Tuesday, October 8, 2013

ကျနော့်ဆရာများ

ကျနော့်ဆရာများလို့ သတ်သတ်မှတ်မှတ် ခေါင်းစဉ်တပ်ရေးလိုက်ပေမယ့် နာမည်တွေ ထည့်သွင်းဖော်ပြဖို့ ကျန်ခဲ့တဲ့ ဆရာတွေလည်း ရှိပါတယ်။ သူတို့တွေကတော့  သေစာရှင်စာလောက်သာ ဖတ်တတ်ပေမယ့် ကျနော်တို့ တောထဲမှာ နေတုန်းက တောထဲမှာ ဘယ်လို နေထိုင်၊ စား သောက်အသက်ရှင်ရမလဲဆိုတာ  လက်တွေ့ပြသသွားတဲ့ ဆရာတွေပေါ့။

ကျနော်တို့ ၁၉၈၉ ခုနှစ်၊ မေလထဲမှာ KNU တပ်မဟာ (၆) ကို ရောက်သွားတယ်။ အဲဒီအချိန်မှာ ABSDF မှာ သေဘောဘိုးစခန်းနဲ့ မိုးကဲစခန်းဆိုပြီး ဖြစ်နေပြီ။
ကျနော်တို့က မိုးကဲစခန်း၊ တပ်ခွဲ(၂)က ကိုရဲဝင်းလေးတို့နဲ့ ကျိုက်ဒုံရွာမှာ အရင်ဆုံးတွေ့တာဖြစ်တော့ ကျနော်တို့လည်း မိုးကဲစခန်း တခါတည်းရောက်သွားတယ်။
ကျိုက်ဒုံမှာ ကိုရဲဝင်းလေးနဲ့ မဆုံခင် ကျနော်တို့ထက် အရင်ရောက်နေတဲ့ စီနီယာ ကျောင်းသားတပ်ဖွဲ့ဝင် တယောက်က နယ်စပ်က အခြေအနေတွေပြောပြတယ်။
မြို့ပေါ်က ကျောင်းသားတွေက အပင်ပန်းမခံနိုင်လို့ မဲဆောက်ကို တက်ပြီး အခြေချနေတာတွေလည်း အားရှိစရာပြောပြတယ်။ ကျနော်တို့ကိုလည်းကြည့်ပြီး ခင်ဗျားတို့လည်း တောထဲမှာ အလွန်ဆုံးခံလှ တလလောက်ပေါ့လို့လည်း မိန့်ကြားသွားသေးတယ်။
ခုဆိုရင် အဲ့ဒီဆရာကြီးလည်း တတိယနိုင်ငံတခုကို ထွက်သွားတာ ကြာလှပေါ့။

အဲဒီအချိန်က မိုးကဲစခန်းမှာ တပ်ရင်း (၂၀၆) (နောင်မှာ ၂၁၆ အဖြစ် ပြန်ဖွဲ့ခဲ့တယ်)ရှိပြီး၊ 
ကိုသန်းနိုင် ဦးဆောင်တဲ့ တပ်ခွဲ (၁) က ကျိုက်မရောမြို့နယ်၊
ကိုတင်စိုးဦးဆောင်တဲ့ တပ်ခွဲ (၂) က ကျုံဒိုး-ကြာအင်း၊
ကိုဥာဏ်ထွန်းဦးဆောင်တဲ့ တပ်ခွဲ (၃) က ကြာအင်းဆိပ်ကြီး၊
ဦးမျိုးချစ်ဦးဆောင်တဲ့ တပ်ခွဲ (၄) က ကျိုက်မရောမြို့နယ်၊
ကိုစိုးမိုးဦး ဦးဆောင်တဲ့ တပ်ခွဲ (၅) က အတွင်းလုပ်ငန်း အဓိကထား ပြီး လှုပ်ရှားနေကြတယ်။

ကျနော်တို့ ရောက်သွား တော့ စခန်းမှာ စခန်းကော်မတီကလွဲပြီး တပ်ခွဲတွေမရှိကြဘူး။ တချို့က ဖလူးစခန်းရောက် နေတယ်၊ တချို့က သူတို့ တာဝန်ယူထားတဲ့ နယ်မြေတွေမှာ ပြန်လှုပ်ရှားနေကြတယ်။

