Friday, October 4, 2013

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံခြင်း



အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆွဲရေးနှင့် ပတ်သက်၍ နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေး ပါတီများ အကြား မတူညီသည့် အယူအဆများ ဖြစ်ပေါ်နေသည်။ အသစ်ရေးဆွဲရေးမှာ အန္တရာယ်များပြီး လက်တွေ့မကျ၊ ပြန်လည်ပြင်ဆင်ရေးသာ လက်တွေ့ကျသည် ဆိုသော အယူအဆများလည်း ဖြစ်ပေါ်နေ ရာ ယင်းမူဝါဒ သဘောထားများအပေါ် ၂၀၁၀ ရွေးကောက်ပွဲတွင် လူထုယုံကြည်မှု များစွာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က မည်သို့မြင်သည် ဆိုသည်ကို သိရှိနိုင်စေရန် ယင်းပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် The Voice တို့ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။


Voice ။ ။ NDF ပါတီက ၂၀၀၈ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲ ဝင်ခဲ့တာ ဆိုတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပါတီဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

UKMS ။ ။ ထောင်ကလွတ်လာတော့ နိုင်ငံရေး မလုပ်တော့ဘူး၊ ပါတီ မထောင်တော့ဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်သုံးသပ်ကြည့် တဲ့အခါ ဒီမိုကရက်တစ် အခွင့်အရေးတွေနဲ့ မပြည့်စုံဘူး။ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင်လည်း ဖွဲ့စည်းပုံက ပြည်ထောင်စု ပုံသဏ္ဌာန် မကျရောက်တဲ့ အတွက် ၂၀၀၈ အခြေခံဥပဒေကို မကြိုက်လို့ နိုင်ငံရေး နယ်ပယ်ထဲ ပြန်ရောက်ခဲ့တာ။ ပုံစံအားဖြင့် ဖက်ဒရယ်ပုံစံကို ယူထားတာ တွေပါပေမယ့် အနှစ်သာရကို ကြည့်တဲ့အခါ လိုတာတွေ ရှိနေတယ်။ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေကျင့်သုံးမှု၊ အုပ်ချုပ်မှုအပိုင်းမှာ ဆောင်ရွက်နိုင်မှု၊ ပြည်နယ် တိုင်းလွှတ်တော် တွေမှာ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေဟာ အားနည်းတာ တွေ့ရတယ်။ ပြည်ထောင်စု စနစ်ဆိုတာ ဗဟိုနဲ့ ပြည်နယ်တိုင်း တွေအကြား သီးခြားအုပ်ချုပ်တဲ့ စနစ်ကို ထူထောင်တာ။ ဗဟိုပဲ ပြန်မျှော်ကြည့်နေရ ပြီး ဗဟိုက ပေးသလောက် စားရမယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။ မြင်သာအောင် ပြောရရင် အခြေခံဥပဒေမှာ အခွန်ကောက်ခံခွင့်၊ ဥပဒေ ပြုခွင့်တွေ မမျှတဘူး။ အဲ့ဒါတွေကိုပြင်မှ ပြည်ထောင်စုပုံသဏ္ဌာန် ပေါ်လာမယ်။

Voice ။ ။ NDF ပါတီက အခြေခံ ဥပဒေပြင်ဆင်ရေး မူကြမ်းကို ဒီနှစ် အစောပိုင်းမှာပဲ ထုတ်ပြန်ထားတာ ရှိတယ်ဆိုတော့ လက်ရှိ အခြေခံဥပဒေ ပြောင်းလဲရေးကို ဘယ်ပုံစံနဲ့ ဘယ်လိုဆောင်ရွက်နေလဲ ဆိုတာ ပြောပေးပါ။

