Monday, October 28, 2013

မြန်မာ့ပညာရေး

လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်သလို ပညာရေးတွင်လည်း သင်ကြားပို့ချသူ၊ သင်ယူသူ နှစ်ဦးနှစ်ဖက် ကြိုးစား သင်ကြားပါမှ အောင်မြင်နိုင်သည်။ အထက်က ပညာရေးအရာရှိကြီးများမှသည် အောက်ခြေရှိ မူလတန်း ကျောင်းသားထိတိုင် ကိုယ့်တာဝန်ကိုယ်ကျေပွန်မှသာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်သော ပညာရေး အဆင့်အတန်း ရရှိမည် ဖြစ်သည်။
ခိုင်မာကျစ်လစ်သည့် ပညာရေးစီမံကိန်းများချမှတ်ကာ အားလုံး အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ကိုယ့်ဌာနေမှာ မသင်ကြားနိုင်သည့် ဘာသာရပ်များကို နိုင်ငံခြားကျောင်းများသို့ ပညာတော်သင်များ စေလွှတ်ကာ ပညာရေးကို အဆင့် မြင့်သထက်မြင့် အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။ ရေမြင့်မှ ကြာတင့်မည်ဖြစ်သလို ပညာရေးကောင်းမှသာ လူနေမှုအဆင့်အတန်း မြင့်မားကာ ယဉ်ကျေးလိမ္မာ၍ သိက္ခာရှိသော လူ့အဖွဲ့အစည်းဖြစ်မည် ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ ပညာရေးအခြေအနေကို ပြန်လှန်သုံးသပ်ကြည့်ဖို့ များစွာလိုလေသည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လိုတည်ဆောက်ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အချင်းချင်းဆက်သွယ်ဖို့ ဘာသာစကားဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ရမယ်။ တွေးတတ်၊ ခေါ်တတ်၊ တီထွင်ဖန်တီးတတ်ဖို့အတွက် ဥာဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင် ရမယ်ဆိုတာ ပညာရေးပါ။ ဒီလိုအခြေခံကောင်းတွေ ရနိုင်မယ့်နေရာတွေကိုသာ မိမိရဲ့သားသမီးတွေကို အပ်နှံ သင်ယူစေသင့်တယ်။ (ကျော်ဆန်း၊ http://news.mmsy.info/
၊ ၁၆ သြဂုတ် ၂၀၁၂)

ပညာရေးတွင် နိုင်ငံ့လိုအပ်ချက် ဆိုသည်ထက် ကမ္ဘာ့လိုအပ်ချက်ကို အဓိကထားသည်။ ကိုယ့်တိုင်းပြည်ထက် အပြည်ပြည်ဆိုင်ရာကို မျှော်ကြည့်တတ်သူများ ဖြစ်လာရေး ဦးစားပေးသည်။ အဆင့်မြင့် နည်းပညာများဖြင့် ကမ္ဘာသစ်နှင့် ကွန်ရက် ချိတ်ဆက်ထားနိုင်သဖြင့်လည်း မိမိကိုယ်မိမိ အမြဲတမ်း အဆင့်မြှင့်နိုင်ရန် အားထုတ် နေကြရသည်။ နိုင်ငံတော်က ပညာရေးကို အဆုံးအဖြတ်ပေးကာ ကိုင်တွယ်နေခြင်း ထက် ပညာရေးကို သူ့အပိုင်း၊ သူ့ကဏ္ဍ၊ သူ့အဖွဲ့အစည်းများ၏ လိုအပ်ချက်အရ ပိုင်းဖြတ်ခြင်းကို ခံကြရမည်။ စာမေးပွဲစနစ် ရှိကောင်း ရှိနိုင်သော်လည်း မလိုအပ်သည့် ဘောင်များဖြင့် အတားအဆီး မဖြစ်စေရန် အဓိက ထားသည်။ အရေအတွက်ထက် အရည် အချင်း အမှန်ကို ဖော်ထုတ်ပြီးမှ စစ်ဆေးလက်ခံသည့် ပညာရေးကို ၂၁ ရာစု ပညာရေးဟု ခေါ်ပါသည်။ အရည်အချင်း အမှန်ကို ဖော်ထုတ်နိုင်စွမ်းရှိသူတို့ ပညာခေတ်ကို မျှော်လင့်မိပါသည်။ (တင်ညွှန့်၊ မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်၊ ၂၂ စက်တင်ဘာ ၂၀၁၂)

"ကျွန်မတို့မြို့နယ်မှာ လုပ်ချင်တာက ကျွန်မတို့ ဆရာ၊ ဆရာမတွေရဲ့ လခတွေနဲ့ ပတ်သက်လို့တော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ တိုင်ပင်ပြီးတော့ ပြုပြင်ပြောင်းလဲရမယ့်အချိန်ကတော့ ရောက်လာပြီလို့ ကျွန်မထင်တယ်။ ဘာဖြစ်ဆို ဒီကျူရှင်ဆိုတဲ့ ကိစ္စကြီးပေါ့နော်။ ကျူရှင်ဆိုတာ ကျွန်မတို့နိုင်ငံမှာ နာမည်ဆိုးရှိတဲ့ဟာ၊ ဒီကျောင်းအတန်းထဲမှာ ဘာဖြစ်လို့ ကလေးတွေကို ပညာ ပြည့်ပြည့်ဝဝ မသင်ပေးနိုင်တာလဲ ဆိုတာတော့ ကျွန်မတို့ စဉ်းစားရမယ်။ ဒါကိုလည်း လက်တွေ့ကျကျ ကြည့်ရမယ်။ ကျောင်းဆရာ ဆရာမတွေရဲ့ လခတွေကို ပံ့ပိုးဖို့လိုလို့ အပြင်မှာ ကျူရှင်ပေးတဲ့ ကိစ္စပဲ တစ်ခုပဲလား။ တခြားဘာတွေရှိသေးလဲ။ ကျောင်းစာသင်ခန်းထဲမှာ ကလေးတွေကို ပြည့်ပြည့်ဝဝ သင်ပေးနိုင်လောက်အောင် အခြေအနေတွေ မပေးလို့လား။ အဲဒါ ဘာအခြေအနေတွေလဲ ဆိုတာ အဲဒါတွေကို ကျွန်မတို့ ကြည့်ပြီးတော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။ ဆရာ ဆရာမတွေရဲ့ လခတွေဟာ ဒီလိုပုံစံနဲ့ ဆိုရင်တော့ လုံလုံလောက်လောက် မရှိဘူး ဆိုတာတော့ ကျွန်မတို့ သဘောပေါက်ပါတယ်၊ " ဒါ့အပြင် ပညာရေး စနစ်ကို ရေရှည်မှာ အသက်မွေးဝမ်းကျောင်း ပညာလိုင်း နဲ့ တက္ကသိုလ် ပညာလိုင်းကို ခွဲပြီး လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကျောင်း ပြဋ္ဌာန်း စာအုပ်ပါ သင်ခန်းစာတွေ တင်မက ကျောင်းသားကျောင်းသူ တစ်ဦးချင်း ဝါသနာ အလိုက် ဂီတ၊ အနပညာ၊ အားကစား စတဲ့ စိတ်ပါဝင်စားရာ ဘာသာရပ်တွေကိုပါ အခြေခံပညာမှာ ကတည်းက လေ့လာသင်ကြား နိုင်အောင် ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောကြားပါတယ်။ (ကော့မှူးမြို့၊ အာရ်အက်ဖ်အေ၊ ၁၀ အောက်တိုဘာ ၂၀၁၂)

စာသင်ခန်းထဲသို့ အာဏာ၏ အရိပ်များ လွှမ်းမိုးလာခြင်း ဖြင့် ပညာရေးလောကသည်လည်း အခြားသောလောကများနှင့်အတူ ဆွံ့ အ ကြုံလှီ ညှိုးနွမ်း ခြောက်သွေ့ သွားခဲ့ရခြင်းဖြစ်ပါသည်။ အလွတ်ကျတ်ထားသည်ကို တစ်သဝေမတိမ်း ပြန်ရွတ်ပြ ပြန်ရေးပြသည်ကို Factual Recall ဟု ခေါ်ဆိုရာ ထိုဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ်ဆင်ခြင်ခြင်း၏ ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ ရန်သူ၊ Decision Making ခေါ်ဆုံးဖြတ်ချက်ချခြင်း၏ ရန်သူ၊ Problem Solving ခေါ် ပြဿနာဖြေရှင်းခြင်း၏ ရန်သူပင် ဖြစ်ပါသည်။ (မောင်သာချို၊ မောက္ခပညာရေးမဂ္ဂဇင်း၊ ၁၃ အောက်တိုဘာ ၂၀၁၂)

ဒီမိုကရေစီစနစ်မှာ ရာထူးကောင်းကောင်းလိုချင်ရင် အရည်အချင်းကောင်းကောင်းရှိရမှာပါ။ အရည်ချင်းကောင်းဆိုတာ ခေတ်မီတဲ့ ပညာရေးစနစ်မျိုးနှင့် ခေတ်ပညာများကို သင်ယူခွင့်ရပြီး၊ ထိုပညာ (ဘွဲ့ဒီဂရီ)ဖြင့် အလုပ်ခွင်၌ ယုံကြည် ချက်အပြည့်ဖြင့် အလုပ်လုပ်ပြနိုင်ခြင်းပါ။ ထိုကဲ့သို့မဟုတ်ဘဲ မြန်မာလူမျိုးအများစုရဲ့ ပညာရေးအဆင့် အတန်း များဟာ လွန်စွာနိမ့်ကျနေမည်ဆိုလျှင် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာနှင့်ယှဉ်တဲ့ လုပ်ငန်းကိုင်ငန်းအခွင့်လမ်းတွေ ပွင့်လန်းလာ လို့ အလုပ်ခန့်ရာမှာ မြန်မာလူမျိုးများ (တိုင်းရင်းသားအားလုံး အပါအဝင်) ကို ဘယ်နေရာမှာ ဘယ်ရာထူးမျိုးနဲ့ ခန့်အပ်နိုင်ကြမလဲဆိုတာ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။ (ဒေါက်တာဓမ္မပိယ (I.T.B.M.U) ၊ မိုးမခ ၊ ၁၉ အောက်တိုဘာ ၂၀၁၂)

