Monday, October 14, 2013

ရိုးသားခြင်းကို ချိုမြိန်သူတို့၏ ဘ၀နိဂုံး နှင့် နောက်ဆက်တွဲ

October 13, 2013 at 11:26am

 
(တပ်ကြပ်ကြီးထွန်းလှ (ခ)ဆရာကြီး ပေါက်စ နှင့် သူ၏ဇနီး အထက်တန်း သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်ကြည်တင်)

     
အမှတ်မထင် အရာခံဗိုလ် အဆင့်နဲ့ အငြိမ်းစားပင်စင်ယူသွားတဲ့ တပ်ကြပ်ကြီးထွန်းလှရဲ့ သားနဲ့ ပြန်တွေ့တော့ သူ့အဖေပြောခဲ့တဲ့ မှတ်မှတ်ရရစကားတွေကို ပြန်လည်ရင်ဖွင့်ရင်း ကိုယ်ကျိုးရှာသူတွေနဲ့ ကိုယ်ကျိုးမကြည့်ဘဲ လူရိုးလူအကြီး ပုံစံနဲ့ သူ့အဖေလုပ်သွားခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲက သူတို့မိသားစု ဒုက္ခတောမှာ မျောရတယ်ဆိုတာပါပဲ။ တပ်ကြပ်ကြီးထွန်းလှကို ဆရာကြီးပေါက်စလို့လဲ ခေါ်တယ်။
ခေါင်းစီပါ နာမည်တွေကို အရင်ဆုံး အဓိပ္ပာယ်ဖွင့်ရရင်တော့ မိညွန့် ဆိုတာက ထောက်လှမ်းရေး တစ်ခေတ် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ဗိုလ်ချုပ်ခင်ညွန့်ပါပဲ။ ဗိုလ်ထွန်းလှကိုတော့ သီးခြားပြောဖို့ မလိုတော့ပါဘူး။ မောင်ပုရဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် မောင်ပုဟာ သူကြီးသား။ ငွေကြေးဓနပြည့်စုံသူတစ် ယောက်ပေါ့။



          တပ်ကြပ်ကြီး ထွန်းလှက ခလရ(၁၈)မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဖြစ်ချင်တော့ သူပုန်တပ်စခန်း တစ်ခုကို ဖြိုးခွင်းဖို့ လုပ်ကြရာမှာ မောင်ပုရဲ့ အဖေသူကြီးနဲ့ တွေ့တယ်ဆိုပါစို့။ မောင်ပုက သူပုန်တပ်ထဲကို လည်း အ၀င်အထွက်ရှိတယ်။ စစ်တပ်နဲ့လည်း ပနာသင့်တယ်ဆိုတဲ့ကောင်ပေါ့။ အဲဒီမှာ မောင်ပုက သူပုန်တပ်စ ခန်းရဲ့ အချက်အချာ လူအင်အား ၊ လက်နက်အင်အားက အစ ဗိုလ်ထွန်းလှတို့ကို သတင်းပေးတဲ့အတွက် ဗိုလ်ထွန်းလှတို့ သူပုန်တပ်စခန်းကို ဖြိုးခွင်းလိုက်နိုင်တယ်။ အဲဒီမှာ သူပုန်ဘက် မောင်ပု သစ္စာဖောက် မောင်ပုကို တွေ့ရာသင်္ဂြိုင်း ဓားမဆိုင်း သတ်မယ်လို့ သတင်းလွှင့်တော့တယ်။ အဲဒီမှာ သူကြီးဖြစ်သူ မောင်ပု အဖေက