Tuesday, November 26, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း (၂)

Min Kyaw Khine
မွန်ပြည်သစ်ရဲ့ ဗိုလ်မှုးဆိုသူက ကျနော်တို့ တယောက်ချင်းစီရဲ့မျက်နှာတွေကို သူ့လက်နှိပ်ဓါတ်မီးနဲ့ထိုးကြည့်ရင်း ကျနော့်ဘေးမှာထိုင်နေတဲ့ ရဲလွင်ရဲ့မျက်နှာကိုလဲ မြင်လိုက်ရော ဟာ..ဆရာပါလား၊ ဆရာ ကျနော့ကိုမမှတ်မိဘူးလား..ကျနော်ထွန်းအောင်လေ ဆရာ.. ဆိုပြီး အံ့သြောဝမ်းသာသွားတဲ့အသံကြားလိုက်ရတယ်၊
ကျနော်လဲ ရဲလွင်ကို တံတောင်နဲ့ တွတ်ပြီး မင်းကြည့်ရှင်းလိုက်ဆိုတဲ့အထာပေးလိုက်တယ်၊ ရဲလွင်က ဟာဗျာ..ခင်ဗျားမျက်နှာ ကျနော်မြင်မှမမြင်ရတာ ဘယ်လိုလုပ်မှတ်မိမှာလဲ လို့ပြန်မေးလိုက်တယ်၊ အဲဒီမှာတင် ဗိုလ်မှုးထွန်းအောင်ဆိုတဲ့သူက သူ့မျက်နှာသူ သူ့ဓါတ်မီးနဲ့ပြန်ထိုးပြီး ဆရာ ကျနော်ဆရာ့ဆီမှာ တနင်္ဂနွေအပါတ်တိုင်း စာလာလာမေးခဲ့တာလေ၊ အဲဒီတုန်းက ကျနော်က ဘုန်းကြီးဝတ်ကြီးနဲ့ပါဆရာ..ဆရာ ဒါဆရာ့သူငယ်ချင်းတွေမဟုတ်လား၊ ဘာမှမပူနဲ့ဆရာ၊ ကျနော်အားလုံးတာဝန်ယူတယ် ဆိုပြီး သူ့တပည့်ရဲဘော်တွေကို ဟေ့ ဒါ ငါ့ဆရာကွ၊ ငါတက္ကသိုလ်မှာ စာပေးစာယူကျောင်းတက်တုန်းက ငါ့ကို စာအမြဲပြပေးတဲ့ငါ့ဆရာပဲ..လို့ပြောပြီးသကာလ ကျနော်တို့အုပ်စု ဓနိတောရွာထဲ ရင်ကော့ဝင်နိုင်ခဲ့ကြပါတယ်၊ ဗိုလ်မှုးက ရဲလွင်ကို ဆရာရေ ကျနော်က မွန်ပြည်သစ်ပါတီဝင် ယူဂျီတယောက်အနေနဲ့ တက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆရာ ဆိုပြီး သူ့တော်လှန်ရေးရည်မှန်းချက်တွေစီကာရီကာပြောရင်းကျနော်တို့နဲ့အတူ ရွာထဲလိုက်ခဲ့ပါတယ်၊ ရွာက သူပြီးရင်ပြီးတယ်ဆိုတာသက်သေတောင်ပြလိုက်ပါသေးတယ်၊ ကျနော်တို့အုပ်စုကို ရွာရဲ့ ချမ်းသာတဲ့မိသားစုအိမ်တအိမ်မှာ တည်းခိုဖို့စီစဉ်ပေးတဲ့အပြင် ညစာကိုတောင် အိမ်မွေးဝက်တကောင်ချက်ချင်းပေါ်ခိုင်းပြီး ဝက်ဆီပြန်ဟင်းချက်ခိုင်းလိုက်တာပါပဲ။