UKMS ။ ။ အခြေခံဥပဒေ ပြင်ဆင်ချက် မူကြမ်း ထုတ်ပြန်ထားတဲ့ အထဲမှာ အဓိကကျတဲ့ အချက်အလက်တွေ တော်တော် များများ ပါပြီးပါပြီ။ ဥပမာ - တပ်မတော် ပါဝင်ခွင့်ဟာ ပြည်သူ့ဆန္ဒနဲ့ အညီ ပါဝင် ထမ်းဆောင်ရမယ်ဆိုတာ ပြင်ထားပါတယ်။ တပ်မတော်က Our Right တစ်ခါတည်း ပိုင်ခွင့်ကြီးတစ်ခု အနေနဲ့ အမျိုးသား နိုင်ငံရေးမှာ ပါရမယ့်အစား ပြည်သူ့ဆန္ဒနဲ့ အညီ ပါဝင်နိုင်မယ်။ ကာလတစ်ခုပြီးရင် တပ်မတော်က တဖြည်းဖြည်း နောက်ဆုတ်သွားပြီး တိုင်းပြည်လုံခြုံရေးကို ကာကွယ်တဲ့ တာဝန်သာ ပြန်ယူရင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာမို့ တပ်မတော်အခန်း ကဏ္ဍကို အဲ့ဒီလို ပြင်ထားပါတယ်။ နောက် ပြည်နယ်တိုင်းတွေမှာ လွှတ်တော်က တင်ပြထားတဲ့ ကိုယ်စားလှယ်တစ်ဦးကို သာလျှင် ဝန်ကြီးချုပ်အဖြစ် ခန့်ထားရ မယ်ဆိုတာမျိုး ပြင်ဆင် ရေးဆွဲထားတာ ရှိပါတယ်။ မိမိအချုပ်အခြာ အာဏာပိုင် မြေမှာ မိမိရှိနေတဲ့ ပြည်သူများက လိုလားတဲ့ ပုဂ္ဂိုလ်သာလျှင် အုပ်ချုပ်မှုအာဏာရဲ့ အကြီး အကဲနေရာကို ယူရမယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ နောက်ပြီးတော့ နာမည်ကြီး နေတဲ့ ၅၉ (စ) ပေါ့။ ဒီပုဒ်မကို အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေး မထိခိုက်စေတဲ့ ရှုထောင့်ကနေ တင်ပြထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်မယ့်သူဟာ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားဆင်း သက်ရမယ်ဆိုတာတော့ အငြင်းပွားဖွယ်မရှိ ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမ္မတ တာဝန်ကို ယူမယ့်ပုဂ္ဂိုလ်ဟာ တာဝန်ယူတဲ့ အချိန်အခါ မှာ သူ့ရဲ့ဇနီးခင်ပွန်းဟာ နိုင်ငံသားအဖြစ်ကို ရောက်ရှိနေရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ထည့်ထားတာရှိပါတယ်။

Voice ။ ။ ဒါဆို ပါတီက ချမှတ်ထားတဲ့ မူကြမ်းတွေကို အခြေခံဥပဒေ ပြင်တဲ့အခါ ပါဝင်အောင် ဘယ်လို ဆောင်ရွက်သွားမှာပါလဲ သိပါရစေ။

UKMS ။ ။ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်က သဘောထားတွေ ထွက်လာရင် ကော်မရှင်ကို ရောက်အောင် ပို့မယ်။ ပြီးရင် အဲဒီကော်မရှင်မှာ ပါတဲ့ ကျွန်တော်တို့ပါတီရဲ့ ဒုဥက္ကဋ္ဌပေါ့။ သူကနေ တစ်ဆင့်လည်း တင်ခွင့်ရရင် တင်သွားဖို့ အဲ့ဒီလိုနှစ်နည်း စဉ်းစားထားတာရှိပါတယ်။ အခြေခံဥပဒေက တစ်ခါတည်း ပြင်လို့တော့ မရဘူး။ တစ်ဖက်မှာ ငြိမ်းချမ်းရေး ကိစ္စလည်း ပါနေတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရင် အောင်မြင်သလောက် အခြေခံ ဥပဒေပြင်ရေး ဟာလည်း ရှေ့တိုးသွားမှာပဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ဘဲ၊ တိုင်းရင်းသားလူမျိုးစု များရဲ့ လိုလားချက် မပါဘဲ အခြေခံဥပဒေကို ပြင်ရင် အခြေခံ ဥပဒေကြီးဟာ စာရွက်ပဲရှိပြီး အသက်ဝင်မှာ မဟုတ်ဘူး။

