Friday, November 8, 2013

လူ့အခွင့်အရေးများ ဘယ်လို စတင် လာခဲ့သလဲ။။။ မျိုးသန့်

Myo Thant April 29, 2013 at 7:08am
နိဒါန်း
လူသားတို့တွင် ကျား (မ)၊ အသက်( ကြီး၊ လတ်၊ ငယ်) ၊ အသက်မွေးဝမ်းကျောင်း၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ စသည့်ဖြင့် ကွဲပြားနေတတ်ပြီး၊ ထိုသို့ ကွဲပြားနေမှုအပေါ် ခွဲခြားမှုများ အလျဉ်း မရှိစေရေးသည် အဓိက အရေးကြီးတယ်။ လူသားအချင်းချင်း (သို့မဟုတ်) မိမိကို တပါးသူက လူ့ဂုဏ် သိက္ခာနှင့်အညီ ဆက်ဆံစေဖို့ဘယ်ပုံ ဘယ်နည်း မျှော်လင့်ကြ မည်နည်း။

လွတ်လပ်စွာ မိမိဘ၀ ရှင်သန်နိုင်ခွင့်၊ မိမိထင်မြင်ချက်တွေကို လွတ်လပ်စွာဖေါ်ထုတ်နိုင်ခွင့်နှင့် တန်းတူညီမျှစွာ အခွင့်အရေးများ ရရှို ခံစားနိုင်ခွင့်တို့ကို မိမိ၏ လူ့အဖွဲ့အစည်းအတွင်းတွင် တည်ရှိနေအောင် ဘယ်လို လုပ်ကြမည်နည်း။ စသည့် မေးခွန်းများသည် အစဉ်အမြဲ ရှိနေတတ်တယ်။



လူ့သမိုင်းကို ပြန်ကြည့်လျင် အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ များစွာရှိခဲ့တယ်။ အင်အားရှိ လာသူတွေက အာဏာရှိ သူတွေကို တောင်းဆိုဒါတွေ ကန့်သတ်ဒါတွေ၊ အာဏာမဲ့ အောင်လုပ်ခြင်းဖြင့် မိမိတို့အခွင့်အရေးကို ရယူကြဒါတွေ၊ အာဏာ ရှိသူတွေကလည်း အာဏာ မဲ့သူတွေ၏ အခွင့်အရေးကို လေးစားအသိအမှတ်ပြုပေးမှုတွေ ရှိခဲ့ကြသလို၊ နိုင်လိုမင်းထက် ဖိနှိပ်ခဲ့ကြတာတွေလည်း ရှိခဲ့ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ယနေ့လို လူသားအားလုံးအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးတွေရယ်လို့တော့ သတ်မှတ်ထားခြင်းတော့ မရှိသေးပါဘူး။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီး၊ ကုလသမဂ္ဂကို ဖွဲ့စည်း၍ အဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူလက်ခံထားသော လူ့အခွင့်အရေးများကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် (၁၉၄၈) ခုနှစ်ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့တယ်။

ကုလသမဂ္ဂမှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေးပေါင်း (၃၀) ရှိတယ်။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှာ မဆို မည်သည့် လူမျိုး မဆို လူသားအားလုံးအတွက် ဖြစ်တယ်။ လူသားတိုင်း လူ့အခွင့်အရေးများကို တန်းတူ ညီမျှစွာ ခံစားခွင့် ရရှိနိုင်စေရေးနှင့် မည်သည့်အကြောင်းပြချက်ဖြင့် ကန့်သတ်ချက်များ မရှိစေရေးတို့ဖြစ်တယ်။

သို့သော် ၎င်း လူ့အခွင့်အရေးကြေညာစာတမ်းတွင်ပါရှိသည့် အချက်များကို နိုင်ငံတကာရှိ အစိုးရများက လိုက်နာသင့်သည်၊ လိုက်နာဖို့ကို တိုက်တွန်းထားသော အဆင့်မျှသာ ဖြစ်နေပြီး၊ လိုက်နာရမည် ဥပဒေများ မဟုတ်ပေ။

ထို့ကြောင့် နိုင်ငံတကာ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအတွင်းရှိ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ၎င်းလူ့အခွင့် အရေးဆိုင်ရာ အခြေခံမူတွေကို အသိအမှတ်ပြု လေးစားလိုက်နာ ကျင့်သုံး ဆောင်ရွက်လာစေရေးကို ရည်ရွယ်သော နိုင်ငံတကာ သဘောတူချက်များဖြစ်ကြသည့် အရပ်သားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ စာချုပ် (၁) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာစာချုပ် (၂) တို့ကို (၁၉၆၆) ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြတယ်။

လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်တွေကို အခြေခံပြီး၊ လိုက်နာကျင့်သုံးရေးအတွက် နိုင်ငံတခုချင်းမှ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်တယ်။  စာချုပ် (၁) အတွက် ကိုယ်စားလှယ်ပေါင်း (၁၆၇) မှ (၇၄) နှင့် စာချုပ် (၂) အတွက် ကိုယ်စားလှယ်ပေါင်း (၁၆၀) မှ (၇၀) တို့က လက်မှတ်ရေးထိုးခဲ့တယ်။ (မှတ်ချက်။ မြန်မာနိုင်ငံ မပါဝင်ပေ။) ထို့အပြင် လူ့အခွင့်အရေးကို အခြေခံသော တခြားစာချုပ်တွေကို နိုင်ငံတကာမှာ နိုင်ငံများက စုပေါင်းချုပ်ဆိုခဲ့ကြတယ်။