ဒီပညာရေးစနစ်ကနေ ကြီးပျင်းလာတဲ့ ကျနော်တို့ လူအဖွဲ့အစည်းကြီးဆိုရင်ရော ပြောစရာတော့ ရှိပါတယ်။ "မင်းကြုံဘူးတဲ့အတွေ့အကြုံနဲ့ လူတိုင်းကို မချိန်ထိုးနဲ"့ ဆိုတဲ့စကားပါ။ ဆရာ ဆရာမတွေ တစ်ယောက်မှ အရည်အချင်းမရှိဘူးလို့တော့ သိမ်းကြုံး ပြောလို့တော့ မရပါဘူး။ သို့သော်လည်း အများစုက ကျောင်းသားတွေအပေါ် စစ်တပ်အုပ်ချုပ်ရေးစနစ်နဲ့ပဲ ကိုင်တွယ်နေတယ်ဆိုတာ ဝန်ခံရမှာပဲ။ သင်ရိုးညွှန်းတမ်းတွေ အကုန်ပြောင်းပြီး ကျနော်တို့ ပညာရေးစနစ်ပြောင်းနေပါပြီလို့ ရှေးကဝန်ကြီးတွေ အားလုံး တလေသံထည်းထွက်ခဲ့တယ်။ သင်ရိုညွှန်းတမ်းတွေက အရေးကြီးသလား၊ သင်ကြားရေးစနစ်တွေက အရေးကြီးလား။ ဒါကို ခု ပညာရေးစနစ်ပြောင်းလဲမယ်ဆိုတဲ့ လူကြီးတွေ ထည့်စဉ်းစားဖို့ လိုနေပြီ။ လူလားမြောက်စ အသက် ၅နှစ်အရွယ်လောက်ကတည်းက အရိုးစွဲသွားစေမယ့် အကြောက်တရားတွေဟာ အဲ့ဒီကြိမ်လုံးသံတွေက လာတာပဲ ။ ဒီနေ့ခေတ်မှာ လုံးဝမရှိသင့်တော့ပါဘူး။ ဒါဟာ အကြမ်းဖက်မှုပဲ။၊ ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဟာ အကြမ်းဖက်မှုပဲ။ ခံရသူဘက်ကို အကာအကွယ်ပေးမယ့် ဥပဒေတွေလည်း ခိုင်ခိုင်မာမာရှိသင့်နေပီ။ အာဏာရှင်စနစ်ကို အမှန်တကယ်သာ နိဂုံးချုပ်ချင်တယ်ဆိုရင်တော့ စာသင်ကျောင်းတွေကနေ အာဏာရှင်လေးတွေ မွေးထုတ်နေမှုကိုလည်း ချက်ချင်း ရပ်တန့်ရပါတော့မယ်။ (ကျော်စွာ၊ ဖဘ၊ ၂၄ အောက်တိုဘာ ၂၀၁၂ / လွင်အောင်စိုး)



စာသင်ပေးသောနေရာ

အခြေခံပညာရေး - အစိုးရ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း

ဘုန်ကြီး (ဘက) ကျောင်း - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် ပျောက်ကွယ်
မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းဟာ ဗုဒ္ဓဘာသာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတူ ပေါင်းဆုံရာမှ မြန်မာနိုင်ငံပညာရေးသမိုင်းဆိုတာ ပီပြင်လာခြင်းပါ။ မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်းကို ကောက်ကြောင်းပြန်၍ကောက်ပြရလျှင် မြန်မာသက္ကရာဇ် ၁၂၃၀ ခု၊ ခရစ်သက္ကရာဇ် ၁ဂ၆၈-ခုနှစ် ထိ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာရှိပြီး၊ လူကျောင်း (အစိုးရ စာသင်ကျောင်းမျိုး) ဆိုတာ တစ်ကျောင်းတလေမျှ မရှိသေးကြောင်းကို သမိုင်းစာမျက်နှာ၌ ရှာဖွေတွေ့ရှိခြင်းပါ။ ပါဠိစာပေ အခြေခံဖြစ်တဲ့ သုတိ (သဒ္ဒါကျမ်းအတတ်)၊ သမ္မုတိ (ဓမ္မသတ်ကျမ်းအတတ်)၊ သင်္ချာ (သင်္ချာအတတ်)၊ နီတိ (နိတိကျမ်းအတတ်)၊ တိကိစ္ဆာ (ဆေးအတတ်)၊ စတုဗေဒါ (ဗေဒင်လေးပုံအတတ်)၊ ဆန္ဒိသာ (ဆန်းကျမ်းအတတ်) စသည်တို့ကိုသာ သင်ကြားပေးသော ဘုန်းကြီးကျောင်းများ၌ တနေ့တခြား ကျောင်းသားဦးရေများ နည်းပါးလာခြင်းကို သမိုင်းစာမျက်နှာများပေါ်၌ တွေ့ရှိရခြင်းပါ။ ထိုကြောင့် ၁၈၉၂ ခုနှစ်တွင် ဘုန်းကြီးတော်ကြီးသင်ပညာရေးကျောင်းများ (၄၆၁၉) ကျောင်းရှိခဲ့ရာမှ တဖြေးဖြေးယုတ်လျော့လာကာ ၁၉၃၃-၃၄ ခုနှစ် တွင် (၉၂၈) ကျောင်းမျှသာရှိတော့ကြောင်းကို တွေ့ရှိရခြင်းပါ။ ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်တွင်း မှတ်ပုံတင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၅၅၄၅) ရှိခဲ့ကြောင်း သိရခြင်းပါ။
အင်္ဂလိပ်အုပ်ချုပ်သည့်ခေတ်၌် မြန်မာနိုင်ငံတွင် ပထမဦးဆုံး မဟာဝန်ရှင်တော်မင်းကြီးဖြစ်လာခဲ့တဲ့ ဆာအာသာဖယ်ယာဟာ ခရစ်နှစ် ၁ဂ၆၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်) တွင် ဘုန်းတော်ကြီးသင်ပညာရေးကိုအခြေပြု၍ ပညာရေးစနစ်သစ်တစ်ခုတီထွင်ရန် ကြိုးပမ်းလာခဲ့သူပါ။ ပညာရေးစနစ် ပြုပြင်နိုင် ရေးအတွက် ဆာအာသာဖယ်ယာရဲ့အကြောင်းပြချက်က “မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးများ သြဇာတိက္ကမကြီးမားနေခြင်းဟာ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကြောင့် ဖြစ်နေခြင်းပါ။ ကလေးသူငယ်များဟာ ဘုန်းတော်ကြီးကျောင်းများ၌ အရေး၊ အဖတ်၊ အတွက် တတ် မြောက်ရုံသာမက ပါဠိစာပေဆိုင်ရာ အသိတရားများ၊ ဘုန်းတော်ကြီးများ၏ ဆုံးမသြ၀ါဒများ၊ သမိုင်းဆိုင်ရာ ဗဟုသုတများ၊ ကိုယ်ကျင့်သိက္ခာ ပိုင်း၌လည်း လိမ္မာယဉ်ကျေးမှုရှိခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစတဲ့ အကျိုးတရားတွေကို ဆာအာသာဖယ် ယာ ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်းပါ။ သူတွေ့မြင်ခဲ့တဲ့အတိုင်း အိန္ဒိယပြည် ဘုရင်ခံချုပ်ထံသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ နိုင်ငံနှင့် လူမျိုးအတွက် အရေးပါအရာရောက်နေပုံကိုသိရှိနိုင်ရန် အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ခြင်းပါ။
၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် လူထုပညာရေးဌာန (ပုဂ္ဂလိကကျောင်းများ) ကိုဖျက်သိမ်း၍ ဘကကျောင်းများအတွက်ကိုမူ ဘ-က ဌာန စိတ်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ဘ-ကဌာနစိတ်ကို ဖျက်သိမ်းခံခဲ့ရခြင်းပါ။ ၁၉၉၃ ခုနှစ်တွင် ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် မူလတန်းအဆင့်၊ အလယ်တန်း အဆင့်မျှကိုသာ သတ်မှတ်ပြဋ္ဌာန်းပေးလျှက် ဖွင့်လှစ်ပေးခဲ့ခြင်းပါ။ ဤသို့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) များ၏ လောကဓံဒီလှိုင်းသည် ခေတ်စနစ်၏ရေစီး ကြောင်းနှင့်အတူ နိမ့်တုံမြင့်တုံ ဖြစ်ခဲ့ရခြင်းပါ။ ရှေးအခါက အစဉ်အလာကြီးမားခဲ့သော မြန်မာဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် မြန်မာ ရှင်ဘုရင်များ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် မင်းလုပ်ခဲ့ကြတဲ့အချိန်မှစ၍၊ (အနော်ရထာမင်းလက်ထက်မှစ၍) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများအသွင် တည်ရှိနေခဲ့ကြခြင်းပါ။ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အစိုးရကျောင်းများနှင့် တန်းတူရည်တူ အခွင့်အရေးများ မရခဲ့ကြသောကြောင့် အခက်အခဲများစွာကို ကျော်ဖြတ်ရင်း ယနေ့မျက်မှောက်ခေတ် အနေအထားနှင့် ရပ်တည်နိုင်အောင် ဘုန်းတော်ကြီးများအတော်ကို ရုန်းကန်နေရခြင်းပါ။
ယနေ့မျက်မှောက်ခေတ်၌ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဘုန်းကြီးကျောင်းပညာရေးမှာ နှစ်မျိုးနှစ်စားရှိ နေ ခြင်းကို တွေ့ရခြင်းပါ။ (၁) ဘုန်းကြီးကျောင်းပညာရေး (ပရိယတ္တိ စာသင်တိုက်များ)၊ (၂) ဘုန်းတော်ကြီးသင် ပညာရေး (ဘက ဘုန်းတော်ကြီး ကျောင်းများ) ဟူ၍ နှစ်မျိုးနှစ်စားတွေ့ရခြင်းပါ၊ ထိုနှစ်မျိုးမှာ နံပါတ် (၁) ဖြစ်တဲ့ ဘုန်းကြီးကျောင်းပညာရေး၌ ခေတ်နှင့်လျှော်ညီသော ဘာ သန္တရ စာပေများ (သင်္ချာ၊ အင်္ဂလိပ်စာ၊ စသည်) ကို ထည့်သွင်းသင်ကြားနိုင်ခြင်း မရှိသေးသည်ကို တွေ့နေရခြင်းပါ။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပသာသနာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခေတ်ရဲ့နောက်မှာ များစွာ နောက်ကျကျန်နေခြင်းကို သတိမူသူတို့သာ သိနိုင်မည် ဖြစ်ခြင်းပါ။ နံပါတ် (၂) ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်းများမှာမူ ခေတ်နှင့်လျှော်ညီသော မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာ သာရပ်များကို သင်ကြားပေးနိုင်၍ ကျောင်းသားဦးရေးများ အဆမတန် တိုးပွားနေခြင်းပါ။ သို့သော် အမျိုး ဘာသာ သာသနာတော်အရေးကို လေးလေးနက်နက် တွေးဆဟန်မတူ ကြတဲ့ အစိုးရဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်ကြီးများ၊ ပညာရေးဆိုင်ရာလူကြီးများသည် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများကို မူလတန်းကျောင်းများမှ အလယ်တန်းကျောင်းများအဆင့်၊ အလယ်တန်းကျောင်းများမှ အထက် တန်းကျောင်းများအဆင့်သို့ တိုးမြှင်ပေးနိုင်ဖို့အရေး ဝန်လေးနေကြခြင်းမှာ နားမလည်နိုင်အေင်ဖြစ်မိခြင်းပါ။ ( ဒေါက်တာဓမ္မပိယ (I.T.B.M.U) ၊ မိုးမခ ၊ ၁၉ အောက်တိုဘာ ၂၀၁၂)

