟင်းခါးရောင်းပြီး ငွေရှာခိုင်းပါတယ်။

မိဘကသင်ပေးခဲ့လို့ မိမိပညာနဲ့လုပ်ခွင့်ရတဲ့ ဂုဏ်ရှိတဲ့ အလုပ်ကနေထွက်ခဲ့ရပြီး အခုတော့ ကျွန်မတို့မှာ အထက်အမိန့်အရ လမ်းဘေး ဈေးသည်ဖြစ်နေရပါတယ်။ ပြီးတော့ လပြည့်/လကွယ် အဖိတ်၊ ဥပုသ်နေ့တိုင်း ဓမ္မာရုံမှာ မဖြစ်မနေ ၀တ်ရွတ်ဖို့ တာဝန်ရှိပါတယ်။ ဘာသာရေးအတွက် ၀တ်ရွတ်ရတာ ရည်ရွယ်ချက်ကောင်းပေမယ့် တစ်ခါတစ်ရံ အထက်အမိန့်အရ ယတြာချေဖို့ ပဌာန်းရွတ်ပွဲတွေ လုပ်ရပါတယ်။ သဒ္ဓါတရားမပါဘဲ အောင့်သက်သက်နဲ့ လုပ်ရတဲ့အတွက် ကျွန်မတို့မှာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေရပါတယ်။

ယောက်ျားတွေ တပ်မှာမရှိလဲ ကျွန်မတို့မှာတော့ တပ်မှာပဲ နေရပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တို့ သင်္ကြန်ပိတ်ရက်တို့မှာလည်း တပ်မှာ အလုပ်တွေရှိတယ်ဆိုပြီး ခွင့်မပေးလို့ ဘယ်မှသွားလို့မရပါဘူး။ မိဘနေမကောင်းလို့ မိဘအိမ်ပြန်ပြီး ပြုစုချင်တာ၊ လူမှုရေးကိစ္စ ဘာသာရေးကိစ္စနဲ့ သွားချင်လာချင်တာတောင် သွားခွင့်မရပါဘူး။ ခွင့်ရမှ သွားရလာရပါတယ်။ စနေ၊ တနင်္ဂနွေဆိုတာ တရားဝင်ရုံးပိတ်ရက်ဖြစ်ပေမယ့် ကျွန်မတို့အတွက်ကတော့ အားလပ်ရက်ဆိုတာ မရှိပါဘူး။

ကျမတို့မှာ ထွက်ပေါက်မရှိ ဖြစ်နေပါတယ်။ ဒီလို တရားမျှတမှုမရှိတဲ့ အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုက္ခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။
နောက်ပြီး အထက်ဌာန အကြီးအကဲတွေနဲ့ သူတို့ ဇနီးတွေ တချိန်လုံး တပ်စစ်ဆိုပြီး လာနေပါတယ်။ သူတို့အားနေလို့ လာနေကြတာလို့ပဲ ထင်ပါတယ်။ သူတို့ကသာ အားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ သူတို့ လာတဲ့အခါတိုင်း ကျွန်မတို့မှာ အလွန်အမင်း စိတ်ဒုက္ခရောက်ကြရပါတယ်။

လူကြီးလာတဲ့အချိန်ကနေ ပြန်သွားတဲ့အချိန် အထိ မိမိရဲ့ မိသားစုကိစ္စတွေကို လုံးဝပစ်ထားလိုက်ရပြီး ဘာမှအမှားအယွင်းမရှိအောင် အထူးသတိထားပြီး စိုးရိမ် ထိတ်လန့်စွာနဲ့ နေနေရပါတယ်။ ကျွန်မတို့မှာ ချက်ရေးပြုတ်ရေး ဧည့်ခံရေးအပြင် အခိုင်းအစေများသဖွယ် သဘောထား ဆက်ဆံခံနေရပါတယ်။ အဲဒီအချိန် ကျွန်မတို့ရဲ့ သားငယ်သမီးငယ်လေးတွေ နေမကောင်းဖြစ်နေတာတောင်မှ အနီးကပ် ပြုစု စောင့်ရှောက်ခွင့် မရပါဘူး။