မိုးကဲစခန်းက တကယ့်တောကြီးထဲမှာရှိနေတာ၊ ဘေးပတ်ပတ်လည်မှာ ပျဉ်းကတိုးတောတွေ၊ ကျွန်းတောတွေ၊ တောင်ပတ်လည်ဝိုင်းနေတယ်။
စခန်းကနေ ၁၀ မိနစ် အကွာ လောက်မှာ ဘုန်းကြီးကျောင်းလေး၊ တကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းဆိုပေမယ့် အိမ် သာသာပါ။
ကျောင်းထိုင်ဘုန်းကြီးကိုတော့ ဘုန်းကြီးရမ်ဘိုလို့ခေါ်နေကြတော့ ဘုန်းကြီးရဲ့ ဘွဲ့အမည်ကို မသိဘူး၊ အားလုံး ဘုန်းကြီးရမ်ဘိုလို့ ခေါ်ကြတယ်။
ဘာသာရေးနေ့တွေဆို ဘုန်းကြီး ကျောင်းနားမှာရှိတဲ့ ရွာလေးက အလှုတွေလာလာလုပ်ကြတော့၊ ကျနော်တို့လည်း အဲ့ဒီဘုန်းကြီးကျောင်းမှာ အလှုနဲ့ကြုံရင် ကိုယ်နဲ့မသိလည်း ဘုန်းကြီး ကန်တော့ပြီး ခပ်တည်တည်နဲ့ ထမင်းဝင်စားကြတယ်။ ဘယ်သူမှလည်း မောင်းမထုတ်ပါဘူး။

ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်း မျက်နှာချင်းဆိုင် ကုန်းပေါ်မှာ ဦးတရုတ်သစ်စက်ဆိုတာ ရှိတယ်။ သစ်စက်က အကြီးကြီးပဲ၊ အလုပ်သမားတွေလည်း အများကြီးပဲ၊
 ဒီသစ်စက်က သစ်ခွဲတာချည်းပဲ မဟုတ်ဘူး၊ ပရိဘောဂတွေလည်းထုတ်တယ်။ သစ်စက်က စွန့်ပစ်တဲ့ ဘကာခြမ်းတွေ၊ သစ်ချောင်းတွေက ကျနော်တို့အတွက် ထင်းနဲ့၊ ဘားတိုက်တွေ၊ ဆေးရုံကု တင်တွေအဖြစ် အသုံးဝင်တော့ သွားသွားထမ်းရတယ်။ သစ်စက်နဲ့ ဘုန်းကြီးကျောင်းကို အ ကျော်မှာ ရွာလေးတရွာရှိတယ်။ အဲ့ဒီရွာက မုနော် အပျိုမလေးတွေကို  ကရင်လိုတတ်တဲ့ ရဲဘော်တွေရော၊ ကရင်ရဲဘော်တွေရော လူပျိုလှည့်ကြတာပေါ့။

ရွာကနေ ၂ နာရီနီးပါးလောက် လမ်းလျှောက်သွားရင် သေဘောဘိုးစခန်းနဲ့ သေဘောဘိုး ဈေးကိုရောက်တယ်။
ကျနော်တို့ရောက်ကာစက ပါလာတဲ့ပိုက်ဆံလေးကလဲ ရှိနေသေး တော့ မဲဆောက်ကို သွားလည်ဖြစ်တယ်။ အဲဒီတုန်းက ငွေလဲနှုန်းက မြန်မာငွေ ၁၀၀ ကျပ်ကို ဘတ်ငွေ ၅၀ လောက်ရသေးတယ်။ သေဘောဘိုးကနေ မဲဆောက်ကို ကားစီးရင် သိပ်မဝေးဘူး တနာရီလောက်စီးရင်ရောက်တယ်၊ တယောက်ကို ၁၅ ဘတ်၊ ဘတ် ၂၀ လောက်ပေးရတယ်။ အဲ့ဒီအချိန် မဲဆောက်မှာ တပ်ရင်းအသီးသီးကနေ ရောက်နေတဲ့ ကျောင်းသားတွေ သူ့အစုနဲ့သူ အခြေချနေကြတာလည်းရှိတယ်။ ကျောင်းသားတွေ မျက်နှာပန်းလှနေတဲ့ခေတ်ဆိုတော့ ရဲနဲ့တွေ့ရင် “နန့်ဆူဆန်ဖမာ့” (မြန်မာကျောင်းသားတွေ လို့) ပြောရင် အိုကေတယ်။