သမိုင်းနောက်ခံ
ရှေ့နှစ်ပေါင်းများစွာ တုန်းက လူအခွင့်အရေးဆိုဒါတွေ မရှိသေးပါဘူး။ အဲဒီအချိန်ကဆို လူတွေဟာ အင်အားကောင်းသော လူအုပ်အတွင်းထဲမှာ ရှိနေလျင် အဲဒီလူတွေအတွက် လုံခြုံမှုတို့ကို ရရှိစေခဲ့တယ်။ ဒါပေမယ့် အင်အားနည်းသော လူအုပ်ထဲမှာ ရှိသွားလျင်တော့၊ လုံခြုံမှု ဆိုတာတွေ လုံးဝကို မရှိတော့ပါဘူး။

ဆိုဒ်ရပ် ဟုခေါ်သော ဧကရာဇ်ကြီး
ဘီစီ(၅၃၉) အရောက်တွင် ဆိုဒ်ရပ် ဟုခေါ်သော ဧကရာဇ်ကြီးက ဘေဘီလုံ (မက်စီပိုတိုနီယား၏မြို့တော်) အင်ပါယာကို သိမ်းပိုက်ပြီး၊ ပါရှန်အင်ပါယာအတွင်း သွက်သွင်းခဲ့တယ်။ စစ်ရှုံးသွားသော ဘေဘီလုံတွင် အုပ်ချုပ်ခဲ့သည့် ဘုရင်တွေက မိမိပြည်သူတွေကို ဖိနှိပ်ခဲ့သူတွေ ဖြစ်ကြောင်း ပစ်တင်ရှုတ်ချခဲ့ပြီး၊ အပြောင်းအလဲကြီးတရပ်ကို ပြုလုပ်ခဲ့တယ်။

ဘေဘီလုံ အင်ပါယာအတွင်းရှိ ဂျေရုဆလင်က ဟီဗရူး (ခေါ်) ဂျူးတွေအပါအ၀င် ကျွန်ဖြစ်နေသော လူနည်းစုတွေ အားလုံးကို လွတ်ငြိမ်ချမ်းသာခွင့်ပေးပြီး၊ ဘယ်သူမဆို မိမိယုံကြည်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်းကို ဘီစီ (၅၃၉) နှင့် (၅၃၀) အကြားတွင် ဆလင်ဒါပုံ ပေါ်မှာ ရေးသားထားပြီး ဘာသာရေးလွတ်လပ်ခွင့်ပါသော လူ့အခွင့် အရေးကြေညာချက် တရပ်ဖြစ်ခဲ့တယ်။

ယင်းကို နောက်ပိုင်းမှာ ဆိုက်ရပ် ဆလင်ဒါ ဆိုပြီး ခေါ်ဝေါ်လာခဲ့ကြတယ်။ ထို့ကြေညာချက်သည် ကမ္ဘာပေါ်မှာ အစောဆုံးနှင့် ပထမဦးဆုံးပေါ်ထွက်လာသော လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်စာတမ်းတရပ် အဖြစ် ထင်ရှား လာခဲ့တယ်။

 ဆိုက်ရပ် ဆလင်ဒါ
ဆိုက်ရပ် ဆလင်ဒါ

အီရတ်နိုင်ငံမှာ မွေးဖွားခဲ့သော ဆီးရီးယားလူမျိုး၊ ဗြိတိသျှသံတမန်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် ရှေ့ဟောင်းမြို့များနှင့် လူ့ယဉ်ကျေးမှုများအကြောင်းကို သုတေသနပြုသူ ဖြစ်သော ဟိုမူရာဆမ်း က (၁၈၇၉) မတ်လအတွင်းတွင် ယနေ့အခေါ် အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ရှိ ယခင်ဘေဘီလုံမြို့ဟောင်းမှာ မူရင်း ဆိုဒ်ရပ် ဆလင်ဒါကို တူးဖေါ်တွေ့ရှိခဲ့တယ်။ ဆိုဒ်ရပ်ဆလင်ဒါကို ဗြိတိန်နိုင်ငံ၏ ဗြိတိသျှ ပြတိုက်ကနေ၊ ယခုအခါ ၀ါရှင်တန်- ဒီစီတွင်ရှိ ပြတိုက်တခုတွင် တွေ့မြင်နိုင်တယ်။

ထိုလူ့အခွင့်အရေးဆိုင်ရာ အယူအဆတွေဟာ နောက်ပိုင်းတွင် ဂရိကအေိန္ဒိယ၊ ပြီးနောက် ရောမဆီသို့ရောက်ရှိလာခဲ့တယ်။
လူဟာသဘာဝအရ ဥပဒေတွေကို လိုက်နာတတ်သည့် သဘောရှိတယ်။ ဥပဒေတွေ ပြဌာန်းမထားသည့် တိုင်အောင်လူတွေဟာ သဘာဝအရ အလိုလို လိုက်နာကြတဲ့ သဘောရှိတယ်။

