Thursday, November 21, 2013

အိုအိုင်စီအကြောင်း ပြောမိသမျှ

  • အခုတလော မနေနိုင်မထိုင်နိုင်ရာဂါတစ်မျိုး ခံစားနေရသည်။ ဆိုးရွားသည်။ စိတ်ကို ကြိုးနှင့်တုပ်နှောင်ထားသကဲ့သို့ ရှိ၏။ လုပ်ချင်သောအလုပ်ကို လုပ်ခွင့်မသာပဲ ရှိနေလျှင် ဤကဲ့သို့ မရိုးမရွ ဖြစ်ရသည်မှာ ကြုံဖူးကြပါလိမ့်မည်။ ထိုရောဂါမှာ စာရေးချင်သော ပိုးဖြစ်သည်။ ရေးချင်လျက် မရေးနိုင်သောအဖြစ်ကို လောလောဆယ် ပိုင်ဆိုင်ထားရသည်ဟု ဆိုချင်သည်။မနက်အိပ်ယာမထခင် အလုပ်က ဖုန်းဆက်သည်။ ည မိုးချုပ်မှ အိမ်ပြန်ရောက်သည်။ အိမ်ရောက်တော့
    လူကပမ်းနေပြီ။ ရေချိုး ညစာစားပြီး အိပ်ယာဝင်ရသည်က များသည်။ အလုပ်ထဲ၌လည်း ရေးဖို့ရန်နေနေသာသာ သတင်းစာဖတ်ရန်ပင် အချိန်မရဖြစ်ရသည်။ ထို့ကြောင့် စာရေးချင်ပါလျက် မရေးနိုင်ပဲရှိသည်။ ဒီနေ့တော့ ရေးကိုရေးမည်ဟုတေးထားလျက် စာရွက်တစ်ရွက်ကိုဆွဲယူကာ စားပွဲတွင် ဝင်ထိုင်လိုက်ရခြင်းဖြစ်သည်။ စာရေးခြင်းဟူသည် ရေးလေလေ စာအရေးအသားတက်လေလေဟု ပြောရမည်ထင်သည်။ စာမရေးတာကြာတော့ ဘာကိုရေးမည်နည်း၊ ဘယ်အကြောင်းကို ရေးမည်နည်းဟု ခေါင်းထဲဝေခွဲမရဖြစ်နေသည်။ ရေးစရာတွေကတော့ အများသား။ သို့နှင့် ညနေက အလုပ်ကိစ္စဖြင့် အပြင်ထွက် လက်ဘက်ရည်ဆိုင်ထိုင်သောအခါ မွတ်ဆလင်သူငယ်ချင်းတစ်ယောက်နှင့် ပြောဖြစ်သော အိုင်အိုင်စီကိစ္စကို ရေးမည်ဟု ဆုံးဖြတ်လိုက်သည်။

    ညနေက လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နှင့် ဆုံသည်။ သူက မွတ်ဆလင်ဘာသာဝင်တစ်ယောက်ဖြစ်သည်။ ကျွန်တော့်ကိုမြင်တော့ "အိုအိုင်စီ အိုအိုင်စီ"ဟု လှမ်းအော်သည်။ ကျွန်တော်က "ဘာလဲ အိုအိုင်စီ"ဟုမေးတော့ ခုတလော တီဗွီသတင်းတွေထဲမှာ မြန်မာပြည်က အိုအိုင်စီဆန့်ကျင်ရေးသမားတွေကို တွေ့ရကြောင်းပြောသည်။ ကျွန်တော်က အိုအိုင်စီကိစ္စကို အထူးတလည် မပြောလိုပေမယ့် သူတို့လို မွတ်ဆလင်ဘာသာဝင်တွေရှေ့မှာ မပြောရင် ကိုယ်က အလကားနေရင်း အမှားကျူးလွန်မိ၍ ဝန်ခံနေရသည့်သဖွယ်ဟု ထင်သောကြောင့် ပြောကိုပြောမှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