Voice ။ ။ ဒါဆို NDF ပါတီအနေနဲ့ ခုပြောနေကြတဲ့ အခြေခံဥပဒေပြင်ရေး၊ အသစ်ပြန်ဆွဲရေးမှာ ပြင်ရေးဘက်ကို ရပ်တည်ထားတယ်လို့ အခိုင်အမာ ဆိုနိုင်တာပေါ့။

UKMS ။ ။ ဟုတ်ပါတယ်။ ကျွန်တော် တို့ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများက ပြင်ရေးပါပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ပါတီများကတော့ ဖျက်ပြီး အသစ်ပြန် ရေးဆွဲရေးပေါ့။ ပြင်တဲ့လမ်းကို ဘာလို့ရွေးရလဲ ဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့လိုတယ်။ လွှတ်တော်နိုင်ငံရေး အဓွန့်ရှည်ဖို့လည်း လိုပါတယ်။ ဒီကြားထဲမှာ ထပ်ပြီး အနှောင့်အသွား မလွတ်တာမျိုးတွေ ဖြစ်မလာအောင် လမ်းကြောင်း သာအောင်ပေါ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအထိ ရောက်သွားနိုင်အောင် ရှိပြီးသား အခြေခံဥပဒေမှာ မလိုအပ် တာတွေဖြုတ်၊ လိုတာတွေဖြည့်၊ ပြင်စရာရှိတာတွေ ပြင်သွားမယ်ဆိုရင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်နဲ့ တပ်မတော် က ပါဝင်ပတ်သက်တဲ့ အပိုင်းတွေပါ ပြင်ဆင်သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ လက်ရှိအနေအထားကို မပျက်စေချင်ဘူး။

Voice ။ ။ လက်ရှိအခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အပိုင်းကိုရော ဘယ်လိုမြင်ပါသလဲ။

UKMS ။ ။ ငြိမ်းချမ်းရေးဟာ လက်ရှိ သမ္မတသက်တမ်း အတွင်းမှာ အခြေခံတစ်ခု အထိတော့ ရောက်သွားမှာပဲ။ ထာဝရ ငြိမ်းချမ်းရေးရဖို့တော့ ၂၀၁၅ ရဲ့ ဟိုဘက်မှာပဲ ဆက်လုပ်သွားရမှာ။ ဒါကြောင့် အခြေခံ ဥပဒေကို မဖျက်ဘဲနဲ့ ပြင်တယ်ဆိုရင်တော့ ၂၀၁၅ မှာပြီးဖို့ အကြောင်းသိပ်မရှိဘူး။ တချို့အပိုဒ်တွေက လူထုဆန္ဒ ခံယူရတာ တွေရှိမယ်။ ပြင်ရုံသက်သက်နဲ့တင် ၂၀၁၅ မှီလိမ့်မယ်လို့ သိပ်မထင်ဘူး။

Voice ။ ။ ခု အခြေခံဥပဒေပြင်ရေး ဖျက်ရေးကို ပြည်သူလူထု သဘောထား ကောက်ခံ သွားမယ် လို့လည်း ပြောကြတော့ တကယ်သာ ဆောင်ရွက်မယ်ဆို ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိနိုင်မလဲ ဆရာ။