အမျိုးသားကျောင်း - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် ပျောက်ကွယ်

အင်္ဂလိပ် မက်သဒစ် ( Methodist English High School, MEHS) - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် ပျောက်ကွယ်
ကိုလိုနီ အင်္ဂလိပ်ခေတ် ပညာရေး - အင်္ဂလိပ်တို့သည် ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို စနစ်တကျလေ့လာပြီးနောက် အင်္ဂလိပ်အုပ်ချုပ်သော မြန်မာပြည်အောက်ပိုင်း ရန်ကုန်မြို့တွင် သိပ္ပံအတတ် ပညာအမျိုးမျိုးကို သင်ကြားနိုင်ရန် ၁၈၄၄ ခုနှစ်တွင် အစိုးရစာသင်ကျောင်းများကို စတင်တည်ထောင်ခဲ့ကြခြင်းပါ။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်အမျိုးမျိုအပြင် သက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များဖြစ်တဲ့ ဆေးသိပ္ပံအတတ်၊ ကြေးနန်း ကြိုးအတတ်၊ တရားဥပဒေအတတ်၊ မြေတိုင်းအတတ်၊ စက်မှုလက်မှုအတတ်မျိုးကိုပါ အစိုးရကျောင်းများ၌ စုံလင်စွာ သင်ကြားပေးခဲ့ကြခြင်းပါ။ ခေတ်နှင့်လျှော်ညီ၍ ခေတ်မှီသော သိပ္ပံပညာရပ်များကို သင်ကြားပေးခဲ့တဲ့ အစိုးရစာသင်ကျောင်းများ၏ အရှိန်အဟုန်သည် တရှိန်ထိုး တိုး တက်လာပြီး မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၃၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၉၂ဂ ကျောင်းမျှသာ ရှိတော့ပြီး၊ အစိုးရစာသင်ကျောင်းများမှာ ၄၉၆၇ ကျောင်းထိ တိုးပွားလာခဲ့ခြင်းပါ။ ( ဒေါက်တာဓမ္မပိယ (I.T.B.M.U) ၊ မိုးမခ ၊ ၁၉ အောက်တိုဘာ ၂၀၁၂)

အေဘီအမ်ကျောင်း (American Baptist Missionary School) - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် ပျောက်ကွယ်

အာစီအမ်ကျာင်း (Roman Catholic Missionary school) - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် ပျောက်ကွယ်

ကောလိပ် - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် မြို့ပြင်ထုတ်

တက္ကသိုလ် - စစ်အစိုးရ ခေတ်ဆိုးစနစ်ဆိုးတွင် မြို့ပြင်ထုတ်



တချိန်တခါက ထိပ်ထိပ်ကြဲ နာမည်ကျော်ကြားခဲ့သောကျောင်းများ

ကူရှင် (Cushing High School)

စိန်ပေါ (St Paul)

စိန်ဖရန်စစ်ကွန်ဗင့် (St Francis Convent)

မက်သဒစ် ( Methodist English High School, MEHS)

လဖုန်း၊ မန္တလေး

ကျုံးကျင့် တရုတ်ကျောင်း

နန်ကျုံး တရုတ်ကျောင်း

ဝှမ်ဝှာ တရုတ်ကျောင်း



တချိန်တခါက ထိပ်ထိပ်ကြဲ နာမည်ကျော်ကြားခဲ့သောတက္ကသိုလ်များ

ဂျင်ဆင်ကောလိပ် (Judson College)

ရန်ကုန်တက္ကသိုလ် (Rangoon University)

သွားကောလိပ် (Dental College)

MASU (Mandalay Arts and Science University)

RASU (Rangoon Arts and Science University)

RIT (Rangoon Institute of Technology)

MC (Medical College)



စာသင်ပေးသူ

ပညာရေးမှူး

ကျောင်းဆရာ၊ ကျောင်းဆရာမ

ကျောင်းအုပ်

နည်းပြဆရာ

ပါမောက္ခ

ပါမောက္ခချုပ်



ဆရာကျင့်ဝတ်ငါးဖြာ

(၁) ဆုံးမသင့်သောအရာကို ကောင်းစွာဆုံးမခြင်း

(၂) အတတ်ပညာကိုကောင်းစွာသင်ကြားပြသခြင်း

(၃) သင်ပြသင့်ရာကို အကုန်အစင် သင်ပြပေးခြင်း

(၄) ကောင်းသောမိတ်ဆွေဆရာသမားများထံ အပ်နှံပေးခြင်း

(၅) ဘေးရန်မြင်လျှင် ကြိုတင်ကာကွယ်ပေးခြင်း



ဆရာများ၏ ကျောင်းသားအပေါ် ရင့်သီး ရိုင်းစိုင်းမှု

ခွေးကောင်တွေ

စားပွဲကို ကြိမ်လုံးနဲ့ တစ်ဖြောင်းဖြောင်းနဲ့ရိုက်တဲ့ အသံတွေ

တိတ်ကြစမ်း

ပေါက်လွတ်ပဲစားတွေ

မိ မဆုံးမ၊ ဖ မဆုံးမတွေ

သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်

ဒီလိုပညာရေးစနစ်ကြီး တစ်ခုအောက်မှာ ဖြတ်သန်းခဲ့ရပါတယ်။ အနှိမ်ခံရမှုတွေ ၊ လူရာမဝင်မှုတွေ ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ၊ ဘက်လိုက်မှုတွေ စတဲ့ ဆက်ဆံမှုတွေကြောင့် မုန်းတီးမှုတွေ နာကျည်းမှုတွေ သိမ်ငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ဒါတွေနဲ့ အသားကျစွာပဲ ကြီးပြင်းလာခဲ့တာပါ။



သင်ကြားမှု

ကိုယ်ဖိ ရင်ဖိ သင်

လက်ထပ် သင်ကြားပေး

သွန်သင်ဆုံးမ



ကျောင်းသား

ပုဂ္ဂလိက ကျောင်းသား - စာကျေ စာတတ်၊ စည်းကမ်းစနစ်တကျရှိ၊ ဝတ်စား ဆင်ယင်တတ်၊ လူမှုရေးနာလည်၊ ခေတ်ရေစီးကြောင်းမြင်၊ အင်္ဂလိပ်စာ ရေးနိုင်ပြောနိုင်

ဘုန်းကြီး ကျောင်းသား - ယဉ်ကျေးလိမ္မာ၊ ရိုးသားဖြောင့်မတ်၊ ဘုရားတရား ကျင့်ဝတ်လိုက်နာ၊ ပါဠိပါကန်သုံးနှုန်း၊ မြန်မာစကားပီသ

အစိုးရ ကျောင်းသား - သွက်လက် မြန်ဆန်၊ ဆဲရေး ပုတ်ခတ်

အမျိုးသား ကျောင်းသား - အမျိုးသားရေးအမြင်ရှိ၊ မြန်မာစာကျွမ်းကျင်၊ လွတ်လပ်ရေးတိုက်ပွဲတက်ကြွလှုပ်ရှား



တပည့်ကျင့်ဝတ်ငါးဖြာ

(၁) ဆရာသမားများအား နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း

(၂) ဆရာခေါ်လျှင် ရိုသေစွာချဉ်းကပ်နေထိုင်ခြင်း

(၃) ဆရာများ၏ ဆုံးမစကားကိုနာယူလိုက်နာခြင်း

(၄) လုပ်ကိုင်ပေးစရာရှိလျှင် ရိုသေစွာလုပ်ကိုင်ပေးခြင်း

(၅) စည်းကမ်းရှိရှိ ရိုသေစွာအတတ်ပညာသင်ယူုခြင်း



ခေတ်ဟောင်းပညာရေးစနစ်

ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပေးတာယူ၊ ပြောတာနားထောင်။

ကြက်တူရွေးလို နှုတ်တိုက်ချ၊ အလွတ်ကျက်၊ ပြန်ဆို ဆိုတဲ့သင်ကြားမှု

ကျူရှင် ပညာရေး

ကျူရှင်မတက်နိုင်ရင် မျက်နှာငယ်

ကလေးကို မိဘရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဆက်ဆံ

ကြိမ်လုံးတွေ ချောက်လုံးတွေနဲ့ အလူးအလဲပါပဲ။

ကျောင်းသား က ဖောက်ထွက်ပြီး တွေးလို့မရ၊ ရေးလို့ မရ။ ဖတ်စာပါ စာနှင့် မကိုက်ညီလျှင် အမှတ် မပေးသည့် စနစ်

ကျောင်းသည် ပျော်စရာ မကောင်း

ကျောင်းသားများ ကြည့်လိုက်လျှင်လည်း တက်ကြွမှု ကင်း၊ ဆရာများကလည်း စိတ်ဓာတ်တွေ ကျဆင်းခြင်းဖြင့် တီထွင် ဖောက်ထွက်မှု ကင်းသော ပုံစံခွက် ပညာရေး

ကျောင်း၏ ပြဋ္ဌာန်းချက်အတိုင်း ရုပ်သေးရုပ် တစ်ရုပ်လို ကြိုးဆွဲခံရန်

ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့။

စာမေးပွဲနီးခါမှ ဖုတ်ပူမီးတိုက်

ဆရာကို ပြန်မမေးနဲ့၊ မကွန့်နဲ့၊ မတွန့်နဲ့၊ မညွန့်နဲ့

ဆရာကို လက်အုပ်ချီ နှုတ်ဆက်တဲ့အကျင့်

ဆရာက ရေးပေးတဲ့အတိုင်း လိုက်မရေးရင် အမှတ်မပေးဘူး

ဆရာကို ရိုသေလေးစားရမည်၊ ကြောက်ရွံ့ရမည်၊ ဆဲပိုင်ခွင့်၊ ဆူပိုင်ခွင့်၊ ရိုက်ပိုင်ခွင့် လိုင်စင်ရထားသူ

ဆရာတွေက လည်း ငါပြောသလိုလုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့ ဆိုသည့် အနေအထား

ဆရာပြောရင် နားထောင်

ဆရာဗဟိုပြု

ဆရာသင်ပေးတာကို မပြင်နဲ့

ဆရာသင်ပေးတာ နားထောင်ပါ

ဆရာသည် အဓိက ကျနေသဖြင့် ဆရာ ပြုသမျှ နုရသည့် (passive learning) စနစ်

တိုက်စစ် - ငါရေးတဲ့၊ ငါတွေးတဲ့၊ ငါတွက်တဲ့၊ ငါချက်တဲ့အတိုင်း ရေး မရေး၊ တွေး မတွေး၊ တွက် မတွက်၊ ချက် မချက် တိုက်စစ်ကြည့်သော ဓလေ့။

တစ်ဦးချင်း လုပ်ဆောင်နိုင်စွမ်းကို ဦးစားပေး

တိုင်းရင်းသားဘာသာရပ် - ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင် - သင်ခွင့်မပြုသောစနစ်

