Sunday, November 24, 2013

ရဲဘော်မင်းဇော်ဦး (သို့မဟုတ်) နဂါး။

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ။
နေ့က၂၀၀၆ခုနှစ်။ဖေဖော်ဝါရီလ(၁)ရက်နေ့။

တချိန်ကတက်ကြွလန်းဆန်းခဲ့သော တော်လှန်ရေး ဖြတ်သန်းမှုများကို တစိမ့်စိမ့်စဉ်းစားရင်း အတွေးတွေက တစုံလုံး တော်လှန်ရေး နယ်မြေတခုတည်းမှာ အတူတကွနာခံဖြတ်သန်း ခဲ့ကြသည့် ရဲဘော်တွေအကြောင်း စဉ်းစားနေမိ သည်။

၂၀၀၂ခုနှစ်တွင် ABSDF အဖွဲ့အစည်း ညီလာခံ ကျင်းပပြီး တာဝန်တွေခွဲဝေ ယူကြသည်။ ထိုညီလာခံ ကျင်းပနေချိန် အတောအတွင်း အဖွဲ့အစည်းတွင် မည်သည့် တာဝန် ယူထားသည့် ရဲဘော်ဖြစ်ပါစေ ညီလာခံ ရွေးကောက်ပွဲကာလတွင်ထိုတာဝန်များရပ်ဆိုင်းထားရသည်။ ထိုအခါညီလာခံဖြစ်မြောက်ရေးကော်မရှင်ကိုဖွဲ့စည်းရသည်။
ညိလာခံဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်းရာတွင်ကျနော်သည်ညီလာခံမှတ်တမ်းတင်ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ယူရသည်။ညီလာခံသို့ တက်ရောက်လာသည့် တပ်ရင်း၊ တပ်ဖွဲ့ ကိုယ်စားလှယ်များကို ကိုယ်စား လှယ်နံပါတ်ပြားများထုတ်ပေးရသည်။

ကိုယ်စားလှယ်နံပါတ်များကို တပ်ရင်းနံပါတ်စဉ် အလိုက် ပေးရသည်။ တပ်ရင်း(၂)ညီလာခံ ကိုယ်စားလှယ်အဖြစ်တက်ရောက်လာကြသည့်တပ်မှုးများတွင်ရဲဘော်ဇော်မင်းဦး(ခ)နဂါးလည်းပါဝင်သည်။

သူ့ကိုကျနော်စတွေ့စဉ်ကဒေါင်းဂွင်ဌာနချုပ်ကြီးတွင်ဖြစ်သည်။သူကယခင်တပ်ရင်းတွေမဖွဲ့စည်းစဉ်တုန်းကတပ်ရင်း(၂၀၇)မှရဲဘော်ဖြစ်သည်။မကဒတမှမဟာမိတ်ကေအန်ယူထံတွင်ရေဒီယိုထောက်လှမ်းရေးသင်တန်းကိုသွားရောက်သင်ယူခဲ့ရသည့်ပထမအုပ်စုတွင်ပါဝင်သည်။

ရဲဘော်ဇော်မင်းဦးမှာစကားပြောရာတွင် အမြဲတမ်း တက်ကြွ လန်းဆန်း နေသည်။ သူ့ကိုကြည့်ရင်း ကျနော် တက်ကြွ လန်းဆန်း နေမိသည်။ သို့သော် ထိုအချိန်တုန်းက သူနှင့် ကျနော်သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိလှသေး။ကျနော်သည်ဗီဒီယိုမှတ်တမ်းတာဝန်ဖြင့်ညီလာခံတွင်တာဝန်ယူနေရသည်။

ကိုယ်စားလှယ်ခေါင်းဆောင်များတက်တက်ကြွကြွ ဆွေးနွေးကြသည့် အထဲတွင်ရဲဘော်ဇော်မင်းဦး (ခ)နဂါးမှာ ဆွေးနွေးတာ သိပ်မရှိလှ။ နှုတ်ဆိတ်နေတာ တွေ့ရ၍ ကျနော် အားမလို အားမရ ဖြစ်နေမိသည်။

သို့သော် ကျနော် ထင်ထား သလိုမဟုတ်။ သူ့မှာ ဘာမျှ ဆွေးနွေးစရာ မလိုအောင် ပြီးပြည့် စုံသော ခံယူချက် သံဓိဌာန်က ရှိနေခဲ့သည် ဆိုတာကို ကျနော် ထိုအချိန်က မသိခဲ့။ ညီလာခံပြီး သွား၍ ကျနော်သည် စည်းရုံးရေဌာနတွင် စာကြည့်တိုက်မှုး တာဝန်ယူနေချိန် ကာလများတွင် စာကြည့်တိုက်သို့ ရဲဘော်ဇော်မင်းဦး ရောက်ရောက်လာတတ်သည်။