UKMS ။ ။ ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ထိစပ်မှုနည်းခဲ့တယ်။ အာဏာနဲ့ အုပ်ချုပ်မှု အောက်မှာ အကြာကြီး နေခဲ့ရတော့ Political Education ဘက်မှာ အင်မတန် အားနည်းတော့ အခြေခံဥပဒေ ဘာကြောင့် ပြင်သင့်တယ်၊ ဘာကြောင့် ဖျက်သင့်တယ်ဆိုတာ မပြောနဲ့ သာမန်နိုင်ငံရေး ဖြစ်စဉ်တွေ ကိုတောင် လက်လှမ်းမီဖို့ တော်တော် အားနည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု ဆိုတာ ပြည်သူ့ရှေ့က သွားရမှာ။ ဒီနိုင်ငံမှာ အခက်အခဲ အကျပ်အတည်း တွေကြုံနေတာ မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံး ကလည်း အခြေခံဥပဒေကို ဖျက်ပြီး အသစ်ဆွဲပါလို့ အော်နေတာ မဟုတ်ဘူး။ ပြည်သူက ငြိမ်သက်နေချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုက ရှေ့ကမသွားဘဲ ဒီပြဿနာကြီးကို ပြည်သူ့ထံ တွန်းပို့တယ် ဆိုတာဟာ ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှု မယူနိုင်ဘူး ဆိုတဲ့ အဖြေထွက်တယ်။ နိုင်ငံရေးခေါင်းဆောင်မှု ယူထားတဲ့ ပုဂ္ဂိုလ် အစုအဝေးတွေ အားလုံးက တစ်ညီထဲ ဆုံးဖြတ်ပြီး အခြေခံဥပဒေ ပြင်ရေးကို မြန်မြန်ထက်ထက် လုပ်သင့်တယ်။ ဒါမှ ၂၀၁၅ မတိုင်မီ ပြီးမယ်။ မဟုတ်ရင်တော့ ပြီးစရာ အကြောင်းမရှိဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သွားဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် ခေါင်းဆောင်မှု ပြတ်သားစေချင် ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေး Awareness အများကြီးရှိတယ် ဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့။ မဟုတ်ရင်တော့ ဝင်လာမယ့် Interferences တွေရှိတယ်။ မှန်းဆလို့တော့မရဘူး။

Voice ။ ။ အခြေခံဥပဒေကို အသစ် ပြန်ဆွဲကြမယ် ဆိုရင် တပ်နဲ့ ထိပ်တိုက် တွေ့မှာပဲလို့ ဆိုကြတဲ့အပေါ်မှာ ဆရာဦးခင်မောင်ဆွေ ဘယ်လိုမြင်ပါလဲ။

UKMS ။ ။ တပ်နဲ့ ထိပ်တိုက်တွေ့မယ်လို့ ကံသေကံမ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ တပ်ဆိုတာက ကတိသစ္စာပြုထားရင် ဖျက်ခဲတယ်။ ၂၀၀၈ အခြေခံဥပဒေကြီးကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတာကို ဖျက်မယ်ဆိုရင် သူတို့ရဲ့ သဘောတူချက်က အဓိကကျတယ်။ အခြေခံဥပဒေ ပြင်တယ် ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်သလို လက်ရှိ တိုင်းပြည်သွားနေတဲ့ အနေအထား ကိုလည်း ကြည့်ဖို့လိုတယ်။ နောက်ပြီး ခုကာလက တော်လှန်ရေး ကာလလား၊ နိုင်ငံရေး တည်ဆောက်ရေး ကာလလားဆိုတာ ကွဲပြားဖို့ လိုပါတယ်။ တော်လှန်ရေး ကာလဆိုတဲ့ Mindset နဲ့ဆိုရင်တော့ အခြေခံဥပဒေကို ဖျက်ပြီး အသစ်ရေးဆိုတဲ့ ဘက်ကို ရောက်သွားနိုင်တယ်။ လိုနေတာ တွေကို နုတ်ပယ်၊ ဖြည့်စွက်၊ ပြင်ဆင်မယ် ဆိုရင် ရှိပြီးသား လွှတ်တော်နိုင်ငံရေး ပုံသဏ္ဌာန် ပျက်မသွားနိုင်သလို တိုင်းပြည်ရဲ့ နိုင်ငံရေး အနေအထား ကလည်း ကသောင်းကနင်း ဖြစ်စရာ အကြောင်းမရှိဘူး။ နိုင်ငံတည်ဆောက်ရေး ကိုပဲ သွားချင်တယ် ဆိုရင်တော့ နောက်တစ်ဖန် အာဏာပြန်သိမ်းတယ် ဆိုတာမျိုးလည်း ကြုံတွေ့စရာ အကြောင်းမရှိပါဘူး။