ခေတ်အဆက်ဆက်ရှိခဲ့သော အာဏာရှင်အဆက်ဆက်တို့က လူ့အခွင့်အရေးဆိုင်ရာများကို ပယ်ဖျက်မှုတွေ၊ ပြောင်းလဲမှုတွေ၊ ကန့်သတ်မှုတွေ စသဖြင့် လူ့အခွင့်အရေးတွေဟာ မသေချာ မရေရာမှုများစွာဖြင့် နှစ်ပေါင်းထောင်ကျော်ကြာလာခဲ့ပြီးနောက်- (၁၂၁၅) ခုတွင် အင်္ဂလန်မှာ မ (င်္ဂ) နာ ကာတ (ခေါ်) ဘုရင်နှင့် မှူးမတ်တွေအကြား သဘောတူညီမှုတခု ရရှိလာခဲ့တယ်။

မ (ဂ်) နာ ကာတ
ဘုရင်၏ အာဏာကို ကန့်သတ်ပြီး၊ ဘုရင်သည် ဥပဒေ၏ ခွင့်ပြုချက်ဖြင့်သာ အုပ်ချုပ်ရမည်ဖြစ်တယ်။ ဥပဒေမဲ့ပြုလုပ်ပိုင်ခွင့် မရှိစေရ ဆိုသောအချက်ကို အင်္ဂလန်ရှိ ဂျွန်ဘုရင်က၎င်း၏ မှူးမတ်များ ရှေ့မှောက်တွင် သဘောတူ လက်ခံကြောင်း လက်မှတ်ရေးထိုး ခဲ့ရတယ်။

မ (ဂ်) နာ ကာတ စာချုပ်
မ (ဂ်) နာ ကာတ စာချုပ်

အင်္ဂလန်တွင် ဟန်နရီဘုရင်၏ အစ်ကို ၀ီလီယံဘုရင်လက်ထက်တွင် အာဏာကို အလွဲသုံးစား ပြုခဲ့မှုကြောင့် (၁၁၀၀) ခုနှစ်တွင် လွတ်လပ်မှုဆိုင်ရာ အခွင့်အရေးများကို အခြေခံပြီး၊ နောက်ပိုင်းတွင် ဟင်နရီဘုရင်နှင့် မှူးမတ်များအပါအ၀င် ခရစ်ယန် ဘာသာရေးခေါင်းဆောင်တွေနှင့် ချုပ်ဆိုထားသောစာချုပ်တခုဖြစ်တယ်။ ထိုစာချုပ်က မ(ဂ်)နာကာတ စာချုပ်၏ ရှေ့ပြေး တခု ဖြစ်ခဲ့တယ်။

ဆက်လက်ပြီး မ (ဂ်) နာ ကာတကလည်း ဘုရင်၏ အာဏာကို ကန့်သတ်လျက်၊ မှူးမတ်တွေ၏ အဆင့်အတန်းတွေကို ကာကွယ်ပေးထားတယ်။ ဘုရင်အာဏာကို ပို၍ကန့်သတ်မှုတွေအဖြစ် အခွန်ပေးဆောင်ခြင်း၊ စစ်သားတွေကို အတင်းအမိန့်ပေး ခိုင်းစေခြင်း၊ အကြောင်းမရှိဘဲ အကျဉ်းချခြင်း၊ မာရှယ်လောအမိန့်သုံးခြင်း၊ ဥရောပအတွင်း ကသလစ်နှင့် ပရိုတက်စတင့်အကြား နှစ် (၃၀) အကြာ စစ်ပွဲတွင် ပါလီမန်က ဘုရင်ကို ငွေကြေးကို မထောက်ပံ့သောကြောင့် ဘုရင်အနေဖြင့် စစ်ရေးအတွက် အတင်းအဓမ္မ ငွေချေးယူခြင်းနှင့် မပေးဆောင်နိုင်သူအား ထောင်သွင်းအကျဉ်းချခြင်းများကို ပါလီမန်၏ ထောက်ခံမှု မပါဘဲနဲ့ ပြုလုပ်ခွင့် မရှိသည့် ပြဌာန်းချက်ကို (၁၆၂၈) ခုနှစ်တွင် ချမှတ်နိုင်ခဲ့တယ်။

နောက်ပြီး ပါလီမန်တွင် အာဏာ တည်ရှိခွင့်နှင့် ပါလီမန်အတွင်း လွတ်လပ်စွာပြောဆိုခွင့်ရှိသော ဥပဒေပြဌာန်းခွင့်များအပါအ၀င် ပါလီမန်အတွက် ပုံမှန်ရွေးကောက်ပွဲများကို လိုအပ်ကြောင်း သတ်မှတ်ပြီး၊ ကြောက်ရွံ့မှု ကင်းမဲ့စွာ ဘုရင်ထံ အသနားခံ တင်သွင်းခွင့် ရှိသည့် အခွင့်အရေးများကို (၁၆၈၉) ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ပါလီမန်က ပြဌာန်းနိုင်ခဲ့တယ်။

ပြည်သူတွေ၏ အခွင့်အရေးတွေကို အဆုံးမှာ အသိအမှတ်ပြုခံခဲ့ရ၍ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုတော့ ရှိသလိုဖြစ်လာခဲ့တယ်။

အမေရိကန် တော်လှန်ရေး
လူတိုင်းဟာ မွေးရာပါ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် သာယာပျော်ရွှင်ဖွယ်များကို ခံစားရရှိ ပိုင်ခွင့်များကို တူညီစွာခံစားခွင့်ရှိတယ်။ ဒါတွေကို  ဖန်တီးရှင်က ဖန်တီပေးထားသောကြောင့် မည်သူကမှ ပယ်ဖျက်ခွင့် မရှိ၊ အစိုးရ အနေဖြင့် ထို့အခွင့်အရေးများကို ကာကွယ်ပေးရမယ်ဟု ဆိုကာ အမေရိကန်တော်လှန်ရေးကို စတင်ပြီး၊ ဗြိတိသျှဘုရင်ကို ပုန်ကန်လာခဲ့တယ်။ အဲဒီအချက်က ဘုရင်အတွက် လက်ခံသင့်သော်လည်း လက်တွေ့ မလုပ်ဆောင်နိုင်ခဲ့ပေ။