    သို့ပေမယ့် ကျွန်တော်မပြောခင်ကပင် သူက စာကားကိုစဆိုသည်။ "အိုင်အိုင်စီ မြန်မာပြည်ကို ဝင်လာတာဟာ မြန်မာပြည်အတွက် မကောင်းနိုင်စရာ ဘာမှမရှိပါဘူး၊ မြန်မာလူမျိုးတွေက ဘာသာစွဲ အယူစွဲ သိပ်ကြီးလွန်းတယ်"ဟု ပြောသည်။ ကျွန်တော် ဘာမှမပြောသေး။ သူဆက်ပြောသည်။ "အစ္စလာမ်ဘာသာဝင်ရှိတဲ့နိုင်ငံ ဘယ်လိုနိုင်ငံဖြစ်ဖြစ် အိုအိုင်စီရှိသင့်တယ်။ အစ္စလာမ်ဘာသာဝင်အတွက် အစ္စလာမ်ဘာသာဝင်က စောင့်ရှောက်တာ သဘာဝကျတယ်။ ဒါကြောင့် အစ္စလာမ်ဘာသာဝင် တစ်ဦးထဲရှိလျှင်တောင် ဒီအိုအိုင်စီက ရှိသင့်တယ်ဟု"ပြောသည်။ ဤနေရာတွင် မည်သည့်ဘာသာဝင်မဆို မိမိကိုးကွယ်ရာ ဘာသာကို အများအလယ်တင့်တင်စေခြင်း၊ တိုးပွားစေခြင်း၊ ထင်ပေါ်စေခြင်းမှာ ဘာသာဝင်တိုင်း၏ အလိုဆန္ဒဖြစ်သည်ကို တွေးမြင်သင့်ပါသည်။ အစ္စလာမ်ဘာသာဝင်က လာစေချင်သည်။ အခြားဘာသာဝင်က လက်ခံချင်မှ လက်ခံလိမ့်မည်။ လက်ခံသင့်လော၊ မသင့်လော စူးစမ်းရမည်။
    အိုအိုင်စီ ဝင်လာရခြင်းအကြောင်းကိုလည်း ပြန်၍သုံးသပ်ရမည်။

    ကျွန်တော်က "အိုအိုင်စီ ဝင်တာလာ ဘာအတွက်နဲ့ ဝင်လာတာလဲ။ အရင်ဆုံး အိုအိုင်စီ ဝင်လာရခြင်းအကြောင်းကို သိသလား"မေးတော့ သူက "မင်းတို့လူမျိုးတွေက အစ္စလာမ်ဘာသာဝင်တွေကို မတရားအနိုင်ကျင့်နှိပ်စက်နေတာပဲ။ နောက်ပြီး မကြာခဏဆိုလို လူမျိုးရေး ဘာသာရေး ခိုက်ရန်ဖြစ်နေကြတာ။ အဲဒီကိစ္စတွေကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းဖို့ ဝင်လာတာ မကောင်းဘူးလား။"ဟူ၏။ ကျွန်တော် အကြီးအကျယ်စိတ်ပျက်မိသည်။ စကားဖြတ်ပြီး ထပြန်လာလျှင်လည်း လူရင်းဖြစ်နေသောကြောင့် သည်းခံနေရသည်။ ကျွန်တော် သူ့စကားလုံးများကို ချေပလိုသေးသည်။ ထို့ကြောင့်ပင် အောင့်သက်သက်နှင့်ပဲ ပြန်ပြောရသည်။ "နိုင်ငံတွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အတွက် သူတို့ဘာသာကိုကူညီစောင့်ရှောက်မည့်လာတာ နိုင်ငံသားအတွက် ကောင်းပါတယ်။ ဒါပေမယ့် အခုဟာက အိုအိုင်စီဝင်လာတာဟာ ငါတို့နိုင်ငံသားတွေအတွက် လုံးဝမဟုတ်ဘူး။ မင်းလဲ တီဗွီထဲမှာ ကြည့်လိုက်ရမှာပါ။ အိုအိုင်စီ အရာရှိတွေသွားတဲ့နေရာဟာ မြန်မာနိုင်ငံ။ ဒါပေမယ့် သူတို့တွေ့ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငါတို့နိုင်ငံသားတွေ မဟုတ်ဘူး။ နိုင်ငံသားဖြစ်ပါတယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းသက်သေ ဘာတစ်ခုမှ မရှိဘူး။ ဆိုတော့ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူတွေအတွက် ကိုယ့်နိုင်ငံမှာ ရုံးစိုက်မယ်ဆိုတာ ငါတို့နိုင်ငံသားတွေအတွက်တော့ တော်တော်လေးကို စဉ်းစားရမယ်။ ငါတို့လူမျိုးဟာ ဗုဒ္ဓဘာသာဝင်တွေများတယ်။ ဗုဒ္ဓဘာသာရဲ့အရင်းအမြစ်ကို သေချာလှန်ကြည့်ရင် ငြိမ်းချမ်းရေးပဲ။
    ဒါပေမယ့် နိုင်ငံတွင်းမှာ ခိုက်ရန်ဖြစ် ပြဿနာတက်တယ်ဆိုတာကလဲ မြန်မာနိုင်ငံသား အစ္စလာမ်တွေနဲ့ရယ်လို့က ရှားတယ်။ အင်မတန်နည်းတယ်။ ငါတို့နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီအစ္စလာမ်တွေနဲ့ ဖြစ်တာကများတယ်။ အခု မင်းပြောတဲ့ အိုအိုင်စီကလဲ ငါ့နိုင်ငံသားအတွက် သူလာတာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်။ဆိုပါစို့၊ မင်းတို့နိုင်ငံမှာ ငါပြောသလို မင့်နိုင်ငံသားမဟုတ်ပဲ အခြားနိုင်ငံသားတွေက လာဝင်အောင်းမယ်။ မင်းတို့နိုင်ငံသားတွေ လက်ခံနိုင်မလား။" သူက "ဘယ်လက်ခံမလဲ။"