ထားရာနေ စေရာသွား ခေါ်ရင်လာ ခိုင်းတာလုပ် ခံမပြောနဲ့။

ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ

“ဒါမေးရင် ဒီလိုဖြေ” စသည်ဖြင့် ပုံသေနည်းဖြင့် သင်ကြားနေ ကြသောကြောင့် “ဟိုလိုပြောင်းမေး”လျှင် မဖြေတတ်တော့သည့် ပညာရေးစနစ်

နေ့ကလေးထိန်းကျောင်း အတော်များများသည် ကစားခုန်စားစရာ ကစားကွင်း၊ မြေကွက်လပ် မရှိခြင်း၊ ကျဉ်းမြောင်းလွန်းခြင်း

နိုင်ငံခြားတွင် ပညာသင်ခွင့် မရှိ၊ ပညာသင်ပြီး ပြန်လာလျှင် အခွင့်အရေးပိတ်ထားခြင်း

ပညာရေးဆိုသည်မှာ ဘာမှသုံးစားလို့မရဘူး။ ဘွဲ့ရတော့ရော မင်္ဂလာဆောင်ဖိတ်စာမှာ နာမည်ရှည်လာတာအပြင် ဘာပိုထူးသလဲ။ နှစ်ရှည်လများပညာသင်မယ့်အစား အဲဒီကုန်ကျစာရိတ်တွေကို ရင်းနှီးမြှုပ်နှံပြီး အရောင်းအ၀ယ်လုပ်တော့မှာပေါ့။ သေစာ၊ ရှင်စာဖတ်တတ်ရင် တော်လှပါပြီ

ပညာရေး ထောက်ပံ့ကြေး မလုံမလောက်

ပညာရေး ပေါ်လစီ ခိုင်ခိုင်မာမာ မရှိ

ပညာရေး အားနည်းချက်

ပျင်းရိငြီးငွေ့ ဖွယ်ရာ စာသင်ခန်း

ဖတ်စာအုပ်ကိုသာ အဓိကထား သင်ကြားပေးသည့် ပညာရေးစနစ်

ဗဟိုဦးစီး ချုပ်ကိုင်မှု ပညာရေး

မှတ်စုအတိုင်းကျက်

များသောအားဖြင့် ဘွဲ့တစ်ခုခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကိုယ်သင်ကြားခဲ့ရသမျှနှင့် ဘာမှ မဆိုင်သော လုပ်ငန်းနယ်ပယ်များတွင် ကျင်လည်

များသောအားဖြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် (သို့မဟုတ်) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုခုတွင် ၀ါသနာပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ တက်ရောက်ခဲ့သူ

လေးဘက်လေးတန် အကာအရံများနှင့် စာသင်ခန်းတွင် ကလေးငယ်များကို လက်ပိုက်ခိုင်းကာ ကြိမ်လုံးဖြင့် စည်းကမ်း မကျ၊ကျအောင်

ပုံစံခွက်ဖြင့် အတင်းလုပ်

မိဘ ဆရာ ကျောင်းသား (PTS) ချိတ်ဆက်မှု အပိုင်းတွင် အားနည်း

လမ်းပန်းဆက်သွယ်ရေး ခက်ခဲ

သင်္ချာကိုပင် အလွတ်ကျက်ကာ ရတာကိုရေး အမှတ်ပေးနေရသည့်စနစ်

သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းထားချက်ဟောင်း

သင်ရိုးညွှန်းတမ်း မပြည့်စုံ

သင်ရိုး ညွှန်းတမ်းများသည် ကျောင်းသား၏ လိုအပ်ချက်ထက် သင်ရိုးညွှန်းတမ်းအဖွဲ့ အလိုကျ အဆက်အစပ် မရှိ ရေးဆွဲပြဋ္ဌာန်းထားသော ဖတ်စာများကိုသာ အလွတ်ကျက်စနစ်ဖြင့် သင်ကြားခြင်း

အကျင့် စာရိတ္တ ပျက်စီးခြင်း — ကိုယ်ချင်းစာနာစိတ် မရှိ၊ စာမဖတ်၊ တကိုယ်ကောင်းဆန်၊ သစ္စာတရား မရှိ။

အချိန်ဇယားကိုက် သင်ကြားရေးကို အခြေပြု

အဆင့်များ၊ ရမှတ်များကို အခြေခံပြီး ကျောင်းသား တစ်ယောက်၏ဘဝကို အဆုံးအဖြတ် ပေးသည့် ပညာခေတ်

အာမခံချက် မရှိ၊ ဘွဲ့ရပြီး အလုပ်အကိုင် မရှိ

အမျိုးသမီး စာတတ်မြောက်မှု ဦးရေနည်း

အရိုးစွဲနေပြီ ဖြစ်သော သင်ကြားရေးမှာ ရှေ့က ဆရာ ပြောသမျှကို ငြိမ်ငြိမ်လေး လက်ပိုက်ကာ နားထောင်ရသော စနစ် (Broadcast System)

အလွတ်ကျက်ခိုင်း၊ ဖြေခိုင်း

အလွတ်ကျက်၊ စာအံဆိုတဲ့ ပုံစံ

၏ သည် မလွဲ ပြန် ပြောနိုင်လျှင် လူတော်၊ မပြောနိုင်လျှင် လူညံ့

ကျွန်မတို့က တော်လှန်ရေးကောင်စီခေတ်က ကျောင်းသားကျောင်းသူအစစ်တွေပါ။ ငါးတန်း ရောက်မှ အေ၊ ဘီ၊ စီ၊ ဒီ သင်ရတဲ့ မျိုးဆက်တွေပါ။ တနည်းအားဖြင့် ငါးပုဒ်ကျက်ဖြေ တက္ကသိုလ်ပညာရေးစနစ်နဲ့ ဘွဲ့ရခဲ့သူတွေပါ။ ဒီလိုဒီပုံဖြတ်သန်းခဲ့တဲ့ ပညာရေးစနစ်ကို နိမ့်ကျနေတဲ့အကြောင်းတွေပဲ မပြောတော့ဘဲ ပညာရှင်များက မြှင့်တင်ရမယ့် နည်းလမ်းကောင်းများ၊ အထူးသဖြင့် ဖြစ်နိုင်ချေရှိပြီးလက်တွေ့ကျတဲ့ နည်းလမ်းကောင်းများကို ရှာဖွေကြဖို့ရာ အချိန်တန်ရုံမက နောက်များပင်ကျနေပါပကော။ (ဘာရာဒွါဂျာ (မြန်မာပြည်)၊ ဧရာဝတီ၊ ၂၅ စက်တင်ဘာ ၂၀၁၃)

ကလေးများမှာ ပညာတတ်သော်လည်းပဲ၊ အလုပ်အကိုင်အတွက် opportunity မရသဖြင့်၊ စိတ်လေနေကြကြောင်းလည်း၊ တွေ့ရတတ်သည်။ တိုင်းပြည်အတွက်၊ တန်ဘိုးမဖြတ်နိုင်သော၊ ဆုံးရှုံးမှုဟု ယူဆသည်။ စာသင်ကျောင်းများတွင်၊ ကလေးများမှာ နံနက် ၉ နာရီမှသည်၊ ညနေ ၃ နာရီအထိ၊ ဘာသာရပ်ပေါင်း မြောက်မြားစွာသင်ကြားကြရပြီး၊ စာမေးပွဲများကို၊ အလွတ်ကျက်ပြီး ဖြေဆိုနေရသော ပညာရေးစံနစ်သည်၊ ဂုဏ်ထူးများ ဘယ်လောက်ပင် ရနိုင်ပါစေ၊ “quality education” လို့ ဆိုနိုင်မည် မထင်မှတ်ပေ။ အဘယ့်ကြောင့်ဆိုသော်၊ ပညာရေး စံနစ်သည် အပြည်ပြည်ဆိုင်ရာ ပညာရေးနှင့် ယှဉ်လိုက်သော်၊ ကျနော်တို့ကလေးများက၊ နိုင်ငံခြားတို့နှင့် အဆက်အသွယ်လုပ်နိုင်လောက်သော အရည်အသွေး နဲပါးတော့သည်။ (Between News ၊ ၁၃ ဒီဇင်ဘာ ၂၀၁၂)

ဒီခေတ်မှာလည်း ပညာရေးကို ဦးစားပေးခြင်းအလျဉ်းမရှိဘဲ ထင်ရာမြင်ရာစီမံကိန်းတွေ အတင်းချမှတ်ကာ ဗမာပြည်ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။ အကျိုးဆက်များအနေနဲ့...
၁။ ဘွဲ့ရ ပညာမတတ်သူတွေ ပေါများလာတယ်။
၂။ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်သူတွေ တိုးပွားလာတယ်။
၃။ ကျောင်းသင်ပညာရေးဟာ စာကျက် စာမေးပွဲဖြေ အောင်လက်မှတ်ရတဲ့ အဆင့်ထက် မပိုတော့ဘူး။
၎။ ကျောင်းသင်ပညာရေးနဲ့ မလုံလောက်လို့ အပြင်ကျူရှင်တွေ မှိုလိုပေါက်လာတယ်။ သူငယ်တန်းကအစ ကျူရှင်ယူနေရတယ်။
၅။ ဆရာ ဆရာမတွေကိုယ်တိုင် လစာငွေမလုံလောက်လို့ ကျူရှင်ပြနေရတယ်။ ကျူရှင်မတက်နိုင်တဲ့ကလေးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိလာတယ်။
၆။ ကျောင်းစရိတ်ကြီးမြင့်မှုကြောင့် ဆင်းရဲနွမ်းပါးကလေး တော်တော်များများ ကျောင်းထွက်အလုပ်လုပ်ရတယ်။ ကလေးလုပ်သား လူတန်းစားတရပ် ပေါ်ပေါက်လာတယ်။ အခန့်မသင့်ရင် ကလေးစစ်သား အဖြစ် ရောင်းစားခံရတဲ့အထိ အခြေအနေဆိုးတယ်။
၇။ ဆင်းရဲနွမ်းပါးကလေးတွေကို ပညာသင်ပေးဖို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ နေရာအနှံ့အပြားမှာ ပေါ်ပေါက်လာတယ်။ ပရဟိတမိဘမဲ့ကလေးကျောင်းတွေလည်း တည်ထောင်လာကြ တယ်။ ကျောင်းအများစုကတော့ ရန်ပုံငွေရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်။
၈။ ပြည်ပထွက်အလုပ်လုပ်ချင်သူတွေအတွက်လည်း သင်တန်းမျိုးစုံ ထွက်ပေါ်လာတယ်။ စရိတ်စကကြီးလွန်းလို့ လူတိုင်းမတတ်နိုင်ဘူး။ ဒါကြောင့် ဘာသင်တန်းမှမတတ်ဘဲ ပြည်ပထွက်သွားတဲ့ unskilled workers တွေဟာ သူတပါးတိုင်းပြည်မှာ ကျွန်သဘောနဲ့ အခိုင်းခံနေရတယ်။
၉။ အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ် ဘာသာတွဲ (လိုင်း) ခွဲခြားခြင်းကြောင့် မိမိဝါသနာပါရာပညာကို မသင်ကြားရခြင်းဖြစ်လာတယ်။ လုံးဝထိရောက်မှု မရှိသော၊ စွမ်းရည်မမြင့်မား သော စာသင်စနစ်ကြောင့် ကျောင်းသားဘဝ နစ်နာဆုံးရှုံးရပါတယ်။
၁၀။ ရရှိလာတဲ့ဘွဲ့ဟာ ကျောင်းသားတစ်ဦးချင်းစီအတွက် ဘဝအာမခံချက် ခိုင်ခိုင်မာမာမပေးနိုင်တာကြောင့် ဘွဲ့ရပြီးမှ အကြော်ရောင်းရတာ၊ ဆိုက်ကားနင်းနေရတာတွေ ရှိလာတယ်။
ဒါတွေဟာ ထုတ်နှုတ်ယူဖို့ ထင်ရှားတဲ့အပြစ်အနာအဆာတွေဖြစ်ပြီး ဒီထက်မကရှိသေးပါတယ်။ အခုခေတ်ပညာရေးစနစ်ကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးဆိုတာ လုံးဝမရှိသလောက် နည်းပါးတယ်လို့ ပြောနိုင်ပါတယ်။
(ကျော်ကိုကို၊ ဖဘ၊ ၂၇ ဇွန် ၂၀၁၃ / ဝင်းအောင်စိန်)