သူ့သားလေး မသေဖို့အရေးကြီးတယ်ဆိုပြီး တပ်ကြပ်ကြီးထွန်းလှလက်ထဲ အပ်လိုက်တယ်။ တပ်ကြပ်ကြီး ထွန်းလှကလည်း မောင်ပုကို စစ်ဝတ်စုံဝတ်ပေးပြီး ခလရ(၁၈)မှာ ထမင်းချက်ရာထူးပေးထားလိုက် တယ်။ သူကြီးကလည်း သူ့သားလေးမသေဖို့အရေးကြီးတယ်ဆိုပြီး သူ့သားလေးလိုသမျှ ပိုက်ဆံပို့ပေးတယ်။ မောင်ပုပိုက်ဆံ ဘယ်လောက်ပေါသလဲဆိုရင် သူ့ကုတင်နဲ့ဖျာကြားမှာ ပိုက်ဆံတွေကို ပွပလဲနေတာပဲ။ မောင်ပု က တပ်ထဲကလာစာတောင် ထုတ်တဲ့သူမဟုတ်ဘူး။ ၈လ ၉လကြာမှ တပ်ရင်းရုံးကနေ လစာလာထုတ်ပါတော့ လို့ပြောပါ ထုတ်တဲ့သူမျိုး။



          အဲ . . . . ဗိုလ်ခင်ညွန့် တပ်ထဲရောက်လာပုံအကြောင်းလေး ပြန်ပြောကြည့်ကြဦးစို့။ ဗိုလ်နေ၀င်းက သူ့ရဲ့ဇာတိကို မကြာခဏပြန်လေ့ရှိတယ်။ သွားရင်ဟန်လွှဲ စာသင်ကျောင်းလေးတွေကို ၀င်ကြည့်လေ့ရှိတယ် ပေါ့။ အဲဒီလို လုပ်ရင်းက နတ်တလင်းမြို့ပေါ်က ကျောင်းဆရာ မောင်ခင်ညွန့်နဲ့တွေ့ရောဆိုပါစို့။ မောင်ခင်ညွန့် ရဲ့ တော်ကီတွေကို ဗိုလ်နေ၀င်းက သဘောကျသွားတဲ့ အခါမှာ ကျောင်းဆရာအလုပ်က ထွက်ပြီး ဗိုလ်သင်တန်း ကျောင်းသွားတတ်စေခဲ့တယ်။ အဲဒီလိုနဲ့ ဗိုလ်သင်တန်းက ဆင်းလာတဲ့အခါမှာ တပ်ကြပ်ကြီး ထွန်းလှရှိတဲ့ ခလရ(၁၈)ကို ရောက်လာခဲ့ပါတယ်။
          တပ်ကြပ်ကြီးထွန်းလှ ၊ မောင်ပု ၊ မိညွန့်တို့ စုံကြပြီပေါ့ဗျာ။ စစ်ရေး စစ်ရာတွေနဲ့ ပတ်သက်ပြီး တပ်ကြပ်ကြီး ထွန်းလှက တစ်ဘားတပ်ထားတဲ့ ဗိုလ်ခင်ညွှန့်ကို အများကြီး နည်းပေးလမ်းပြလုပ်ခဲ့ရပါသတဲ့။ မောင်ခင်ညွန့်ကလည်း ပြေလည်လှတာ မဟုတ်တဲ့အပြင် တက္ကသိုလ်တက်နေတဲ့ ညီမလေးတွေကလည်း ရှိသေးတယ်။ အဲဒီမှာ ဗိုလ်ခင်ညွန့်က အိမ်ကိုငွေပို့ချင် ၊ ထောက်ပံ့ချင်တော့ မောင်ပုက သူဌေးကိုး။ မိညွန့် ယောက်ဖကြီး ညီမလေးတွေအတွက် ဘယ်လောက်လိုလဲ ပို့လိုက်ဆိုပြီး ရက်ရက်ရောရော ချေးတာမျိုးရှိတယ်။ မိညွန့်ရဲ့ ညီမတွေကိုသူလည်း မြင်ဖူးတာတော့ မဟုတ်ပါဘူး။ ချေးတယ်လို့ ဆိုပေမယ့် ပြန်ပေးရတယ်လည်း မရှိပါဘူး။ အဲဒီလိုကနေ မိညွန့် ထောက်လှန်းရေးတပ်ကိုပြောင်းသွားပြိး ဗိုလ်ထွန်းလှ ၊ မောင်ပုတို့လည်း တကွဲတပြားစီ ဖြစ်သွားကြတော့တယ်။ တပ်ကြပ်ကြီးထွန်းလှကလည်း ဒုအရာခံဗိုလ်အဆင့်နဲ့ တပ်ပြောင်း သွားတယ်။
