Friday, November 8, 2013

နှစ်လွှာကြားက နှင်းရည် (သို့) ABSDFမြောက်ပိုင်းသို့ …။ (အပိုင်း - ၁)

ဖိတ်ကြားချက် တစ်ခု ။
*******************
လက်ရှိ ABSDFဥက္ကဌ ရဲဘော်သံခဲ မန္တလေး ရောက်ရှိစဉ်က ဗကသများအဖွဲ့ချုပ် ( ဗဟိုလုပ်ငန်းကော်မတီ ) ကို ဖိတ်ကြားကမ်းလှမ်းမှု တစ်ခု ပြုခဲ့ပါတယ် ။ အဲတာကတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ မှာ ကျင်းပမယ့် ABSDF ကျောင်းသား တပ်မတော် ဖွဲ့စည်းခြင်း (၂၅) နှစ်ပြည့် စစ်ရေးပြ အခမ်းအနားကို တက်ရောက်စေ လိုကြောင်း ဖိတ်ကြားကမ်းလှမ်းမှုပါ။

ကျွန်တော်တို့ စဉ်းစားရပါပြီ ။
*******************
တက်ရောက်ရေး ၊ မတက်ရောက်ရေးကို ပေါ့ ။

အေဘီ မြောက်ပိုင်းရဲ့ သမိုင်းမှာ အစွန်းအထင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြီးမှာ ကျွန်တော်တို့ အထက်ဗမာပြည် ဗကသဥက္ကဌ ကိုထွန်းအောင်ကျော် ကို ခေါင်းဖြတ် သတ်ခံခဲ့ရတဲ့ မြောက်ပိုင်းဒေသ ကို ဘယ်လို လုပ် မေ့လို့ရမလဲ ။ မန္တလေးမှာလည်း အဲဒီ အချိန်က ပြန်လည် လွတ်မြောက်လာသူတွေ ရဲ့ နာကျည်း တောက်ခေါက် သံတွေ ကို ထောက်ခံခဲ့ပြီး ကျွန်တော်တို့ ပါဝင် ပတ်သက်လို့ ခံခဲ့ရသူတွေဘက်က ရပ်ခဲ့ပါတယ်။ ဒါဟာ အဲဒီ အချိန်က အဲဒီ အဖြစ်အပျက် မှာ တာဝန်ရှိသူတွေ ကို တာဝန်မဲ့ လို့ အဖြစ်မှန် သမိုင်းမှန် တရပ် ပေါ်ထွန်းရေး အတွက် ပါဝင် ခဲ့တာပါ ။ ခုလို ဖိတ်ကြားလာတော့ ကျွန်တော်တို့ ပြန်ရောက်နေတဲ့ ရဲဘော် ရဲဘက်တွေ နဲ့ တောထဲ မှာ ကျန်ရှိ နေတဲ့ ရဲဘော် တွေ အကြား လက်ရှိ ကျောင်းသားမျိုးဆက်သစ်တွေ အတွက် ကျွန်တော်တို့ ကျောင်းသားဟောင်း တွေ က စဉ်းစားခဲ့ပါတယ် ။

သမိုင်း ၊ ရဲဘော် များ နှင့် မျိုးဆက်သစ် ။
***************************

သမိုင်း အစွန်းအထင်းမှာ တာဝန်ရှိသူတွေ ကို အဖြစ်မှန် ပေါ်ထွန်းရေး အတွက် ဆန့်ကျင်ခဲ့တာ ဖြစ်ပြီး ABSDF ဆိုတဲ့ ကျောင်းသားတပ်မတော် ကို မကျေမနပ် ဆန့်ကျင်ခဲ့တာ မဟုတ်ခဲ့တဲ့ အတွက် ၂၅ နှစ်တာ ကာလ အတွင်း တောထဲ တောင်ထဲ ဆင်းရဲပင်ပန်းကြီးစွာ မိကွဲ ဖကွဲ ကြင်သူခွဲလို့ နေခဲ့ ရှင်သန်ခဲ့ကြတဲ့ ရဲဘော် များထဲမှာ အလွန် ဖြူစင်သော ရဲဘော်တွေ ဒုနဲ့ဒေး ရှိနေတာကို ကျွန်တော်တို့ ပြေးမြင်မိပါတယ် ။ သူတို့ရဲ့ ရပ်တည်ချက် ၊ မလျှော့သော ဇွဲ ၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေ အတွက် ကျွန်တော်တို့ ဂုဏ်ပြု ၊ အလေးပြု ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဗဟိုလုပ်ငန်းကော်မတီ အနေနဲ့ ငွေကြေးကို ချိန်ဆပြီး လက်ရှိကျောင်းတက်ဆဲ ခရိုင်များ မှ ရဲဘော်ကျောင်းသားတွေ ကို ချိန်ဆက်ပြီး ခေါ်ယူ လိုက်ပါစေခဲ့ပါတယ်။ သူတို့ ကို တောထဲ တောင်ထဲက စစ်စခန်း တစ်ခု မျက်ဝါးထင်ထင် နဲ့ ဘဝတွေ ကို ကိုယ်တွေ့မြင်စေချင်လို့ပါ ။ ခေတ်ကာလ ကြောင့် သွားလို့ ရောက်လို့ ရတဲ့ အခြေအနေအတွက် မျိုးဆက်သစ် ကျောင်းသားတွေ ကို လက်မလွတ်စေချင်လို့ လိုက်ပါစေ ခဲ့ပါတယ် ။

