Thursday, October 24, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ


October 17, 2013 at 2:10am
ကျွန်တော်၏ အေဘီအက်စ်ဒီအက်ဖ်အကြောင်းရေးသားထားသော “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ” ဆောင်းပါးကို ကြာသာပတေးနေ့ အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ မျက်နှာဖုံး အထူးဆောင်းပါး (Cover Story, Special Feature) အဖြစ် ယနေ့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ပြီး အပတ်စဉ်ဖော်ပြသွားမှာဖြစ်ကြောင်း အားလုံးကို အသိပေးအပ်ပါသည်။


အားလုံးကိုလေးစားလျက်။
ထွန်းအောင်ကျော် (၇၄)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) စတင်ပေါ်ပေါက်လာပုံနှင့် ကျွန်တော် မည်သို့မည်ပုံ ပါဝင်လာသည်တို့ကို ရေးသားရာ၌ အလုံးစုံပြည့်စုံလိမ့်မည် မဟုတ်သလို ကျွန်တော်၏ အတွေ့အကြုံကိုသာ တင်ပြခြင်းဖြစ်သဖြင့် ကျွန်တော့်ဖက်မှ ရှုထောင့်သာဖြစ်မည်ဖြစ်သည်။ အခြားသူများကလည်း သူတို့၏ ရှုထောင့်၊ သူတို့၏အမြင် ကျိန်းသေရှိမည်မှာ ငြင်းစရာ အကြောင်းမရှိပေ။ သူ့ရှုထောင့်နှင့် ကိုယ့်ရှုထောင့်တူသည် ရှိနိုင်သလို အမြင်မတူသည်လည်း ရှိမည်မှာ အမှန်ဖြစ်သည်။ မည်သို့ဆိုစေ ကျွန်တော့် အနေနှင့် သစ္စာတရားကို ရှေ့ထား၍ အဖြစ်အပျက်များကို တိတိကျကျ ဖြစ်နိုင်သမျှ ကြိုးစားရေးသားပြီး ပုဂ္ဂိုလ်ရေးမပါဘဲ သမိုင်းတစ်ခုကို ဖြတ်သန်းကြရာ၌ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ ကြေကွဲဖွယ်ရာများ၊ နာကြဉ်းစရာများ၊ အားကျစရာ၊ အတုယူစရာများတို့ကို နှောင်းလူတို့ သိရှိပြီး သင်ခန်းစာယူနိုင်ရန် ရေးသားသင့်သည်ဟု ယုံကြည်၍ ရေးသားတင်ပြလိုက်ပါသည်။
အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ် ရှိနေပြီဖြစ်သည့်အတွက် ကျောင်းသားလက်နက်ကိုင်တော်လှန်ရေး ဘာကြောင့် ကျုးဘားတော်လှန်ရေးကဲ့သို့ အောင်မြင်မှု မရသေးသနည်း ဆိုသည့် အချက်အပြင် ၂၅ နှစ် အကြာတွင် ပြည်သူများကို ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို တင်ပြချိန်ရောက်ပြီဟု ယူဆသည့်အတွက် ရေးရန်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။  ကျောင်းသားတပ်မတော်မှ တချို့ရဲဘော်များ ကျွန်တော့်အား မကြာခဏ မေးမြန်းကြ၊ စကားနာထိုးကြ၊ သူတို့ကိုထားခဲ့ပြီး ထွက်သွားသည်ဟု အပြစ်တင်ကြနှင့် ကျွန်တော် ဘာကြောင့် ကျောင်းသားတပ်မတော်ကို စွန့်ခွာထွက်သွားရသည်ကို မေးမြန်းကြသူများကိုလည်း ဤကျွန်တော်၏ကိုယ်ရေးအတွေ့အကြုံမှ အဖြေထုတ်ပေးပါလိမ့်မည်။