          ဗိုလ်ထွန်းလှရဲ့သား ကျွန်တော်နဲ့တွေ့ဆုံသူပေါ့ဗျာ။ သူပြောတာက “တစ်နေ့ တောသားကြီးပုံစံနဲ့ လူတစ်ယောက် ရောက်လာတယ်ဗျ။ ထွန်းလှရေ . . . ထွန်းလှ ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ဗျာ။ တောသား ဆိုတော့လည်း သိတဲ့အတိုင်းပဲ။ ကျွန်တော် ဦးထွန်းလှ သားပါလို့ပြောပြီး ဘကြီးက အဖေ့ကို သိလို့လားလို့ မေးတော့ . . . မင်းအဖေဘယ်မလဲ . . . ငါ မန္တလေးက မောင်ပု၊ ခလရ(၁၈)မှာ ထမင်းချက်တဲ့မောင်ပု လို့ပြော လိုက်ကွာတဲ့။ အဖေလက်ဖက်ရည်ဆိုင် သွားတယ်။ ကျွန်တော်သွားခေါ်ပေးမယ်လို့ ပြောပြီး လိုက်ခေါ် ပေးတယ်။ ကျွန်တော့်အဖိုးကြီးကို မန္တလေးက မောင်ပုလို့ပြောတယ်။ အိမ်ကိုရောက်နေတယ်လဲ ဆိုရော ကျွန်တော့်အဖိုးကြီးကလည်း အပြေးအလွှားပဲဗျို့။ အဲဒီအချိန်က ကျွန်တော် စက်မှုအထက်တန်း တက်နေပြီ။”လို့လည်း ဗိုလ်ထွန်းလှရဲ့ သားကပြောသေးတယ်။
          အဲဒီမှာ ဗိုလ်ထွန်းလှနဲ့ မောင်ပုဆိုတာ တပ်ကြပ်ကြီး နဲ့ တပ်မတော်သားလို့ မြင်ရင်မှားမယ်။ ဒီလူတွေက ရာထူးနဲ့ ပေါင်းကြတဲ့သူတွေမဟုတ်ဘူး။ လည်ပင်းဖက်ပေါင်းကြတဲ့သူတွေ။ နှစ်ယောက်သားတွေတယ်ဆိုဗျာ ပြေးဖက်ပြီး “ ငါးလိုးမ ထွန်းလှ . . . . . ယောက်ဖမောင်ပု ” အဖိုးကြီးတွေ ရိုင်းတော့ ရိုင်းတယ်ဗျာ။ အခုကောင် တွေဆိုရင်တော့ တပ်ကြပ်ကြီး နဲ့ ရဲဘော်အဆင့်လောက်ဆို လုပ်လို့မရဘူး။ ဟိုတုန်းက လူတွေရဲ့ စိတ်ဓာတ်ကို ပြောတာပါ။ ကျွန်တော့်အဖေက မောင်ပုကို မေးတာပေါ့။ “မင်းဘာကိစ္စနဲ့ ရန်ကုန်လာတာလဲပေါ့။” မောင်ပုက “ငါ မိညွန့်နဲ့ တွေ့ချင်လို့” လို့ ပြောတော့ ကျွန်တော့် ဘိုးတော်က “သွားတွေ့မနေပါနဲ့ကွာ။ အောက်ကျပါတယ်” လို့ ပြောတယ်။ မောင်ပုကလည်း “ မဟုတ်ဘူး ။ ငါအခု ဘ၀ပျက်နေတယ်။ သူ ဘ၀ပျက်နေတုန်းက ငါတို့ကူခဲ့၊ ကယ်ခဲ့တာ။ သူ့ညီမတွေရဲ့ ကျောင်းစရိတ် ငါပေးခဲ့တာ။ တစ်ပြားမှ ပြန်ယူခဲ့တာမဟုတ်ဘူး။ နင်ကလည်း သူ့ကို တပ်အတွေ့အကြုံတွေ သင်ပေးခဲ့တာ။ နင်နဲ့ငါနဲ့ သွားတွေ့မယ်” လို့ ဇွတ်ခေါ်တယ်။ ကျွန်တော့် ဘိုးတော်က ဘာပြောတယ်မှတ်လဲ။ “ ငါ့အိမ်မှာ နင်ကြိုက်သလောက်တဲ ၊ ကြိုက်သလိုနေ ၊ ကြိုက်သလောက် စား၊ ကိုယ့်ဟာကိုယ် သွားတွေ့။ ငါရန်ကုန်ရောက်ပြီး တပ်မတော် အာဏာသိမ်းကတည်း ဗိုလ်ချုပ်ခင်ညွှန့် ဆိုတာ ဘယ်သူဘယ်ဝါဆိုတာ ငါသိတယ်။ ငါလုံးဝသွားမတွေ့ဘူး”တဲ့။ အဖွားကြီးကလည်း မတိုက်တွန်းဘူးဗျ။ ကျွန်တော်တို့က အဲဒီအချိန်တုန်းကတော့ ဒုက္ခရောက်ခါစပေါ့။
          အဲဒီအချိန်တုန်းက ဒုက္ဒရောက်ခါစ ဆိုပေမယ့်လည်း ကိုယ်တွေအနေနဲ့ ဘာမှ သိပ်ပြီး နားမလည်ဘူး။ ရိုးသားမှုက ချိုတယ်လို့ ထယ်ထားတာပေါ့ဗျာ။ ဒုက္ခဆိုတာကိုလည်း သိပ်နားမလည်သေးဘူး။
          အဲဒီမှာ မောင်ပုက  ပန်းဆိုးတန်းနားက အခမ်းအနားတစ်ခုမှ ဦးခင်ညွန့်ကိုတွေ့တော့ လက်အတင်း ၀င်စွဲပြီး “ မိညွန့် ငါနင်နဲ့တွေ့ချင်လို့ လာတာ။ ငါမောင်ပု ခလရ(၁၈)က မှတ်မိလား”လို့ သွားပြောတယ်။ မိညွန့်ကလည်း ချက်ချင်းမှတ်မိတယ်။ လူကြားထဲမှာဆိုတော့ သူ့ PSOကို အဲဒါငါ့သူငယ်ချင်း။ ကားနဲ့အိမ်ကိုခေါ်သွားလို့ ပြော လိုက်တယ်။ ပြီးရင် ပြန်ပို့လိုက်တော့တဲ့။ မောင်ပုကလည်း ဇွဲကောင်းတယ်။ “ မိညွန့် ပြန်မခိုင်းနဲ့ဦး။ ငါဘ၀ပျက် နေတယ်” လို့ သွားပြောတယ်။ မိညွန့်က “ မဟုတ်ဘူး။ မောင်ပု ပြန်လိုက်တော့။ မင်းမန္တလေး ရောက်ပြီးတာနဲ့ ငါ့ဆီကို ဖုန်းဆက်လိုက်” တဲ့။
          မောင်ပု မန္တလေးမှာ ကြီးပွားနေတယ်။ သူဌေးကြီးဖြစ်နေတယ်။ ကျွန်တော့်အဖေအကြောင်း ပြန်ပြောပြမယ်။ တပ်ထဲက အငြိမ်းစားယူပြီးတော့ ဟောဒီရပ်ကွက်ထဲမှာ ရပ်ကွက်ဥက္ကဌ။ ဆူပူသောင်းကျန်းမှု တွေဖြစ်တဲ့အချိန်မှာ သူနဲ့ သူ့အဖွဲ့ဝင်တစ်ယောက် တုတ်တစ်ယောက်တစ်ချောင်းကိုင်ပြီး ရပ်ကွက်ထဲမှာ လိုက်ထိန်းတယ်။ ဟောဒီနားက ဂေါက်ကွင်းကြီးအတွက် မြေတွေသိမ်းတော့ ရွှေပြည်သာ ထန်းခြောက်ပင် ဘက်မှာ အကွက်တွေ ချပေးတယ်။ ဥက္ကဌအနေနဲ့ အကွက်(၃)ကွက် ယူလို့ရတယ်။ သူ့အနောက်က အဖွဲ့ဝင်တွေက သူ့ကိုဆဲကြတယ်။ သူက မယူဘူးဆိုတော့ သူ့အဖွဲ့ဝင်တွေလည်း ယူလို့မရဘူးဖြစ်ရော။ အမျှော်အမြင်မရှိခဲ့တာတွေပေါ့ဗျာ။ သူ့အနေနဲ့ ရိုးသားတာ ကောင်းပေမယ့် အခု မိသားစုတွေ ဘ၀ပျက် ဒုက္ခ ရောက်နေကြပြီလေ။