သေဘောဘိုးမှာ KNU က အကောက်ဂိတ်ရှိတယ်။ မြန်မာပြည်က ကုန်သည်တွေက နွားတွေ၊ ကျောက်တွေ သယ်လာပြီး မဲဆောက်မှာရောင်း၊ ပြီးရင် ထိုင်းကုန်ပစ္စည်းတွေ မြန်မာပြည်ထဲပြန်သွင်းပေါ့။ ကုန်သည်တွေ မဲဆောက်သွားရင် သေဘောဘိုးဂိတ်မှာ နယ်ခြားဖြတ်ခွင့် (Border Pass) လုပ်ရတယ်။ တစောင် ဘတ် ၂၀ ပေးရတယ်ထင်တယ်။ ကျောင်းသားတွေဆို အလကား လုပ်ပေးတယ်။ KNU လက်မှတ်နဲ့ မဲဆောက်မှာ ၂၄ နာရီ နေလို့ရသေးတယ် အဲ့ဒီခေတ်က။



သေဘောဘိုးဈေးတန်းကလည်း အကြီးကြီးဘဲ၊ လ္ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ပစ္စည်းအမျိုးမျိုးရောင်းတဲ့ ဆိုင်တွေနဲ့ ညဘက်ဆိုလည်း ဗီဒီယိုပြတဲ့ ဆိုင်တွေနဲ့ပေါ့။
မဲဆောက်ကားသမားတွေကလည်း သေဘောဘိုးဈေးအထိ လူလာခေါ်တယ်။
နောက်ပိုင်း ကျနော်တို့ သေဘောဘိုးဈေးကို လာလည်ရင် ကျနော်က သေဘောဘိုးဂိတ်က KNU ဂိတ်ထိုင်တဲ့ သူတွေနဲ့ စားပွဲတင်တင်းနစ် သွားသွားရိုက်တယ်။
ဂိတ်နောက်ဘက်မှာ စားပွဲတင်တင်းနစ်ခုံတခုံရှိတယ်။ အားတဲ့သူ ၀င်ရိုက်ပေါ့၊ ဂိတ်ထိုင်တဲ့သူတွေက အင်းစိန်တို့၊ မြစ်ဝကျွန်းပေါ်က လူတွေများတယ်၊ မြို့ပေါ်မှာ ကျောင်းပြီးလာတဲ့သူတွေပေါ့။
ကစားပြီးရင် တခါတလေ သူတို့ဧည့်ခံတဲ့ နက်စ်ကော်ဖီတို့၊ စပရိုက်တို့ သောက်ပြီးပြန်။ မပြန်လည်း သေဘောဘိုး ဈေးထဲလျှောက်ပတ်ပြီး window shopping လုပ်၊ သားရေကျပေါ့။ ကိုယ်မှပိုက်ဆံမရှိတာ။

ဝေါလေဘက် သွားချင်ရင်လည်း ကျနော်ခုနက ပြောခဲ့တဲ့ ကျနော်တို့ စခန်းနားက ရွာနဲ့ ထိုင်းဘက်ကမ်းကို ဆက်ပေးထားတဲ့ သောင်ရင်းမြစ်ပေါ်က  တံတားလေး ပေါ်ကဖြတ်၊ ဘာလူဝင်မှုကြီးကြပ်ရေးကို မှ ဖြတ်စရာမလို၊ ဘာလက်မှတ်မှ ပြစရာမလို၊ စစ်ဆေးမေး မြန်းမယ့်သူလည်းမရှိဘဲ၊ ထိုင်း ဘက်ကမ်းကိုကူး၊  လယ်ကွင်းတွေအတိုင်း ကားလမ်း ပေါ်ရောက်အောင်သွားပြီး ဝေါလေ ကားတွေ တားစီးကြတယ်။
ပိုက်ဆံပါလည်း ပေးပေါ့ လေ၊ မပါလည်း ပေးစရာမလိုပါဘူး၊  ကားသမားသာ “ခေါ့ပ်ခွန်းခါ့ဘ်” (ကျေးဇူးတင်ပါတယ်) လိုက်ရင် ရတယ်။
များသောအား ဖြင့် ပိုက်ဆံမရှိတဲ့ ကျနော်တို့က မပေးတာများပါတယ်။
ဝေါလေရောက်ရင်လည်း မြန်မာ ဘက်ခြမ်း (ကရင်ဘက်ကမ်း) ကို နှစ်နိုင်ငံ နယ်ခြားချောင်းကျဉ်းကျဉ်းလေးပေါ် (သောင်ရင်းမြစ်လို့ ထင်တယ်) ဆောက် ထားတဲ့ တံတားလေးပေါ်ကပဲ ဖြတ်ရတယ်။

