Wednesday, November 20, 2013

အာဏာရှင်ဗိုလ်ချုပ်နေဝင်း၏ ဇတ်သိမ်းခန်း အပိုင်း (၁၀)

သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၈၊ ၂၀၁၃

ထို့နောက် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံ ကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံစနစ်အဖြစ် ပြောင်းလဲရန် ကြေညာပြီး ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ခဲ့သည်။ နုတ်ထွက်သည့်နေ့၌ ပါတီညီလာခံတွင် ဦးနေဝင်းက “နောက်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ တပ်ကို သုံးလို့ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်” ဟူ၍ ပြောကြားကာ တပ်နှင့် ပြည်သူကို သွေးခွဲခဲ့လေသည်။

ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ စတင်တည်ထောင်ခဲ့သော မဆလပါတီသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်အထိ နှစ်ပေါင်း ၂၆ နှစ်ကျော်၌် လုံးဝချုပ်ငြိမ်းသွားခဲ့သည်။ မဆလပါတီကြီး ကျဆုံးခဲ့ရသည်မှာ (က) ပြည်သူလူထုကို အနည်းဆုံး၊အနိမ့်ဆုံး စားဝတ်နေရေး ပြည့်စုံအောင် ပြုလုပ်အားပေးနိုင်ခြင်း မရှိခြင်း ၊ (ခ) နောက်တဆင့် တက်၍ ပြည်သူလူထုအား လူမှုဘဝအထွေထွေ ပြည့်ပြည်စုံစုံဖြစ်အောင် မပြုလုပ်နိုင်ခြင်း၊ (ဂ) ပြည်သူလူထုအား ချမ်းသာအောင် လုပ်မပေးနိုင်ခြင်းကြောင့် မဆလပါတီ ကျဆုံးခဲ့ရလေသည်။
ပြည်သူလူထု၏ လူမှုဘ၀ကို တိုးတက်အောင် လုပ်ပေးနေသော အခြားကမ္ဘာ့ဆိုရှယ်လစ် နိုင်ငံများသည် တိုးတက်အောင်မြင်မှု ရရှိသွားသည်ကို တွေ့ရပေသည်။ ထိုကဲ့သို့ လူထုဆန္ဒကို မဖြည့်ဆည်းနိုင်သော မြန်မာနိုင်ငံအပါအ၀င် ဆိုရှစ်လစ်နိုင်ငံများသည် နိုင်ငံရေးရည်မှန်းချက် ကျဆုံးကာ ဆိုရှယ်လစ်စနစ်ကို စွန့်လွှတ်လိုက်ရသည်။
ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုသည် ဆိုရှယ်လစ်ဝါဒဖြစ်စေ၊ အရင်းရှင်စနစ်ဖြစ်စေ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ပြည်သူလူထု၏ အခြေခံဖြစ်သော စား၊ ၀တ်၊ နေရေးကို မဖြည့်ဆည်းနိုင်လျှင် ပထမအဆင့်၌ တစ်နိုင်ငံလုံး ဆူပူအုံကြွလျက် အရေးတော်ပုံကြီး ပေါ်ပေါက်မည် ဖြစ်သည်။ ဒုတိယအဆင့်၌ မိမိနိုင်ငံသည် သူများထက် နိမ့်ကျလာပြီး အခြားနိုင်ငံ၌ စီးပွားရေးကျွန်ဘ၀ ရောက်ရှိကာ လူထုဘ၀ အခြေအနေသည် တဖြည်းဖြည်း နိမ့်ကျလာမည်ဖြစ်သည်။  နောက်ဆုံး တတိယအဆင့်၌ တစ်နိုင်ငံလုံး ဘုံးဘုံးလဲကျကာ အခြားနိုင်ငံကြီးများ၏ သိမ်းပိုက်ခြင်းကိုပင် ခံနိုင်ရစရာ ရှိလေသည်။ လက်ရှိ အစိုးရသစ်အထိ မြန်မာနိုင်ငံသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မဆလပါတီ ကျဆုံးရသည့် အခြားအကြောင်းအရင်း တစ်ခုမှာ နိုင်ငံရေး စီမံကိန်း (၀ါ) နိုင်ငံရေး အချိန်ဇယား မရှိခဲ့ခြင်း ဖြစ်သည်။ ပါတီခေါင်းဆောင်များသည် လူထုအား မစားရ၀ခမန်း မိန့်ခွန်းများချွေ၍ အားလုံးသာတူညီမျှ ဖြစ်ရမည်။ ခေါင်းပုံဖြတ်တာ မရှိစေရ။ လူဆင်းရဲ မရှိရ ဟူသော ကတိအမျိုးမျိုး ပေးကာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည်။ တကယ်တမ်း အကောင်အထည် ဖော်သောအခါ မည်သည့်စာရင်းဇယားမှ တိတိကျကျမရှိဘဲ မတိကျသော၊ မရေရာသော စာရင်းဇယားများကို အခြေခံ၍ စီမံကိန်းများကို အတင်းအဓမ္မ အကောင်အထည်ဖော်ခဲ့သည်။ မတိကျသော စာရင်းဇယားများကို အခြေခံ၍ ရေးဆွဲအကောင်အထည်ဖော်သော စီမံကိန်းသည် မည်သည့်နိုင်ငံမျှ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် တိုင်းပြည်သို့ လေးနှစ်စီးပွားရေး စီမံကိန်းများ အောင်မြင်မှုရရှိသယောင် လိမ်ညာဝါဒဖြန့်ခဲ့ကြသည်။
ထို့ပြင် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် မည်သည့်အခါမျှ ပွင့်လင်းမြင်သာမှု မရှိခဲ့ချေ။ ပွင့်လင်းမြင်သာမှု ကင်းမဲ့ရာမှ နောက်ဆုံးတွင် တရားမျှတမှု ကင်းမဲ့လာသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ နေရာတိုင်း ဌာနတိုင်းတွင် ကိုယ်ကျိုးရှာသမားများ ၊ လာဘ်ပေးလာဘ်ယူမှုများ၊ အချောင်သမား ရေသာခိုသမား၊ မလုပ်မရှုပ် လည်သလို လုပ်စားသူများ ကြီးစိုးလာရာမှ နောက်ဆုံးတွင် စာရိတ္တမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်ပါ ယိမ်းယိုင် ပျက်စီးသွားခဲ့ရလေသည်။
မဆလ ကျဆုံးရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ခေါင်းဆောင်များ၏ နိုင်ငံရေး အရည်အသွေး နည်းပါးမှုပင် ဖြစ်သည်။ မဆလ ပါတီကို ဦးဆောင်နေသော ယူနစ်ကော်မတီမှ ဗဟိုကော်မတီအဆုံး နိုင်ငံရေး ရင့်ကျက်မှု (Political Maturity) နှင့် ခေါင်းဆောင်မှု အရည်အသွေး အညံ့ဖျင်းဆုံး ရသည့်အထဲ ကိုယ်ကျိုးဆန္ဒ ရှေ့တန်းတင်သော အတ္တသမားများကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ တော်လှန်ရေးကောင်စီ ခေတ်မှ ယနေ့တိုင် မြန်မာနိုင်ငံတွင် သန်းခေါင်ယံကျော်အချိန်၌ အိမ်တံခါးကို တဒုန်းဒုန်း လာထုပြီး ဧည့်စာရင်းစစ်ရန် တံခါးအတင်းဖွင့်ခိုင်း၍ အိမ်ထဲအတင်းဝင်ကာ ရှိသမျှ ပစ္စည်းများကို မွှေနှောက်ရှာ ပြုလုပ်ပြီး အိမ်သားကို ခဏလေး လိုက်ခဲ့ဟု ခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ရပ်များသည် မြန်မာလူထုအဖို့ သိပ်မဆန်းလှသော မြင်ကွင်းဖြစ်သည်။ ဖမ်းဝရမ်း မရှိ၊ အကြောင်းပြချက်မလို၊ ဘာမှမေး၍မရ၊ ဘယ်လောက်ကြာမည် ဆိုသည်ကို မသိ ဘယ်ခေါ်သွားမှန်းမသိ၊ ဘာပြစ်မှုမှန်း မသိ၊ ဘာပုဒ်မနှင့် အရေးယူသည် မသိ၊ တပ်ချင်သည့်ပုဒ်မ တပ်၍ ဖမ်းဆီးထောင်ချမှုများ ယနေ့တိုင် ရှိသည်။ `
ဗိုလ်နေ၀င်း၏ စစ်အာဏာရှင် စနစ်ဆိုးကြီး လက်ထက်တွင် ထောက်လှမ်းယန္တရားကို အဓိကထား သုံးစွဲပြီး ၊ လူထုအား အကြောက်တရားမျိုးစုံဖြင့် ထိပ်လန့်နေအောင် ဖန်တီးအုပ်ချုပ်ခဲ့သည်မှာ ၂၆ နှစ်ကြာ ရှည်ခဲ့သည်။
စစ်ထောက်လှမ်းရေး၊ အမျိုးသားထောက်လှမ်းရေး၏ လွှမ်းမိုးထားနိုင်မှုက အံ့သြလောက်သည်။ လက်ဖျားခါလောက်သည်။ သြချ လောက်သည်။ နောက်ဆုံး၌ လူထုသည် ကြောက်ရွံ့စိတ်၊ မခံချင်စိတ်၊ ရွံရှာစိတ်တို့ဖြင့် စိတ်ဒဏ်ရာများ ရရှိခံစားခဲ့ရသည်။  ဤမျှလောက် တောင်ပဲလားဟု မမေးနှင့်။ စာရေးသူကိုယ်တိုင် ထောက်လှမ်းရေး ၁၂ ၊ ထောက်လှမ်းရေး ၆ တို့တွင် နည်းမျိုးစုံဖြင့် စစ်ကြောမေးမြန်း ခံရသောကြောင့် ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်သည်။ မြေလှန်လျှင် မြက်ပုပ် ချေးခြောက်ရေနူးဖြစ်အောင် ကုန်စင်အောင် ဇာတ်ကြောင်းပြန် လှန်လျှင် ကြားရသူအပေါင်း ကြက်သီးထသွားမည် ဖြစ်သည်။
ကာယကံရှင်ကို အသာထားဦး၊ မဆီမဆိုင် လက်ပံသားဓားချိုင် ဆိုသကဲ့သို့ နီးစပ်ရာလူ၊ မိသားစု ၀င်များကိုပါ ခေါ်ဆောင် နှိပ်စက်ခဲ့မှုများသည် တထောင့်တည ပုံပြင်မဟုတ်။ယနေ့ တိုင်အရှင်နေသေးသော စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် (အငြိမ်းစား) ကိုသာ မေးကြည့်စေလိုပါသည်။
သို့ကလို တနွယ်ငင် တစင်ပါ ဆိုသလို ခေါ်ယူနှိပ်စက်ခဲ့သောကြောင့် လူထုကြား၌ ထောက်လှမ်းရေးဆိုလျှင် ရွံစရာ၊ ကြောက်စရာ ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုများ၊ သံသယများ ၀င်လာခဲ့သည်။ စကားဝိုင်းတစ်ခု၌ လူစိမ်းတစ်ယောက် ရောက်လာသည်နှင့် အားလုံးက ဆိတ်သွားကြသည်။ အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ တစိမ်းတရံရှေ့၌ မည်သူမျှ ပွင့်ပွင့်လင်းလင်း မပြောရဲ၊ မဆိုရဲအောင် လူတိုင်းလူတိုင်းသည် အပိတ်အမှောင် လောက၌ နှစ်ရှည်လများ နေလာခဲ့ရပေသည်။