Voice ။ ။ လက်ရှိ အခြေခံဥပဒေသည် ကမ္ဘာမှာ ပြင်ရန်အခက်ဆုံး ဥပဒေလို့ ဆိုထားတော့ ပြင်မယ်ဆိုရင်ရော ဘယ်လောက် အတိုင်းအတာ အထိ ပြင်နိုင်မယ်လို့ မျှော်မှန်းထားပါလဲ။

UKMS ။ ။ သမ္မတအရည်အချင်း သတ်မှတ်ချက်လိုမျိုး မှာဆိုရင် ကျွန်တော်တို့ ကတော့ နှစ်ဖက်မျှပြီး ကြည့်တော့ လက်ခံနိုင်ဖွယ် ရှိပါတယ်။ တချို့ကလည်း မပြင်ပေးနိုင်ဘူး ဆိုတာ ရှိကောင်းရှိမယ်။ အဲ့ဒီမှာတော့ စကားပြောကြရမယ်။ ကာလဒေသနဲ့ ကိုက်ညီတဲ့ ပြောင်းလဲမှုမျိုးကို အားလုံးက သဘောတူညီသွားမှာပါ။ ခက်တာတွေ ညှိလို့မရတာတွေ ရှိကောင်းရှိမယ်။ လက် တွေ့ကျတာ စဉ်းစားပြီး ဖြစ်နိုင်ခြေရှိတာတွေ လက်ငင်း ပြင်သွားတာဟာ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားကို သယ်ဆောင်ရာ ရောက်ပါတယ်။

Voice ။ ။ အခြေခံဥပဒေကို မပြင်နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေး အကျပ်အတည်း တွေ့မယ်လို့ ဆိုတယ်။ ဆိုတော့ အခြေခံဥပဒေ ပြင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပေါ် ဘယ်လိုသုံးသပ်ပါလဲ။

UKMS ။ ။ ကျွန်တော် သိသလောက်တော့ သဘောထား အယူဆတွေက ပြင်ရေးဘက်မှာ များတယ်။ ရွေးကောက်ပွဲ မတိုင်မီမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရလာတဲ့ ရလဒ်တွေကို လွှတ်တော်မှာ တင်ပြပြီး ၂၀၁၄ မတ်လလောက်မှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကနေ ထွက်လာ တာတွေက အခြေခံဥပဒေ ပြင်ရေးဆီ ရောက်သွားလိမ့်မယ်။ ဒီ Process အတိုင်း သွားရင် ရွေးကောက်ပွဲမတိုင်မီ အခြေခံ ဥပဒေပြင်ရေးဟာ အတော်အတန် ရသွားနိုင်တယ်။ တစ်ခုလုံးကို အပြီးပြင်ဖို့တော့ မဖြစ်နိုင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်မယ်။ ဖွဲ့စည်းပုံ အထိုက်အလျောက် ပြင်ပြီး ဖြစ်မယ်။ အခြေခံဥပဒေကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အကျပ်အတည်းဖြစ်မယ်လို့ မမြင်ဘူး။

Voice ။ ။ မြန်မာ့နိုင်ငံရေးမှာ ခုချိန်အထိ အစဉ်တစိုက် ရှေ့တန်းနေရာ ယူထားတဲ့ တပ်မတော် ကိုရော ဘာပြောချင် ပါသလဲ။

