Sunday, October 13, 2013

"For those of you who had sacrificed their lives for our country & people"


March 28, 2013 at 10:18pm
ဖါးပွန်ခရိုင်မှ တိုက်ပွဲများသို့ 

 - 1 -
မိုးကလည်း တစိမ့်စိမ့်ရွာနေသည်။
ယူဆောင်သွားရမည့် လက်နက်၊ရိက္ခာ၊ဆေးဝါးတို့ ကို အမြန်ဆုံး စစ်ဆေးလိုက်သည်။
ပြီးတော့ ကိုယ်ကိုင်ဆောင်ထားသည့် လက်နက်နှင့်ခဲယမ်းမီးကျောက်တို့ ကို အမြန်ဆုံးပြန်စစ်လိုက်ကြသည်။
လူစစ်ပြီးသည်နှင့် နံနက်(ဝ၆းဝဝ)နာရီတိတိတွင် သံလွင်မြစ်ကမ်းပါး၊စခန်းထောက်မှ စတင်ထွက်ခွါခဲ့လိုက်ပါသည်။ 
ကောင်းကင်တပြင်လုံး မိုးသားများအုံ့ ဆိုင်းလျက် မဲမှောင်နေဆဲ။
ယခုတစ်ခေါက် စစ်ဆင်ရေးတာဝန်ကျသည်မှာ ကရင်ပြည်နယ်၊ဖါးပွန်ခရိုင်အရှေ့ ခြမ်းတွင်ဖြစ်၏။ ကျွန်တော်တို့ နှင့် ပူးတွဲရသော မဟာမိတ်တပ်မှာ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်ရင်း(၂ဝ)ဖြစ်ပြီး၊ မာနယ်ပလော ထီးသခီးတို့ မှ အင်အားဖြည့် ပေးထားသော သဝခ၊သစ်တောတပ်များနှင့်ဒေသခံတပ်များနှင့်အတူ KNDO တပ်များ လည်းပါဝင်သည်။ မိမိတို့ ၏ ABSDF ကျောင်းသားတပ်များမှာ တပ်ရင်း(၂ဝ၇)၊တပ်ရင်း (၂ဝ၈)၊တပ်ရင်း(၂ဝ၉)၊ တပ်ရင်း(၂၁ဝ)နှင့် ဗဟိုဌါနချူပ်မှတပ်ခွဲတစ်ခွဲတို့ ဖြစ်သည်။
အချိန်ကာလမှာ ၁၉၉၁ခုနှစ်၊ဇွန်လအတွင်း။ ရန်သူ၏ မာနယ်ပလောသိမ်းပိုက်ရေး(၂)နှစ်စစ်ဆင်ရေး၏ပထမနှစ်၊ ဒုတိယလေးလပိုင်းကာလ။
ကျွန်တော်တို့ ဖြတ်သန်းလာရာလမ်းတလျှောက်လုံး လူနေအိမ်ခြေဆိုတာ မတွေ့ ရတော့၊ ကြက်ငှက်၊ဘဲဝက်တို့ လည်း မရှိကြတော့။ သက်ရှိဆိုလို့  စစ်မြေပြင်မှာတိုက်ပွဲဝင်နေကြသည့် နှစ်ဘက်တပ်သားများနှင့် ရိက္ခာပို့ ဆင်များသာရှိတော့သည်။ မိုးကလည်း တညလုံးရွာထားခဲ့လို့  တောင်ကျရေများ ဒလဟောစီးဆင်းနေပြီး၊ စမ်းချောင်းများကိုဖြတ်ကူးသည့်  အခါတွင် ခါးတစ်ဝက်လောက်အထိနက်သည့် ရေစီးကြောင်းများကို ဆန်တက်ခဲ့ကြရသည်။
မနေ့ ညက စခန်းထောက်မှာဆုံခဲ့ရသည့် ရှေ့ တန်းမှပြန်လာကြသောတပ်ရင်း(၂ဝ၇)မှရဲဘော်များပြောပြခဲ့တုန်းက သိပ် မထင်ခဲ့။ တပ်ရင်း(၂ဝ၇)မှ ဆေးမှူးဇော်မျိုးနိုင်က " အစ်ကိုကြီး၊ လမ်းမှာရေစီးကြမ်းတယ်၊ သတိထားသွားအုံး " ဆိုပြီး သတိပေးခဲ့သေးသည်။ အခုတော့ သူပြောတာ ဟုတ်နေသည်။
ကျွန်တော်နှင့်အတူ အနီးဆုံးရှိနေကြသော မြင့်အောင်(တပ်ရင်း၂ဝ၉)၊အောင်အောင်(တပ်ရင်း၂ဝ၈)၊ဖိုးပြုံး(တပ်ရင်း၁ဝ၂)၊ လေးယောက်စလုံး အရပ်ပုသည့် သူတစ်ယောက်မှမပါသဖြင့် မှန်မှန်သွားနေနိုင်သော်လည်း၊ ကျွန်တော်တို့ နှင့်အတူပါ လာသည့် ကရင်စစ်သားလေးများထဲမှ အရပ်ပုသည့် သူအချို့ မှာ ရေစီး နက်သည့် နေရာများတွင် အခက်တွေ့ နေကြသည်။ ကျွန်တော်တို့ လည်း မနေသာတော့၊ အရပ်ပုသည့် သူနှင့်အရပ်ရှည်သည့် သူများကို မျှလိုက်ပြီး၊ ငါးယောက်၊ခြောက် ယောက်တစ်တန်းစီ လက်ချင်းချိတ်၊ဖေးမတွဲခေါ်ကြရင်း ထိုရေစီးကြမ်းသည့် စမ်းချောင်းများကို ဖြတ်ကျော်ခဲ့ကြသည်။
မိုးကလည်းသည်း၊ လေကလည်းတိုက်၊ ရေစီးကလည်းကြမ်း၊ ကျွန်တော်တို့ အားလုံးလည်း စိုရွှဲလျက်။
ငယ်စဉ်တုန်းက နားထောင်ခဲ့ရသည့် စစ်ချီသီချင်းကို သွားသတိရလိုက်မိပါသည်။
" မိုးတွေကလည်း မစဲဘဲ ရွာနေတယ် မြစ်ချောင်းအင်းအိုင် ရေတွေပြည့် လို့  ငါတို့ တိုက်ရတယ် "
အခုတော့ သီချင်းမဟုတ်၊ တကယ်ပဲ တိုက်နေရပါပြီ။
နံနက်ပိုင်း တစ်မနက်ခင်းလုံး ကျွန်တော်တို့ မနားတမ်းလျှောက်ခဲ့ကြပြီး တစ်တောင်တက်၊တစ်တောင်ဆင်းနှင့် လေး နာရီကျော်ကျော်ခန့် ဆက်တိုက်ချီတက်ခဲ့ကြရာ နံနက်ဆယ်နာရီခွဲကျမှ ခေတ္တရပ်နားခဲ့ကြသည်။