မြစ်ဆိုပေမယ့်လည်း သောင်ရင်းမြစ် အစပိုင်းဆိုတော့ ချောင်းကျဉ်းကျဉ်းလေးတခုပါ၊ အဲဒီချောင်းကလည်း ကျနော်တို့ တပ်ရင်းဘေးက ဖြတ်စီးနေတာ။

ကျနော်တို့ စခန်းကိုရောက်တဲ့ အချိန်မှာ တပ်ခွဲ (၅)က ကျန်ခဲ့တဲ့ ကိုကျင်စန်း (ၾသစေတ် လ်) နဲ့ လူသစ်တချို့ရှိနေတယ်။
ကျနော်တို့ က ကိုကျင်စန်းကို အကျင်လို့ ခေါ်တယ်၊ လူ ပုံက အရပ် မမြင့်ဘူး၊ တရုတ်စပ်လို့ပြောပေမယ့် အသားကတော့ ခပ်ညိုညိုပါ၊
မျက်နှာမှာ ကျောက်ပေါက်ခွက်တွေရှိတယ်၊ စကား ပြောရင် အားရ၊ ပါးရပြောတတ်တယ်။
သူက ရန်ကုန် လမ်းမတော်က၊ ဂစ်တာတီးလည်း ကောင်းတယ်။ ကျနော်တို့ ရောက်သွား တော့ လူသစ်တွေကိုစု ပြီး ကိုကျင်စန်းက အခြေခံစစ်သင်တန်း ပေးဖို့လုပ်တယ်။

အခြေခံစစ်သင်တန်းလို့သာပြောတာပါ၊ ကိုယ်ထူကိုယ်ထ လုပ်တာမို့လို့၊ ဘာမှမရှိဘူး၊ ကျနော်တို့ အသစ်ရောက်လာတဲ့ ၃ ယောက်ရယ်၊ ကိုကျင်စန်းတို့ တပ်ခွဲက၊
ကိုမြင့်သိန်း (ကွယ်လွန်)၊ ဇော်ထွန်း (ကနေဒါ)၊ မျိုးမင်းဦး (ဘူဒိုဇာ) နဲ့ နစ်ကီ (ကွယ်လွန်) ပေါင်း ၇ ယောက်ပေါ့။
ကျနော်တို့ ၇ ယောက်လည်း မနက်လင်းတာနဲ့ ရှိတဲ့ ယူနီဖောင်းအစုတ်တွေ ၀တ်၊ ပျဉ်းကတိုးသားနဲ့ ထွင်းထားပြီး အလေးချိန်စီးတဲ့ သေနတ်တွေ၊ ထိုင်းစစ်သားတွေ ကိုင်လေ့ရှိတဲ့ HK (Heckler & Koch) အစုတ်တွေ တယောက်တလက်ကိုင်ပြီး လေ့ကျင့် ရေးကွင်းထဲ ပတ်ပြေး၊ အကျင်က ၀ီစီ (Whistle) တလုံးနဲ့ ဘေးက လိုက်ရင်း “ဘာလုပ်နေလဲ” လို့ တိုင်ပေးရင်၊ ကျနော်တို့က “လေ့ကျင့်နေတယ်”၊ “ဘာလုပ်ဖို့လဲ”၊ “တိုက်ပွဲဝင်ဖို့”၊ “ဘာစိတ်ဓာတ်လဲ”၊ “ခွပ်ဒေါင်းစိတ်ဓာတ်”၊ “ဘယ်သူ့အတွက်လဲ”၊ “ပြည်သူ့အတွက်” ဆိုပြီး မောမောနဲ့ အော်ရသေးတယ်။