UKMS ။ ။ ငြိမ်းချမ်းရေး အောင်မြင်သွားရင် နိုင်ငံရေးထဲက တပ်မတော်အနေနဲ့ နောက်ဆုတ်ပေးပါ။ ငြိမ်းချမ်းရေးရပြီ ဆိုရင် တပ်မတော်က ကာကွယ်ရေး ဘက်ကိုပဲ အာရုံစိုက်ဖို့ လိုပြီ။ ၂၅ ရာခိုင်နှုန်း ပါဖို့လည်း မလိုတော့ဘူး။ နောက် ရာခိုင်နှုန်းအလိုက် လျှော့ချသွားတဲ့ အခါမှာလည်း တိုင်းစစ်ဌာနချုပ်တွေမှာ အချင်းချင်း ရွေးကောက် တင်မြှောက်ပြီး တပ်မတော် ကိုယ်စားလှယ် တွေကို လွှတ်တော်ထဲပို့မယ် ဆိုရင် ဒီမိုကရေစီ စံနှုန်းနဲ့လည်း ပိုညီသွားမယ်။

Voice ။ ။ လက်ရှိ အခြေအနေ တွေအပေါ် ခြုံငုံပြီးတော့ ဆရာ့ရဲ့ သုံးသပ်ချက်ကို ပြောပြပေးပါ။

UKMS ။ ။ နိုင်ငံရေးကို စဉ်းစားတဲ့ အခါ စိတ်ကူးယဉ် စဉ်းစားလို့မရဘူး။ စစ်အစိုးရ မလိုချင်ဘူးလို့ အော်ပြီးတော့ ကျွန်တော်တို့ ထောင်ထဲဝင်သွားတယ်။ ထောင်ထဲက ထွက်လာတော့လည်း စစ်အစိုးရက ရှိနေတာပဲ။ စစ်အစိုးရကို လူထုအားနဲ့ တိုက်ချလိုက်ရင် ပြုတ်သွားမယ်လို့ ထင်မှားမိ ခဲ့တာပေါ့။ ခု စစ်အစိုးရကို ထွက်လမ်းပေးပြီး ရွေးကောက်ပွဲ ဝင်တဲ့အခါ သူဆုတ်သွားတယ်။ အဲ့လိုပဲ ၂၀၁၅ မှာ လည်း ကိုယ်လိုချင်တဲ့ အပိုင်းတွေ ရအောင် ယူထားပြီး မပြီးသေးတာတွေကို ၂၀၁၅ ဟိုဘက်မှာ ဆက်ပြင်လို့ရတယ်။ ၂၀၁၅ကို အသာတကြည် ဖြတ်ပြီး နိုင်ငံတည် ဆောက်ရေးကို ဆက်သွားဖို့ လိုတယ်။ အမျိုးသားညီညွတ်ရေးကို မပျက်အောင် ထိန်းဖို့ လိုတယ်။ ခေတ်တွေက ပြောင်းသွားပြီ။ အချို့ နိုင်ငံရေးသမားအုပ်စု တွေရဲ့ နိုင်ငံရေး အတွေးအခေါ် တွေက ၂၀၁၀ ဟိုဘက် မှာ ကျန်ခဲ့ပြီ။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ရမယ်ဆိုတဲ့ အယူအမြင် အပေါ်မှာ မရပ်ဘဲ ဖြစ်သင့်တယ် ဖြစ်ထိုက်တယ် ဆိုတဲ့ အမြင်ပေါ်မှာ ရပ်ပြီးသွားတာက ပိုပြီးတော့ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားဖြစ်မယ်။ တော်လှန်ရေး စိတ်ထားတွေနဲ့ ဆက်သွားမယ် ဆိုရင် အကျပ်အတည်းထဲကို ပြန်ပြီးတော့ ဆွဲခေါ်ရာရောက်မှာပဲ။

(နော်ကိုကို )
The Voice Weekly facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...