အမေရိကန်လွတ်လပ်ရေးကြေညာချက်နှင့် ဗြိတိသျှ ကိုလိုနီ (၁၃) ပြည်နယ်
အမေရိကန်လွတ်လပ်ရေးကြေညာချက်နှင့် ဗြိတိသျှ ကိုလိုနီ (၁၃) ပြည်နယ်

အမေရိကရှိ ဗြိတိသျှကိုလိုနီနယ် (၁၃) ခုက ဇူလိုင်လ (၄) ရက်နေ့ (၁၇၇၆)ခုနှစ်တွင်  ဗြိတိသျှတွေဖြင့် (၁) နှစ်ကျော်စစ်ဖြစ်နေခဲ့ပြီး၊ လွတ်လပ်ရေးကို ကြေညာကာ အမေရိကန်ပြည်ထောင်စုရယ်လို့ပေါ်ပေါက်လာခဲ့တယ်။


ပြင်သစ်တော်လှန်ရေး
အမေရိကန်တော်လှန်ဖြစ်ပြီး၊ (၁၃) နှစ်အကြာတွင် ပြင်သစ်ပြည်သူတွေက ကိုယ်ပိုင်တော်လှန်ရေးကို သြဂုတ်လ (၂၆) ရက်နေ့( ၁၇၈၉) ခုနှစ်တွင် ဆင်နွှဲလာခဲ့တယ်။ သူတို့ပြောလာသည့် အခွင့်အရေးတွေက ပိုတောင်းများသေးတယ်။ ပြင်သစ်အယူအဆက သဘာဝဥပဒေတွေက သဘာဝအခွင့်အရေးတွေဖြစ်လာခဲ့တယ်။ ဒါပေမယ့်-အဲဒီအခွင့်အရေးတွေကို ခြိမ်းခြောက်ခံခဲ့ရတယ်။

ပြင်သစ်ပြည်သူ့တော်လှန်ရေး တံဆိပ်ခေါင်း
ပြင်သစ်ပြည်သူ့တော်လှန်ရေး တံဆိပ်ခေါင်း

အကြောင်းက စစ်ဘုရင်နပိုလီယံသည် ပြင်သစ်နိုင်ငံ၏ အခြေခံဥပဒေဖြင့် တည်ရှိနေသော ဒီမိုကရေစီအစိုးရကိုပြုတ်ချပြီး၊ အင်ပါယာ အသစ်ကို ထူထောင်လာခဲ့တယ်။ ၎င်းက ကမ္ဘာကြီးကို သိမ်းပိုက်အုပ်ချုပ်ရန် ကြံရွယ်ပြီး၊ နယ်ချဲ့စစ်ပွဲတွေ ဆင်နွှဲလာဒါ အောင်မြင်တော့ မလို့ တောင်ဖြစ်ခဲ့တယ်။

ဒါပေမယ့် ပါရှား၊ သြစတီးလျ၊ ဆွီဒင်၊ ရုရှား၊ ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံတွေ စုပေါင်းပြီး၊တိုက်ခိုက်လိုက်တော့မှ နပိုလီယံ စစ်ရှုံးပြီး၊ ပြင်သစ်ပြည်ကပါ ထွက်ပြေးရတော့တယ်။

လူ့အခွင့်အရေးက တဖန်ပြန်လည်၍ အရေးကြီးသော ခေါင်းစဉ်တရပ် ဖြစ်လာရပြန်တယ်။ ဥပရောနိုင်ငံများစုပေါင်းပြီး သဘော တူညီချက် ရယူပြီး၊ ဥရောပရှိနိုင်ငံတွေအတွက် လူ့အခွင့်အရေးဆိုင်ကိုထုတ်ပြန်ခဲ့တယ်။ ဒါတွေက ဥပရောတိုက် အတွက်သာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဥရောပတိုက်သားတွေက ကမ္ဘာတလွှားနယ်ချဲ့ပြီး၊ အင်ပါယာတွေ ထူထောင်လာခဲ့တယ်။


မဟတ္တမ ဂန္ဒီ
ဒီလောက်ဆို လုံလောက်ပြီး၊ ဆိုကာ လူငယ်ရှေ့နေ မဟတ္တမဂန္ဒီက (၁၉၁၅) ခုနှစ်မှာ တောင်အာဖရိကမှ အိန္ဒိယနိုင်ငံသို့ ပြန်ရောက်ရှိလာပြီး၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးလူပ်ရှားမှုထဲတွင် ပါဝင်လာခဲ့တယ်။ ဥရောပမှာပဲ လူ့အခွင့်အရေးတွေ ရှိနေဒါမဟုတ်၊ ကမ္ဘာကြီး၏ မည်သည့်နေရာမှ မဆို လူတိုင်းမှာ လူ့အခွင့်အရေးတွေ ရှိနေတယ်ဆိုပြီး၊ မဟတ္တမဂန္ဒီက အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကို ဦးတည် လှုပ်ရှားလာခဲ့တယ်။

