Saturday, November 23, 2013

“ငြင်းခုန်မှုအလှ”

-လွှတ်တော် ဒီဘိတ်များ ကျင်းပသည်ဟု သတင်းအချို့ တွင် ဖတ်ရသဖြင့် တယ်ဟုတ်ပါလားဟု အားကျမိ၏။ အခြားတဖက်တွင်လည်း မြန်မာ့ပညာရေးတွင် ဤအလေ့အကျင့်မျိုးပျောက်ကွယ်နေသည်မှာ ၀မ်းနည်းစရာထက်ပို၍ အန္တရာယ်ရှိနေသော အခြေအနေအဖြစ်ရှုမြင်မိ၏။ အမှန်တော့ debate ဟူသည် “စကားရည်လုပွဲ” ဟူသော မြန်မာစကားအဓိပ္ပါယ်ထက်ပို၏။ ကမ္ဘာ့အဆင့်မြင့်ပညာရေးစံနစ်တွင် ဒီဘိတ်သည် ပင်မ သင်ကြားရေးနည်းဖြစ်၏။ ငါ့စကားနွားရ ပြောဆိုခြင်းနှင့် ငြင်းခုန်မှုကွာခြားသည်ကိုမူ အရွယ်ရောက်သူတိုင်းသိပြီးပင်။


-ဤကဲ့သို့ အခြေအတင်ငြင်းခုန်မှုသည် ကျိုးကြောင်းကြဝေဖန်နိုင်စွမ်း၊ စိစစ်ခွဲဖြာသုံးသပ်နိုင်စွမ်းစသည့် အရည်အသွေးများကို မြှင့်တင်ပေးနိုင်သော နည်လမ်းကောင်းဖြစ်၏။ အမှန်တော့ ဤနည်းသည် ရှေးခေတ် ဂရိပညာရှိ ဆိုကရေတီး၏ နည်းနိဿယသာဖြစ်၍ အနောက်တိုင်းပညာရေးတွင်သာမက မိလိန္ဒပညှာကဲ့သို့ သော ကျမ်းစာများတွင်လည်းတွေ့ နိုင်သေး၏။ ဤ ဆိုကရေးတီး၏ နည်းတွင် သတိပြုရန်မှာ ဝေါဟာရပညတ်တို့ ၏ အရေးပါမှုဖြစ်၏။ တနည်း  တိတိကျကျ သတ်မှတ်ပြဋ္ဋာန်းနိုင်ခြင်းမရှိမှုပဲ စကားလုံးတိမ်တောင်ဖြစ်နေလျှင် သက်ဆိုင်ရာ သီအိုရီတစ်ခု၊ သဘောတရားသင်ကြားချက်တစ်ခုသည် အားနည်းပျော့ညံ့သည်ဟု ဆိုလိုပေသည်။

- မကြာသေးမှီက ပျင်းပျင်းရှိသည်နှင့် ငြင်းခုန်မှုတစ်ခုကို လုပ်လိုက်သည်။ မြန်မာပြည်သည် ဒီမိုကရေစီနှင့်မအောင်မြင်နိုင် အုပ်စိုးမှု Governance ဖြင့်သာအောင်မြင်မည်ဟု ငြင်းချက် ထုတ်လိုက်သည်။ ကိုယ့်ငြင်းချက်ကို ခိုင်လုံအောင် အာရှအောင်မြင်မှုများဖြစ်သည့် (Asian Miracles)နှင့် ဆင်းရဲလှသည့် ဒီမိုကရေစီများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ကို ထုတ်နှုတ်ပြသည်။ ဤအားလုံးသော အောင်မြင်မှုမအောင်မြင်မှုများ၏ အဓိက အချက်မှာ Governance ဖြစ်သဖြင့် အာရှတိုင်းပြည်မြန်မာပြည်သည်လည်း ဒီမိုကရေစီနဲ့ မဖြစ်နိုင် Governance သာလျှင် အဖြေဟု ရပ်တည်လိုက်သည်။

- သို့ ရာတွင် အံ့အားသင့်စွာပင်၎င်း ငြင်းခုန်ပွဲတွင် ရပ်တည်ချက် ဖြစ်သည့် Governance ကို ကိုင်လှုပ်နိုင်သော ငြင်းချက်များထွက်မလာ။ ဒီမိုကရေစီကို ကာကွယ်သော ငြင်းချက်များ ထွက်လာသော်လည်း Governance ကိုယ်တိုင်သည်ပင်လျှင် ဒီမိုကရေစီအလေ့အကျင့် တစိတ်တပိုင်းပါရသည်ကိုထောက်ပြနိုင်သူပေါ်မလာခဲ့။ “Development vs. Democracy” ဟူသောငြင်းခုန်မှုနှင့် ရောထွေးညွှန်းဆိုသူကိုလည်းတွေ့ ရ၏။ ကမ္ဘာ့ဘဏ်လို အဖွဲ့ အစည်းကြီး၏ World Governance Indicator (WGI) တည်ဆောက်မှုသည်ပင်လျှင် Democratic Score ဒိမိုကရေစီရမှတ် တစ်စုံတစ်ရာပါရသည်ကို လည်းမထောက်ပြနိုင်ခဲ့ကြ။ တနည်းအားဖြင့် Governance ဟူသော သဘောတရားပညတ် concept တစ်ခုကို သိပင်သိကြသော်လည်း ထဲထဲဝင်ဝင် ဆစ်ပိုင်း၍ မသိကြခြင်းဖြစ်၏။