ဤသို့ဖြင့် အာဏာရှင်အစိုးရနှင့် ပြည်သူလူထုသည် ကွာဟမှု တဖြည်းဖြည်းကြီးသထက်ကြီးကာ မီးဝေးချိပ်ပမာ အနေဝေး၍ စိမ်းသွားခဲ့ကြသည်။ အစိုးရဘာလုပ်လုပ်၊ လူထုသည် စိတ်မ၀င်စားရုံမျှမက မယုံကြည်ကြချေ။ လူထုယုံကြည်မှုမရှိသော ၊ ထောက်ခံမှု မရှိသော အစိုးရလုပ်ဆောင်ချက်တိုင်းသည် မည်မျှပင် ရည်ရွယ်ချက် ကောင်းစေကာမူ မအောင်မြင်ဖြစ်ကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ဆုံး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၌ အောက်ဆုံးအဆင့်သို့ လျှောကျသွားရသည်မှာ မည်သူမျှ ငြင်းမရပေ။
ထို့ပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးစီမံခန့်ခွဲ အမှားအယွင်းများကြောင့် တိုင်းပြည်နှင့် လူထုသည် ချွတ်ခြုံကျသွားခဲ့ရလေသည်။ အချုပ်အားဖြင့် ဆိုရလျှင် မဆလပါတီ ကျဆုံးသွားပါသည်။ နိုင်ငံ၏ နိုင်ငံရေး မူဝါဒသည် မိမိတိုင်းပြည်နှင့် ကိုက်ညီသည့် နည်းဗျူဟာကို မချမှတ် မဆောင်ရွက်နိုင်ခြင်း၊ ခေတ်အခြေအနေ ၊ မိမိတိုင်းပြည် အခြေအနေ နားလည်သဘောပေါက်မှု မရှိဘဲ တရားသေ၀ါဒ ကျင့်သုံးခဲ့ခြင်း၊ တိုင်းပြည် ရေရှည် အကျိုးစီးပွားရေး အလေးမထားဘဲ ပါတီမူဝါဒကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့မှုကြောင့် ကျဆုံးခဲ့ရပေသည်။

ဗိုလ်ချုပ်ကြီး နေ၀င်းကိုယ်တိုင်က နိုင်ငံရေး ယုံကြည်ချက်မှာ နိုင်ငံတော်၏ အကျိုးအတွက် အဓိက မဟုတ်ဘဲ အာဏာတည်မြဲရေးကိုသာ အဓိကထား၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် သူယုံကြည်စိတ်ချ ရသူများကို အရည်အချင်း ရှိ / မရှိ အကျင့်စာရိတ္တ ကောင်း၊ မကောင်း မစိစစ်ဘဲ နိုင်ငံတော်၏ ကြီးလေးသော တာဝန်များကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဗိုလ်နေ၀င်းသည် နိုင်ငံရေးကို အပေါ်ယံကြော နားလည်သူဖြစ်ပြီး သက်ဝင်ယုံကြည်သူ မဟုတ် ဟု ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများက ကွယ်ရာ၌ ဖွင့်ဟကြသည်။