မြန်မာ့ပညာရေး ဘယ်လို အခြေအနေရှိမယ်ဆိုတာ အထင်ရှားဆုံးပြလိုက်တဲ့သာဓကတခုကတော့ ပဉ္စမတန်း ပထ၀ီ စာအုပ်က သက်သေထူနေပါတယ်။ ကျောင်းသားမိဘ တဦးဖြစ်တဲ့ ဒေါ်အေးအေးသန်းက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတာပါ။ သူ့သား စာကျက်တာ နားထောင်ရင်း တခုခု လွဲနေတာကို သတိ ထားမိလို့ ပြဋ္ဌာန်းစာအုပ်ကို ယူကြည့်လိုက်တဲ့အခါ အခု ဓာတ်ပုံထဲမှာလို အကြီးအကျယ်လွဲမှားနေတာ တွေ့လိုက်ရပါတယ်တဲ့။ မြန်မာပြည်မြေပုံမှာ ရခိုင် ကမ်းမြှောင်ဒေသကို ညွှန်းဆိုထားပုံက အရှေ့ဘက် ကုန်းမြင့်ဒေသပုံ လို့ ပြဆို ထားပြီး ရှမ်း ကုန်းမြေမြင့်ကို တော့ အနောက်ဘက် တောင်တန်းဒေသလို့ ညွှန်းဆိုပြသထားပါတယ်။ ဒီလို ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ကြားပို့ချတဲ့ မြန်မာပညာရေး အတွက် ကျောင်းသားမိဘတွေက အစိုးရကျောင်းကို သူတို့ သား၊ သမီးတွေကို ပညာသင်စေဖို့ အတော်တွန့်ဆုတ်သွားစေခဲ့ပါတယ်။ (ဧရာဝတီ၊ အိမ့်သံစဉ်၊ ၂၆ စက်တင်ဘာ ၂၀၁၃ )

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမက (၃) ကျောင်းမှသူငယ်တန်းကျောင်းသား မောင်ဇာနည်လမင်းကို အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲကြေး၁၀၀ ကျပ်မပေးနိုင်သဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် သံပေတံဖြင့် ၂ ချက်ရိုက်နှက်လိုက်ရာ လက်ကျိုးအက်သွားခဲ့ကြောင်း သိရသည်။ (မိုးမခပေးစာ၊ ၁၃ ဒီဇင်ဘာ ၂၀၁၂)



တိုးတက်ခေတ်မှီပညာရေးစနစ်

ကုလသမဂ္ဂသုံး ကမ္ဘာ့ဘာသာစကားကြီး (၆) ရပ် — Arabic (အာရပ်)၊ Chinese (တရုတ်)၊ English (အင်္ဂလိပ်)၊ French (ပြင်သစ်)၊ Russian (ရုရှား)နှင့် Spanish (စပိန်) တို့ကို သင်ကြားပေးခြင်း

ကျောင်းသူကျောင်းသားမှာ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပေါင်းကူးဆက်သွယ် ပြဿနာကို ဖလှယ်နိုင်ရေး ဦးစားပေး

ကျောင်းသားကို သွက်လက် ချက်ချာပြီး ကိုယ်စွမ်းကိုယ်စ ရှိရေး၊ နှုတ်မှု ရေးရာ၊ ဖန်တီး တီထွင်နိုင်စွမ်း၊ ခွဲခြမ်း စိတ်ဖြာနိုင်စွမ်း ရှိရေး၊ သိချင် တတ်ချင် လေ့လာစူးစမ်းချင်စိတ် ရှိစေရန် မြေတောင် မြှောက်ပေးရေး

ကျောင်းသားတွေရဲ့ နားလည်မှု ၊ ဖန်တီးတတ်မှု၊ လက်တွေ့ဆောင်ရွက်တတ်မှုကို အားပေး

ကျောင်းသား ဗဟိုပြု

ကျောင်းသား လေးစားနိုင်လောက်သည့် အရည်အချင်းမျိုးတော့ ဆရာက ပြဖို့ လိုအပ်သည်။

ကျောင်းသားများ၏ လေ့လာနိုင်စွမ်းကို အကန့်အသတ် မရှိ လမ်းဖွင့်ပေးလိုက်သဖြင့် ရည်မှန်းထားသလောက် လုပ်ဆောင်နိုင်စွမ်း ရှိလာသည်။

ကျောင်းသားများ၏ ဝေဖန်ဆန်းစစ်နိုင်သည့် အတွေးအမြင်နှင့်၊ ပြဿနာ ပေါင်းစုံ ကို ဘက်ပေါင်းစုံမှ ဖြေရှင်း နိုင်စွမ်းရှိရေးကို ဦးတည်

ကိုယ်သင်ယူ လေ့လာခဲ့သည့် အကြောင်းအရာပေါ်တွင် ပေါက်မြောက် အောင်မြင်စွာ မည်မျှ လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း ရလဒ်ကိုသာ အခြေခံ

ဆွေးနွေး ငြင်းခုံမှု (Argumentative Learning) ဖြင့် သင်ကြား

ဆရာက ကျောင်းသားကို အကြောင်းအရာအလိုက် ကြိုက်၊ မကြိုက် လက်ခံ၊ လက်မခံမေးမြန်းပြီး အကျိုးအကြောင်း ဖြေဆိုစေ

ဆရာက မေးခွန်းမေးရန် အားပေး

ဆရာဆိုပြီး ကြောက်စရာ မလို

ဆရာ ဆိုသည်မှာ သင်ကြားသူ မဟုတ်တော့။ ကျောင်းသား နှင့်အတူ ပူးတွဲ လေ့လာသူ

ဆရာနှင့် ကျောင်းသား အပြန်အလှန် ဆွေးနွေးရမည်။ ကျောင်းသာချင်း ဆွေးနွေး ငြင်းခုံရမည်။

ဆရာမ ကျောင်းသူများက အတွေးအခေါ် အယူအဆ ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်ဆွေးနွေး

တိုင်းရင်းသားဘာသာရပ် - ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် - လွတ်လပ်စွာ သင်ကြားခွင့်ရှိသောမူ

နိုင်ငံခြားတွင် လွတ်လပ်စွာ ပညာသင်ယူ ပြန်လာလုပ်ပိုင်ခွင့်ရှိ

နိုင်ငံတကာ အဆင့်မှီ သင်ရိုး ညွှန်းတမ်းများ ထားရှိ

ပညာရေးနှင့် အလုပ်အကိုင် ဆက်သွယ်ပေးသော အလုပ်သင်စနစ်

ပရောဂျက်အခြေခံ (Project-Based) ပညာရေး

ပတ်ဝန်းကျင် တွင် သင်ကြားခြင်း

လုပ်ဆောင်နိုင်စွမ်း၊ တင်ပြနိုင်စွမ်း၊ ပရောဂျက်ဖြင့် လုပ်ဆောင်မှုကို ဗဟိုပြု

လွတ်လပ်သော ပညာရေးစနစ်

လေ့လာနိုင်မှု နယ်ပယ်ကို လမ်းဖွင့်ပေး ထားသဖြင့် ကိုယ်လေ့လာချင်သည့် အကြောင်းအရာ၊ နယ်ပယ်၊ ဘာသာရပ်ကို စိတ်ကြိုက် လေ့လာခွင့် ရှိ

သုတေသနပြုခြင်း၊ ကိုယ်တိုင်လေ့လာမှု ရလဒ်ကို အခြေခံသည့် Active Learning သင်ယူ လေ့လာမှု

“အ” ၅ လုံး ပညာရေး စနစ် - အရေး၊ အဖတ်၊ အတွက်၊ အင်္ဂလိပ်စာနှင့် အင်တာနက်တို့ ဖြစ်ပါသည်။

အတော်ဆုံး၊ အကောင်းဆုံး၊ စွမ်းအား အရှိဆုံးသူက ဦးဆောင်သူအဖြစ် တာဝန်ယူနိုင်ခွင့်ရ

အဖွဲ့လိုက်၊ အစုအဝေးလိုက် လုပ်ဆောင်နိုင်စွမ်း (Team Work) ဦးစားပေး



ဝါဒ

ဆရာပီသမှု စိတ်ဓါတ်ရှိသူ ပညာရေး ဆရာ၊ ဆရာမများက ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးသည် ကမ္ဘာ့အဆင့်အတန်းရှိ၊ လွတ်လပ်စွာ၊ ပြိုင်ဆိုင်ခြင်းဖြင့် ကျောင်းသားများကို ပြုစုပျိုးထောင် ဆွေးနွေးသင်ကြား လမ်းပြ၍ အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေးသည်။
စစ်အစိုးရ ဝါဒဖြန့် စနစ်၏ "ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ" ကြောင့် ပညာရေးသည် အောက်ကျနောက်ကျ ဖြစ်နေသည်။
ပညာရေးသည် အစိုးရဝါဒဖြန့် မုသားသမိုင်း သင်ပေးနေရသည့် အဖြစ်မှ လွတ်ကင်းနိုင်ရမည်။

Absolutism အကြွင်းမဲ့ အာဏာပိုင်စိုးရေး

Anarchism မင်းမဲ့ဝါဒ

Common humanity ဘုံလူသားဝါဒ

Communism ကွန်မြူနစ် ဝါဒ

Conservatism ကွန်ဆာဗေးတစ်ဝါဒ (ခ) ရှေးရိုးစွဲဝါဒ

Democracy ဒီမိုကရေစီ စနစ်။ ပြည်သူများက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်သောစနစ်

Fascism ဖက်ဆစ် ဝါဒ။ ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကိုလက်ကိုင်ထားပြီးတော့ဖိနှိပ်၊ အခြားလူမျိုးတွေကို ငါတို့လူမျိုးလောက်မမြတ်ဖူးဆိုပြီး အခြားလူမျိုးတွေအပေါ်လွမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကိုအမြဲလိုလားနေတဲ့ ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်ဒါပဲ။ (ဗိုလ်ချုပ်အောင်ဆန်း၊ ရွှေတိဂုံအလယ်ပစ္စယံ မိန့်ခွန်း၊ ၁၈ နိုဝင်ဘာ ၁၉၄၅ / ဗေဒါလမ်း၊ ဖဘ)