- တနည်းအားဖြင့် ပညာပိုင်းဆိုင်ရာ ဝေါဟာရတစ်ခု၊ စကားတစ်ခုကို ဆစ်ပိုင်းဝေဖန်မှု အားနည်းသည်ကို တွေ့ ရခြင်းလည်းဖြစ်၏။ အချို့ က Social Capital လူမှုအရင်းအနှီး စကားလုံးကိုပြော၏။ ဤစကားလုံးမှပေးသော အဓိပ္ပါယ်နှင့် သဘောတရားကိုလည်း ငြင်းခုန်မှု၏ ပင်မအကြောင်းဖြစ်သော Democracy vs. Governance နဲ့ ဆက်စပ်၍ ရှင်းမပြနိုင် ခဲ့ကြ။ နိုင်ငံတည်ဆောက်ရာတွင် state-builidng တွင် လူမှုအရင်းအနှီး၏ အရေးပါပုံကို သာပြောနိုင်ကြသော်လည်း ဤဝေါဟာရ၏ အတွင်းကျကျအဓိပ္ပါယ်ကို ဒီမိုကရေစီနှင့်သော်၎င်း၊ အုပ်စိုးမှု governance နှင့်သော်၎င်း ဆက်စပ်၍ မတင်ပြနိုင်ခဲ့။ ဤသဘောတရားအားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်သာဖြစ်၏။

- အမှန်တကယ်တော့ “စာတစ်လုံးဘုရားတစ်ဆူ” ဟူ၍ မြန်မာစကားတွင်ရှိသည့်အတိုင်း အနှီပညာရပ်ဆိုင်ရာဝေါဟာရတစ်လုံးသည် ၎င်းပညာရပ်တစ်ခုလုံးကို အသိုသိပ်ဆုံး တင်ပြနိုင်သည့်ဖေါ်ပြချက်ပင်ဖြစ်၏။ တနည်း ဤစကားတစ်လုံးကို လေ့လာရင်းဖြင့်ပင် အခြားသော ဆက်နွယ်ရာ ဘာသာရပ်များကိုလည်း တနွယ်ငင်တစင်ပါ လေ့လာမိပြီး သားဖြစ်သွားတော့၏ ဟူလို။

- ငြင်းခုန်မှု debate တစ်ခုတွင် အကောင်းဆုံးငြင်းနိုင်သူမှာ သက်ဆိုင်ရာ ပြိုင်ဘက်၏ ရပ်တည်ရာကို ကိုင်လှုပ်နိုင်သော ငြင်းချက်များဖြစ်၏။ တနည်း သက်ဆိုင်ရာ သီအိုရီတစ်ခု၊ သဘောတရားတစ်ခု၏ ပင်မသင်ကြားချက်များ tenent ကို တိုက်ခိုက်နိုင်စွမ်းရှိခြင်းဖြစ်၏။ သီအိုရီဟူသမျှသည် ယူဆချက်များ assumptions ဖြင့်ဖွဲ့ စည်းထားရစမြဲဖြစ်၍ အနှီ ယူဆချက်များသည် ဝေါဟာရများဖြင့် ဖေါ်ပြရ၏။ ထိုအခါတွင် ပညာရပ်ဆိုင်ရောဝေါဟာရများ သည် သီအိုရီကို ကိုင်လှုပ်နိုင်သည့် အားနည်းချက်များဖြစ်လာတော့သည်။ ဥပမာအားဖြင့် အိုင်းစတိုင်း၏ ကမ္ဘာကျော်သီအိုရီများသည် နယူတန်၏ ဒြပ်ဆွဲအား gravity ကို စတင် ထိုးနှက်ဝေဖန်၍ပေါ်ထွက်လာသော အသီးအပွင့်များဖြစ်၏။ နယူတန်အဖို့ ဒြပ်ဆွဲအားဟူသည် တိတိပပသချာင်္နည်းဖြင့် မဖေါ်ဆောင်နိုင်သော ဘာမှန်းမသိသည့် အားတစ်ခုဖြစ်သော်လည်း အိုင်းစတိုင်းအတွက်မူ စံနစ်တကျ တွက်ထုတ်ပြနိုင်သော အချိန်-အာကာသ (time-space) ပုံပျက်ယွင်းမှုအဖြစ်ဖေါ်ထုတ်ပြနိုင်ခဲ့သဖြင့် လူသားတို့၏ အသိတရားအဆင့် မြင့်တင်ပြောင်း သွားခဲ့သည်ကို မမေ့အပ်။

- အမှန်တော့ သီအိုရီ အသစ်ဟူသမျှ၊ အကဲဒမစ် ထွင်းဖေါက်မှုဟူသမျှသည် တနည်းမဟုတ် တနည်း ငြင်းခုန်မှု debate တို့ သာဖြစ်၏။ ဤငြင်းခုန်မှုတို့ မှ အသိသစ်ထွက်လာ၏။ အသိဟောင်းများ၏ အားနဲချက်များကို မြင်လာနိုင်၏။ သို့ တည်းမဟုတ် ဆက်လက်ရှာဖွေရမည့် နယ်ပယ်များကို တွေ့ လာနိုင်၏။ သို့ ဖြင့် လူ့ လောကသည် နယ်ပယ်အစုံတွင် ဖွံ့ ဖြိုးပြီး  ရှေ့ ရောက်လာခြင်းဖြစ်၏။

- မြန်မာတို့ ၏ ဗုဒ္ဓဘာသာတွင်ရှိသော ၀ိပဿနာသည်လည်း စင်စစ်မတော့ debate လုပ်ခြင်း သာဖြစ်၏။ ရုပ်တရားနာမ်တရားတို့ ၏ သဘောသဘာဝကို လက္ခဏာရေးသုံးပါးတင်၍ မိမိအတ္တနှင့်မိမိ သမ္ပဇဉ်န ကပ်၍ ငြင်းခုန်းခြင်းဖြစ်သည်ဟုဆိုသော် လွန်အံ့မထင်…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...