အာဏာကို အဓိကထားသည်နှင့်အမျှ “မူ” ထက် “လူ” က အဓိက ဖြစ်ခဲ့ပါတော့သည်။ ပုံစံအားဖြင့် ပါတီမှ အခြေခံလူတန်းစား နှစ်ရပ်ဖြစ်သော အလုပ်သမားနှင့် လယ်သမားများ၏ ဘ၀ကို မြှင့်တင်ပေးရန် မူချဖွဲ့စည်းခဲ့သော  အဖွဲ့အစည်းများမှ တာဝန်ခံလူကြီးများသည် လယ်သမားများ၏ ဘ၀အမှန်ကို မသိကြရုံမျှ မဟုတ်ဘဲ လယ်သမားများ၏ တင်ပြချက်များကိုလည်း လုံးဝဂရုမစိုက်ခဲ့ကြသဖြင့် လယ်ယာလုပ်ငန်းများ ကျဆင်းကာ အရှေ့တောင်အာရှ၏ စပါးကျီအဖြစ်မှ အဆင်းရဲဆုံး နိုင်ငံဘွဲ့ကို ရရှိသည်အထိ ဖြစ်ခဲ့ရသည်။
ထို့အတူ အလုပ်သမားများ၏ အခွင့်အရေးများကို အသေးစိတ် လေ့လာခြင်းမပြုဘဲ အပေါ်ယံကြောဖြင့် “၀န်ထမ်းအားလုံး ခံစားခွင့်အတူတူ ဖြစ်ရမည်” ဟု လေသံဖြင့်သာ လုပ်ဆောင်ခဲ့သောကြောင့် လစာ ၊ ဆုကြေး၊ ပင်စင် စသည်များတွင် အခွင့်အရေး မညီမျှမှုများ ဖြစ်ပေါ်ခဲ့သည်။ အလုပ်သမားများကို အလေးမထားမှုမှတဆင့် မမျှမတ ဖြစ်လာမှုများကြောင့် လုပ်အားများ ကျဆင်းရပြီး နိုင်ငံအတွက် ထိခိုက်နစ် နာစေခဲ့သည်။
ဝန်ထမ်းများ အခွင့်အရေး ခံစားရရှိမှုတွင်လည်း လူကြီးပိုင်းနှင့် နီးစပ်သည့်ဌာနများကသာ ခံစားခဲ့ရသည်။
ဥပမာအားဖြင့် ဗိုလ်ချုပ်ကြီးနေ၀င်း၏ စိတ်ဝင်စားမှု ခံရသော ကျောက်မျက်ရတနာ ကော်ပိုရေးရှင်းမှ ၀န်ထမ်းများ၏ မမှန်မကန်လုပ်ဆောင် မှုကို အခြားအဖွဲ့အစည်းများမှ ၀န်ထမ်းများသည် ငုံ့၍ ခံခဲ့ကြရသည်။ ရဲအဖွဲ့ ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အကောက်ခွန် အစရှိသည့် ဌာနအဖွဲ့အစည်းများမှ ၀န်ထမ်းများ ဖမ်းဆီးရမိသော အဖိုးတန်ကျောက်မျက်ရတနာများကို ထိုက်တန်သော တန်ဖိုးမပေးဘဲ ၀ယ်ယူခဲ့ပြီး ပြန်ရောင်းပြီးသောအခါတွင် မြတ်စွန်းသည့်အပေါ်တွင် မူတည်၍ ဆုကြေးငွေများကို ကျောက်မျက် ၀န်ထမ်းများက ခွဲဝေယူခဲ့ကြသော်လည်း ဖမ်းဆီးပေးခဲ့သော အဖွဲ့အစည်းများအတွက် ဘာမှ ထပ်မံခံစားခွင့် မပေးခဲ့ချေ။
ဝန်ထမ်းများ ခန့်ထားရေးတွင်လည်း အာဏာနှင့် အခွင့်အလမ်းကို သုံးကြသဖြင့် ထိုက်တန်သော အရည်အချင်းရှိသော နိုင်ငံသား အများအပြားပင် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်အတွက်လည်း လူတော်လူကောင်းများ ဆုံးရှုံးနစ်နာခဲ့ရသည်။ လူကြီးများ၏ နွယ်ငင်ဆက်စပ်သော အရည်အချင်း မရှိသည့် လူများသာ အရှက်ကင်းမဲ့စွာ အခွင့်အရေးယူခြင်းကို တရားသဖြင့် ရရှိသကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြုလုပ်လာခဲ့ကြသည်။
အာဏာကို အဓိက ထားသည်နှင့်အမျှ အာဏာရှိသူများသည် အခွင့်အရေး ရှိသမျှကို မရှက်မကြောက် ရယူကြသည်ကို လူထုသည် သိလျက်နှင့် မတတ်သာဘဲ ခေါင်းငုံ့ လည်စင်းခံခဲ့ရသည်။