Liberalism လစ်ဘရယ်ဝါဒ (ခ) အလယ်အလတ်လမ်းစဉ် (ခ) သဘောထားကြီးသော၊ လွတ်လပ်စွာ တွေးခေါ်ခွင့်ပြုသော နိုင်ငံရေးဝါဒ

Materialism ရုပ် ဝါဒ

Socialism ဆိုရှယ်လစ် ဝါဒ

Utopianism စိတ်ကူးယဉ် ဝါဒ



ဘာသာရပ်

Accounting စာရင်းကိုင်ပညာ

Anatomy ခန္ဓာဗေဒ

Anthropology မနုဿဗေဒ ။ cultural anthropology ယဉ်ကျေးမှု မနုဿဗေဒ

Archaeology ရှေးဟောင်းသုတေသန

Astrology နက္ခတ်ဗေဒင်

Astronomy နက္ခတ္တဗေဒ

Behavioral Sciences လူ့အမူအကျင့်ဆိုင်ရာသိပ္ပံပညာ

Biology ဇီဝဗေဒ - ဘိုင်အို ထိုင်ငို။ သက်ရှိလောကကို နားလည်ရန် အခြေခံပညာဖြစ်သည်။

Botany ရုက္ခဗေဒ

Burmese မြန်မာစာ

Chemistry ဓာတုဗေဒ - ဓာတုနိုင်လျှင် ကမ္ဘာကို ပိုင်သည်။

Computer Science ကွန်ပြူတာသိပ္ပံပညာ

Cosmetology အလှပြင်ပညာ

Cosmology စကြဝဠာဗေဒ

Ecology ဂေဟဗေဒ - The science of the relationships between organisms and their environments.

Economics ဘောဂဗေဒ - လောကကြီးမှာ အရေးကြီးတာ ငွေ။

Engineer အင်ဂျင်နီယာ - တိုးတက်ခေတ်မှီစေရန် ကြံဆတီထွင် နေသော ပညာရှင်များကို မွေးထုတ်ပေးသည်။

Entomology ကိမိလဗေဒ - The scientific study of insects.

Geography ပထဝီ

Health Science ကျန်းမာရေးသိပ္ပံပညာ

History သမိုင်းဘာသာ - သမိုင်းကို သင်တာ မအအောင်ပေါ့။ (သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း)
နိုင်ငံသမိုင်းဟူသည် ပြည်သူ့အကြောင်း၊ ပြည်သူ့လှုပ်ရှားမှုအကြောင်း မှတ်တမ်းကြီးဖြစ်သကဲ့သို့ ပညာရေးသမိုင်းသည်လည်း ယင်းပြည်သူတို့၏ ပညာရေးလှုပ်ရှားမှုမှတ်တမ်းကြီးပင် ဖြစ်လေသည်။ (ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦး ထွန်းကြွယ်၊ ၂၀၁၁ / ဒေါက်တာဓမ္မပိယ (I.T.B.M.U) ၊ မိုးမခ ၊ ၁၉ အောက်တိုဘာ ၂၀၁၂)
သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရဘူး။

Hydrology ရေစီးရေလာ

Languages ကုလသမဂ္ဂသုံး ဘာသာစကားကြီး (၅) ရပ် - Arabic အာရပ် ၊ Chinese (Mandarin) တရုတ် ၊ English အင်္ဂလိပ် ၊ French ပြင်သစ် ၊ Russian ရုရှား ၊ Spanish စပိန်

Law ဥပဒေပညာ

Marinetime ရေကြောင်းပညာ

Mathematics (math) သင်္ချာ - သင်လေ ချာလေ။ အရာရာကို သင်္ချာဖြင့် ရှင်းရှင်းလင်းလင်း တွက်ချက်ဖေါ်ပြ အဖြေပေးနိုင်သည်။

Medicine ဆေးပညာ - ကုသိုလ်လည်းရ ဝမ်းလည်းဝ။ ဆရာဝန် မှားယွင်းမှုများကား မြေကြီးနှင့် ဖုံးထားသည်။

Meteorology မိုးလေဝသပညာ

Microbiology အဏုဇီဝဗေဒ

Oceanography အဏ္ဏဝါဗေဒ

Pathology ရောဂါဗေဒ

Pharmacology ဆေးဝါးဗေဒ - အနာသိက ဆေးရှိရ။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး။

Philosophy ဒဿနိက - သက်ရှိသတ္တဝါလောကတွင် လူသားရဲ့ အတွေးအခေါ်သည် အဆင့် အမြင့်ဆုံးဖြစ်သည်။

Physics ရူပဗေဒ - အချစ်မှာ အသွားအပြန်ရှိတယ်။ ရွေ့လျားသော အရာဝတ္ထုရဲ့ စွမ်းအင်စွမ်းအားကို အသုံးပြုသည်။

Physiology ဇီဝကမ္မဗေဒ

Politics နိုင်ငံရေး - လူတွေ အကြောင်း သိရသည်။

Psychology စိတ်ပညာ

Sexology လိင်မှုဗေဒ

Social Science လူမှုသိပ္ပံပညာ

Sociology လူမှုဗေဒ

Zoology သတ္တဗေဒ



အသိပညာရှင် အတတ်ပညာရှင်

accountant စာရင်းကိုင်

activist လှုပ်ရှားပြောင်းလဲရေးဝါဒီ

actor သရုပ်ဆောင်

adviser အကြံပေး ပုဂ္ဂိုလ်

anatomist ခန္ဓဗေဒ လေ့လာသူ

anthropologist မနုဿဗေဒ ပညာရှင်

astrologer နက္ခတ်ဗေဒင် ဆရာ

astronomer နက္ခတ္တဗေဒ ပညာရှင်

astronaut အာကာသယာဉ်မှူး

bartender အဖျော်ယမကာ ဖျော်စပ်သမား

biologist ဇီဝဗေဒ ပညာရှင်

blogger ဘလောဂါ

botanist ရုက္ခဗေဒ ပညာရှင်

carpenter လက်သမား

chef စားဖိုမှူး၊ စားတော်ကဲ

chemist ဓာတုဗေဒ ပညာရှင်

driver ယာဉ်မောင်း

drummer ဒရမ်သမား၊ စည်တီး

ecologist ဂေဟဗေဒ ပညာရှင်

economist စီးပွားရေး ပါရဂူ၊ ဘောဂ ပညာရှင်

electrician လျှပ်စစ်ကျွမ်းကျင်သူ၊ မီးသမား

engineer စက်မှု အတတ် ပညာရှင်

entomologist ကိမိလဗေဒပညာရှင်

epidemiologist ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရှင်

expert ကျွမ်းကျင်သူ၊ ပညာရှင်၊ ပါရဂူ

guitarist ဂိတာသမား

historian သမိုင်း ပညာရှင်

journalist သတင်းစာဆရာ

judge တရားသူကြီး

lawyer ရှေ့နေ၊ ဥပဒေ အကျိုးဆောင်

librarian စာကြည့်တိုက်မှူး

linguist ဘာသာစုံ တတ်ကျွမ်းသူ

mathematician သင်္ချာ ပညာရှင်

meteorologist မိုးလေဝသ ပညာရှင်

microbiologist အဏုဇီဝ ပညာရှင်

musician တူရိယာပညာရှင်၊ ဂီတစာဆို

nurse သူနာပြု

painter ဆေးသုတ်သမား၊ ပန်းချီဆရာ

pastor သင်းအုပ်ဆရာ

pathologist ရောဂါဗေဒ ပညာရှင်

pharmacologist ဆေးဝါးဗေဒ ပညာရှင်

pharmacist ဆေးစပ်သမား

philanthropist ပရဟိတဒါနရှင်

philosopher ဒဿနု ပညာရှင်၊ လောကအမြင် တရပ်ကို ဖေါ်ထုတ်သူ၊ နက်နက်နဲနဲ တွေးခေါ်တတ်သူ

physicist ရူပဗေဒ ပညာရှင်

physician ဆရာဝန်၊ သမားတော်

physiologist ဇီဝကမ္မဗေဒ ပညာရှင်

pianist စန္ဒရားဆရာ

politician နိုင်ငံရေးသမား

psychiatrist စိတ်ရောဂါ အထူးကု ဆရာဝန်

psychologist စိတ်ပညာရှင်

researcher သုတေသီ

scientist သိပ္ပံပညာရှင်

sculptor ပန်းပုဆရာ

singer အဆိုတော်

statistician စာရင်းအင်း ပညာရှင်

strategist မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်တတ်သူ

teacher ကျောင်းဆရာ၊ ကျောင်းဆရာမ

technician နည်းပညာရှင်

violinist တယောသမား

vocalist အဆိုတော်၊ တေးသံရှင်

writer စာရေးဆရာ

zookeeper တိရစ္ဆာန်ဥယျာဉ်မှူး

zoologist သတ္တဗေဒ ပညာရှင်



တက္ကသိုလ်ပညာရေးအဆင့်

တက္ကသိုလ်ပထမဘွဲ့ (Bachelor, BA, BSc)

မဟာဘွဲ့ (Master, MA, MSc)

ပါရဂူဘွဲ့ / ဒေါက်တာဘွဲ့ (Doctor of Philosophy, Ph.D.)