နားချိန်အဖြစ် ဆယ် မိနစ် သတ်မှတ်ပေးထားသည်။
ပုံမှန်ဆိုလျှင် ထမင်းစားချိန်မို့ လို့  ဗိုက်ထဲမှ နည်းနည်းတော့ ဆာစပြုလာသည်။ သို့ ပေမယ့် သည်နေ့ တစ်မနက် လုံး ထမင်းစားချိန်ရှိမည်မဟုတ်ဆိုတာကို အားလုံးကိုကြိုပြီးပြောတားပြီးမို့ လို့  မနက်ငါးနာရီကျော် အိပ်ယာကနိုး ကတည်းက နံနက်စာထမင်းကိုအပြီးစားခဲ့ကြပြီး၊ ညစာအတွက်ထမင်းကိုပါ မနက်ကတည်းကအပြီးချက်ယူလာခဲ့ကြပြီး ဖြစ်၏။ စစ်မြေပြင်ဆိုတာ ဘယ်အချိန်၊ဘယ်နေရာမှာ တိုက်ပွဲဖြစ်မည်ဆိုတာ ကြိုပြောလို့ မရ။ တကယ်လို့ ဖြစ်ခဲ့ပြီဆိုပါက ထမင်းချက်ချိန်၊ထမင်းစားချိန်ဆိုတာ ရှိမည်မဟုတ်။ သတ်မှတ်ထားသောနေရာကိုရောက်ဘို့  နှစ်ရက်လုံးလုံးခရီးဆက်ရဦးမည်။ ဗျူဟာမှူးထံမှ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရမချင်း မူလကသတ်မှတ်ပေးလိုက်သည်များကို မိမိတို့ အကောင်အထည်ဖေါ်ရမည်ဖြစ်၏။
" ဘာလိုသေးလဲကိုသီရိ၊ ကျွန်တော်ရှေ့ ကသွားနှင့်မယ် " 
KNLA မှစစ်ကြောင်းမှူး ဗိုလ်ကြင်ဖေတို့ အဖွဲ့  ကျွန်တော်တို့ ကိုနှုတ်ဆက်ရင်း ရှေ့ သို့ ဆက်တက်သွားကြသည်။
ဗိုလ်ကြင်ဖေမှာ ဤဒေသတွင်၊နယ်မြေကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊သူ့ စစ်အတွေ့ အကြုံမှာလည်းမနည်းတော့။ သူ့  မိသားစုတစ်ခုလုံး စစ်အစိုးရ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ကျွန်တော်တို့ က သူ့ ကို ဦးကြင်ဟု ခင်မင်ရင်းနှီးစွာခေါ် ကြသည်။ စစ်တိုက်ကောင်းသည့် စစ်သားကောင်းတစ်ဦးဖြစ်ပြီး၊ စစ်မြေပြင်များ၌ အမြဲတန်းလှုပ်ရှားသွားလာနေသူ တစ်ဦးဖြစ်ခါ၊ အလွန်အပင်ပန်း၊အဆင်းရဲခံနိုင်သူတစ်ဦးလည်းဖြစ်သဖြင့် ကျွန်တော်တို့ အားလုံး သူ့ ကို လေးစားကြ သည်။ အပြောအဆိုကြမ်းသော်လည်း စိတ်ရင်းကောင်းမွန်သူတစ်ဦးဖြစ်၏။
စစ်ဆင်ရေးများတွင် နယ်မြေကျွမ်းကျင်ခြင်းသည်လည်း အရေးပါသည့် အားသာချက်တစ်ခုပင်။ စစ်သင်တန်းများတွင် အဘဗိုလ်မှူးကြီးအေးမြင့် ကျွန်တော်တို့ ကိုအမြဲတန်းသွန်သင်ပြောပြခဲ့သည်မှာ

" ငါ့သားတို့ ၊ မြေပိုင်ရင်၊စစ်နိုင်မယ်ဆိုတာ မြဲမြဲမှတ်ထားကြ၊ ကိုယ်သွားပြီးရင်ဆိုင်ဆင်နွှဲရမည့် စစ်မြေပြင်ရဲ့ အနေ အထားကို ကျွမ်းကျင်နှံ့ စပ်အောင်လုပ်၊ ပြီးတော့ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ရမယ်"

အဘသွန်သင်ပြသခဲ့သည်များမှာ အလွန်မှန်ကန်ကြောင်း၊ စစ်မြေပြင်များတွင် ကိုယ်တွေ့ ရင်ဆိုင်ရသည့် အခါများ၌ ပိုပိုပြီးသိလာခဲ့ရသည်။
နားချိန်ဆယ်မိနစ်ပြည့် သွားသည့် အခါ၊ ကျွန်တော်တို့ အားလုံး ခရီးဆက်ခဲ့ကြပြန်သည်။
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရာလမ်းတစ်လျှောက်လုံးရှိ စိမ်းလမ်းစိုပြေလှပသောသစ်တောများ၊ လှျိုမြှောင်များ၊ စမ်း ချောင်းငယ်ကလေးများ၊ ရေတံခွန်အသေးစားကလေးများ၊ လှပသောကျောက်ဆောင်၊ကျောက်ခါးပန်းများတို့ က ပင် ပန်းနွမ်းလျနေသော ကျွန်တော်၏စိတ်ကို ကြည်နူးလန်းဆန်းစေခဲ့ပါသည်။ စစ်သာမဖြစ်ခဲ့ပါက အလွန်အေးချမ်းသာယာမည့် နေရာများဖြစ်ပြီး၊ ကမ္ဘာလှည့် ခရီးသည်များကို များစွာစွဲဆောင်နိုင် သောနေရာများဖြစ်ပေလိမ့်မည်။ အမိမြေ၏ တောတောင်ရေမြေသဘာဝအလှတို့ က စာဖွဲ့ လို့ မကုန်နိုင်အောင်တည်ရှိနေသေးသည်ကိုတွေ့ မြင်ရသဖြင့် နောင်တစ်နေ့  တိုင်းပြည်အေးချမ်းသာယာသည့် အခါ၊ သည်လိုနေရာများတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အလွန် မွန်မြတ်သောစွန့် လွှတ်ခြင်းများဖြင့်အသက်ပေးတိုက်ပွဲဝင်သွားကြသော ရဲဘော်ရဲဘက်များအားလုံးအတွက် အမှတ်တရ ဂူဗိမာန်ကြီးတစ်ခု ဆောက်လုပ်ပြီးဂုဏ်ပြုပေးလိုပါသည်။