သက် ရောက် မှု  … ။
***************

ဒီခရီးစဉ်ကြောင့် ကျွန်တော်တို့ အပေါ် သက်ရောက်မှု တစ်ခုခု ရောက်ရှိလာနိုင်တယ် ဆိုတာ သိပါတယ်။ အကောင်း အဆိုး မသိသလို နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ် ။ တက်ရောက်ခြင်း ကို အမြင် မကြည်လင်မှုတွေ ကို မသွားခင် ကတည်းက ကြားသိရသလို ၊ ပြန်လာတော့လည်း လက်တွေ့ ခပ်စိမ်းစိမ်း ဖြစ်သွားသူ အချို့ ကို တွေ့ရပါတယ် ။ သူတို့ကို မေးချင်တာက ကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီး သတ်ဖြတ်ခဲ့တဲ့ အဲဒီ အချိန်က တာဝန်ရှိသူတွေကို သတ်ပစ်ချင်လောက်အောင်မုန်းတာလား ၊ ကိုယ်တိုင် ပါဝင် တည်ထောင် ခဲ့တဲ့ ကျောင်းသားတပ်မတော် ကြီးရဲ့ နာမည်ကို မကြားချင်လောက်အောင် မုန်းတာလား ဆိုတာပါပဲ ။

တိုင်းပြည်ရဲ့ သမိုင်းမှာ ဘယ်အဖွဲ့အစည်း ကြည့်ကြည့် ဖောက်ပြန်သူ ၊ အသုံးမကျသူ သစ္စာဖောက် သွားသူ တွေ ဆိုတာ စုန်းပြူး အဖြစ် ပါကြတာချည်းပါပဲ ။ သို့သော် မိခင် အဖွဲ့အစည်းကို ထိုလူတွေ ကို ဖယ်ရှား သန့်စင်ပြီး သမိုင်းကို ဆက်လက် မော်ကွန်း ထိုးနိုင်အောင် ချီတက်တိုက်ပွဲဝင်ခဲ့ကြတာချည်းပါပဲ ။ ခု ABSDF  ကျောင်းသား တပ်မတော် ကို ဘယ်လောက် ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရသလဲ ဆိုတာ ပါဝင်တည်ထောင် / ပြန်လည် ရောက်ရှိနေတဲ့ မြောက်ပိုင်းပြန်တွေ အသိဆုံးမို့ ဆရာ မလုပ်လိုပါဘူး ။
( ကျွန်တော်(စာရေးသူ)နဲ့ ဆိုလည်း ခင်မင်ပြီး ပူးပေါင်းလုပ်ဆောင်နေကြတဲ့သူတွေပါ ။ ခံခဲ့ရတဲ့ သမိုင်းကို ကျွန်တော်လည်း မမေ့သလို ဆက်လက်ရပ်တည်ပြီး ဖော်ထုတ်မှုကို ထောက်ခံနေဆဲပါ ။)

ဒီလိုနဲ့ ကျွန်တော်တို့ သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှာ ချွင်းချက် တစ်ခု (ဗကသ ထဲမှာ )သဘောတူ ခဲ့ပါတယ် ။ အဲတာကတော့ ဒီ အခမ်းအနားကို လက်ရှိ အစိုးရ တာဝန်ရှိသူတွေ ကို ဖိတ်ကြားရင် ဗကသ အနေနဲ့ တက်ရောက်ခြင်း ကို ဖျက်သိမ်းမယ် ဆိုတာပါပဲ ။