နိုင်ငံ အောက်တန်းကျသထက်ကျလာအောင်လုပ်မည့် စိတ်ဓာတ်

၁။ စားဝတ်နေရေး မပြည့်စုံခြင်း (ဆင်းရဲမွဲတေမှုများခြင်း)

၂။ အမျိုးသားရေး စိတ်ဓာတ် ခေါင်းပါးလာခြင်း

၃။ အမြင် ကျဉ်းမြောင်းခြင်း (ပညာမတတ်ခြင်း)

၎။ အသိဥာဏ် နည်းပါးခြင်း (စာမဖတ်ခြင်း)

၅။ စိတ်ဓာတ်၊ စည်းကမ်း ညံ့ဖျင်းလာခြင်း

၆။ အလုပ်အကိုင် ၊ အခွင့်အလမ်း နည်းပါးခြင်း

၇။ လက်ရှိ ပညာရေးစနစ် တိုးတက်မှု မရှိခြင်း၊ နှေးကွေးခြင်း စသည့် အချက်များကို ယေဘုယျ တွေ့မြင်နိုင်သည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)



ခေတ်မီ တိုးတက် ပြုပြင်ပြောင်းလဲရေး

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစစ်ဆေးတဲ့စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြည်ပပညာရှင်တွေနဲ့ တနင်္ဂနွေနေ့က ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ ရမှတ်ကို အဓိကထားပြီး အလွတ်ကျက်ဖြေဆိုနေကြတဲ့ စာမေးပွဲစစ်ဆေးတဲ့စနစ်ကနေ သင်ယူမှုကို ထိထိရောက်ရောက်အားပေးတဲ့စနစ်ကို ပြောင်းလဲဖို့ဆွေးနွေးကြတယ်လို့ ကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မြို့၊ ခဝဲခြံမျက်မမြင်ကျောင်းမှာကျင်းပခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ညီလာခံကနေရရှိလာတဲ့ ဆွေးနွေးအကြံပြုချက်တွေထဲက စာမေးပွဲစနစ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ (အာရ်အက်ဖ်အေ၊ ၂၀ အောက်တိုဘာ ၂၀၁၃)



မှတ်သားသင့်သော အဆိုအမိန့်များ

ကျွမ်းကျင်ရာ လိမ္မာ

စာအုပ်စာပေ လူမိတ်ဆွေ

ဆရာများ သားသေ

ဆရာထက်တပည့် လက်စောင်းထက်

ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး

ပညာကားရှေ့ ဥစ္စကားနောက်

ပညာမြှင့်မှ လူမျိုးတင့်

ပညာရှိတွေးကြည့်က ပြေးကြည့်တာထက်မှန်

ပညာရှာ မာန်သာနှိမ့်ချထား

ပညာရဲရင့် ပွဲလည်တင့်

ပညာရှိ သတိဖြစ်ခဲ

ပညာရှိအမျက် ပြင်မထွက်

ပညာရွှေအိုး လူမခိုး

ပန်းထိမ်မတတ်ခင် ရွှေခိုးသင်

ပုံမဟုတ် ပါဌ်မဟုတ်

မေးပါများ စကားရ။ မေးဖန်များ စကားရ

မမှားသောရှေ့နေ မသေသောဆေးသမား

မရှိတာထက် မသိတာခက်

မသိမေး မစင်ဆေး

မသိသူကျော်သွား သိသူဖေါ်စား

လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ

လက်နှင့်ရေး ခြေနှင့်ဖျက်

လိုလျှင်ကြံဆ နည်းလမ်းရ

ဝိနည်းတတ် ကြက်သတ်

ဝမရှိဘဲ ဝိမလုပ်နိုင်

သက်ကြီးစကား သက်ငယ်ကြား

သတိတမန် ဉာဏ်မြေကတုတ်၊ ပညာစွမ်း ချွန်းကဲ့သို့အုပ်

သိသာသိစေ မမြင်စေနှင့်

အကြံကောင်းတချက် အနေကောင်းတသက်

အကြံတူ နောက်လူ ကောင်းစမြဲ

အကြံတူ ရန်သူ

အချိန်ရှိခိုက် လုံ့လစိုက်

အစကောင်းမှ အနှောင်းသေချာ

အတတ်ကျူး ဘီလူးဖြစ်

အတုမြင် အတတ်သင်

အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ

အဖထက် သားတလကြီး

အရင်းစစ် အမြစ်မြေက

အလိမ္မာစာမှာရှိသည်

အသက်ကိုဥာဏ်စောင့်

အသက်မွေးမှုတခုပညာ ကိုယ်စီပါ

ကလေးငယ် အမေးအမြန်းထူခြင်းသည် သူ့ဘာသာ ပညာသင်ကြားနေခြင်းဖြစ်ပါသည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

ကလေးတို့၏ စိတ်သည် လွန်စွာနုနယ်သေးသည့်အတွက် ဆူခြင်း၊ ငေါက်ခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်း၊ အတင်းအကြပ်စေခိုင်းခြင်း လုံးဝ မပြုသင့်ပေ။ ဆူငေါက်ခံရပါများသော ကလေးငယ်၏ စိတ်တွင် စိတ်ဒဏ်ရာရသွားပါက သူ၏ မသိစိတ်အလျင်တွင် မိမိကိုယ်ကို ယုံကြည်စိတ်ပျောက်ဆုံးကာ အားလုံးကို အားငယ်ထိတ်လန့် သွားနိုင်သည်။ ရိုက်နှက်ဆုံးမခြင်းသည် အဆိုးဝါးဆုံး ကိစ္စဖြစ်သည်။ ပွင့်သစ်စအငုံအဖူးလေးကို နင်းခြေဖျက်ဆီးသည်နှင့်တူလေသည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

ကျောင်းသားလူငယ်များကို အားချိန်၊ လျားချိန်ပေးဖို့ အထူးအရေးကြီးပါသည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

ကျောင်းဟူသည် စာချည်းပဲ သင်ရမည့် ဌာန မဟုတ်ပါ။ ကစားကွင်းရှိရမည်။ လက်တွေ့စမ်းသပ်ခန်းများ ပြည့်စုံရမည်။ စာကြည့်တိုက်ရှိရမည်။ အားကစား ဌာနရှိရမည်။ အနုပညာ ပျိုးခင်းများ ရှိရမည်။ ပန်းချီခန်းများ ထားရှိရမည်။ အတီး၊ အမှုတ်၊ အဆို၊ အက သင်ကြားပေးရမည်။ ကျောင်းဟူသည် စာချည်းပဲ သင်ရမည့် ဌာန မဟုတ်ပါ။ ကစားကွင်းရှိရမည်။ လက်တွေ့စမ်းသပ်ခန်းများ ပြည့်စုံရမည်။ ဘယ်ပညာမှ မွေးကတည်းက မတတ်ဘူး။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

စာပေတွေ ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အဲဒီထဲက မှတ်သားစရာ၊ လိုက်နာစရာပါလာရင် ချက်ချင်းရေးမှတ်၊ ကိုယ်တိုင်ကျင့်သောအားဖြင့် အသုံးချ။ သူများတွေကိုလည်း ကြုံလာရင် ကိုယ်ကျင့်သလိုပြန်ပြပေး။ အဲဒီလိုလုပ်မယ်ဆိုရင် တနှစ်ထက်တနှစ် ပိုတော်လာမယ်။
(အရှင်ပညာဇောတ - ဓမ္မဒူတ / မင်းကိုအောင်၊ ဖဘ၊ ၂၉ အောက်တိုဘာ ၂၀၁၂)

ဒီပုံအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပညာရေးစနစ်က ကောင်းလာဖို့ မရှိဘဲ ပိုဆိုးသွားနိုင်ပါတယ်။ ခြစားပျက်စီးနေတဲ့ ပညာရေး စနစ်ကို အမြန်ဆုံး ပြန်ပြင်ရပါမယ်။ မကြာခင်တင်မဲ့ ပညာရေးအက်ဥပဒေဟာ အာဏာရှင်ပညာရေးကို ဖြိုချနိုင်မယ့် အကောင်းဆုံး လက်နက်ဖြစ်လာနိုင်ပါတယ်။ နောင်လာမယ့် မျိုးဆက်ကျောင်းသားတွေ ဒီမိုကရေစီ ပညာရေးနဲ့ ကြုံတွေ့နိုင်ကြပါစေ။ (ဖြိုးတင်ဦး၊ ဖဘ၊ ၂၃ မေ ၂၀၁၃ / ဝင်းအောင်စိန်)

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှုကိုလည်း မေးမြန်းခဲ့ပြီး ဆရာ၊ ဆရာမတွေကိုလည်း အင်္ဂလိပ်စာ မွမ်းမံ သင်တန်းပေးဖို့ စီစဉ်မယ်လို့ သိရပါတယ်။ (ကော့မှူးမြို့၊ အာရ်အက်ဖ်အေ၊ ၁၀ အောက်တိုဘာ ၂၀၁၂)

ပညာဆည်းပူးတယ်ဆိုတာ မေးခွန်းက စတင်တယ်။

ပညာ ဘယ်လောက်တော်တော် ဗဟုသုတ မရှိတဲ့ သူနဲ့ဆွေးနွေးရတာ အလကားပဲ။ ဒီလိုပဲ ထင်မိတယ်။ (အညတရစစ်သည်တော်တစ်ဦးရဲ့  ရှေ့ တန်း ဘဝ ဒိုင်ယာရီ / နစ်နေမန်း၊ ဖဘ၊ ၇ ဇန်နဝါရီ ၂၀၁၃)

ပညာမြင့်မှ တိုင်းပြည်၊ လူမျိုး အခြေ မြင့်မည်။

"ပညာရဲရင့် ပွဲလယ်တင့်" ဆိုသလို စာများများဖတ်တဲ့ သူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်ပြီး ပိုမြင်နိုင်စွမ်း ရှိတာကြောင့် ... မိမိတို့ ရဲ့ တန်ဖိုးရှိလွန်း လှတဲ့ ငွေပေးပြီး ဝယ်လို့ မရတဲ့ အားလပ်ချိန်လေးတွေမှာ မိမိအတွက် အကျိုးရှိစေမဲ့ ... စာများကို ဖတ်ရှုခြင်းဖြင့် ....... အချိန်ကို တန်ဖိုး ရှိရှိ အသုံးချနိုင်မည်ဖြစ်ပါသည်.....။ (သစ္စာ၊ ဖဘ၊ ၁၈ ဒီဇင်ဘာ ၂၀၁၂)

ပထမဦးစွာ ပြောလိုသည့် အချက်မှာ ကလေးငယ်များကို ကျောင်းပျော်အောင်ထားရေး ဖြစ်သည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

ပထမအချက်ကတော့ ကျွန်မအမေက သူသင်တဲ့ အင်္ဂလိပ်စာဘာသာရပ်ကို ပိုင်နိုင်တယ်။ စာရှင်းပြတာ ကောင်းတယ်။ ဒုတိယအချက်ကတော့ ဘယ်လိုသင်ရင် ကျောင်းသားတွေ သူ့သင်ခန်းစာမှာ စိတ်ဝင်စားမလဲဆိုတာ သူသိတယ်။ ဥပမာ - ဂရမ်မာနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေပဲ မလုပ်ဘဲ၊ ကျောင်းသားတွေ ကြိုက်တတ်မယ့် အင်္ဂလိပ်စကားပုံတွေ ထည့်သွင်းပြောပြလေ့ရှိတယ်။ စကားပုံတွေရဲ့ အဓိပ္ပါယ်ကို ပုံပြင်ပြောသလို စီကာပတ်ကုံးပြောပြရင် ကျောင်သားတွေ ကြိုက်ကြတယ်။ တကူးတက မကျက်ရပဲ မှတ်မိသွားတတ်ကြတယ်။ တတိယအချက်ကတော့ အတန်းထဲမှာ ကျောင်းသားတွေကို စိတ်တိုပြီး အော်ငေါက်တာ မတွေ့ဖူးဘူး။ စာကြိုးစားဖို့ တိုက်တွန်းတယ်၊ ရှင်းပြတယ်။ အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ကျောင်းသားတွေ အိမ်မှာ စာလာမေးရင် အချိန်မရွေး သင်ပေးတယ်။ (ခင်နှင်းစိုး၊ http://educationinmyanmar.blogspot.com/
၊ ၂၂ မတ် ၂၀၁၂)