ထိုနေ့ တစ်နေ့ လုံး အပြင်းချီတက်ခဲ့ကြပြီးနောက် ညနေငါးနာရီခန့် တွင် ညအိပ်ရပ်နားမည့် စခန်းထောက်သို့ ကျွန် တော်တို့ ရောက်ရှိခဲ့ကြသည်။
စခန်းထောက်တွင် ကျွန်တော်တို့ ဆုံစည်းရသူတစ်ဦးမှာ  KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂ဝ)မှ ဗိုလ်ကြည်အောင်ဖြစ်သည်။ မာနယ်ပလော၊လောခွါးလူရှိ ဗိုလ်ထောနီတို့ အိမ်ရှေ့ အိမ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး၊ တွေ့ တွေ့ ချင်း ကျွန်တော်တို့ ကို အားရဝမ်းသာစွာနှုတ်ဆက်ပြီး နေရာချပေးခဲ့သည်။ အလွန်ဖေါ် ရွေသဘောကောင်းပြီး၊ ကျောင်း သားများနှင့်ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်သည်။
ထိုည ညဦးပိုင်း(၈)နာရီခန့် က တောင်အောက်မှာ တိုက်ပွဲဖြစ်သံကြားရသည်။
အာရ်ပီဂျီသံ တဂျိမ်းဂျိမ်းကြားနေရသ ဖြင့် ရန်သူနှင့်အနီးကပ်တိုက်ပွဲဖြစ်နေပြီဆိုတာမှန်းလို့ ရပြီး နာရီဝက်ခန့် အပြင်းအထန် ပစ်ခတ်နေသံတွေ ကြားနေခဲ့ရသည်။ သည့် နောက်မှာတော့ ကြိုကြားကြိုကြားပစ်ခတ်သံလောက်ပဲကြားရတော့ပြီး၊ ဆက်လက်ကြားနေ ရသောလက်နက်ငယ်ပစ်ခတ်သံများကို နားစွင့်ကြည့် ရာ၊ ရန်သူမှအသုံးပြုသော ဂျီ(၃)၊ဂျီ(၄)ပစ်ခတ်သံများကို သိပ်မကြားရတော့။
ကိုယ့်ဘက်မှ အရေးသာပြီဆိုတာ သိလိုက်ပါသည်။
များမကြာမီ စက်ထဲမှာ တိုက်ပွဲသတင်းဝင်လာခဲ့၏။
ရန်သူခလရ(၆ဝ)မှတပ်အချို့ စောစောကတိုက်ပွဲအပြီးမှာ ကစင့် ကလျားနှင့် အနီးအနားမှာပြန့် ကြဲနေသည့် အတွက် မိမိတို့ ဘက်မှလိုက်လံရှင်းလင်းနေကြသည့် သတင်း။
ထိုညက ပုခက်ပေါ်မှာလဲလျောင်းရင်း တစ်ညတာကုန်လွန်ခဲ့ရသည်။
ကောင်းကောင်းမအိပ်ခဲ့ရပဲ တချိန်လုံး ခြင်ရိုက်ရင်း မိုးလင်းခါနီးကျမှ တစ်မှေးခန့် အိပ်ပျော်သွားခဲ့ပါသည်။

- 2-
များမကြာမီ မိုးလင်းတော့မည်။
အရှေ့ ဆီမှာ ရောင်နီကိုပျပျမြင်နေရပါပြီ။
နာရီကိုကြည့် လိုက်တော့ နံနက်ငါးနာရီခွဲခါနီးကို ညွှန်ပြနေသည်။
ရှေ့ ဆက်ပြီးခရီးထွက်ရအုံးမည်မို့  အဆင်သင့်ဖြစ် နေစေဘို့ အတွက် မနိုးသေးသည့် သူတွေကို လိုက်လံနှိုးလိုက် ရသည်။
နံနက်(ဝ၆းဝဝ)နာရီတွင် ကျွန်တော်တို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။
ရိက္ခာပို့ ဆင်များ၊အထမ်းသမားများနှင့် ရှေ့ ပြေး တပ်စုက အရင်ဆုံးစထွက်သည်။
(ဝ၆း၁၅)နာရီကျမှ ကျွန်တော် တို့ ဆက်လက်ထွက်ခွါခဲ့ကြသည်။
ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ၊ အနီးကပ်တိုက်ပွဲများဖြစ်ပွါးရာနေရာများအတွင်း ရောက်ရှိလာပြီမို့  အထူးသတိ ဝိရိယထားပြီးခရီးဆက်ကြရသည်။ အထူးသဖြင့် ညကတိုက်ပွဲအပြီးမှာ တပ်ကွဲလျက် ပြန့် ကြဲ ပုန်းအောင်းနေကြသော ရန်သူတို့ ၏ချောင်းမြောင်းပစ်ခတ်မှု၊ခြုံခိုတိုက်ခိုက်မှုတို့ နှင့်အချိန်မရွေးကြုံတွေ့ နိုင်သဖြင့် ပိုပြီးသတိထားကြရသည်။
ယနေ့ နံနက်မှာတော့ မနေ့ ကလို မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ပေမယ့် မိုးစက်မိုးပေါက်ကလေးတွေကတော့ တဖွဲဖွဲနှင့်ကျနေကြဆဲ။
တချို့ နေရာတွေမှာ မြေကစေးပြီးချောနေသည်။ အားလုံးလိုလို သေနတ်၊ကျည်ဆံ၊ကျောပိုး အိတ်တွေနှင့် အလေးချိန်များနေကြပြီး၊ ဘိနပ်မကောင်းသည့် သူတွေ မကြာခဏပစ်လဲနေကြသည်။ တောင်အဆင်းတစ်နေရာမှာတော့ ကျွန်တော့အနောက်ကနှစ်ဦး လျှောကနဲဖြစ်သွားပြီး ကျွန်တော့ကိုပါကန်ချလိုက်သလို ဖြစ်သွားသဖြင့် ကိုယ့်ရှေ့ ကလူတွေပါတသီကြီး အောက်သို့ ထိုးဆင်းသွားခဲ့ရသည်။