အိမ်ကထွက်လာတာ မကြာသေးတာရယ်၊ အပင်ပန်းမခံနိုင်သေးတာကြောင့် အဲဒီ့လေ့ကျင့်ရေးဆင်းရတာ တော်တော်ပင်ပန်းတယ်၊
သင်တန်းစစချင်း နေ့တွေဆို ပျဉ်းကတိုး သေနတ်တွေ ကိုင်ပြေးရတာ၊ ပြေးရင်း၊ ပြေးရင်း ပိုလေးလာသလိုဘဲ လွှင့်ပစ်ချင်စိတ်တောင် ပေါက်လာတယ်။
ဒီကြားထဲ ပစ်၊ ထောက်၊ မှောက်၊ လှိမ့် သင်ခန်းစာမျိုးဆိုပိုဆိုးတယ်၊ အကျင်က ၀ီစီမှုတ်လိုက်ရင် ရောက်နေတဲ့ နေရာကနေ မြေကြီးပေါ် ဒိုင်ဗင်ထိုးမှောက်ချ၊
မညီမညာ ဖြစ်နေတဲ့ မြေကြီးနဲ့စောင့်ရင်ဆောင့် မဆောင့်ရင် သစ်ငုတ်အစတွေနဲ့ ရင်ဘတ်ကို ဆောင့်မိ၊ နာပေမယ့်လည်း ကြိတ်မှိတ်အောင့်ခံ၊ သူဝီစီမှုတ်တဲ့အတိုင်း အစဉ်လိုက် လိုက်လုပ်ပေါ့။
မိချောင်းတက် တက်ခိုင်းရင်လည်း မြေကြီးပေါ်မှောက်လျှက် သေနတ်ကိုင်ရင်း လက်တွေ၊ ခြေတွေ မကြွစေဘဲ တွားသွားရတာဆိုတော့ ရင်ဘတ်တွေ၊ လက်တွေ၊ ခြေထောက်တွေ ပွန်းပဲ့ကုန်တာ။
အကျင်က ဒါဂျပန် သင်တန်းအစစ်ပဲလို့လည်း သူ့သင်တန်းကို ဂုဏ်ယူစွာ ပြောပြောနေတတ်တယ်။ သူတို့လည်း ဂျပန်တွေပေးတဲ့ သင်တန်း တက်ခဲ့ရတယ်၊ ဒီ့ ထက်ပိုပြင်းထန်တယ်လို့ ပြောတယ်။

မနက်ပိုင်း သင်တန်းပြီးတာနဲ့ မရှိရှိတာနဲ့ ထမင်း၊ ဟင်း ကိုယ့်ဘာသာချက်ကြ၊ စားကြ၊ နားကြပေါ့။ စခန်းနဲ့ကပ်လျက်မှာ ကျနော်တို့ ရေချိုးချိုးနေတဲ့ သောင်ရင်းမြစ် မြစ်ဖျားပိုင်းရှိတယ်။ မြစ်ဆိုပေမယ့် ချောင်းလောက်ပါ၊ ခပ်ကျဉ်းကျဉ်းနဲ့ ရေလည်းတိမ်တယ်။ တချို့က ဒီချောင်းကို သောင်ရင်းမြစ် မဟုတ်ဘူးလို့ပြောတယ်၊
ကျနော်တို့ လက်ခံထားတာကတော့ သောင်ရင်းမြစ်ပေါ့၊ မြစ်က တောင်ကနေ မြောက်ဖက်ကို စီးနေတာရယ်၊ သောင်ရင်းမြစ် မြစ်ဖျားခံတာက ထိုင်းနိုင်ငံ ပုပ်ဖရ မြို့နယ်ထဲကလို့ ဆိုတာရယ် (သေဘောဘိုး-မိုးကဲဒေသ က ပုပ်ဖရ ခရိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်)၊ နောက်ပြီး နှစ်နိုင်ငံ နယ်ခြားအဖြစ် သတ်မှတ်ထားလို့ရယ်။

တချို့ကလည်း ဒီချောင်းလေးနဲ့ တခြားချောင်းတွေ ကျနော်တို့ စခန်းနဲ့ မနီးမဝေးမှာ သွားဆုံပြီးမှ သောင်ရင်းမြစ်ဖြစ်သွားတယ်လို့ပြောတယ်။
အခု Google မြေပုံထဲပြန်ကြည့်တော့ ထိုင်းလို Moei လို့ ခေါ်တဲ့ သောင်ရင်းမြစ်ဟာ ဝေါလေဘက်ကနေ စစီးလာတာတွေ့ ရပါတယ်။
ကျနော်တို့စခန်းတောင်ဘက်မှာရှိတဲ့ ဝေါလေ ဘက်ကနေ သောင်ရင်းမြစ်က စစီးလာပြီး ကျနော်စခန်းနားမှာ ဖြတ်သွားတာပေါ့။