ဒီလောက်ဆိုလုံလောက်ပြီ၊မဟတ္တမ ဂန္ဒီ
ဒီလောက်ဆိုလုံလောက်ပြီ၊မဟတ္တမ ဂန္ဒီ

နောက်ဆုံးမှာတော့ ဥရောပက စတင်ပြီး၊ သဘောတူလာခဲ့တယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးက မလွယ်ကူခဲ့ပါဘူး။ ကမ္ဘာစစ်ကြီး (၂) ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်တွင်း နာဇီဟစ်တလာ၏ အကျဉ်းစခန်းတွေမှာ ကြောက်မခန်းလိလိ အထူးသဖြင့် (၅)သန်း ခွဲကျော်သော ဂျူးများအပါအ၀င် အခြားသောလူမျိုးများ သန်းနှင့် ချီ၍ အသက်ခံခဲ့ရတယ်။

ဒုတိယကမ္ဘာစစ်အပြီး သေကြေပျက်စီးမှုများကို တွက်ချက်ရာတင် ဒုတိယကမ္ဘာစစ်ကြီးကြောင့် လူအသက်ပေါင်း သန်းပေါင်း (၉၀) သေဆုံးခဲ့ရတယ်ဟု ဆိုတယ်။


ကမ္ဘာ့ ကုလသမဂ္ဂ
လူ့အခွင့်အရေးဆိုဒါတွေဟာ လုံးဝဿုံ ပျက်သုန်းခဲ့ပြန်တယ်။ ထို့ကြောင့် ကမ္ဘာကြီးမှာ ဒီလို ကြောက်မက်ဖွယ်ရာ၊ တုန်းလှုပ်ခြောက်ခြားစေသော ဖြစ်ရပ်များ နောက်ထပ်တဖန် ပြန်မပေါ်လာစေရေးကို ကြိုးစားရန်အကြောင်းဖြစ်လာခဲ့ရတယ်။

ထို့ကြောင့် နိုင်ငံတကာပါဝင်သော ကုလသမဂ္ဂအဖွဲ့ကြီးကို (၁၉၄၈) ခုနှစ်တွင်ဖွဲ့စည်းဖြစ်ခဲ့ပြီး၊ အဓိက ရည်ရွယ်က လူတိုင် လူ့ဂုဏ်သိက္ခာ၊ တန်ဖိုးတွေနှင့်အညီ နေထိုင်နိုင်ရေးကိုအခြေခံသည့် နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့် အရေးများ တည်ရှိလာစေရန် ရည်ရွယ်ခဲ့တယ်။

ဒီတော့ လူ့အခွင့်အရေးတွေက ဘာတွေလဲ ဧကရာဇ်ဆိုဒ်ရပ် ပြောခဲ့သော လူ့အခွင့်အရေးလား၊ ရိုမန်တွေ၏ သဘာဝ ဥပဒေတွေလား၊ အမေရိကန်လွတ်လပ်ရေး ကြေညာချက်များလား၊ ပြင်သစ်တော်လှန်ရေးတုန်းက ကြေညာချက်လား စသည့်တို့ကို ပြန်ကြည့်လျင် တခုနှင့် တခုက အနည်းငယ်သာ ကွာခြားကြတယ်။ တကယ့် လိုအပ်ချက်က လူတိုင်းလူတိုင်းအတွက် လူ့အခွင့်အရေးတွေ ဖြစ်တယ်။

အယ်လယ်နာ ရုစဗဲ့နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း
အယ်လယ်နာ ရုစဗဲ့နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း

အယ်လယ်နာရုစဗဲ့၏ ကြီးကြပ်မှုအောက်တွင် နောက်ဆုံးမှာတော့ နိုင်ငံတကာက အသိအမှတ်ပြုလူ့အခွင့်အရေးတွေကို လူတိုင်း လူတိုင်းအတွက် ရေးဆွဲပြီး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် ပေါ်ပေါက်လာခဲ့တယ်။ ပြင်သစ်တွေ၏ အယူအဆဖြစ်ခဲ့သောသဘာဝအခွင့်အရေးက လူ့အခွင့်အရေးတွေ ဖြစ်လာခဲ့တယ်။


သို့သော် ယနေ့ကမ္ဘာမှာ-
·လူတွေမှာ စားခွင့် နေခွင့်တွေ ရှိနေကြတယ် ဆိုလျင် ဘာကြောင့် အစာအစားငတ်ပြီး တစ်စက္ကန့်ကို တယောက်နှုန်းဖြင့် သေဆုံးနေရ သလဲ။

· လူတွေမှာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တို့ ရှိနေတယ် ဆိုလျင် ဆန္ဒဖေါ်ထုတ်မှုကြောင့် ထောင်နှင့်ချီသော လူတွေ ဘာကြောင့် အကျဉ်းထောင်တွေ ထဲမှာ ရှိနေရ သလဲ။

· လူတွေမှာ ပညာသင်ကြားခွင့်ရှိနေတယ် ဆိုလျင် ဘီလီယံနှင့် ချီရှိသော အရွယ်ရောက်ပြီးသူတွေ ဘာကြောင့် စာတတ်မြောက်မှုများ မရှိသေးကြ သလဲ။