တော်လှန်ရေးအတွေးအခေါ်ဆိုင်ရာစာအုပ်စာတမ်းများ၊သတင်းစာများငှားသွားလေ့ရှိသည်။
ရံဖန်ရံခါများတွင်စာအုပ်တွေဖတ်ဘို့ မရှိသလောက် အချိန်များတွင်-ဟေ့-ခင်ဗျားမှာ ဖတ်စရာ ဘာစာအုပ်တွေ ၇ှိသလဲ၊ ရှိရင် ကျနော့်ကို ငှားစမ်းပါဦး- ကျနော့်ထံတွင် အမြဲဖတ်လေ့ရှိသော ပြည်သူ့ အာဏာ စာစဉ်၊ ဒုဗိုလ်မှုးကြီးသောင်းထိုက်၏ပထ၀ီနိုင်ငံရေးစာအုပ်များကိုဖတ်စေချင်သည့်အတွက်ကြောင့်ကျနော်ငှားလိုက်သည်။ဖတ်ပြီးလျှင်ကျနော့်ထံ ဆက်ဆက်ပြန်အပ်ရန်ဆိုသည့်ကတိကိုလည်း တပါတည်း တောင်းထား လိုက်သည်။

နောက်ပိုင်းအချိန်များတွင်ကျနော်ထံမှ ပြည်သူ့အာဏာစာစောင်ကို အမြဲလိုလို မှာယူ ဖတ်ရှု့သည်။
ကျနော်၏စာကြည့်တိုက်တည်နေရာမှာယခင်မဲခေါင်းခါးဇလားဒုက္ခသည်စခန်းတွင်ဖြစ်သည်။ ဒုက္ခသည်စခန်းထဲမှရပ်ကွက်(၁၃)ဆိုသည့်ရပ်ကွက်ဖြစ်သည်။ရံဖန်ရံခါရဲဘော်ဇော်မင်းဦးတို့ ဇနီးမောင်နှံအိမ်သို့အလည်ရောက်သွားတတ်သည်။

ထိုအခါသူ၏ဇနီးမှကျနော့်အားလူပျိုကြီးကျမသမီးကိုစောင့်ဟုနောက်တတ်သည်။
ကျနော်ကသူဇနီးကိုယောက္ခမကြီးဟုခေါ်ဝေါ်တတ်သည်။

တနေ့ကျနော်နှင့် ရဲဘော်ဇော်မင်းဦးတို့ ညဘက်တွင် စာကြည်တိုက် ရှေ့မြေတလင်း၌ ထိုင်ခုံကိုယ်စီဖြင့် လသာထဲတွင် ရောက်တတ်၇ာရာ ပြောဆိုကြရင်း ကျနော်မှ သူ့အား အရေးကြီး သည့်နိုင်ငံရေး သတိ၊ စစ်ရေးသတိ ရှိရန်ဆိုသည့် အကြံပြုချက်ကိုေ ဆွးနွေးခဲ့သည်။ ထိုအခါသူက အပြုံးဖြင့် စိတ်ချပါ ကျနော်လည်းအဲဒီသတင်းကိုရပြီးပါပြီ။

သူတို့မလုပ်နိုင်လောက်ပါဘူးဆိုသည့်သဘောဖြင့်နှစ်သိပ်တတ်သည်။
ယခုသူတပ်ရင်းမှုးတာဝန်ကို တပ်ရင်း(၂)တွင် တာဝန်ယူရ သည့်အချိန်တွင် တပ်ရင်း၌ တိုက်ခိုက်ရေးအင်အား()ခန့်ရှိသည်။ထိုအထဲတွင်ရန်သူ့တပ်မှထွက်ပြေးပြီးABSDFအဖွဲ့အစည်းတွင်အလင်းဝင်လာသောယခင်ရန်သူ့တပ်ကြပ်ကြီးသည်တပ်ရင်း(၂)တွင်ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်နေတာသိရ၍ကျနော့်စိတ်ထဲဘ၀င်မကျလှ။အဘယ့်ကြောင့်ဆိုသော်ရဲဘော်ဇော်မင်းဦးအတွက်အသက်အန္တရာယ် စိုးရိမ်သောကြောင့်ဖြစ်သည်။

၂၀၀၂ခုနှစ်။နှစ်ဆန်းပိုင်းတွင်မကဒတ ဗဟိုကော်မီတီ ပုံမှန်အစည်းအဝေး လုပ်ဖြစ်သည်။
ထိုအစည်းအဝေးတွင် လက်နက်ကိုင် တော်လှန်ရေး၏ ရပ်တည်ရှင်သန်မှုက ယခုထက် နောင်တွင် အကြပ်အတည်းပိုမိုတွေ့လာနိုင်သည်ဆိုသည့်အလားအလာများကိုဆွေးနွေးကြသည်။