သည်လိုနှင့်ပဲ မိုးထဲလေထဲမှာ တစ်တောင်တက်၊တစ်တောင်ဆင်းနှင့်ခရီးဆက်လျက်။ အဝေးဆီမှ လက်နက်ကြီးပစ်ခတ်သံတွေ ကတော့ တစ်ချက်တစ်ချက် ကြားနေရဆဲ။
ကျွန်တော်တို့ ဦးတည်သွားနေသော ရည်မှန်းချက်နေရာမှာ ထီးသညကျိုး ဟုကရင်လိုအမည်ရသောတောင်ထိပ်ဆီသို့  ဖြစ်သည်။ ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ထားသောတောင်ကုန်းဖြစ်ပြီး၊ ထိုတောင်ထိပ်တွင် မိမိတို့   ABSDF ကျောင်းသား ရဲဘော်များနှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်  KNLA ရဲဘော်များနေရာယူထားကြသည်။
ဖါးပွန်မြို့ နှင့်ဆယ့် ငါးမိုင်အကွာတွင်တည်ရှိပြီး၊ ရန်သူ၏ဆယ့်လေးမိုင်ကုန်းနှင့်လယ်တိုးစခန်းနှစ်ခုကြားတွင်တည်ရှိ၏။ ညနေငါးနာရီခွဲခန့် တွင် KNLA ဗိုလ်သင်တန်းသားများနေရာယူထားကြသောတောင်ကုန်းနှင့်ကပ်လျက်ရှိသော တောင်ကုန်းဆီသို့ ရောက်ရှိခဲ့ကြပြီး၊ ထိုတောင်ကုန်းမှာပဲ ညအိပ်ရန်စီစဉ်လိုက်ကြပါသည်။
ထိုညနှင့်မနက်ဖြန်အတွက်အစီအစဉ်များကို ဗိုလ်ကြင်ဖေနှင့်တိုင်ပင်ဆွေးနွေးပြီးနောက် ကျွန်တော်တို့ နားမည့် နေရာ သို့ ပြန်အရောက်မှာတော့ ကျွန်တော်လည်းခြေပစ်လက်ပစ်နှင့် လှဲချလိုက်မိသည်။
နောက်တော့ ရေတွေစိုရွှဲနေသည့် စစ်ဘိနပ်ကိုချွတ်လိုက်စဉ်မှာတော့ ကျွန်တော့ခြေခုံပေါ်မှာ မျှော့ကြီးတစ်ကောင်။
သွေးတွေဝလျက်ကပ်နေသဖြင့်၊ မြင့်အောင်ထံမှ ဆေးလိပ်တိုအကျန်အပိုင်းကလေးကိုတောင်းယူလိုက်ပြီး ဆေးလိပ်မီးဖြင့် တို့လျက် ခွါချလိုက်ရသည်။
မနက်တုန်းက ဘိနပ်ကြိုးကိုတင်းတင်းမစည်းခဲ့မိပဲ ခြေအိပ်လဲမရှိလို့ မစွတ်ခဲ့တော့ မျှော့တွေအတွက် ပွဲတော်ဖြစ်သွားခဲ့ရသည်။ မနိုးတစ်ဝက်၊နိုးတစ်ဝက်ဖြင့် ထိုညကိုလည်းကုန်လွန်စေခဲ့ပြီး မနက်လေးနာရီဝန်းကျင်ဆီသို့ ပင်ရောက်ရှိလာခဲ့သည်။ အခြားသူများကတော့ ပင်ပင်ပန်းပန်းနှင့်အိပ်မောကျနေကြဆဲ။
စစ်ဆင်ရေးကာလ မည်မျှကြာမြင့်အုံးမည်ဆိုတာ ကျွန်တော်လည်းမသိနိုင်။
ရန်သူက မာနယ်ပလောကိုအရသိမ်းပိုက်ရန် နှစ်နှစ်စီမံကိန်းချမှတ်ထားသည်။ ဖမ်းဆီးရမိသော ရန်သူအရာရှိများထံမှ မာနယ်ပလောသိမ်းပိုက်ရေး၊ဇွဲအောင်လင်းစစ်ဆင်ရေး အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ ရရှိထားသဖြင့် စစ်ဆင်ရေးကြာမြင့်အုံးမည်ဆိုတာ အကြမ်းဖျင်းတွက်ထားလိုက်မိပါသည်။
ရန်သူ၏စစ်ဆင်ရေး ပထမနှစ်၊ဒုတိယလေးလပိုင်းကာလအထိ ၄င်းတို့ ၏ရည်မှန်းချက်များ မပေါက်ရောက်ပဲရှိနေခဲ့သည်။ မပေါက်ရောက်သည့် အပြင် ခြေကုပ်စခန်းအချို့ ကိုပင် လက်လွတ်ဆုံးရှံးလာခဲ့ရသည်။
ဤစစ်ဆင်ရေးနယ်မြေအတွင်း မိမိတို့ တပ်များနှင့်နေ့ စဉ်တိုက်ပွဲဖြစ်ပွါးလျက်ရှိသော ရန်သူ့ တပ်များနေရာယူထားပုံ အသေးစိတ်မှာ
- ပွိုင့် ၁၃၅၉ ဝါ့ဘောကျိုးတောင်ကုန်းတွင် ခလရ(၆ဝ)၊တပ်ခွဲ(၅)
- ပွိုင့် ၂၆၆၉ လယ်တိုးတောင်ကုန်းစခန်းတွင် ခလရ(၆ဝ)မှတပ်ခွဲသုံးခု၊ တပ်ခွဲ(၁)၊(၂)နှင့်(၃)
- (၁၄)မိုင်စခန်းတွင် ခလရ(၆ဝ)၊ တပ်ခွဲ(၄)
- ပွိုင့် ၁၆၆၇ တောင်ကုန်းတွင် ခလရ(၁၉) စစ်ကြောင်း(၂)
- ခေါပုတ်နှင့်ဖေါထာစခန်းကြီးများတွင် ခလရ(၃ဝ)၏စစ်ကြောင်း(၁)နှင့်(၂)တို့ အပြင် ခလရ(၂၆)လှုပ်ရှားစစ်ကြောင်းမှတပ်အချို့ တို့ ဖြစ်ကြသည်။