·ကျွန်စနစ်လုံး ပျက်သိမ်းပြီးပြီဆို- (၂၇) သန်းရှိ လူတွေ ဘာကြောင့်ကျွန်ဖြစ်နေရ သလဲ။ (၁၈) ရာစုနှစ်များဖြင့် ယှဉ်ကြည့်လျင် ယနေ့ခေတ်မှာ ကျွန်အဖြစ်သွတ်သွင်းခံရမှုနှုန်းက (၂) ဆတောင်ပိုများနေတယ်။

အကြောင်းက- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်သည် မဖြစ်မနေလိုက်နာရမယ့် ဥပဒေများမဟုတ်ပေ။ ဆိုလိုသည်က လိုက်နာသုံးသင့်ကြောင်းကို အကြံပြုထားရုံ သာလျင် ဖြစ်တယ်။ လိုက်နာချင်လည်းရတယ်။ မလိုက်နာချင်လည်း ရတယ်။

ထို့ကြောင့် နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ညီလာခံတွေ ကျင်းပပြီး၊ နိုင်ငံတကာပါဝင်သော စာချုပ်တွေကို ချုပ်ဆို၍ လူ့အခွင့်အရေးများကို နိုင်ငံတွေအတွင်းမှာ လိုက်နာကျင့်သုံးလာ အောင်ဆောင်ရွက်ကြရပြန်တယ်။ ဒါပေမယ့် စာရွက်ပေါ်မှာသာ ရှိနေပြီး၊ မေးခွန်းတစ်ခုက ဘယ်သူက စာရွက်ပေါ်ကနေ လက်တွေ့ကျင့်သုံးလာဖို့ ဖြစ်တယ်။ ဆိုတော့-


ဒေါက်တာ မာတင်လူသာကင်း
အသားအရောင်ခွဲခြားရေးကို ဆန်ကျင်တိုက်ပွဲအတွက်- ကျနော့်မှာ အိပ်မက်တခုရှိတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့တယ်။

ကျွန်တော်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကတော့ တနေ့ကျရင် ကျွန်တော်တို့ နိုင်ငံဟာ လူအားလုံးတန်းတူ ညီမျှဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်ကို အကောင်အထည်ဖော်လိမ့်မယ် ဆိုတဲ့ အိပ်မက်ဖြစ်တယ်။

ကျွန်တော်မှာ အိပ်မက်တခုရှိတယ်။ဒီအိပ်မက်ကတော့ တနေ့ကျရင် ကျွန်တော် ရင်သွေး လေးယောက်ကို အသားအရောင်နဲ့ လူဆိုးလူကောင်းသတ်မှတ်တာ မဟုတ်ဘဲ သူ့အကျင့် စာရိတ္တနဲ့သတ်မှတ်လိမ့်မယ် ဆိုတဲ့ အိပ်မက်ဖြစ်တယ်။

ကျွန်တော်မှာ အိပ်မက်တခုရှိတယ်။ဒီအိပ်မက်ကတော့ တနေ့ကျရင်ဂျော်ဂျီယာပြည်နယ်က တောင်ကုန်းတွေပေါ်မှာ ကျွန်ဖြစ်ခဲ့ သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင်ဖြစ်ခဲ့ သူတွေရဲ့သားသမီးတွေ ညီအစ်ကိုမောင်နှမတွေ လိုချစ်ကြည်ရင်းနှီးစွာ အတူတူ နေထိုင်နိုင်ကြလိမ့်မယ် ဆိုတဲ့ အိပ်မက် ဖြစ်တယ်။


- ကျနော့်မှာ အိပ်မက်တခုရှိတယ်- မာတင်လူသာကင်း
- ကျနော့်မှာ အိပ်မက်တခုရှိတယ်- မာတင်လူသာကင်း

မာတင်လူသာကင်းရဲ့ ကမ္ဘာကျော်လှုပ်ရှားမှု တခုကတော့ (၁၉၆၃) ခုနှစ်မှာ ဝါရှင်တန်ဒီစီကို ချီတက်တဲ့ပွဲဖြစ်ပြီး၊ ဒီပွဲက အမေရိကန်တောင်ပိုင်းဒေသက အာဖရိကန် အမေရိကန် (ခေါ်) လူမည်းတွေရဲ့ အခွင့်အရေးကို တောင်းဆိုဆန္ဒပြတဲ့ပွဲ ဖြစ်တယ်။

·စာသင်ကျောင်းတွေမှာ လူဖြူလူမည်းခွဲခြားမှုရုပ်သိမ်းဖို့၊

·အလုပ်အကိုင်မှာလည်း လူမျိုးခွဲခြားမှုကိုတားဆီးတဲ့ဥပဒေပြဌာန်းပေးဖို့၊

·လူ့အခွင့်အရေးတောင်းဆို လှုပ်ရှားသူတွေကို ရဲတွေက အကြမ်းဖက်ဖြိုခွင်းတာမျိုးမလုပ်အောင် အကာအကွယ်ပေးဖို့၊

·အလုပ်သမားတွေအတွက် အခြေခံအလုပ်သမားခကိုစံချိန်စံညွှန်းမီအောင်ပေးဖို့ စတဲ့တောင်းဆိုချက်တွေ ပါဝင်တယ်။