တော်လှန်ရေးမပြီးသေးဘူး၊ ဒါကြောင့်မရေးပါနဲ့ဦး၊ အပုပ်ချသလို ဖြစ်နေမယ် တော်လှန်ရေးပြီးမှ ရေးပါဆိုသူများလည်း ရှိပါသည်။ အချို့က သူတို့ထောက်ခံထားသော၊ သူတို့အပေါ်ကောင်းခဲ့သော ခေါင်းဆောင်များကို ထိခိုက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။ အချို့ကလည်း လက်ရှိတာဝန်ယူနေသောခေါင်းဆောင်များနှင့် ရဲဘော်များကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တားကြပါသည်။ သို့ရာတွင် ၂၅ နှစ်တာကာလသည် အဖြစ်မှန်များကို ပြည်သူများ၊ ကျဆုံးသွားသော ရဲဘော်များ၏ မိဘများ သူတို့ခေါင်းမချခင် သိခွင့်ပေးရန် လုံလောက်သည့် အချိန်ဟု ယူဆပါသည်။
ဤစာကို ရေးသားရာ၌ အမှန်အတိုင်း ရေးသားရသဖြင့် အချို့ရဲဘော်များ၏ ကောင်းဆိုးမှန်သမျှလည်း ပါဝင်မည်မှာ အမှန်ဖြစ်ပါသည်။ထို့ကြောင့် မိမိအမှားလုပ်ခဲ့သူများ၊ ကိုယ်ကျိုးရှာခဲ့သူများ၊ ဖေါက်ပြန်ခဲ့သူများအနေနှင့် ငြင်းချက် ထုတ်ကောင်း ထုတ်ကြမည်ကိုလည်း ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်း ကြေညာအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော် (၇၄)
နိဒါန်း
အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) အကြောင်းကိုရေးလျှင် ကျွန်တော်တို့အုပ်စု တော်လှန်ရေး နယ်မြေကို စတင်ခရီးထွက်သည့်အကြောင်းပါမှ အလုံးစုံကို နားလည်သဘောပေါက် လိပ်ပတ်လည်ပါလိမ့်မည်။ ထို့ကြောင့် ရန်ကုန်မှ စတင်ခဲ့သည့်ခရီးနှင့် စတင်ရေးသားဖို့ ဆုံးဖြတ်လိုက်ပါသည်။
နယ်စပ်သို့ထွက်ရန်ဆုံးဖြတ်ခြင်း။
စက်တင်လာလ ၁၈ရက်နေ့ စစ်တပ်မှ အာဏာသိမ်းကြောင်း ကြေညာလိုက်ပြီးနောက် ကျွန်တော့်နေအိမ်သို့ စစ်တပ်မှလာရောက်ပြီး ကျွန်တော့်ကို ရှာဖွေခြင်းကို ခံရပါတော့သည်။ ဖြစ်ပုံမှာ ကျွန်တော်တို့အိမ်ရှေ့တွင် တာဝန်ကျသောတပ်ခွဲတစ်ခွဲကို ကျွန်တော်တရားဟောရာတွင် ရဲဘော်များအား မည်သည့်အစိုးရမဆို စစ်အစိုးရဖြစ်စေ၊ ဆိုရှယ်လစ်အစိုးရဖြစ်စေ၊ ကွန်မြူနစ်အစိုးရဖြစ်စေ၊ အရင်းရှင်အစိုးရဖြစ်စေ၊ ဆိုရှယ်ဒီမိုကရက်ဖြစ်စေ အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြလျှင် ကောင်းစားသူများချည်းဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် လူဦးရေ သန်း ၄၀ ခန့် (ထိုအချိန် ၁၉၈၈ခုနှစ်က) ရှိရာ လူတစ်သန်းတွင် ခေါင်းဆောင် တယောက် ပေါ်လာလျှင် သန်း ၄၀ တွင် ခေါင်းဆောင် ၄၀ ပေါ်လာမည်ဖြစ်သည်။ ထိုခေါင်းဆောင်များထဲတွင် တဦးအဖြစ် ပါဝင်လာရန်မှာ တသန်းချိုး တချိုး ဖြစ်နိုင်ချေ ရှိသဖြင့် တစ်သန်းထဲမှ တစ်ယောက်အဖြစ် အရွေးခံရဖို့မှာ လွန်စွာ ခက်ခဲလှကြောင်း၊ သို့ရာတွင် ကျန်အများစု  ကိုးသိန်းကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးယောက် ထဲတွင် တစ်ယောက်ဖြစ်ဖို့မှာမူ  ၉၉.၉% ရာခိုင်နှုန်း အလွန်ဖြစ်နိုင်ခြေ ရှိပါသည်။