ထို့ အပြင် ရန်သူသည် ဂါးမကျု တောင်ကုန်းကြီးတွင် ဟောင်ဝစ်ဇာအဝေးပစ်လက်နက်ကြီးများဖြစ်ကြသည့် (၁၂ဝ) မီလီမီတာ၊(၁ဝ၅)မီလီမီတာ စသည်တို့ ကိုတပ်ဆင်နေရာချ၊တပ်စွဲထားပြီး တပ်ခွဲအလိုက် အမြဲတန်းသုံးနေကျ(၈၄)မမ၊ (၈၁)မမ၊(၆ဝ)မမ မော်တာများအပြင်၊ တရုပ်ပြည်မှအသစ်စက်စက်ရရှိထားသော (၂.၇၅)တာဝေးပစ်ရော့ကက်လောင်ချာ (2.75 Rocket Launcher) များကိုပါ တပ်ဆင်ထားရှိသည်။
ရန်သူသည် လေတပ်အကူအညီကိုရယူပြီး လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း၊ လူနေကျေးရွာများနှင့် ၄င်းတို့  တပ်အချင်းချင်းအပေါ်သာကျရောက်ပြီး သူ့ လူအချင်းချင်းသာထိခိုက်ကျဆုံးခဲ့ကြရသည်။ မိမိတို့ တပ်ဖွဲ့ များနှင့် စစ်စခန်းများ ဘာမှမဖြစ်ခဲ့တာတော့ အမှန်ပင်။
သည်စစ်ဆင်ရေးနယ်မြေအတွင်း ရန်သူ၏အရေးကြီးသောစစ်စခန်းတစ်ခုဖြစ်သည့် ခေါပုတ်စခန်းတွင် စုဆောင်းထားရှိ သော ရိကာများကို မိမိတို့ တပ်များမှတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သဖြင့်၎င်း၊ နောက်တန်းနှင့်အဆက်အသွယ်ဖြတ်တောက်ခံ ထားရသဖြင့်၎င်း၊ မိမိတို့ တပ်များမှ ပျောက်ကျားစစ်ဆင်ပြီး နေ့ စဉ်နှင့်အမျှခြောင်းမြောင်းပစ်ခတ်မှုကိုခံနေရသဖြင့်၎င်း၊ ထိခိုက်ဒဏ်ရာရသူများအား နောက်တန်းသို့ ပြန်မပို့ နိုင်သဖြင့်၎င်း၊ တပ်စခန်းတစ်ခုနှင့်တစ်ခုဆက်သွယ်ကူးသန်း မရအောင်ဖြတ်တောက်ပိတ်ဆို့ ခံထားရသဖြင့်၎င်း၊ ရန်သူ့ တပ်များမှာ စိတ်ဓါတ်အကြီးအကျယ်ကျဆင်းနေကြသည်။ စစ်ဆင်ရေး၏နောက်ဆုံးလက်ရှိအခြေအနေများကိုစဉ်းစားရင်းနှင့် အာရုဏ်တက်ချိန်သို့ ပင်ရောက်ရှိလာခဲ့ပြီ။ ကျွန်တော့ရဲဘော်များကား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြဆဲ။
မအိပ်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမယ့်လည်း ကျောကိုခင်း၊ခါးကိုဆန့် လိုက်ချိန်မှာတော့ ပင်ပန်းနေလို့ ပဲလားတော့ မသိ၊ မှေးကနဲအိပ်ပျော်သွားခဲ့ပါတော့သည်။

- 3 -

ထီးသညကျိုးမှ သူရဲကောင်းများ
  
နောက်တစ်နေ့ 
နံနက်(ဝ၇းဝဝ)နာရီတွင် ဆက်လက်ခရီးဆက်ခဲ့ကြသည်။
ကောင်းကင်ပြင်မှာတော့ အရင်နေ့ တွေလိုပဲ မိုးသားများကအုံ့ ဆိုင်းနေဆဲ။
တစ်တောင်ဆင်း၊တစ်တောင်တက်နှင့်ခရီးဆက်ခဲ့ကြရာ နံနက်(၁ဝးဝဝ)နာရီခန့် တွင် ကျွန်တော်တို့  ABSDF ကျောင်းသားတပ်များ နေရာယူတပ်စွဲထားသော ထီးသညကျိုးတောင်ကုန်းကို စတက်ခဲ့ကြသည်။
တောင်ခါးပန်းများတွင် ကင်းနေရာယူထားကြသော ကရင်စစ်သားများအား ကျွန်တော်တို့ တွင်ပါလာသော ဆေးပေါ့ လိပ်များနှင့် စားစရာအချို့ ကို ခွဲဝေပေးခဲ့သည်။ သူတို့ မှာဝမ်းသာလွန်းသဖြင့် ကျွန်တော်တို့ ကို ဖက်လှဲတကင်း နှုတ်ဆက်ကြပြီး၊ အားရပါးရ ရှိုက်ဖွါနေကြသည်ကိုငေးကြည့် ရင်း ကျွန်တော့စိတ်ထဲမှာကြည်နူးခဲ့ရသလို စာနာမှုဖြင့် စိတ်မကောင်းလည်း ဖြစ်ခဲ့ရပါသည်။ အိပ်ကောင်းခြင်းမအိပ်ရ၊စားကောင်းခြင်းမစားရနှင့် လပေါင်းများစွာ ပင်ပန်းဆင်းရဲစွာဖြင့် တိုက်ပွဲဝင်နေကြရသော မိမိတို့ ရဲဘော်ရဲဘက်များအတွက် ရင်နှင့်အမျှ ပြောစရာတွေ ပြည့် လျှံလာခဲ့ပါသည်။
စစ်သားမှန်လျှင်စစ်တိုက်ရမည်၊ ပင်ပန်းဆင်းရဲမည်၊ ကြမ်းတမ်းခက်ထန်မှုတွေရင်ဆိုင်ရမည်ဆိုတာမှန်ပေမယ့် မိမိတို့  တော်လှန်ရေး စစ်သားများ၏မပြည့် စုံမှုကား ရင်နာဖွယ်ကောင်းလှအောင်ပင် ချို့ တဲ့လွန်းလှ၏။
ပုံမှန်စစ်တပ်တစ်ခုမှာဆိုလျှင် လအနည်းငယ်ကြာလာလျှင် အစားထိုး၊လဲလှယ်စရာတပ်တွေအများကြီးရှိသည်။ လက် နက်ခဲယမ်း၊ရိက္ခာဆေးဝါးထောက်ပန့် မှုတွေရှိသည်။ စစ်ဆင်ရေးပြီးဆုံးလျှင် ပြန်စရာအိမ်သတ်သတ်မှတ်မှတ်ရှိသည်။ စစ်ဆင်ရေးပြီးဆုံးလို့ အသက်မဆုံးရှုံးခဲ့လျှင် မိဘ၊သားမယားများနှင့်ပြန်လည်ဆုံစည်းနေထိုင်ခွင့်ရှိသေးသည်။
တော်လှန်ရေးစစ်သားတစ်ဦး၏ဘဝကား လဲစရာတပ်ဆိုတာများများစားစားမရှိ၊ ထောက်ပန့် မှုဆိုတာကလည်းမဖြစ်စ လောက်နှင့်၊ ပြန်စရာအိမ်လည်းမရှိ၊ ဘာဆိုဘာမှမရှိ၊
ရှိတာက သေနတ်၊ကျည်ဆံနှင့်ကျောပိုးအိတ်ပဲရှိသည်။ မိဘ ဆွေမျိုးများနှင့် ဘယ်တော့ ပြန်ဆုံရမှန်းလည်းမသိ။
တော်လှန်ရေးနယ်မြေမှာအိမ်ထောင်ကျခဲ့သူများအတွက် သားမယား ဆိုသူတွေကလည်း တော်လှန်ရေးနယ်မြေမှာအတူတကွ အသက်ကိုဖက်နှင့်ထုပ်ပြီးနေနေရသူများပင်။
သို့ ပေမည့် လည်း ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် မနေ့ ကတိုက်ပွဲ၊ယနေ့ တိုက်ပွဲ၊မနက်ဖြန်တိုက်ပွဲ၊သဘက်ခါတိုက်ပွဲ၊စ သည်ဖြင့် တိုက်ပွဲများအကြားမှာ မိမိတို့ ၏နေ့ စဉ်ဘဝများကို ပေးဆပ်နေကြရသည်။ အသက်၊သွေးချွေးမျက်ရည်များ နှင့်အတူ ခါးသည်းဖွယ် ရာ၊ ရင်နာစရာ မရေမတွက်နိုင်သောအတွေ့ အကြုံများကို အတူတကွရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။
စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာတိုက်ပွဲဝင်နေရသောရဲဘော်တစ်ဦးအတွက် ဆေးလိပ်တိုလေးတစ်ပိုင်း၊ စားစရာလေး တစ်ဖဲ့သည် ပမာနကြီးမားလှသောခွန်အားဖြစ်စေသည်ကို ကြုံဘူးသူတိုင်းသိကြပါသည်။
တောင်ထိပ်နှင့်နီးလာသည်နှင့်အမျှ ကျွန်တော်တို့ ခြေလှမ်းတွေက ပိုသွက်လာခဲ့၏။
တောင်ထိပ်ရောက်ခါနီးမှ ကျွန် တော့ညာဘက်၃ူးဆစ်အောက်ပိုင်း၊ညိုသကြီးတလျှောက်လုံးယခင်ကဖြစ်ခဲ့ဘူးသောဒဏ် ကြောင့် တဆစ်ဆစ်နှင့်ကိုက်လာခဲ့သည်။ မနေ့ ညဦးပိုင်းကတည်းက စနာနေတာသတိထားမိပေမည့် သိပ်မဆိုးခဲ့။ ယခုတော့သိသိသာသာဆိုးဝါးလာ သည်။
သို့ ပေမည့် လည်း မိမိတို့ ရဲဘော်များကိုတွေ့ ချင်ဇောဖြင့်၊သူတို့ ထံရောက်ချင်ဇောဖြင့် ခြေဆစ်နာနေတာ ကိုဂရုမစိုက်အားပဲ တောင်ထိပ်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်းအမြန်ဆုံးတက်လှမ်းနေမိသည်။
များမကြာမီ......
ဝါးခြံစည်းရိုးကပ်များကို လှမ်းမြင်လိုက်ရပါပြီ။
"ကိုသီရိတို့ ရောက်ပြီဟေ့"
"အစ်ကိုကြီး"
အားရဝမ်းသာစွာဖြင့် အော်ဟစ်ပြေးဆင်းလာကြသော စိုးမြင့်ဦး(တပ်ရင်း၂၁ဝ)နှင့်အငယ်လေး(တပ်ရင်း၂၁၂)တို့ ကျွန် တော့ကိုအတင်းပွေ့ ဖက်ထားကြသည်။
အငယ်လေးသည် ကလေးငယ်များသူတို့ မိခင်ကိုခေါင်းနှင့်ခွေ့ သလို ကျွန်တော့ရင်ခွင်ထဲမှာ၊ကျွန်တော့ရင်ဘက်ကိုသူ့  ခေါင်းနှင့် ပွတ်သပ်နေသည်။
မျက်တွင်းဟောက်ပက်၊ ဖုတ်အလူးလူးနှင့် အရောင်လွင့်ပြယ်နေပြီဖြစ်သောယူနီဖေါင်းအစုတ်၊
ပိန်ချူံးနွမ်းလျနေသော သူတို့ ၏ရုပ်သွင်ပြင်တို့ က စစ်ဦးစစ်ဖျား၏ အကြမ်းရမ်းဆုံး၊အခက်ထန်ဆုံးသရုပ်တို့ ကို ဖေါ်ပြနေသည်။
သူတို့ နှစ်ဦးစလုံးကို ကျွန်တော် တင်းကြပ်စွာပြန်လည်ပွေ့ ဖက်ထားရင်း ရင်ထဲ ဖေါ်မပြနိုင်အောင် ဆို့ နင့်လာခဲ့ပြီး ကျွန်တော့ မျက်လုံးအိမ်ထဲမှာ မျက်ရည်စတို့ ရစ်ဝဲလာခဲ့ရလေပြီ။
"မြင့်အောင် အောင်အောင်"
"ဟာ ဖိုးပြုံးကြီးလည်းပါတယ်"
တပ်ရင်း(၂၁၂)မှတောကြက်ကလေး၊ရောဘတ်(ယခုအင်္ဂလန်နိုင်ငံ)၊အောင်ငွေဦး(ယခုကျဆုံး)၊ တပ်ရင်း(၁ဝ၁)၊တပ်ခွဲ(၂) မှဆန်နီ နှင့်တေဇာ(ရန်ကင်းမြို့ သား၊ နောက်ပိုင်း တောတွင်းတစ်နေရာတွင်အသတ်ခံရသူ)၊ တပ်ရင်း(၂ဝ၇)မှတင်ဝင်း နှင့် သက်ဦးလေး၊ တပ်ရင်း(၂ဝ၅)မှချစ်ကိုတို့ တပြုံကြီးပြေးဆင်းလာကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဝမ်းသာ အားရအော်ဟစ်နှုတ်ဆက်ကြရင်း ပါလာသောပစ္စ္စ္စည်းများကို ဝိုင်းသယ်ပေးကြ၏။