အဲဒီတုန်းက စစ်အုပ်စုနဲ့ စစ်အာဏာရှင်စံနစ်ကိုအမြစ်ပြတ်ချေမှုန်းကြဖို့ တော်လှန်ရေးစိတ်ဓါတ်အပြည့်ရှိကြတဲ့အချိန်၊ ကျနော်တို့နဲ့အတူနယ်စပ်ဒေသကိုထွက်လာကြတဲ့သူအားလုံးဟာ မြန်မာပြည်တော်လှန်ရေးအတွက် အင်အားစုကြဖို့၊ လက်နက်ကိုင်တိုက်ပွဲဆင်နွဲကြဖို့ နယ်စပ်ကိုထွက်လာကြတဲ့ လူတန်းစားပေါင်းစုံ ကျောင်းသား၊ လူငယ်၊ လူကြီး၊ ရဟန်းသံဃာ၊ ရှင်းရှင်းပြောရရင် လက်လုပ်လက်စားရော ဆိုက်ကားသမားရော လူပေါင်းစုံဖြစ်ကြပေမဲ့ အားလုံးမှာ တော်လှန်ကျောင်းသားစိတ်ဓါတ်နဲ့ ကိုယ့်ကိုယ်ကို ကျောင်းသားတွေလို့ တညီတညွတ်ထဲခံယူထားကြတဲ့အချိန်ပါ၊ ဒါပေမဲ့ လူအုပ်ကြီးက ၃ဝဝ ကျော်ဆိုတော့ တထောက်နားရမယ့်ရွာတွေရောက်ရင် တည်းခိုကြဖို့ အိမ်တွေကတော့ မတူကြပါဘူး၊ ရွာပြင်စပ်ကအိမ်တွေရောက်တဲ့သူကရောက်၊ လက်လုပ်လက်စားရွာသားတွေအိမ်ကိုရောက်တဲ့သူကရောက်၊ ရွာသူကြီးအိမ်ရောက်တဲ့သူကရောက်၊ ကုန်စုံဆိုင်ပိုင်ရှင်တို့ လယ်ယာပိုင်ရှင်တို့လို ချမ်းသာတဲ့အိမ်တွေရောက်တဲ့သူကရောက်ပေါ့၊ ကျနော်တို့ ရန်ကုန်သားအုပ်စု ၇ ယောက်ကတော့ ရဲလွင်ကောင်းမှု၊ မွန်ပြည်သစ်ပါတီဗိုလ်မှုးထွန်းအောင်ကောင်းမှုတို့နဲ့ ရောက်လေရာရွာတွေမှာညအိပ်နားကြရတဲ့အခါ သူကြီးအိမ်ဖြစ်ဖြစ်၊ သူဌေးအိမ်ဖြစ်ဖြစ်၊ ခြင်ထောင်တွေနဲ့ ကောင်းကောင်းမွန်မွန်တည်းခိုရတဲ့အပြင် ထမင်းဟင်းကောင်းကောင်းချက်ကျွေးကြတာပြန်သတိရရင်းကျေးဇူးတင်မိတယ်၊ ဒါပေမဲ့ အများစုကတော့ ကြုံသလို ကြုံရာအိမ်တွေမှာ ကြုံသလိုပဲ တည်းကြ စားကြရတာကိုစိတ်မကောင်းဖြစ်ရတယ်၊ ရွာခံတွေကတော့ သူတို့ရှိသမျှနဲ့ ဧည့်ခံကြတာကတော့ ရင်မှာကြည်နူးစရာပါ၊ တော်လှန်ရေးအတွက်ထွက်လာကြတဲ့သူတွေ အားရပါးရစားကြတာကို ဘေးကနေထိုင်ကြည့်နေကြတဲ့သူတို့အကြည့်တွေက အားကိုးတဲ့အကြည့်တွေ၊ ငါတို့ပြည်သူတွေစစ်အုပ်စုရဲ့ အနိုင်ကျင့်မှုတွေအောက်ကနေလွတ်မြောက်အောင်လုပ်ပေးကြမဲ့သူတွေဆိုတဲ့ အားကိုးတဲ့အကြည့်တွေဆိုတာ သူတို့မျက်လုံးတွေမှာအထင်းသားပါ

နောက်နေ့မနက်ရောက်တော့ ဗိုလ်မှုးထွန်းအောင်က ကျနော်တို့ကိုလာပြောတယ်၊ ရွာထဲမှာ ဆရာတို့လိုရန်ကုန်ကပါလာတဲ့ ကျောင်းသူနှစ်ယောက်အပါအဝင် ကျောင်းသား ၇ ယောက်ရှိတယ်။ အဲဒါဆရာတို့နဲ့ညှိပြီးပူးပေါင်းကြဖို့ဆိုပြီးလာပြောတယ်၊ သူတို့ကိုကြည့်လိုက်တော့ တက ကသိုလ်ကျောင်းသူအရပ်မြင့်မြင့် ဆံပင်ရှည်ဖါးလျားချထားတခပ်ချောချောမိန်းကလေးတယောက် နာမည်က မချို၊ နောက် ဆံပင်တိုတိုနဲ့ကျောင်းသူတယောက် သူက မခိုင်၊ သူတို့နှစ်ယောက်အပါအဝင် အထက်တန်းကျောင်းသား ၅ ယောက်ရယ် ပေါင်း ၇ ယောက်နဲ့တွေ့တယ်၊ ဒါနဲ့ ရဲလွင်နဲ့ကျနော်က သူတို့ကို နားချတယ်၊ ဖြစ်နိုင်ရင်ပြန်ကြဖို့ တော်လှန်ရေးဆိုတာခရီးကြမ်းတဲ့အကြောင်း၊ သူတို့ကလဲ လုံးဝပြန်လှည့်ဖို့အစီအစဉ်မရှိဘူးဆိုပြီးအတင်းလိုက်မယ်၊ ဆုံးဖြတ်ပြီးသားဆိုပြီးပြောလာတော့ ကျနော်နဲ့ရဲလွင်လဲ ကဲမထူးဘူး လိုက်မယ်ဆိုလဲ လိုက်ခဲ့ကြတော့၊ ဒါမေမဲ့ ဒို့ကလူကြီးတွေအနေနဲ့ စည်းကမ်းတွေပြောပြတော့ အားလုံးကလိုက်နာပါ့မယ်ဆိုတဲ့ ဂတိနဲ့ ကျနော်တို့ ရန်ကုန်အုပ်စုဟာ ၁၄ ယောက်ဖြစ်သွားပါတော့တယ်။

နေ့ခင်းပိုင်း ၁ဝနာရီလောက်မှာ အားလုံးဗိုလ်မှုးထွန်းအောင်ရဲ့တပ်စိတ်နဲ့အတူ ခရီးဆက်ထွက်ခဲ့ကြတယ်၊ အားလုံးဟာ ၂ ယောက်တတွဲ တန်းစီပြီးလမ်းဆက်လျှောက်ကြရတာပါ၊ ဗိုလ်မှုးထွန်းအောင်က နားမယ်ဆိုနား၊ ဆက်ထွက်မယ်ဟေ့ဆို ဆက်ထွက်ကြပေါ့၊ ကျနော်တို့ တောနက်ထဲရောက်တဲ့အခါကျတော့ ကျနော်တို့ အနီးဝန်းကျင်ကနေ ဖြတ်ပြေးသွားကြတဲ့ ဒရယ်တွေ၊ သမင်တွေ တွေ့ရသလို တောဝက်တွေ၊ တောကြက်တွေ၊ ဖြူတွေ တော်တော်တွေ့ရတယ်၊ နေရောင်မထိုးနိုင်တဲ့တောကြီးမျက်မဲဆိုတာ စာတွေ ရုပ်ရှင်တွေထဲမှာပဲတွေ့ဖူးခဲ့ပေမဲ့ ခုတော့ ကိုယ်တွေ့ကြုံရတာတွေပါပဲ၊ လူ ၄ ယောက် ၅ ယောက် ဖက်စာလောက်ရှိတဲ့ သစ်ပင်ကြီးတွေ၊ နွယ်ပင်တွေအထပ်တပ်ယှက်နေတဲ့ သစ်ပင်အိုကြီးတွေ.....