လူမည်း (၂၅၀ ၀၀၀) ကျော်ပါဝင်ခဲ့ပြီး၊ အလွန်ကြီးကျယ်တဲ့ ဆန္ဒပြပွဲကြီးဖြစ်တယ်။

အာဖရိကန် အမေရိကန် (ခေါ်) လူမည်းတွေရဲ့ အခွင့်အရေးအတွက် လုပ်ရှားမှုတွေက နောက်ဆုံးမှာ အရပ်သားအခွင့်အရေးဆိုင်ရာ လုပ်ရှားမှုအဖြစ်ထင်ရှားလာပြီး၊ အမေရိကန် အခြေခံဥပဒေတွင်ပါရှိနေသော အပိုဒ် (၁၃) (၁၄) နှင့် (၁၅) များကို ပါပြုပြင်ခဲ့ရတယ်။ အဓိက ကတော့ တန်းတူအခွင်းအရေး၊ ပညာရေး၊ လိင်ကွဲပြားမှု နှင့် အခြားသော ကဏ္ဍတွေမှာ ခွဲခြားမှုမရှိ တန်းတူ ညီမျှသည့် ရပိုင်ခွင့်များဖြစ်သော အပိုဒ် (၁၄) ဖြစ်တယ်။

  • အသားအရောင်၊ ဘာသာ၊ နှင့် လူမျိုးကွဲပြားမှုတွေကို လုပ်ငန်းခွင်များနှင့် ပြည်သူပိုင်အဆောက် အအုံ နေရာများတွင် ခွဲခြားမှုများ လုံးဝမရှိစေရန်အတွက် (၁၉၆၄) ခုနှစ် တန်းတူအခွင့်ရေး ဥပဒေ၊
  •  နိုင်ငံ၏တောင်ပိုင်းမှာ ရှိနေသော အာဖရိကန် အမေရိကန် (ခေါ်) လူမည်းတွေရဲ့ မဲပေးပိုင်ခွင့် အဆင့် အတန်းများကို ပြန် လည်ပြီး၊ ကာကွယ်ပေးထားသည့် (၁၉၆၅) ခုနှစ် မဲပေးပိုင်ခွင့်ဥပဒေ၊
  • အစဉ်အလာအရ ဥပရောပတိုက်သားတွေပဲ အမေရိကန်ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်ရာမှ ဥပရောပမှ မဟုတ်သော တခြားနိုင်ငံများမှ လူတွေပါလာရောက်အခြေချနိုင်ခွင့်ရှိလာသည့် (၁၉၆၅) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားများဆိုင်ရာ ဥပဒေ၊
  •  အသားအရောင်၊ ဘာသာရေးယုံကြည်ချက်နှင့် လူမျိုးရေးကွဲပြားမှုများအပေါ် အိမ်ရောင်းဝယ် ဌားရမ်းမှုတို့တွင် ခွဲခြားမှုများ မရှိစေရန်အတွက် (၁၉၆၈) ခုနှစ် မျှတသော အိမ်ယာများဆိုင်ရာ ဥပဒေ တို့ဖြစ်ကြတယ်။ 

အမေရိနိုင်ငံတောင်တွေမှာ အစပြု၍ အာဖရိကန် အမေရိကန် (ခေါ်) လူမည်းတွေအနေဖြင့် နိုင်ငံရေးတွေမှာ တဖန်ပြန်လည် ၀င်ရောက်နိုင်ခဲ့တယ်။ နောက်ပိုင်းလူငယ်တွေလည်း လေ့လာကြပြီးပါဝင်လာခဲ့ကြတယ်။ သိတာထင်ရှားသည့် ခွဲခြားမှုတွေဟာ တရားဝင် မရှိတော့ပေမယ့် ရရှိလာသော လူ့အခွင့်အရေးတွေကို ဆက်လက်ရှင်သန်ရေးနှင့် လျစ်လျူရှု မခံရစေရေးတို့အတွက် ဆက်လက် ချီတက်နေရဆဲဖြစ်တယ်။


နယ်လ်ဆင်မင် ဒဲလား
တောင်အာဖရိကတွင် ဒတ်ခ်ျတွေက စပြီး၊ လူဖြူအစိုးရအဆက်ဆက်တို့က လူမည်းတို့ကို လူ့အခွင့်အရေးများကို ဖိနှိပ်ချိုးနှိမ်ထား ကြရာ (၁၉၄၈) ရောက်တွင် တရားဝင်ဥပဒေကြောင်းဖြင့် အဆိုးရွားဆုံးဖြစ်လာ ခဲ့တယ်။ နေ့စဉ် လူနေမှုဘ၀အတွင်းရှိ ပညာရေး၊ ကျမ္မာရေးအပါအ၀င် နောက်ဆုံး ပင်လယ်ကမ်းစပ်အပမ်းဖြေသည့် နေရာများနှင့် အခြားနေမှုထိုင်မှုအထိ နေရာတိုင်တွင် ခွဲခြားမှုတွေက ရှိလာခဲ့တယ်။

အဲဒီလိုမျိုး လူမှုရေးရာ ခွဲခြားဆက်ဆံခံနေရမှုတွေကို ရင်ဆိုင်ကာ အကြမ်းမဖက်သော နည်းများဖြင့်ခွဲခြားဆက်ဆံမှုတို့ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့ရာ ထောင်တွင်း (၂၇) နှစ်နေခဲ့ရတယ်။

လူမှုရေးခွဲခြားမှုတွေကို ဆန့်ကျင်တိုက်ပွဲသော နယ်လ်ဆင်မင် ဒဲလား
လူမှုရေးခွဲခြားမှုတွေကို ဆန့်ကျင်တိုက်ပွဲသော နယ်လ်ဆင်မင် ဒဲလား

လူဖြူနှင့်လူမည်းကို ပြတ်ပြတ်သားသားခွဲခြားကာ လူမည်းမှန်သမျှ လူ့အခွင့်အရေး ဆုံးရှုံးနေရသည့် တောင်အာဖရိကမြေပေါ်၌ သမ္မတဒီကလပ်က (၁၉၉၀) ဖေဖော်ဝါရီထဲမှာ နယ်လ်ဆင်မင် ဒဲလားကို လွှတ်ပေးလိုက်ရတယ်။

အာဖရိက အမျိုးသားကွန်ဂရက် အေအန်စီကို တားဆီးပိတ်ဆို့ထားတာ မှန်သမျှပယ်ဖျက်ပစ်ပေးလိုက်ရတယ်။ မေ (၁၀) ရက် (၁၉၉၄)ခုနှစ်တွင် ဒီကလပ်သမ္မတ သက်တမ်းဆုံးပြီး၊ (၁၉၉၄)မှာပင် ရွေးကောက်ပွဲလုပ်ပေးလိုက်တယ်။ အများမျှော်လင့်ထားသည့် အတိုင်း နယ်လ်ဆင်မင်ဒဲလား အနိုင်ရခဲ့တယ်။ (၄၆) နှစ်ကြာ ခွဲခြားမှုတွေ တရားဝင်ချုပ်ငြိမ်းသွားပေမယ့် လူမှုရေးတရားမျှတမှု တိုက်ပွဲတွေ ကိုတော့ ဆက်တိုက်နေရ တုန်းဘဲ။


နိဂုံးချုပ်
အာဏာရှင်တွေ၊ အင်အားရှိသူတွေနှင့် ပြည်သူလူထုတို့အကြား အခွင့်အရေးဆိုင်ရာ ရရှိရေး တိုက်ပွဲများက လူ့သမိုင်းစဉ် တလျှောက်လုံးမှာ အားပြိုင်နေကြတယ်။ ထို့ကြောင့် လူ့အခွင့်အရေးများ ဖြစ်ပေါ်လာလိုက် ပျက်သုန်းသွားလိုက် ရှိနေကြတယ်။

ယနေ့ဆိုလျင် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်ရဲမွဲတေမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တိုက်ပွဲဝင် နေသူတွေက လူသန် လူစွမ်းတွေတော့ မဟုတ်ကြပါဘူး။ ကလေးတွေ၊ ဖခင်တွေ၊ မိခင်တွေ၊ ဆရာ ဆရာမတွေ၊ ခေါင်းငုံ ငြိမ်ခံပြီး မနေလိုသူတွေ၊ လွတ်လပ်စွာတွေးခေါ်တတ် သူတွေ၊ လူ့အခွင့်အရေးဆိုဒါ သမိုင်းသင်ခန်စာများ၊ စာရွက်တွေပေါ်မှာ ရေးသားထားသော စာလုံးများ၊ မိန့်ခွန်းများ၊ ကြော်ငြာချက်များ မဟုတ်ကြောင်း သဘောပေါက်နေကြသူတွေ ဖြစ်တယ်။

လူ့အခွင့်အရေးတွေ ဆိုဒါဟာ လူသားတယောက်အနေဖြင့် နေ့စဉ်ဆုံးဖြတ် လုပ်ဆောင်မှုတို့တွင် တာဝန်သိစိတ်ဖြင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ကူညီရိုင်းပင်းမှုနှင့် အကာအကွယ်လိုအပ်နေသူတွေကိုအကာအကွယ်ပေးနိုင်ရေး ဖြစ်တယ်။

အယ်လယ်နာရုစဗဲ့က ပြောခဲ့သည်မှာ
လူ့အခွင့်အရေး စတင်သည့် နေရာဟာ- ကမ္ဘာ့မြေပုံပေါ်မှာ ရှာတွေ့လို့ မရနိုင်တဲ့ ရပ်ထဲရွာထဲ၊ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအတွင်း၊ စက်ရုံအလုပ်ရုံ အတွင်း၊ လယ်ယာမြေတွေပေါ်မှာ၊ ရုံးအတွင်းနှင့် အခြားနေရာတွေမှာ ရှိနေသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးတို့၏ ရှာဖွေနေသည့် တရားမျှတမှု၊ အခွင့်အရေးဆိုင်ရာ ညီမျှမှု၊ ခွဲခြားဆက်ဆံမှုများ ကင်းရှင်းစွာဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံမှုတို့ ဆိုသော အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါတွေဟာ အဓိပ္ပါယ်မဲ့နေရတယ် ဆိုလျင် အဆိုပါ အဓိပ္ပါယ်တွေကို ရှာဖွေနေမှုတွေက နေရာတိုင်မှာ ရှိနေပါလိမ့်မယ် တဲ့။

--- ပြီးပါပြီ ---

ဖတ်ရှုသည့်အတွက် အထူးအကျေးဇူးတင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို အောက်ပါ လင့် (ခ်) တွင် ဖတ်ရှုနိုင်ပါတယ်။

ကျေးဇူး အထူးတင်ရှိကြောင်း- မျိုးသန့်

https://www.facebook.com/notes/myo-thant/%E1%80%A1%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%9C%E1%80%B0%E1%82%95%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B7%E1%80%B9%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1%E1%81%BE%E1%80%80%E1%80%8A%E1%80%AC%E1%80%85%E1%80%AC%E1%80%90%E1%80%99%E1%80%B9%E1%80%B8/10151560437217593

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...