မြန်မာစာသင်ကြားရင်းဖြင့်လည်း ယဉ်ကျေးမှု၊ စိတ်ဓာတ်ကောင်းမွန်မှုများကိုလည်း ယူတတ်ဖို့ သင်ကြားနိုင်သည်။ ကမ္ဘာတစ်ဝန်းနှင့် သဟဇာတ ဖြစ်စွာ ပြောဆိုဆက်ဆံနိုင်ဖို့ အင်္ဂလိပ်စာကိုလည်း သင်ကြားရသည်။ ကျိုးကြောင်း ဆင်ခြင်နိုင်ဖို့ အတွက်အချက်ကောင်းမွန်ဖို့ သချာင်္ဘာသာရပ်ကိုလည်း သင်ကြားရသည်။ မအဖို့ သမိုင်းသင်ရသည်။ နေထိုင်ရာကမ္ဘာကြီး ကို လေ့လာနိုင်ဖို့ ပထ၀ီ၊ သက်ရှိလောကကို လေ့လာနိုင်ဖို့ ဇီဝဗေဒ၊ ဒြပ်ရှိ၊ဒြပ်မဲ့တို့၏ ရုပ်သတ္တိကို သိရှိနိုင်ဖို့ ရူပဗေဒကိုလည်း သင်ကြားရသည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

မြန်မာလူမျိုးတစ်ယောက်က မြန်မာ့စာပေကို မဖတ်လျှင် မည့်သည့်လူမျိုးက ဖတ်မည်နည်း၊ မြန်မာလူမျိုးတစ်ယောက်က မြန့်မာစာပေကို တန်ဖိုးမထားလျှင် မည်သည့်လူမျိုးက တန်ဖိုးထားမည်နည်း၊ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာသော ယနေ့ခေတ်အချိန်အခါအတွင် အခြားသော ဘာသာစကားများကိုလည်း သင်ယူတတ်မြောက်သင့်ပေသည်၊ သို့သော် မိခင် ဘာသာစကားကိုလည်း အစဉ်တဖြင့်တိုးတက်အောင်ကြိုးစားရပေမည်။ တန်ဖိုးထားရပေမည်။ စောင့်ရှောက်ရပေမည်။ မြန်မာ့စာပေကို တီထွင်ခဲ့ကြသော ရှေးပညာရှင်စာဆိုတော်များ၊ အင်းဝခေတ်မှ ပေလေးပင် ရှင်လေးပါး (ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာ၊ ရှင်အုန်းညို) စသော စာဆိုရှင်များ၊ ကုန်းဘောင်ခေတ်တွင် ရှင်မဟာရဋ္ဌသာရ၊ ဖိုးသူတော်ဦးနု၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ စသော စာဆိုပညာရှင်များ၊ ကိုလိုနီခေတ်၌ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ စသော စာဆိုပညာရှင်များသာ မပေါ်ပေါက်ခဲ့ပါက ယနေ့ မြန်မာ့စာပေသည် ယခုကဲ့သို့ ထွန်းထောက်လျက်ရှိနေမည်မဟုတ်ချေ၊ ထို့ကြောင့် မြန်မာ့စာပေကို တိုးတက်အောင်ပြန်ပွါးအောင် ပြုလုပ်ရမည်မှာ မြန်မာတိုင်းတွင် တာဝန်ရှိလှပေသည်။ (http://dhammaanalysis.multiply.com/journal/item/111
)

လူတစ်ယောက် တကယ်စိတ်အားထက်သန်ရာ တက္ကသိုလ် သို့ မပို့ပဲ မိမိတက်ခိုင်းချင်ရာ သို့ ဇွတ်အတင်း ပို့သည့် မိဘများကြောင့် ယနေ့ခေတ် လူငယ် အတော်များများသည် ရေတိမ်နစ်ကြရလေသည်။ စာကိုစိတ်မ၀င်စားဘဲ စာသင်ချိန် တခြားရောက်ကုန်သည်။ အပျော်အပါးနောက်သို့သာ လိုက်ကြရင်း အချိန်ကုန်၊ ငွေကုန် ဖြစ်ကာ နောက်ဆုံး ကျောင်းထွက်လိုက်ပြီး လူပုံအလယ် ၊ ဆွေမျိုး အလယ် မျက်နှာငယ်ကာ အရှက်ကွဲကာ ဘ၀ ပျက်ခဲ့ကြရသည့် လူငယ်များ၏ ဘ၀များမှာ အလွန်ရင် နာစရာ ကောင်းလှသည်။ မိဘများမှာလည်း အပြစ်မရှိသလို၊ လူငယ်များတွင်လည်း အပြစ် မဆိုသာပါ။ ပညာရေးစံလွဲနေမှု၏ ကြောက်စရာကောင်းသည့် ပြစ်ချက်များကြောင့် ပင်ဖြစ်လေသည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

လူတိုင်းဟာ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် လက်ရှိထက် ပိုတိုးတက်အောင် လုပ်နိုင်သေးတယ်။

အမေးအမြန်းထူသည့် ကလေးကို စိတ်ရှည်သည့်သူ လွန်စွာ ရှားလေသည်။ ဤသို့ လုံးဝ မလုပ်သင့်ပါ။ ကလေးငယ် မေးပါစေ။ လောကကြီးထဲကို ရောက်ခါစ ကလေးငယ်အဖို့ အရာအားလုံးသည် အထူးအဆန်းချည်းဖြစ်သည်။ ကလေးငယ်တို့ ဦးနှောက်ဖြင့် နားလည်နိုင်သည့် ဝါကျများဖြင့် တတ်နိုင်သမျှ ပြောပြရမည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

အလယ်တန်းကျောင်းသားများ၏ အရွယ်သည် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းဓာတ်များ စတင်ပြောင်းလဲ ဖွံ့ ဖြိုးလာချိန်ဖြစ်သည်။ ဤအရွယ်များသည် ဂျစ်ကန်ကန်နိုင်တတ်သည်။ ဒါသဘာဝပဲ ဖြစ်သည်။ လမ်းလွဲမရောက်အောင် ထိန်းကျောင်း တည့်မတ်ပေးဖို့ များစွာလိုလေသည်။ ဤသည်ကို နားမလည်သောကြောင့် မိဘနှင့် ကလေးကြား၊ ဆရာနှင့် ကျောင်းသားကြား ပဋိပက္ခ များ မဖြစ်သင့်ပဲ ဖြစ်နေကြရခြင်း ဖြစ်သည်။ (ပိုတာ၊ www.maukkha.org
၊ ၂၀၀၅)

Myanmar Education vs. American Education
ဒီပညာရေးစနစ် နှစ်ခုမှာ ဘာကွာသလဲဆိုတော့ ...
၁။ မြန်မာပြည် ပညာရေးက Teaching Method ကိုသုံးတယ်။ အမေရိကန် ပညာရေးက Learning Method ကိုသုံးတယ်။
၂။ မြန်မာပြည် ပညာရေးက Theory ကိုသင်တယ်။ အမေရိကန်ပညာရေးက Practical ကို သင်တယ်။
၃။ မြန်မာပြည် ပညာရေးက သင်တဲ့ဆရာကို ပြန်မေးရင် မကြိုက်ဘူး .. အမေရိကန် ပညာရေးက သင်တဲ့ ဆရာကို မမေးရင် မကြိုက်ဘူး။
၎။ မြန်မာပြည် ပညာရေးက " intolerant " ဖြစ်တယ်။ အမေရိကန် ပညာရေးက " liberal " ဆန်တယ်။
၅။ မြန်မာပြည် ပညာရေးမှာ ကျောင်းသားက ဆရာကို အားကိုးတာ ကြိုက်တယ်။ အမေရိကန် ပညာရေးမှာ ကျောင်းသား ကိုယ့်အားကိုယ်ကိုးတာကို ကြိုက်တယ်။
၆။ မြန်မာပြည် ပညာရေးမှာ Group Team Work ဆိုတာ မသိအောင် လုပ်ထားတယ်။ အမေရိကန် ပညာရေးမှာ Group Team Work ဆိုတာ အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာ သိနေအောင် ရိုက်ထည့်ပေးထားတယ်။
၇။ မြန်မာပြည် ပညာရေးမှာ စာကြည့်တိုက်ထဲက စာအုပ်တို့ .. ကွန်ပြူတာ လက်တွေ့ခန်းထဲက ကွန်ပြူတာတွေဟာ သော့ခတ် သိမ်းခံထားရတယ်။ အမေရိကန် ပညာရေးမှာ ကျောင်းသား တစ်ယောက်ချင်းစီအတွက် အချိန်မရွေး နေရာမရွေး ဖတ်ချင်သလောက် သုံးချင်သလောက် သုံးနိုင်အောင် စီစဉ်ပေးထားတယ်။
၈။ မြန်မာပြည် ပညာရေးမှာ ဆရာ၊ဆရာမ ဆိုတာ မျက်နှာထားတည်ရမယ်၊ပုပ်ထားရမယ်၊ဒါမှ ကျောင်းသားက မခန့်လေးစား မလုပ်မှာ .. အရိုအသေ မတန်မှာလို့ ယူဆထားတယ်။ အမေရိကန် ပညာရေးမှာ ဆရာနဲ့ကျောင်းသား မျက်နှာချင်းဆိုင် တွေ့တာနဲ့ ပြုံးပြတယ်။ လက်လှမ်းပြတယ်။ အတူတူလမ်းလျှောက် စကားတွေပြောတယ်။ ရုံးခန်းကို အချိန်မရွေး စာသွားမေးခွင့် ရှိထားတယ်။
၉။ မြန်မာပြည် ပညာရေးမှာ အသက်ကြီးလာရင် ပညာရေးကို သင်ယူဖို့ အချိန်မပေးချင်တော့ဘူး ... ရှက်ဖို့ကောင်းတယ်လို့ အများစု ခံယူထားတယ်။ အမေရိကန် ပညာရေးမှာ အသက်အရွယ် လူတန်းစားမခွဲ ကြိုက်တဲ့အချိန် ကျောင်းပြန်လာတက်လို့ ရအောင် စီစဉ်ပေးထားတယ်။
၁၀။ မြန်မာပြည် ပညာရေးမှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ နိုင်ငံရေးကို စိတ်ဝင်စားဖို့ ...လူငယ်တွေကို Political Science မသင်ပေးဘူး။။ အမေရိကန် ပညာရေးမှာ .. General Requirement Subject အနေနဲ့ မယူမနေရ .. မသင်မနေရ .. ပြဌာန်းထားတယ်။
သိပ်အများကြီး မကွာပါဘူး .. ဒီအချက်တွေကြောင့်ပဲ မြန်မာပြည် ပညာရေး အဆင့်ဟာ ကမ္ဘာမှာ မျက်နှာမွဲ မျက်နှာပြာအဖြစ်နဲ့ ရပ်တည်နေရတာ။။။
(Nunu Manam ၊ ဖဘ၊ ၉ ဧပြီ ၂၀၁၃)

ပညာအလင်းဖြင့် စစ်ကျွန်အမှောင်ဘဝ ဖြိုခွဲအံ့

ကျော်ညွန့်

မူရင်းလင့်ခ်။ ။http://burmanationalnews.org/burma/index.php?option=com_content&view=article&id=2856&Itemid=8

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...