ထိုကြောင့် ကျွန်ုပ်တို့က မိမိကိုယ်ကို စဉ်းစားရာတွင် ဖြစ်နိုင်ခြေနည်းသော ခေါင်းဆောင်ဖြစ်ဖို့ထက် သာမန်ပြည်သူတို့၏ နေရာမှနေ၍ စဉ်းစားဖို့လိုကြောင်း၊ ခေါင်းဆောင်ဖြစ်လျှင်မူ မည်သည့်စနစ်တွင်မဆို ခေါင်းဆောင်များအားလုံး ကောင်းစားသည်ချည်းဖြစ်သည်။ ထိုကြောင့် ဖြစ်နိုင်ခြေနည်းသော ခေါင်းဆောင်နေရာထက် ဖြစ်နိုင်ခြေများသော နောက်လိုက်ပြည်သူနေရာမှနေ၍ စဉ်းစားတွေးခေါ်ပြီး၊ ခေါင်းဆောင်မဖြစ်ဘဲ အောက်ခြေ လူတန်းစားဘဝနေရာတွင် ရောက်လျှင် မည်သည့်စနစ်သည် လူကိုလူလိုမြင်သောစနစ် ဖြစ်သည်၊ လူ့လွတ်လပ်ခွင့်ကို ပေးသည်ကို လေ့လာပြီး ရွေးချယ်ဖို့လိုကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တစ်ပါတီအာဏာရှင်စနစ် ဖြစ်သဖြင့် စစ်သားများမှ အစ လွတ်လပ်ခွင့် ဆိတ်သုန်းနေကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီကို ကျောင်းသား ပြည်သူများက တောင်းဆိုနေခြင်းဖြစ်ကြောင်း ပြောကြားချက်ကို ရဲဘော်များက ထောက်ခံခဲ့သဖြင့် ဗိုလ်မှူးလုပ်သူက ဒေါသထွက်ပြီး “ခင်ဗျားတို့က ပစ်မသတ်တော့မှ တရားဟောရဲတဲ့လူတွေပါ” ဆိုပြီးလာပြောခဲ့သည်။  ကျွန်တော်က ဘာမှပြန်မပြောဘဲ ပြုံးပြီး ဗိုလ်ဖြစ်သူကို ကြည့်စဉ် ဘယ်အချိန်က ရောက်နေမှန်းမသိသည့် ဖေဖေ ဦးတင်အုံးက “ငါ့သားက နိုင်ငံရေးကို တောက်လျှောက်လုပ်လာတာကွ ထောင်တစ်သက်တစ်ကျွန်းကျလာတာ” ဟု မခံချင်စိတ်နှင့် ဝင်ပြောသည့်အခါ ၎င်းက “ဒါဖြင့်လည်းပြောနိုင်ပါတယ်ဗျာ” ဟု ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ပြန်ပြောကာ ထွက်သွားခဲ့ပါသည်။
ထို့ကြောင့် စစ်အာဏာသိမ်းလိုက်သည့်အခါ ထိုစစ်ဗိုလ်က သူ့တပ်ကိုတရားဟောသော ကျွန်တော့်ကို ဖမ်းဖို့လာသလား ပစ်သတ်မလို့လာသလားမသိ အိမ်ကိုတပ်နှင့်ရောက်လာပါတော့သည်။ ကံကောင်းချင်တော့ ကျွန်တော်က အိမ်မှာမရှိဘဲ ဦးရဲထွန်းအိမ်သို့ ရောက်နေသည်။ ဦးရဲထွန်း၏ ဖိုးစိန်လမ်းကအိမ်တွင် မင်းကိုနိုင်တို့အုပ်စု၊ မင်းဇေယျာတို့အုပ်စုအပြင် ရှေ့သို့ဦးလှကြည် (ရှေ့သို့စာစောင်၏အယ်ဒီတာ၊ ဦးနုဆီသို့တောခိုခဲ့ဖူးသူ) တို့လည်း ရောက်နေကြသည်။  ကျွန်တော်က “နောက်တခါ အဖမ်းမခံနိုင်တော့ဘူး၊ နယ်စပ်သို့ထွက်မည် လက်နက်ကိုင်ပြီး တိုက်မည်” ဟု ပြောသည်၊ မင်းကိုနိုင်က “သူလည်း လိုက်ချင်သည်” ဟု ဆိုသည်၊ အားလုံးက အဖမ်းမခံချင်ကြ၊ ထိုအတိုင်းနေလျှင် အဖမ်းခံရမည်ဟု ခံစားနေကြသည်။ ကျွန်တော်က “မင်းကိုနိုင်လိုက်မည်ဆိုလျှင် ခေါ်မည်။ ဘယ်နှစ်ယောက်လိုက်မလဲ” ဟု မေးသောအခါ “အားလုံး လူ ၄၀ လောက် လိုက်မည်” ဟု ဆိုသည်။ လူ ၄၀ လုံးဆိုလျှင် ပေါ်ထင်ကြီးဖြစ်နေမည်မဖြစ်နိင်ဟု ပြောရသည်။ ထိုအခါ ရှေ့သို့ဦးလှကြည်က သူစီစဉ်ပေးမည် ရနောင်းသို့ လှေနှင့်ပို့ပေးမည်ဟု ပြောပြီး မင်းကိုနိုင်တို့ ဦးရဲထွန်းအိမ်တွင် ကျန်ရစ်ခဲ့သည်။ နောက်ပိုင်း ထွက်မလာ ဖြစ်ကြောင်းသိရသည်။
ကျွန်တော်တို့၏ Freedom Fighters of Burma (FFB) လွတ်လပ်ရေးတိုက်ပွဲဝင်သူများအဖွဲ့တည်ရှိရာ သမိုင်းလမ်းဆုံသို့ ထွက်ခဲ့ပြီး ကိုပွင့်တို့အိမ်နှင့် မလှမ်းမကမ်းရှိ တိုက်ခန်းတစ်ခုတွင် ရဲမြင့်သိန်း၊ ကိုစိန်ပေါ၊ စောဖိုးကြူး၊ လှအောင် ခေါ် ဒန်အိုး (ကွယ်လွန်) တို့နှင် FFB အဖွဲ့ဝင်များနှင့် ဆွေးနွေးနေကြစဉ် သေနတ်သံများ အဆက်မပြတ် ကြားနေရပြီး ပြည်သူ့ဘက်မှပါဝင်၍ ပစ်ခတ်သော ရဲဘော်ဟောင်းအချို့နှင့် သမိုင်းဂုံနီစက်ရုံနားတွင် တိုက်နေကြောင်းလည်း ကြားနေရပါသည်။ FFB အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆလိုင်းတင်မောင်ဦး၏ ညီမဖြစ်သူ မလှမြိုင်က လည်း ကျွန်တော်တို့နှင့်အတူ သူ့မောင်နှမများလည်း လိုက်မည်ဟုဆိုသဖြင့် မုတ္တမကားဂိတ်သို့ မနက်ဖြန်နံနက် အတူသွားကြမည်ဟု ချိန်းဆိုလိုက်ပြီး အိမ်သို့စနည်းနာရန် ထွက်ခဲ့ပါတော့သည်။
အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်
အိမ်ကိုညပိုင်း ၇ နာရီ လောက်ရောက်သည့်အခါ အမေက “အိမ်ကို စစ်တပ်က လာမေးတာ နှစ်ခါရှိပြီ” ဟု ဆိုသည်။ သားထက်အောင်ကျော်က သုံးနှစ်သား၊ သမီးကြည်အောင်ကျော်က တနှစ်ခွဲ လူမမယ်လေးတွေ သူတို့အဖေ ဘာတွေလုပ်နေသည်ကို သိနိုင်သည့်အရွယ်မဟုတ် ကလေးသဘာဝ ပျော်နေကြသည်။ ဇနီးသည် ဆွေဆွေက မျက်ရည်လည်ရွဲ နှင့် “အကိုကြီးရယ် မသွားပါနဲ့” ဆိုပြီး တောင်းပန်သည်။ အမေဒေါ်ကြင်လှက “ငါ့သား၊ မြန်မြန်သွား ဒီတစ်ခါ အဖမ်းခံရရင် မင်းအသက်ရှင်မှာ မဟုတ်ဘူး” ဟုဆိုသည်။ ကျွန်တော်ကလည်း ဆုံးဖြတ်ပြီးသား၊ အဖမ်းခံရမှာလည်း မစိုးရိမ်၊ တစ်ပြည်လုံး အုံကြွပြီး စစ်အစိုးရ အလိုမရှိကြောင်း ဒီမိုကရေစီစနစ်ကို လိုလားကြောင်း သဘောထား ထုတ်ဖေါ်ပြီးဖြစ်၍ ပြည်သူတို့ ဘာကို လိုချင်သည်ကို သိပြီးဖြစ်သည်။ သို့သော်လည်း လက်နက်လက်ဝယ်ကိုင်ထားပြီး လက်နက်မဲ့ပြည်သူတို့ကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့၍သာ အရှုံးပေးခဲ့ရသည်။ ငါတို့တွင် လက်နက်ရှိလျှင် ဒီကောင်တွေကို ငါတို့နိုင်ရမည်ဆိုသည့် တက်ကြွသည့် အမြင်က ရှိနေခဲ့သည်။ ထို့ကြောင့် ဒီတစ်ခါ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ သမိုင်းက တောင်းဆိုနေပြီဟု ယုံကြည်ချက်က ရှိနေခဲ့သည်။ တောတွင်းသွား၍ လက်နက်ယူမည် ၆ လ အတွင်း ပြည်သိမ်းတိုက်ပွဲတွေ ဆင်နွှဲမည်ဟု စိတ်ကသန်နေသည်။ ကေအင်ယူတို့ထံတွင် ဂိုဒေါင်ကြီးသုံးလုံးအပြည့် လက်နက်တွေ ရှိသည်ဆိုသည့် ကောလဟာလကလည်း ထွက်နေသည့်အတွက် စိတ်အားထက်သန်မှုက ရှိနေခဲ့သည်။
ကလေးတွေကို ဖက်ရမ်းနမ်းရှုံ့ခါ သိပ်သည်၊ ဆွေဆွေက “သူလည်း ကလေးတွေခေါ်ပြီးအတူလိုက်မည် မထားခဲ့ပါနှင့်” ဟု တောင်းပန်သည်။ အကိုကြီးမရှိရင် ဘယ်သူ့မျက်နှာကြည့်နေရမှာလဲဟု ငိုယို၍ပြောပြီး ခြေထောက်ကို ဖက်ထားသည်။ စိတ်မကောင်းကြီးစွာဖြစ်ရသည်၊ ကလေးတွေကို အတူမခေါ်နိုင်၊ မိမိကိုယ်တိုင် တောတွင်းသေမလား ရှင်မလားမသိနိုင်သည့်ဘဝ၊ အပြစ်မဲ့ကလေးများကို မိမိဆုံးဖြတ်ချက်ကြောင့် ဒုက္ခထဲ ဆွဲမထည့်ချင်။

မာနယ်ပလောတွင် ကျောင်းသားစစ်သင်တန်းဆင်းပွဲ၌ မိန့်ခွန်းပြောနေပုံ
(ဘေး၌ရပ်နေသူမှာ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောဘသင်ဖြစ်သည်)
မာနယ်ပလောတွင် ကျောင်းသားစစ်သင်တန်းဆင်းပွဲ၌ မိန့်ခွန်းပြောနေပုံ (ဘေး၌ရပ်နေသူမှာ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောဘသင်ဖြစ်သည်)
ဘုရားသုံးဆူသို့ ဆိုက်ရောက်စဉ် 
ထိပ်ဆုံးမှဦးဆောင်ချီတက်လာသူ- ထွန်းအောင်ကျော် 
ညာမှဘယ်သို့ - ဦးပဇင်းလေး၊ ကျော်စိုး၊ ကိုကိုလေး၊ အောင်ကြည်ဦး၊ အောင်ဝင်း၊ ချာလီအေးကျော်
ဘုရားသုံးဆူသို့ ဆိုက်ရောက်စဉ် ထိပ်ဆုံးမှဦးဆောင်ချီတက်လာသူ- ထွန်းအောင်ကျော် ညာမှဘယ်သို့ - ဦးပဇင်းလေး၊ ကျော်စိုး၊ ကိုကိုလေး၊ အောင်ကြည်ဦး၊ အောင်ဝင်း၊ ချာလီအေးကျော်
ခရီးရှည်ချီတက်လာပြီး ဘုရားသုံးဆူသို့ ဆိုက်ရောက်စဉ်
ထိပ်ဆုံးမှဦးဆောင်ချီတက်လာသူ- ထွန်းအောင်ကျော် 
ညာမှဘယ်သို့ - ဦးပဇင်းလေး၊ ကျော်စိုး၊ အောင်ကြည်ဦး၊ အောင်ဝင်း၊ ချာလီအေးကျော်နှင့် အမည်မသိ
ခရီးရှည်ချီတက်လာပြီး ဘုရားသုံးဆူသို့ ဆိုက်ရောက်စဉ် ထိပ်ဆုံးမှဦးဆောင်ချီတက်လာသူ- ထွန်းအောင်ကျော် ညာမှဘယ်သို့ - ဦးပဇင်းလေး၊ ကျော်စိုး၊ အောင်ကြည်ဦး၊ အောင်ဝင်း၊ ချာလီအေးကျော်နှင့် အမည်မသိ
ဘုရားသုံးဆူသို့ ဆိုက်ရောက်စဉ်
အမျိုးသားဒီမိုကရက်တစ်တပ်ဦး (မဒတ) ရုံးရှေ့၌ ထွန်းအောင်ကျော်စစ်ကြောင်းတွင် ပါလာသောလူငယ်များ
ဘုရားသုံးဆူသို့ ဆိုက်ရောက်စဉ် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (မဒတ) ရုံးရှေ့၌ ထွန်းအောင်ကျော်စစ်ကြောင်းတွင် ပါလာသောလူငယ်များ

Htun Aung Gyaw

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...