ဤသို့ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့အသက်စည်းစိမ် ကာကွယ်ရန် တာဝန်ပေးခံခဲ့ရသော လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးသည်လည်း နိုင်ငံသားများကိုသာ ဖိနှိပ်ညှင်းပမ်းသည့် ယန္တရားများ ဖြစ်လာပါတော့သည်။ လူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဗိုလ်ကျနှိပ်ကွက်လာခဲ့သည်။ အသက်မပေးဘဲ ဘာကိုမှလုပ်၍ မရတော့လောက်အောင် ပျက်စီးခဲ့ရသည်။ လူထုကို အနိုင်ကျင့်ရုံမျှမက အစိုးရဌာန အချင်းချင်းကိုပင် နိုင်ရာစား ၀ါဒ ကျင့်သုံးလာခဲ့ကြတော့သည်။
ယင်းကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေမျိုးကို ဗိုလ်ချုပ်ကြီး နေ၀င်းသည် လုံးဝ မသိရှိခဲ့၍လော၊ သိလျက်နှင့် ခွင့်ပြုခဲ့ခြင်းလော ဆိုသည်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းသာ အသိဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် “မင်းနားတစ်ထောင်၊ မင်းမြှောင်တစ်သိန်း” ဟူသော ဆိုရိုးစကားအရ လုံးဝမသိနိုင်သော အခြေအနေမျိုး မဟုတ်ဘဲ မသိချင်ယောင်ဆောင်နေခြင်း (၀ါ) အိပ်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး နေ၀င်းသည် ယင်း၏ အာဏာတည်မြဲရေးနှင့် ဘ၀တည်မြဲရေးအတွက် အလွန်သတိကြီးစွာ ထား၍ ဆောင်ရွက်ခဲ့သည်။ ၎င်းထက် လက်ဝါးစောင်းထက်သူများ ၎င်းအား ခြေရာတိုင်းလာနိုင်သူများအား ဖြိုခွင်းခြင်းကို ရက်စက်စွာပင် ပြုလုပ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပြိုင်ဘက်ကင်းသလောက်ပင် ဖြစ်လာခဲ့သည်။ ၎င်းအား အတိအလင်း ခြေရာတိုင်းမည့်သူ၊ ဆန့်ကျင့်မည့်သူများ မရှိသလောက် ဖြစ်နေချိန်၌ ဖြစ်ပေါ်လာနိုင်သူများအား ဖော်ထုတ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။
တဖန် ဗိုလ်ချုပ်ကြီး နေ၀င်းသည် အလွန်ကွက်ကျော်မြင်တတ်သူ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားဟောင်း အများစုပြောလေ့ရှိသော စကားတစ်ခုမှာ “ကွက်ကျော်ရိုက်တဲ့ နေရာမှာတော့ ဗိုလ်နေ၀င်းဟာ အတော်ဆုံးဘဲ” ဟူ၍ ဖြစ်သည်။

ဗိုလ်နေ၀င်းသည် တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေး အခြေအနေကို လိုက်နိုင်ရန် မဆိုထားဘိ၊ အခြေခံစီးပွားရေး သဘောတရားကိုပင် နားလည်သဘောပေါက်ခြင်း မရှိကြောင်း၊ အတတ်ပညာရှင်များ၏ အကြံဥာဏ်ကိုလည်း ခံယူခြင်းမပြုကြောင်း၊ မြန်မာပြည်၏ စီးပွားရေး အခြေအနေသည် အလွန်ပင် ဆိုးဝါးသွားနိုင်ကြောင်း၊ စီးပွားရေး စီမံကိန်းများ စတင်အကောင်အထည် ဖော်ချိန်မှစ၍ အတိအလင်း ထုတ်ဖော်တင်ပြခဲ့ကြသည်။