မန္တလေး ညနေခင်း မှ ခရီး အစ ။
***********************

ခေါင်းစဉ်က ညနေခင်း ခရီး အစ ဆိုပေမယ့် ကျွန်တော့် အဖို့ ရှေ့တစ်ညကတည်းက ကောင်းကောင်း မအိပ်ရပဲ ၊ အေဘီဥက္ကဌ အပါအဝင် (၂၀)ဦး အဖွဲ့ အတွက် (သူတို့) အကူအညီတောင်းလို့ ကားငှားခြင်း စီစဉ်ပေးရပြီး နံနက်(၅)နာရီ ရောက်ချိန်မှာ သူတို့ ခေတ္တနားခိုရာ မန္တလေး ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက် ရုံးခန်း ကို ကားများ ကို လိုက်ပို့ ပေးရပါတယ် ။ ဒီနောက်မှာလည်း ကျွန်တော်တို့ နဲ့ လိုက်ပါမယ့် ခရိုင် ကျောင်းသားများ သမဂ္ဂ (၆)ခု က ကျောင်းသားရဲဘော်တွေ အတွက် စီစဉ်ရပါသေးတယ်။ လိုင်ဇာကို ကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) က (၄)ဦး ၊ ခရိုင်များမှ ကျောင်းသား (၇)ဦး ၊ ကျောင်းသူ(၄)ဦး နဲ့ လူ့ဘောင်သစ်လူငယ်(၁)ဦး ၊ စုစုပေါင်း (၁၆)ဦး သွားရောက်ကြမှာ ဖြစ်ပါတယ် ။

မန္တလေး ပြည်ကြီးမျက်ရှင်ကားဝင်းထဲမှာ (၆) နာရီ ထွက်မယ့် ကားကို စောင့်မျှော်နေရင်း (၇)နာရီ ခွဲမှ မန္တလေး က စတင် ထွက်ခွာခဲ့ပါတယ်။ သူများတွေ စီးတဲ့ကားတွေ က အဲကွန်းနဲ့ စောင်နဲ့ ဆိုတော့ တော်တော် အေးမှာပဲ လို့ စဉ်းစားခဲ့ပေမယ့် ကိုယ် တကယ် စီးရတဲ့ ကားကတော့ ပြတင်းပေါက်ဖွင့်ပြီးစီးခဲ့ရပါတယ် ။ နိုးအဲကွန်း ပေါ့ဗျာ ။ ဘာတတ်နိုင်မှာလည်း ။ မန္တလေးက ထွက်ပြီ ဆိုကတည်းက ကျွန်တော်လည်း နေကောင်းကာစ ပင်ပန်းတာတွေရော ကြောင့် အိပ်ပျော်သွားလိုက်တာ ပြင်ဦးလွင် စံပြ ထမင်းဆိုင်မှာ ထမင်းစား နားတော့မှ နိုးပါတော့တယ် ။ ဒီခရီးတွေက အကြိမ်ကြိမ် သွားနေတော့ အပြင်ကိုလည်း မစပ်စုမိတော့ပါဘူး ။ ကားပြန်ထွက်တော့လည်း ပြန်အိပ်တာပါပဲ ။ ညလည်း ညကားမို့ ကားစီးနေရတာ ရေးစရာ အထူး မရှိလောက်ပါဘူး ဆိုပြီး အိပ်တာပါ ။ သို့ပေမယ့် ထင်တာနဲ့လွဲတော့ တာပါပဲ ။ တွက်ခြေကိုက်အောင် တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ ကြောင့် တိုးလ်ဂိတ် တစ်ခုရောက်တိုင်း လမ်းဆင်းလျှောက်ပေးခဲ့ရပါတယ်။ အိပ်လိုက် ၊ လမ်းဆင်းလျှောက်လိုက် ၊ အိပ်လိုက် နဲ့ မူဆယ် အနီး ၁၀၅ မိုင် စစ်ဆေးရေး စခန်း မရောက်မှီ ၅ မိုင်လောက် အလိုမှာ ကားဘီး ပေါက်ပါလေရော …။