လူကြီးတွေရဲ့ သားသမီးတွေ အလည်အပတ်ဆိုပြီး လိုက်လာကြရင်လည်း စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ စောင့်ရှောက်ပေးရပြီး ဝေယျာဝစ္စများ လုပ်ကိုင်ပေးရပါတယ်။ အိမ်မှာ ဖျားနေတဲ့ မိမိရင်သွေးကိုတော့ ဖြစ်သလို ပစ်ထားခဲ့ရပြီး လူကြီးသားသမီးတွေကိုတော့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖြစ်တဲ့ ကျွန်မတို့မှာ အလွန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ကျွန်မတို့ကို စိတ်တိုင်းကျ ခိုင်းစေလို့ အားမရတဲ့အခါတိုင်း ခင်ပွန်းဖြစ်သူတို့ကို အထက်အရာရှိက အကြောင်းရှာပြီး အရေးယူတာ၊ ထိုးကြိတ်တာတွေ လုပ်ပါတယ်။

လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။ ကျွန်မတို့ရဲ့ မိဘတွေက လူ့အောက်မကျအောင် ပညာတွေသင်ပေးခဲ့ပေမယ့် အခုတော့ ကိုယ်ထမင်းကိုယ်စားပြီး သူများကို အစေခံသဖွယ် ဒူးထောက်ခစားရ၊ ပြောဆိုဆက်ခံ ခိုင်းစေခံနေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာ သည်းခံနေတာပါ။ စစ်တပ်ဆိုတာကြီးကို စိတ်ကုန်နေတာ တော်တော်ကြာပါပြီ။

အခုဆို တပ်တွေမှာ အခြေအနေ အရမ်းဆိုးနေပါတယ်။ ရဲဘော်တွေကိုလည်း ကိုယ့်တပ် သက်သာ ချောင်ချိရေး ကိုယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တစ်နေကုန်မတက်ရတဲ့သူနဲ့၊ တစ်နေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ် သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် ရှင်းပြီးသားလမ်းပေါ်ကို သစ်ပင်ပေါ်က သစ်ရွက်ကြွေကျလာတာကိုတောင် ခွင့်မလွှတ်တတ်ပါဘူး။

အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ ဆိုသလို ယောက်ျားတွေမှာပူနေတော့ ဇနီးမယားများမှာလည်း အလွန်ပင် စိတ်ဆင်းရဲနေကြရပါတယ်။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။

ရဲဘော်တွေခမျာ နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းခံနေရပေမယ့် လစာကတော့ မလောက်ငစမြဲပါပဲ။ ယောက်ျားရဲ့လစာနဲ့ မလုံလောက်တဲ့အခါကျတော့ မိသားစုရဲ့ စားဝတ်နေရေးကို မိန်းမဖြစ်သူကပဲ ဖြေရှင်းရပါတယ်။

ရဲဘော်ဇနီးတွေခမျာ ကောက်ရိတ်ချိန် ကောက်ရိတ်၊ ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ မိသားစု စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ကျွန်မလည်း သူတို့ရဲ့အခက်အခဲတွေကို သိနေပေမယ့် အထက်အမိန့်အရ ရင်နာနာနဲ့ ခိုင်းစေနေရပါတယ်။
နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ တပ်သားတွေရဲ့ ဇနီးမယားတွေကို ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီး ပြိုင်ပွဲတွေလည်း လုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့မိသားစု ၀မ်းရေးအတွက် အလုပ်သွားမလုပ်ရဘဲ ဘုရားစာထိုင်ကျက်နေရပါတယ်။ အလုပ်သွားမလုပ်နိုင်တဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ကြရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။