          ဗိုလ်ထွန်းလှရဲ့သား ဘာကြောင့် ၊ ဘာရည်ရွယ်ချက်နဲ့ ရင်ဖွင့်နေတာလဲ ဆိုတာကို စာရှုသူများသဘော ပေါက်ဟန် မပေါ်သေးပါဘူး။ ဇာတ်ကြောင်းကို ပြန်လှန်ချင်လို့ လှန်တာတော့ မဟုတ်ဘူး။ ဗိုလ်ထွန်းလှရဲ့သား ဆယ်တန်းပြီးတော့ ဗိုလ်သင်တန်း တက်ချင်တယ်။ သူ့အဖေကလည်း အားပေးတယ်။ ဒါပေမယ့် နောက်ပိုင်းကြ တော့ ဗိုလ်ထွန်းလှ ကိုယ်တိုင်ကလည်း အားမပေးတော့ဘဲ “ငါ့သား မင်းဆုံးဖြတ်ချက်နဲ့ မင်းလုပ် တော့”လို့ ဆိုတဲ့အချိန်မှာ သူလည်း ဗိုလ်သင်တန်းတက်ချင်စိတ် မရှိတော့ဘူး။ အဲဒီလိုနဲ့ စက်မှု အထက်တန်း ကျောင်း (အောင်ဆန်း ယခုတော့ ပိတ်ထားပြီ) ကိုရောက်ခဲ့တယ်။ ဟိုတစ်စ သည်တစ်စ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဗိုလ်ထွန်းလှရဲ့ ဇနီးကတော့ အခုချိန်အထိ လေတစ်ခြမ်းဖြတ်ပြီး အိမ်ယာထဲမှာပဲ။ ဗိုလ်ထွန်းလှ ရှိနေမယ်ဆိုရင်လည်း အသက်(၉၀)ကျော်ပြီပေါ့။
          ဗိုလ်ထွန်းလှရဲ့ဇနီး အထက်တန်း သူနာပြုအဆင့်နဲ့ အငြိမ်းစားယူလိုက်တဲ့ ဆရာမကြီးနဲ့ တွေ့တဲ့ အခါမှာတော့ “သူလည်း မရှိတော့ဘူး ဆိုတော့ ပြန်ပြောလို့တောင် မကောင်းတော့ပါဘူး သားရယ်။ အဖွားတို့ ခံစားရတာတော့ မင်းတို့အဘရဲ့ ရိုးသားတဲ့ဂုဏ်ပေါ့။ ပထမဆုံး ထမ်းဆောင်ခဲ့တဲ့ တပ်က ခလရ(၁၈)လို့ ထင်တယ်။ နောက်ဆုံး ဒုအရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစားယူတာက တပ်မ(၈၈)ကနေ။ ဗိုလ်မှူးတင်စိန်တို့နဲ့ ဆရာတပည့်တွေပါပဲ။ တပ်ထဲကနေ အငြိမ်းစားယူပြီးတဲ့အချိန်မှာ ရပ်ကွက်ထဲ ဥက္ကဌလုပ်တယ်။ စက်ရုံမှာ လုံခြုံရေးမှူးလုပ်တယ်။ ကျန်တဲ့ပြင်ပ၀င်ငွေ သူ့မှာဘာမှ မရှိဘူး။ ပင်စင်လစာနဲ့ လုံခြုံရေးလစာပဲ အိမ်ပြန်အပ် တယ်။ အခုဦးညိုမြင့်တို့ ဆိုတာတွေ ရှိကြပါသေးတယ်။ မင်းအဘလိုလူမျိုးတွေပဲ။ မင်းအဘ ဥက္ကဌလုပ်တဲ့ အချိန် သူတို့က အဖွဲ့ဝင်တွေပေါ့။ ဒီနားကနေ ပြောင်းကြရွှေ့ကြ ရွှေပြည်သာဘက်မှာ အကွက်တွေ ပြန်ပေး တော့ အဘရယ် ယူထားပါလို့ ပြောကြတယ်။ အဘနာမည်နဲ့ မဟုတ်ရင် ဆရာမကြီးနာမည်နဲ့ ပေါ့။ အဲဒါကို မင်းအဘက ဘာပြောလဲ ဆိုရင် ကျုပ်နဲ့ ပတ်သက်လို့ ကျုပ်နဲ့ ပတ်သက်လို့ ကျုပ်မိန်းမပဲဖြစ်စေ ၊ ကျုပ်ယောက် ဖပဲ ဖြစ်စေ ယူရင် ကျုပ်တို့မှာ နေစရာရှိရဲ့နဲ့ နာမည်အပျက် မခံနိုင်ဘူးလို့ ပြောလိုက်တာ။ ယူပါလို့ ပြောတဲ့ ကလေးတွေကတောင် သူ့ကိုပြန်အားနာပြီး ခွင့်လွှတ်ဖို့ တောင်းပန်သွားရတယ်။” လို့ဆိုပါတယ်။
          ဗိုလ်ချုပ်တင်စိန်က ဗိုလ်ထွန်းလှရော ဆရာမလေးပါ အလည်လာကြပါလို့ခေါ်တယ်။ သူကမသွားတဲ့ အခါကြတော့ ဗိုလ်ချုပ်တင်စိန် စက်ရုံကိုလာရင်းနဲ့ သူ့ကိုတွေ့သွားတယ်။ ဗိုလ်ချုပ်တင်စိန်က ငါမင်းဆီကို လာတယ်။ မင်းငါခေါ်တာကကို မလာရင် မင်းနဲ့ငါနဲ့ သေခန်းပြတ်ပဲ လို့ ပြောသွားတယ်။ မင်းက ဘာတွေမာန ကြီးနေတာလဲလို့ မေးတော့ ကျုပ်က ဆင်းရဲတဲ့မာနလို့ ပြောတယ်။ သေတဲ့အထိပါပဲ တစ်ခါမှ မသွားပါဘူး။
          ဗိုလ်ထွန်းလှ(ခ) ဆရာကြီးပေါက်စ နဲ့ ရေစက်ဆုံဖြစ်ပုံကို မေးမြန်းကြည့်တော့ အဖွားက သင်တန်း ကျောင်းဆင်းပြီးတော့ မင်းဘူးနယ်ဘက်က စေတုတ္ထရာမှာ တာဝန်ကျတယ်လေ။ ကျန်းမာရေးမကောင်းတဲ့ လူနာ စစ်သားတွေကို လာပို့ရင်း ဆုံခဲ့တာပဲဆိုပါတော့။
          ဗိုလ်ထွန်းလှ (ခ)ဆရာကြီးပေါက်စရဲ့သားကတော့ အခုချိန်မှာ ကျွန်တော့်အနေနဲ့ အလုပ်တစ်ခုခု လုပ်ချင်တယ်။ သူများအပေါ် လူပေါ်လူဇော် လုပ်ဖို့ မဟုတ်ဘူးဗျာ။ နိုင်ငံရေးကိစ္စ ၊ လူမှုရေးကိစ္စတွေမှာ ပါဝင် လှုပ်ရှား ဖို့တောင် မိသားစု စားဝတ်နေရေးက စိတ်မဖြောင့်နိုင်ဘူး။ အခုခင်ဗျားတို့လည်း သတင်းတွေကြား မှာပဲဗျာ။ ဘယ်လိုလူတွေချမ်းသာ ကြီးပွားနေတယ် ဆိုတာ။ ကျွန်တော် ပြိုင်ကားမောင်းချင်လို့ ပြောနေတဲ့ စကားတွေ မဟုတ်ဘူး။ ကျွန်တော့်အရှေ့မှာ အမြင် မတော်တာတွေ့လို့တောင် မကူညီနိုင်တဲ့အခြေအနေ။ ဒါပေမယ့် အပေါင်းအသင်း မိတ်ဆွေ ကိုယ်နဲ့နီးစပ်ရာပေါဗျာ . . . ဒုက္ခရောက်နေလို့ အကူအညီလာတောင်း ကျွန်တော် လိုက်တောင်းပြီး ကူညီသင့်ရင် လိုက်တောင်းပြီး ကူညီပေးလိုက်မယ်။အဖေသာ စုတတ်ဆောင်းတတ် အများကြီးမဟုတ် ပါဘူး။ ရသင့်ရထိုက်တာလေးတွေယူပြီး မိသားစုအတွက် ထားပေးခဲ့ မယ်ဆိုရင် ကျွန်တော်လုင်ချင်တဲ့ အလုပ်တွေ လုပ်နိုင်တာပေါဗျာ။
          ဦးခင်ညွန့်ရဲ့ ဗိုလ်ချုပ်ကြီးဘ၀နိဂုံးဟာ စိတ်မကောင်းစရာပါ။ အာဏာပြိုင်ဆိုင်မှုတွေကြားမှာ အာဏာ တည်ဆောက်သူတွေ ကြားမှာ တပည့်လက်သားတွေက အခွင့်ကောင်းယူမှုတွေများပြီး နောက်ဆုံး သူကျရှုံးခဲ့ ရတဲ့အခြေအနေပေါ့။ စာ စား မစားဘဲ . . . ခွေးစား စားသွား ကြာတလဲ ပါမပေါ့။
          ကျွန်တော်ပြောချင်တာက နိုင်ငံတော်အတွက် ဆိုပြီး ကျွန်တော့်အဖေလိုမျိုးပေးဆပ်သွားကြသူတွေ အများကြီးရှိတယ်။ နိုင်ငံတော်က ချစ်ဖို့ကောင်းတာတော့ အမှန်ပါပဲ။ အဲဒီလူတွေရဲ့ သားသမီးတွေ ကျွန်တော်တို့လိုပဲ ဘ၀ပျက်နေကြမှာပဲ။ နိုင်ငံတော်အတွက် ကိုယ့်အနေနဲ့ တစ်စုံတစ်ရာပေးဆပ်ခဲ့ပြီးရင် ရသင့်တာကိုယူဖို့လဲ ၀န်မလေးသင့်ဘူး။ မတော်လောဘနဲ့ ပြောတာ မဟုတ်ပါဘူးဗျာ။သူများတွေလို ဟော့ဟော့ရမ်းရမ်း လုပ်ဖို့လည်း မဟုတ်ပါဘူး။ ဒီသာဓက ပြန်ပြောရခြင်းက အနာဂတ်မှာ နိုင်ငံရေးသမားတွေ အများကြီး ပေါ်ထွက်လာဦးမှာပါ။ ကမူးရှူးထိုး နိုင်ငံရေးစိတ်တစ်ခုတည်းနဲ့ ကိုယ်ကျိုးမကြည့်ပါဘူးဆိုတဲ့ သူတွေ ဒုက္ခတောမှာမျောပြီး နိုင်ငံရေး ခုတုံးလုပ် ကိုယ်ကျိုးရှာတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။ နိုင်ငံရေး ဆိုတာ ကိုယ်ကျိုးရှာဖို့ သက်သက်မဟုတ်သလို နိုင်ငံတော်အတွက် တကယ်ပေးဆပ်ခဲ့သူတွေ တကယ်ပေးဆပ် နေသူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ရဲ့အနာဂတ်လည်း သာယာလှပစေချင်ပါတယ်။ ဗိုလ်ထွန်းလှရဲ့သားပြော တဲ့ နောက်ဆုံးစကားကတော့ “ဘယ်သူတွေ ဘာပဲပြောနေနေ ကျွန်တော်တို့ ပြည်သူတွေရဲ့ မွဲချက်ကတော့ နာလွန်းပါတယ်ဗျာ”။

နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...