နွယ်ပင်ဆိုလို့ ပြောပြဦးမယ် ကြုံခဲ့ရတာ...လမ်းမှာရေငတ်တဲ့အခါကျတော့ ရဲလွင်ဘေးမှာ မကြာမကြာလာလာစကားပြောတတ်တဲ့ ဗိုလ်မှုးထွန်းအောင်ကို ရေငတ်တယ်ပြောလိုက်တော့ သူက စမ်းချေင်းကရေတွေကို မကြိုချက်ပဲမသောက်ကြဖို့သတိပေးရင်း တောထဲက သစ်ပင်ကြီးတပင်မှာ တွဲလောင်းကျနေတဲ့နွယ်ပင်ကြီးကို သူ့မှာအမြဲဆောင်ထားတဲ့ စစ်သုံးဒါးနဲ့ လူတရပ်ကျော်အပိုင်းကို တိ ကနဲ ဖြတ်ချလိုက်တယ်၊ အဲဒီမှာ နွယ်ကြိုးကြီးက ဒါးနဲ့ဖြတ်လိုက်တဲ့နေရာကနေ ရေတွေကျလာတယ်လေ၊ အဲဒါသောက်လို့သူကပြောတော့ ကျနော်တို့ တယောက်တလှည့်နွယ်ကြိုးကြီးကို လက်ကဆွဲကိုင်ပြီးပါးစပ်မှာတေ့ပြီးသောက်ကြတော့ ချိုမြနေတဲ့ရေ..နွယ်ချိုရေ.....တောအကြောင်း တောင်အကြောင်း မကျွမ်းကျင်ကြတဲ့ကျနော်တို့မှာ နွယ်ချိုရေသောက်ပြီး တအံ့တသြောပါပဲ....။

ဒီလိုနဲ့ တောထဲဝင်လိုက် ရွာထဲဝင်လိုက်နဲ့သွားကြရင်း ကျနော်တို့အုပ်စုကြီး ရေး-ထားဝယ်ကားလမ်းကိုဖြတ်ရမယ့်နေ့ရောက်လာပါတော့တယ်၊ ရေး-ထားဝယ် ကားလမ်းမှာ စစ်တပ်ကကားတွေ ၁၅ မိနစ်တခါဖြတ်ဖြတ်ပြီးကင်းလှည့်နေကြတာကိုး၊ စစ်တပ်က အာဏာသိမ်းထားပေမဲ့ ကျနော်တို့ရောက်နေတဲ့နေရာက အမဲရောင်နယ်မြေလေ၊ တခါတခါတိုက်ပွဲမရှိရင် အညိုရောင်နယ်မြေပေါ့၊ ကင်းလှည့်စစ်ကားတွေကြားကဖြတ်ထွက်ဖို့က ကျနော်တို့ လူ ၃ဝဝ ကျော်အတွက် ၁၅ မိနစ်ဆိုတာ သိပ်မလွယ်ဘူးလေ၊ ကျနော်တို့ အဲဒီ ရေး-ထားဝယ်ကားလမ်းကိုဖြတ်ဖို့ အဲဒီနားက လယ်ကွင်းတွေထဲမှာ ၃ ရက်ကြာအောင်စောင့်ခဲ့ရတယ်၊ ကားလမ်းကိုဖြတ်ကူးဖို့ အခြေအနေပေးတဲ့အချိန်မှာ ကျနော်တို့ ကားလမ်းနားကိုရောက်ဖို့ ကိုက်ငါးဆယ်လောက်ရှိတဲ့ ရေတွေပြည့်နေတဲ့ လယ်ကွက်အဟောင်းကြီးကိုဖြတ်ရမယ်၊ တခြားနေရာရွေးလို့မရဘူးလေ၊ ဒီလယ်ကွက်ဟောင်းကိုဖြတ်လိုက်ပြီးပြီဆိုရင် တဆက်ထဲ ကားလမ်းဟိုဖက်ခြမ်းမှာက ဒူးယားဆိုတဲ့ရွာကြီးကို သွားရမဲ့လမ်းနဲ့က ကပ်နေလို့ လို့ ဗိုလ်မှုးထွန်းအောင်ကပြောပြတယ်၊ ဖြတ်ရမဲ့ လယ်ကွင်းပျက်ကြီးထဲမှာ ရေက အနက် ၄ ပေလောက်ရှိတယ်၊ ဒါကပြသနာမရှိဘူး၊ ဒါပေမဲ့ ပြသနာက အဲဒီလယ်ကွင်းထဲက မျှော့တွေပဲ၊ လူကြီးတယောက်ရဲ့လက်တထွာလောက်ရှိတဲ့ တောမျှော့ကြီးတွေပါ၊ မျှော့ကြီးတွေကို ပါလာတဲ့တခြားမိန်းကလေးတွေ အမျိုးသမီးတွေကမမှုကြပေမဲ့ ကျနော်တို့ ရန်ကုန်အုပ်စုထဲက မိန်းခလေးကျောင်းသူနှစ်ယောက်က မျက်နှာတွေမဲနေကြပြီ၊ မှန်တာပြောရရင် ကျနော်တို့လည်း နဲနဲတော့ဖြုံသွားတာပဲလေ၊ ဒါမျိုး ကြုံဖူးဖို့မပြောနဲ့ ခုမှ မျက်မြင်ကိုယ်တွေ့ ဒီတောမျှော့ကြီးတွေတွေ့ရတာကိုး.....
ဘယ်လိုပဲဖြစ်ဖြစ် မျက်စေ့မိတ်ပြီးဖြတ်ရတော့မှာပဲလေ..ဒီတောမျှော့တောကြီးကို....

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...