နောက်ဆုံးမကဒတ ထူထောင်ခြင်း (၁၅)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရန်အတွက် ဂုဏ်ပြုတပ်ခွဲကို စစ်ရေးချီတက်မှု သင်တန်းများ၊ မြေပုံဘာသာရပ်များ၊ နိုင်ငံရေး သင်တန်းများ၊ ပေးကြရာတွင် ရဲဘော်ဇော်မင်းဦးနှင့် ကျန်သည့် တပ်မှူးများမှာ ဂုဏ်ပြုတပ်ခွဲ သင်တန်းသားများကို သက်ဆိုင်သည့် ဘာသာရပ်များပို့ချကြသည်။

ထိုအထဲတွင် ရဲဘော်ဇော်မင်းဦးမှ မြေပုံဘာသာရပ် သင်ကြားခြင်းတာဝန် ယူသည်။ ကျနော်တို့စည်းစည်း လုံးလုံးဖြင့်ထိုသင်တန်းကြီးအောင်မြင်စွာပြီးဆုံးခဲ့သည်။
သင်တန်းပြီးဆုံး၍ နောက်တနေ့တွင် ရဲဘော်ဇော်မင်းဦးတို့ တပ်ရင်းမှ ကျနော်တို့ကို ဖိတ်၍ တပ်ရင်းတွင်-တောင်ပေါ်သင်တိုင်းဖြူကရင်ရွာမှချက်သောဆန်အရက်ဝယ်၍စကားစမြည်ပြောကြသည်။

-(ရဲဘော်ဇော်မင်းဦး)- ကျနော့်အဖေက မဆလစစ်ဗိုလ်ဗျ။ တကယ်ဆို ကျနော်ဟာ မဆလ အမျိုးနွယ်ဗျ။
၁၉၈၈ခုနှစ်တတိုင်းပြည်လုံးမဆလတပါတီအာဏာရှင်ကိုသပိတ်မှောက်တဲ့အချိန်မှာကျနော်သပိတ်တပ်ဦး ရှေ့မှာပါဝင်ခဲ့တယ်။
အခုတောထဲကိုရောက်တဲ့အထိပေါ့။
ကျနော်နဲ့ တောခိုလာတဲ့အဖော်တွေလည်း နိုင်ငံခြားကို ထွကိကုန်ပြီ။ ကျနော် တယောက်ထဲတောထဲမှာ ကျန်ခဲ့တယ်။ ကျန်ခဲ့ရခြင်း ရည်ရွယ်ချက်က ကျနော့်အဖေ ကျန်ရစ်ခဲ့တဲ့ မဆလ အမျိုးဆိုတဲ့ သမိုင်းကြွေးကို အခု တော်လှန်ရေး နယ်မြေမှာ ဒီမိုကရေစီ ရရှိတဲ့ အချိန်အထိ လက်နက်ကိုင် တော်လှန်ရေးကမစွန့်ခွာပဲ သေတဲ့အထိရန်သူကိုတိုက်ခိုက်တော်လှန်သွားမယ်လို့သံဓိဌာန်ချထားလို့ပဲ။

သူ၏ခံစားချက် ပြင်းလွန်းစွာ ပြောနေသော စကားများကို ကျနော် နားထောင်ရင်း သူ၏မျက်ဝန်းထဲမှ မျက်ရ ည်စအချို့ကိုကျနော်တွေ့နေရသည်။
ထို့နောက် သူနှင့်ကျနော် (၁)နှစ်ကျော်သည် အထိလူခြင်း မတွေ့ရတော့။ အဘယ့်ကြောင့် ဆိုသော် ကျနော်ကအခြားနေရာတခုမှာ။

၂၀၀၆ခုနှစ်။ဖော်ဝါရီလ(၁၁)ရက်နေ့။

ရဲဘော်ဇော်မင်းဦး(ခ)နဂါး ကျသွားပြီတဲ့။ ရန်သူ့တပ်ကြပ်ကြီး အပေါင်းအပါ (၁)ယောက်က သူ့ကိုသေနတ်နှင့်လုပ်ကြံပစ်သတ်သွားပြီရင်ထဲတွင်ကြေကွဲမှုပေါင်းများစွာဖြစ်ခဲ့ရသည့်အထဲတွင်ဒီတခါလည်းကျနော်နှလုံးသားထဲကိုကြေကွဲမှုတွေထပ်ရပြန်သည်။ကျနော်သည်သူနှင့်စကားလက်ဆုံဖြစ်ခဲ့ကြ သည့်စကားဝိုင်းလေးကို တလှည့်၊ သူ၏သံဓိဌာန် ပြတ်သားမှုတွေကို တလှည့် အတွေးတွေ ပြေးလွှားရင်း ပြန်လည်လို့ရယူမနိုင်သည့်နစ်နာဆုံးရှုံးမှုကြီးတခုပိုင်ဆိုင်ခံစားနေရရင်းအမှန်တရားတို့ဘာ့ကြောင့်လုပ်ကြံခံနေရသနည်းဟုမေးခွန်းတွေမေးနေမိတော့လေသည်။

ကျည်ဝေဖြိုး။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...