တချို့ရဲမေတွေဆိုရင် တပ်တွင်းပြိုင်ပွဲတွေ ၀င်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ခိုင်းခံရပါတယ်။ သေနတ်ပစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ဂျူဒို… အစုံပါပဲ။ စားဝတ်နေရေး မပြေလည်တဲ့ကြားက ဒီလိုအတင်းအဓမ္မခိုင်းတဲ့ အလုပ်တွေ ဘယ်သူက သွားလုပ်ချင်မှာလဲ။ ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး သူတို့ မိသားစုကို ဖြစ်သလို ထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေး လမ်းညွှန်သူများကတော့ ရဲမေတွေ လုပ်ချင်လား/မလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေး ခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ သူတို့မျက်နှာရဖို့ တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်အောင် အတင်းဖိအားပေးကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူထားကြတာ မဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်း မရှိကြရှာဘူး။ ဒီလို အတင်းအကြပ် ပြိုင်ပွဲတွေ လုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။

ပြီးတော့ ကြက်တွေ ကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင် မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ ဖြေရှင်းရမယ်ဆိုပြီး အိမ်ထောင်တစ်စုကို ဘာဘယ်နှစ်ကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့ အတင်းမွေးခိုင်းရင်လည်း မွေးရပါတယ်။ ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာ သိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါပဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါပဲ။ လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေ လာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်း နေကြတာပါပဲ။

အထက်လူကြီးတွေ လာစစ်တဲ့အခါ ဘာအဆင်မပြေတာရှိလဲလို့ တာဝန်ကျေရုံ မေးပေမယ့် ကျွန်မတို့မှာ တကယ်အဆင်မပြေတဲ့အကြောင်းတွေ မတင်ပြရဲပါဘူး။ တင်ပြရင်လည်း မိမိ ခင်ပွန်းသည် ဒုက္ခရောက်မှာပါပဲ။ သူတို့အမိန့်ကို မနာခံချင်ရင်၊ သူတို့ပြောဆိုသမျှ ခေါင်းငုံ့မခံချင်ရင်၊ သူတို့ခိုင်းတာတွေ လိုက်မလုပ်နိုင်ရင် အိမ်ထောင်ရေးပြိုကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။ မိန်းမတွေအချင်းချင်း အာဏာပြ၊ အတင်းအဓမ္မ အမိန့်ပေးနေတာတွေ ပပျောက်စေချင်ပါပြီ။ ကျွန်မတစ်ယောက်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သုတ်နေရသူတွေအားလုံး အတွက် ပြောတာပါ။ ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။

သမ္မတကြီးရှင့်

ကျွန်မ အခုလို စာရေးသား တိုင်ကြားရခြင်းမှာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်မနှင့်တကွ အရာရှိစစ်သည်များရဲ့ ဇနီးမယားများ၊ ရဲဘော်များရဲ့ ဇနီးမယားများ ခံစားနေရသော ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အမှန်အတိုင်း သိရှိပြီး တရားမျှတမှု မရှိသော အမိန့်နှင့် အတင်း အဓမ္မ ခိုင်းစေခံနေရတဲ့ ဘ၀များမှ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ခြင်း မဟုတ်ပါ။

ကျွန်မရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုထိရောက်မယ်ဆိုတာသိပေမယ့် ကျွန်မရဲ့ခင်ပွန်းကို အငြှိုးအတေးထားပြီး ဒုက္ခပေးမှာကြောက်တဲ့အတွက် အပြည့်အစုံ မဖော်ပြရဲပါရှင့်။ ဒါ့ကြောင့် ယခုကဲ့သို့ မတရားသော အမိန့်အာဏာများ၊ အတင်းအဓမ္မ ခိုင်းစေမှုများ၊ ဖိနှိပ်ချုပ်ကိုင်မှုများ ပပျောက်သည်အထိ နိုင်ငံတော်သမ္မတကြီးမှ လိုအပ်သလို တည့်မတ် ထိန်းကျောင်းပေးပါရန် ယုံကြည်အားကိုးပြီး အထူးမေတ္တာရပ်ခံ တိုင်ကြားအပ်ပါတယ်ရှင့်။
ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့်
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး

http://www.demowaiyan.org/2013/11/blog-post_7.html
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...