သို့သော် ဗိုလ်နေ၀င်း၏ ခေါင်းမာမှု၊ ငါတကောကောမှု၊ ဒေါသခက်ထန်မှု၊ မာန်မာနထောင်လွှားမှု စသည်တို့ကြောင့် မည်သူ၏ စေတနာဖြင့် အကြံပေးမှုကို လက်မခံခဲ့ချေ။ ဤသို့ဖြင့် အကြံကောင်း ဥာဏ်ကောင်းလေး ပေးမည့်သူများနှင့် ကူညီအားပေးလိုသူများ ကင်းဝေးခဲ့ရသည်။ ပို၍ ဆိုးသည်မှာ စည်းကမ်းကန့်သတ်ချက် မရှိဘဲ နိုင်ငံပိုင် ပစ္စည်းများ ငွေကြေးများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားမှု ပြုမှုပင် ဖြစ်သည်။ နိုင်ငံခြားမှ ကူညီထောက်ပံ့သော ငွေများသည် မည်သည့်အကြောင်းကြောင့်မဆို နိုင်ငံပိုင် ငွေစာရင်းထည့်ပြီးမှသာ ဥပဒေ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုရန် ဖြစ်သည်။ နိုင်ငံပိုင် ငွေကြေးဥစ္စာတို့ကို သက်ဆိုရာ ဌာနသို့ စာရင်းမသွင်းဘဲ သုံးခြင်းသည် နိုင်ငံပိုင် ပစ္စည်းဥစ္စာကို ခိုးယူသူပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြား စာနယ်ဇင်းများ၏ ထုတ်ဖော်ချက်များအရ ဗိုလ်ချုပ်ကြီး၏ နိုင်ငံခြားဘဏ်တွင် အပ်နှံထားသော ငွေကြေးအများအပြား ရှိကြောင်း ဘူးပေါ်သလို ပေါ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး နေ၀င်းအား ဆန့်ကျင်ဝေဖန် ထောက်ပြကြသော ပုဂ္ဂိုလ်များကို ၎င်း၏ အာဏာတည်မြဲရေးအတွက် တတိယအကြိမ် ပါတီညီလာခံကို အကြောင်းပြု၍ အရည်အချင်း ရှိသော်လည်း စိုးရိမ်ရသော ပုဂ္ဂိလ်များအဖြစ် သတ်မှတ်ကာ စစ်ဘက်နယ်ဘက် ပုဂ္ဂိုလ်အများအပြားကို ထုတ်ပယ် ပစ်ခဲ့သည်။ အရည်အချင်း မရှိသော်လည်း စိုးရိမ်ရသော အသိုင်းအ၀ိုင်းကို ထူထောင်နိုင်ခဲ့သဖြင့် ယာယီအားဖြင့် သူသည် တည်ငြိမ်သော အာဏာရှင်ဘ၀ကို ထူထောင်နိုင်ခဲ့သည်။ ယင်းသို့ ထူထောင်ခဲ့မိခြင်းကပင် အာဏာရှင်စနစ်ကို အခြေအမြစ်ပါမကျန် လူထုက တူးဖော်ချေပျက်ပစ်ရန်အတွက် စတင်ဖန်တီးပေးသကဲ့သို့ ဖြစ်ခဲ့ရပေသည်။
ဤသို့ဖြင့် နိုင်ငံတော် သယံဇာတပစ္စည်းများ ပြောင်သလင်းခါကာ နိုင်ငံတော်သည် ကမ္ဘာ့အဆင်းရဲ ဆုံးစာရင်းအဖြစ် ၀င်ခဲ့ပြီးနောက် သူ၏ မဆလ ပါတီသည်လည်း နိဂုံးကမွတ် ချုပ်ငြိမ်းသွားခဲ့ရလေသည်။
- See more at: http://moemaka.com/archives/39400#sthash.0BdSJ5BC.dpuf

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...