ဘီးပေါက်တာပဲ ခဏပေါ့ လို့ တွေးရင်း ကျွန်တော် တို့လည်း အညောင်းပြေ ဆင်းရင်း ၊ ကျန်းမာရေးသွားရင်း စောင့်မယ်ဆိုပြီး ဆင်းခဲ့ကြပါတယ်။ မထင်မှတ်ပဲ ကြားလိုက် ရတဲ့ အသံကြောင့် အတော်လေး အံ့သြသွားပါတယ်။ ကားဘီး အပိုမပါဘူး ။ အတွင်းဘီး တစ်လုံးနဲ့ မောင်းရင် ရတယ် ။ ဒါပေမယ့် အပြင်ဘီး ပျက်စီးမှာ စိုးလို့ ဖြုတ်မယ် လို့ ကားဆရာ က ဆုံးဖြတ်ပါတယ်။ နီးနေပြီ ဆိုတာ မှန်တာပေါ့ ကားဘီး အပိုမှ မပါတာ ။ ဒါပေမယ် ယာဉ်နောက်လိုက် က ဖြေတယ် ။ စပန်ဒါ လည်း မပါဘူး ၊ တောရှင်းလည်း မပါဘူးတဲ့ … ဘယ်လို ဖြုတ်မှာလည်းတဲ့ …. အား အတော် သတ္တိကောင်းတဲ့ ကားပါပဲ ။ မန္တလေး - မူဆယ် ခရီး ကို ကုန်တွေနဲ့ ဒီလို မပြည့်စုံပဲ လာရဲတာကိုပေါ့ ။ ဒီလိုနဲ့ ဖုန်းနဲ့ သူတို့ မူဆယ် ထဲကို လှမ်းဆက်ပြီး လာပို့ခိုင်းတာ တွေ့ရပါတယ်။ ကျွန်တော်တို့လည်း ကဲ… ဟိုနား ဒီနား လမ်းလျှောက်ကြစို့ ဆိုပြီး နှင်းတွေ မြူတွေကြား မှာ လမ်းလျှောက်ခဲ့ကြပါတယ်။

မူဆယ် သို့ ရောက်ပြီ။
***************

နံနက်စောစော ဆိုင်ကယ် ဈေးသည်တွေ ဖြတ်သွားကြပါတယ် ။ ကျွန်တော် ပြင်ဦးလွင် လမ်းက အိမ်မှာနေစဉ်က ဒီလို ဆိုင်ကယ်ဈေးသည်ထဲက နံနက်စာ ဝယ်စားတာ သတိရလိုက်လို့ နောက်တစ်စီးကို တားရင်း ပြောင်းဖူး ၊ ခေါက်ဆွဲကြော်ထုတ် ၊ ပဲပလာတာ စသည်ဖြင့် တစ်ယောက်တစ်မျိုး ဝယ်စားရင် လမ်းဆက်လျှောက်ကြပါတယ်။ အကွေ့ နှစ်ကွေ့ အလွန် ၊ ညောင်ပင်ကြီး အောက်က ဆိုင်လေးမှာ ကော်ဖီရတယ် ဆိုလို့ ထိုင်သောက်ကြရင်း ကားအပြီး စောင့်ကြပါတယ်။



တဖက်ကလည်း လာကြိုမယ့် သူကို ဆက်သွယ်ရပါတယ် ။ ဖုန်းက လည်း လမ်းလျှောက်ရင် တိုင်ပျောက်လို့ မနဲဆက်ရပါတယ်။ အချိန်အားဖြင့် တစ်နာရီ ကျော်ကြာမှ ကားဘီးကိစ္စပြီးလို့ ဆက်လက် ထွက်ခဲ့ပြီး ၁၀၅ မိုင်က စစ်ဆေးမှုတွေ အတွက် ကားရပ်ပေးရပြန်ပါတယ်။ မျက်စိက အငြိမ်မနေတော့ ပြတင်းပေါက်က မြင်ရတဲ့ မြင်ကွင်းလေး ကို ဓါတ်ပုံ လှမ်းရိုက် လိုက်ပါတယ် ။ အမှိုက်တွေနဲ့ အမှိုက်မပုံရ ဒါဏ်ငွေ တစ်သောင်း ဆိုင်းဘုတ်လေးပါပဲ။



ဒီလိုနဲ့ အဝေးပြေးလို့ ပြောတဲ့ နေရာမှာ ရပ်ပေးတော့ ဆင်းလိုက်ကြပါတယ်။ ဒီနေရာက နေ အလယ်ဂိတ်လို့ ခေါ်တဲ့ နန်းတော်ဂိတ်ကို ဆက်သွားရပါဦးမယ်။ ယာယီ နိုင်ငံကူး လက်မှတ် လုပ်ရပါဦးမယ်။ ကြိုဆို ဆောင်ရွက်ပေးမယ့်သူကလည်း အဲဒီက စောင့်နေတယ်လို့ ဖုန်းလာပါတယ်။ သုံးဘီးဆိုင်ကယ်တွေက တစ်ယောက် တစ်ထောင်တောင်းလို့ (၈)ယောက် (၆)ထောင်နဲ့ ညှိပြီး (၂)စီးငှားလို့ ဆက်ထွက်ခဲ့ကြပါတယ်။