ရှေ့ တန်းစစ်မြေပြင်တွင်တိုက်ပွဲဝင်နေရသူတစ်ဦးအတွက် နောက်တန်းမှစာလေးတစ်စောင်ရရှိလျှင်ပင် ဝမ်းသာအားရဖြစ် လေ့ရှိရာ၊ ယခုလိုလူကိုယ်တိုင်ရောက်ရှိလာပြီး ပူပေါင်းအားဖြည့် ပေးသည့် အခါမျိုးတွင် ဝမ်းသာအားရဖြစ်မိကြခြင်း မျိုးကား ကမ္ဘ္ဘာပေါ်ရှိ မည်သည့် စစ်သားမဆို ခံစားဘူးကြသည့် ထပ်တူထပ်မျှတူညီသောခံစားမှုများထဲမှ တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။
ကျွန်တော်လည်း သယ်ဆောင်လာသော ပစ္စ္စ္စည်းများထဲမှ ဆေးပေါ့လိပ်အထုပ်များကိုအရင်ဆုံးထုတ်ယူလိုက်ပြီး၊ တပ်စိပ် အလိုက် ကရင်စစ်သားလေးများကိုပါဝေငှပေးလိုက်သည်။
တစ်ချို့ ကချက်ချင်းဖွါရှိုက်ကြပြီး၊တစ်ချို့ ကတော့သိမ်းထား လိုက်ကြခါ ညာသိုကိုပဲလိပ်သောက်နေကြသည်။
ညာသိုဆိုတာက ကျွန်တော်တို့ တော်လှန်ရေးရဲဘော်များအနေဖြင့် ဆေးပေါ့လိပ်၊စီးကရက်တို့ ကို အများအားဖြင့်ဝယ်မ သောက်နိုင်ကြ။ အထူးသဖြင့်ယခုလိုရှေ့ တန်းလိုနေရာမျိုးတွင် ဆေးပေါ့လိပ်၊စီးကရက်တို့ လွယ်လွယ်နှင့်မရနိုင်သော ကြောင့် ဆေးရွက်အကြေများကို စက္ကူအဖြူ(သို့ မဟုတ်)သတင်းစာဖြတ်ပိုင်းများဖြင့်ထည့် ပြီး ကိုယ့်ဖါသာကိုယ်လိပ်သောက်ကြရသည့်   ကိုယ်တိုင်လုပ်၊လက်ဖြစ်ဆေးလိပ်များကိုခေါ်ခြင်းဖြစ်သည်။
ဌါနချူပ်မှစထွက်လာကတည်းက ကျွန်တော် ဆေးလိပ်သာမက၊ သတင်းစာများ၊ သုံးပြီးသားရုံးသုံးစကူများနှင့်တွေ့  သမျှစက္က္ကူဖြူဖြူသန့် သန့် များကိုပါစုဆောင်းယူဆောင်လာပေးခဲ့သည်။ အထုပ်လိုက်ရောင်းချသောဆေးရွက်အကြေများ ကိုလည်း „သော်လဲထ္လဟုခေါ်သောနယ်စပ်ဈေးရွာကလေးမှ ဝယ်ယူလာခဲ့သည်။ ငါးခြောက်၊ငရုပ်သီး၊ဆား၊ငပိတို့ ကို လည်းရနိုင်သမျှ၊သယ်နိုင်သမျှသယ်လာပေးပြီး အားလုံးကိုခွဲဝေပေးလိုက်သည်။
ခရီးစမထွက်ခင်တစ်ပတ်ခန့် က အမေရိကန်ပြည်ထောင်စုမှ ကျွန်တော့အစ်ကိုပေးပို့ လိုက်သည့် ငွေ လူကြုံဖြင့်ရောက်ရှိလာ သည့် အတွက် ရဲဘော်များအတွက်စစ်စွပ်ကြယ်များနှင့်ဆေးဝါးများ တို့ ကိုဝယ်ယူသယ်ဆောင်လာနိုင်ခဲ့သည်။
ကျွန်တော်တို့ သယ်လာသည့် ထောက် ပံ့ရေးပစည်းများအားလုံးကို နယ်စပ်ဈေးမှာ ABSDF ဗဟိုရုံး၊ရုံးအဖွဲ့မှူးဝင်းမြင့်သိန်း(တပ်ရင်း ၂ဝ၁)နှင့်ထွန်းထွန်းအောင် (တပ်ရင်း၂ဝ၉)တို့ က သွားရောက်ဝယ်ယူစုဆောင်းပေးခဲ့သည်။
"ကျွန်တော့မိန်းမ ဘာမှာလိုက်သေးသလဲ ကိုသီရိ"
တိုက်ကင်းလှည့် ရာမှပြန်ေ၇ာက်လာသောကိုအောင်သန်း(တပ်ရင်း၂ဝ၈၊ယခင်ကတပ်မ(၄၄)မှစစ်သားဟောင်းတစ်ဦး)က ကျွန်တော့ကိုတွေ့ သည်နှင့် အူရားဖါးရားပြေးလာပြီးမေးလာခဲ့သည်။
"နောက်ယောက်င်္ကျားယူသွားပြီတဲ့"
ဝါးကနဲ ရဲဘော်များအားလုံးဝိုင်းရယ်ကြသည်။
ကျွန်တော့ကိုယ်စား ဆရာတင်ဝင်း(တပ်ရင်း၂ဝ၅၊ယခင်ကရေတပ်မှ တပ်ကြပ် ဟောင်း)က ဝင်နောက်ပြီးအဖြေပေးလိုက်သည်။
ကိုအောင်သန်းတစ်ယောက် ပြုံးဖြီးဖြီးနှင့်သူ့ ခေါင်းကိုကုပ်ရင်း ရယ်နေရှာသည်။
ချစ်စရာကောင်းသောကိုအောင်သန်း ကား တိုက်ပွဲဆိုဘယ်တော့မှငြင်းလေ့ရှိသူမဟုတ်ပဲ၊ စေလွှတ်သမျှ မငြီးမငြူသွားလေ့ရှိသူ တစ်ဦးဖြစ်သည်။ သူ့ ဇနီး၊ သားကလေးဝင်းနိုင်ဦးတို့ နှင့်အတူ မာနယ်ပလော၊လောခွါးလူရှိ ဗဟိုဌါနချူပ်တွင်နေထိုင်လျက်ရှိသူ တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် ဧပြီလကတည်းက သည်ရဲဘော်များနှင့် အတူ ထီးသညကျိုးတောင်ကုန်းတွင် တာဝန်ကျတိုက်ပွဲဝင် နေသူ တစ်ဦးဖြစ်သည်။