    ဟုတ်ပြီ။ "အဲလို လာခိုအောင်းပြီး နိုင်ငံသားတွေကိုသတ်၊ အနိုင်ကျင့်၊ မုဒိမ်းကျင့်မယ်ဆိုရင်ရော။"

    "မောင်းထုတ်ပစ်ရမယ်။"

    "အေး၊ အခု ငါ့နိုင်ငံမှာလည်း မင့်လိုပဲပေါ့။ မောင်းထုတ်ပစ်မှာပေါ့။ ဒါပေမယ့် အရင်အာဏာရှင်တွေလက်ထက်မှာ အာဏာအလွဲသုံးစားနဲ့ တိုင်းပြည်ကို လစ်လျူရှုခဲ့လို့ အခုချိန်မှာ ဒီလိုပြဿနာတွေ ဖြစ်နေတာပဲ။ ငါတို့နိုင်ငံမှာ ဘယ်နိုင်ငံမှာမှမရှိတဲ့ ဝှိုက်ကဒ်ဆိုတာရှိတယ်။ အဲဒီ ဝှိုက်ကဒ်ဟာ နိုင်ငံသားမှန်းသေသေချာချာ မစိစစ်ပဲနဲ့ ထုတ်ပေးထားတာ။ ဒီလောက်သဘောကောင်းတဲ့နိုင်ငံ မင်းတွေ့ဖူးလို့လား။
    မင်းတို့ နာဂျစ် ဘင်္ဂလားတွေကို အိုင်စီခိုးထုတ်ပေးတာတောင် မင်းတို့လူမျိုးတွေက အဲဒီဘင်္ဂလားတွေကို မြို့လယ်ခေါင်မှာ ရိုက်သတ်သေးတာပဲ။ ဒီလောက်ဆို သိရောပေါ့။

    ကျွန်တော်လည်း ထိုကဲ့သို့ပြောပြီး ထပြန်လာရလေသည်။ နောက်က ပါလာသည့်တရုတ်ကတော့ "မင်းတော်တော် စိတ်ဆိုးသွားတာလား"ဟု မေး၏။ "အင်း"ဟု ဖြေလိုက်၏။ အမှန်တကယ်ဖြေရလျှင် စိတ်ဆိုးပါသည်။ တစ်ဖက်သတ်အပြောခံရသည်မျိုးကို သည်စာဖတ်မိသူတိုင်း လက်ခံနိုင်မည်မထင်ပါ။ ထို့ကြောင့် ညနေက ဖြစ်ပျက်ခဲ့သော ဤအကြောင်းလေးကို ရေးရင်း စိတ်ကိုဖြေလိုက်ရပါတော့သည်။ လက်ခံ၊ မခံ ဖတ်သူသဘောအတိုင်း ဖြစ်ပါစေသတည်း။
    ------------------------------------------
    မင်းကြည်ညို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...