အလယ်ဂိတ်ရောက်တော့ လက်မှတ်လုပ်ဖို့ စောင့်ရင်း ရုံးနဲ့ ကပ်လျက် လ္ဘက်ရည်ဆိုင်မှာ စောင့်နေခဲ့ကြပါတယ်။ နောက်တစ်ဖွဲ့ရောက်မှ ပေါင်းသွားမှာ မို့လို့ ပိုကြာခဲ့ပါတယ်။ နောက်တစ်ဖွဲ့ရောက်လာတော့ ကျွန်တော်တို့ ရဲဘော်ရဲဘက် ဖြစ်တဲ့ ကိုဒီငြိမ်းလင်းတို့ကို တွေ့လိုက်ရပါတယ်။

ဓါတ်ပုံရိုက် ကဒ်ထွက်တော့ ဘူးသီးကြော်စာလုံးတွေ နဲ့ ဂိတ်ကြီးထဲကို ဝင်လိုက်ရင်ပဲ မရယ်မပြုံးတဲ့ တရုတ် လဝက ကို မြင်ရတော့တာပါပဲ ။ ဘာမှ မရစ်ပဲ တံဆိပ်တုံး ထုပေးလိုက်ပါတယ် ။ ဂိတ် အပြင်ဘက်ထွက်လိုက်ရင်ပဲ ဒီဘက်နဲ့ ဘာမှ မဆိုင်တဲ့ မြင်ကွင်းကို ကြည့်ရင်း စီစဉ်ထားတဲ့ တက္ကစီ တွေဘက် လျှောက်ခဲ့ကြပါတယ် ။ ကြယ်ဂေါင်ရွှေလီ အတွက် တစ်ယောက် ကို တရုတ်ငွေ (၅)ကျပ်ပါ ။ ကျပ်ငွေဆိုရင်တော့ တစ်ထောင်ယူပါတယ် ။ အမျိုးသမီး ဒရိုင်ဘာတွေ ဖြစ်ပြီး အတော်လေး သွက်ပါတယ်။ လည်ပုံလည်း ရပါတယ် ။ နယ်စပ်ဒေသပဲ လည်မှာပေါ့လို့ တွေးကြည့်တာပါ ။



ကြယ်ဂေါင် ကနေ ရန်ကျင်းမြို့ကို သွားရမှာ ဖြစ်ပြီး အဲဒီကနေ ရန်ကျင်း - လိုင်ဇာ အတွက် ကားပြောင်းစီးရမှာ လို့ စီစဉ်ပေးတဲ့ ကိုနိုင်ဝင်းက ပြောပြပါတယ် ။

စထွက်လာပြီ ဆိုကတည်းက သတိထားမိတာက တော့ လမ်းတွေ ကောင်းတယ် ။ ဆိုင်ကယ်တွေ ထက် လျှပ်စစ် ဆိုင်ကယ် တွေ ပိုများတာ တွေ့ရတယ် ။ ဒီဘက်ကိုတော့ သွင်းလိုက်တဲ့ ဆိုင်ကယ်တွေ  ၊ သူတို့ ဘက်ကျတော့ လျှပ်စစ်မီး မပျက်တော့ လောင်စာမကုန်တဲ့ လျှပ်စစ်ဘီးတွေ စီးကြတာ တွေ့ရတယ် ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ထက် စည်းကမ်းမဲ့တယ် ပြောရမလား ဆိုင်ကယ် စီးသူတွေ ဦးထုတ် မဆောင်း ဘဲ မောင်းနေကြတာပါ ။ ခရီးစဉ် အစ အဆုံးမှာ စိတ်အကျေနပ်ဆုံး (မခံစားဘူးတာ) က  ဒီမှန်လုံယာဉ် ကို ဘီးခွန်ဂိတ်၊ စစ်ဆေးရေးဂိတ် ဆိုတဲ့ မောင်းတံ တွေ မတွေ့ရ ဘယ်နေရာမှ ပိုက်ဆံ မပေးရတာပါပဲ ။ လမ်းကျတော့လည်း ကျေးလက်ဖြတ်လမ်း နဲ့ အဝေးပြေး လမ်း ဆိုတာ ကျွန်တော်တို့ အမြန်လမ်းမကြီးထက် ကောင်းနေတာပါပဲ ။



ဒါတောင် နယ်စပ်ဒေသ က ရွာတွေ သွားတဲ့ လမ်းပဲ ရှိသေးတာ ကို တွေ့ရတော့ …
ထားပါတော့ … ပြောရင် …. မောဦးမယ်။


ဆက်လက် ရေးပါမည် ။
ကိုဝိုင်ဝိုင်ကေ
၇-၁၁-၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...