ကျွန်တော်တောင်ထိပ်စခန်းကိုလှည့် ပတ်ကြည့် ရှုရင်း ကင်းနှင့်အခြားတာဝန်များထမ်းဆောင်နေကြသောမိမိတို့ ရဲဘော် များဖြစ်ကြ သည့် တပ်ရင်း(၂၁၂)နှင့် တပ်ရင်း(၁ဝ၁)တို့ မှ ကိုသက်နောင်၊နိုင်သူ၊ရဲနောင်၊ မျိုးသန်.၊တင်မောင်၊ကျော်ဆန်းကိုလှမြင့် (ကိုချင်းရွှေ)၊ဝမ်းသာ၊လက်ထောက်ဆေးမှူးကိုအောင်နိုင်ဦး(ယခုအမေရိကန် ပြည်ထောင်စု)၊ကိုခင်ထွန်းကြည်(ယခုကျဆုံး)၊တင့်လွင်ဦးနှင့်သက်တင်ဦး(လုပ်သားများကောလိပ်မှကျောင်းသား)တို့ အားလုံးကိုဆုံတွေ့ ရသည်။ ဆေးမှူးကိုဝင်းနိုင်ဦး (ရန်ကုန်ဆေးတက္ကသိုလ်(၁)၊နောက်ဆုံးနှစ်မှကျောင်းသား၊ယခုအင်္ဂလန်နိုင်ငံ)နှင့်ကိုရဲထွဋ်အောင်(အဘ)တို့ ကိုတော့ မတွေ့ ခဲ့ရ။ ကိုရဲထွဋ်အောင်ဒဏ်ရာရသဖြင့်မာနယ်ပလောသို့ ပြန်ပို့ နေရသောကြောင့် မဆုံဖြစ်ခဲ့။
သည်ရဲဘော်အများ စုမှာ ယခင်က KNLA ဝမ်းခစခန်းရှိ ABSDF တပ်ရင်း(၂၁၁)နှင့်ဘုရားသုံးဆူရှိတပ်ရင်း(၁ဝ၁)တို့ တွင် တာဝန်ထမ်း ဆောင်ခဲ့ကြသော တိုက်ပွဲအတွေ့ အကြုံရှိပြီးသားရဲဘော်များဖြစ်ကြသည်။
ကျွန်တော်တို့ ရောက်လာသဖြင့် ရဲဘော်များအားလုံးပျော်ရွှင်နေကြသည်ကိုကြည့် ရင်း ကျွန်တော် ကြည်နူးမိခဲ့ရပါသည်။
များမကြာမီ ဆင်များဖြင့်သယ်ဆောင်လာသော နောက်ထပ်ရောက်ရှိလာသည့် ရိက္ခာခြင်းကြီးများအား ကရင်ရဲဘော်များမှလာပို့ ပေး သဖြင့် ဝိုင်းဖြည်လိုက်ကြသည်။ ထိုအထဲမှာ မာနယ်ပလောမှရဲဘော်များထံမှအားပေးစာများနှင့် အိမ်ထောင်သည်များအ တွက် မိသားစုဝင်များကပေးလိုက်သည့် အထုပ်အပိုးများပါလာသည်။
ထိုအခိုက်
"ဖုမ်"ဆိုပြီး
တစ်ဘက် ရန်သူ့ တောင်ကုန်းဘက်ဆီမှပစ်ထည့် လိုက်သော လက်နက်ကြီးကျည်ထွက်သံ ကြားလိုက်ရသဖြင့်၊ ကျွန်တော်တို့ အားလုံး အနီးဆုံးကတုတ်ကျင်း၊ဆက်သွယ်ရေးမြောင်းများအထဲသို့ မတိုင်ပင်ရပဲ ပြိုင်တူခုန်ချနေရာယူလိုက်ကြသည်။ ထီးသညကျိုးသို့ ရောက်ရောက်ချင်း ကျွန်တော်တို့ အား ရန်သူမှ ပထမဦးဆုံးဆီးကြိုနှုတ်ဆက်လိုက်ခြင်းဟုဆိုရမလိုပင်။
ရာသီဥတုမိုး၊ အမြှောက်ဆံမိုး၊ ကျည်ဆံမိုး၊
သည်မိုးသုံးမိုးအကြားမှာ ကျွန်တော်တို့ ၏စိတ်ဓါတ်များကား ကြံ့ ခိုင်နေဆဲ။
ယုံကြည်ချက်တို့ ခိုင်မာနေဆဲ။
ရည်မှန်းချက်ပန်းတိုင်ဆီသို့  မဆုတ်မနစ် ချီတက်နေကြဆဲ။


( လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့် က အမိမြန်မာပြည်ကောင်းစားရေးနှင့် ပြည်သူလူထုအများစု လိုလားတောင့်တခဲ့ကြသော ခေတ်စံနစ်ကောင်းတစ်ခု ထူထောင်နိုင်ရေးအတွက် မိမိတို့ ယုံကြည်ခဲ့ကြသောလက်နက်ကိုင်တော်လှန်ရေးကို ကိုယ်ကျိုး စွန့် လျက်၊ အပင်ပန်းအဆင်းရဲအနစ်နာခံရင်း မြန်မာပြည်နယ်စပ်အသီးသီးရှိ တောတောင်ရှိမြှောင်များအတွင်း၌ လူမသိ၊ သူမသိ ဘဝတွေ၊အသက်တွေပေးတိုက်ပွဲဝင်ခဲ့ကြသော အညတြ ကျောင်းသားရဲဘော်များနှင့် တိုင်းရင်းသားတော်လှန်ရေး ရဲဘော်များအားလုံးတို့ အား ကျွန်တော်မှတ်မိသမျှ အတတ်နိုင်ဆုံးကြိုးစား၍ ရေးသားဂုဏ်ပြု မှတ်တမ်းတင်လိုက်ရပါသည်။ သူကပစ်၊ကိုယ်ကပစ်နှင့် ပစ်နေကြသောတိုက်ပွဲအသေးစိတ်များထက် စစ်မြေပြင်မှာတိုက်ပွဲဝင်နေခဲ့ရသော တော်လှန်ရေး ရဲဘော်များ၏ နေ့ စဉ်ဘဝသရုပ်မှန်ကို ပိုပြီးအသားပေးရေးသားဖေါ်ပြထားပါသည်။
စစ်မှန်သောတော်လှန်ရေး မုချအောင်ရမည်ဟုယုံကြည်လျက်
မျိုးဆက်သစ်လူငယ်များက လက်ဆင့်ကမ်းသယ်ဆောင် အောင်ပွဲခံလိမ့်မည်ဆိုတာ ယုံကြည်လျက် )

သီရိညွန့်  - ABSDF

Original picture with those comrades on "Htee Tha Nya Kyo Hill" on June 29, 1991.
Original picture with those comrades on "Htee Tha Nya Kyo Hill" on June 29, 1991.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...