ကျနော်တို့ ၁၉၈၉ ခုနှစ် မိုးကဲစခန်းမှာ နေလာကတည်းကနေ အခု ဒီစာပြန်ရေးတဲ့အထိ ဒီမြစ်က ဘာမြစ်လဲ (ချောင်း)၊ သောင်ရင်းမြစ်မဟုတ်ရင်လည်း ဘယ်တုန်းကတည်းက
ထိုင်း-မြန်မာ နယ်နိမိတ်အဖြစ် တည်ရှိနေတာလဲ ဆိုတာ တပ်ရင်းက ရဲဘော်ဟောင်း တွေကို မေးကြည့်တဲ့အခါ ကျနော့်တို့အချင်းချင်းကြားမှာ ၀ိဝါဒကွဲနေတုန်းဘဲ။
ဒီဆောင်းပါးကလည်း သောင်ရင်းမြစ် သုတေသနမဟုတ်တော့ ဒီနေရာမှာပဲ ချန်ထားခဲ့ပါ့မယ်။
ဒါပေမယ့် မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ နယ်စပ် ထိစပ်နေတဲ့ အပိုင်းက ကီလိုမီတာပေါင်း ၂၄၀၀ လောက်ရှိနေတာမို့၊ နယ်စပ်အဖြစ် အတိအကျ ပြန်လည်သတ်မှတ်ရမယ့်နေရာတွေ အများအပြား ကျန်ရှိနေမှာဖြစ်ပါတယ်။
ဥပမာအနေနဲ့ တပ်မဟာ (၆) ထဲကဘဲ စခန်းသစ်ဆိုတဲ့ နေရာမှာ တချို့နေရာတွေမှာ ကားလမ်း (မြေကားလမ်း) တလမ်းထဲမှာတောင် တခြမ်းက ထိုင်းပိုင်တယ်၊ တခြမ်းက မြန်မာပိုင် (ကရင်ဘက်ခြမ်း) လို့ ပြောနေတာတွေ တွေ့ဖူးပါတယ်။

ကျနော်တို့ စခန်းဘေးက ချောင်းလေးကို ပြန်ဆက်ရရင်။ ဟိုဘက်ကမ်းက ထိုင်းဘက်မှာလည်း အိမ်ခြေခပ်ကျဲကျဲနဲ့ ရွာလေးတရွာရှိတယ်။
ကျန်တာကတော့ လယ်ကွင်းတွေချည်း ဘဲ၊ ပြောင်းတို့၊ ပဲတို့ အမြဲစိုက်တယ်။ ကျနော်တို့က အဲ့ဒီချောင်းလေးမှာ ရေချိုးရင်း ဘယ် လူဝင်မှု ကြီးကြပ်ရေးကိုမှ ဖြတ်စရာ၊
တုံးထုစရာမလိုဘဲ နှစ်နိုင်ငံကို ရေငုပ်လိုက်၊ မြစ်ကမ်းက ကိုင်းပင်တွေ၊ သစ်ပင်တွေ ကုပ်တက်လိုက်နဲ့ ၀င်ထွက်သွားလာနေကျ။
ပြောရရင် မြန်မာလို သောင်ရင်းမြစ်ရဲ့ မြစ်ဖျားမှာလည်း နေဖူးပြီး၊ သောင်ရင်းမြစ်ရဲ့  အဆုံးသတ်အဖြစ် သံလွင်မြစ်နဲ့ပေါင်းဆုံလို့ သံလွင်မြစ်အဖြစ် မြန်မာပြည်ထဲ စီးဝင်တဲ့အပိုင်းမှာလည်း ထွီဖါးဝီးကျိုး (ခွေးအိပ်တောင်) တိုက်ပွဲအတွင်း ကျနော်တို့ နေခဲ့ဖူးပါတယ်။

ညနေခင်းတွေမှာတော့ အကျင်က ဂစ်တာစုတ်လေးတီး ကျနော်တို့က သီချင်းလိုက်အော် ဆို။ ဘီဘီစီ၊ ဗွီအိုအေ နားထောင်ရင်း မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေ လေ့လာကြ၊
သုံးသပ်ကြပေါ့။ ဒီလိုနဲ့နေလာရင်း အကျင်ပေးတဲ့ စစ်သင်တန်း ရပ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ ကျနော်တို့ တာဝန်ကျတဲ့ တပ်ခွဲ (၂) က ရဲဘော်တချို့ တပ်ကိုပြန်ရောက်ပြီး သိပ်မကြာဘူး၊ ဖလူးစခန်းကို စစ်ကူသွားဖို့ ဖြစ်လာတော့၊ ကျနော်တို့ သင်တန်းကိုရပ်၊ တပ် ခွဲ (၂) နဲ့အတူ ဖလူးစခန်းကို စစ်ကူသွားရပါတော့တယ်။
ဖလူးစခန်း က အတွေ့အကြုံတချို့ ကို “နွေညများမှတဆင့်ရောက်ရှိသွားသော အတိတ်မှ ပုံရိပ်များ” ဆိုပြီး ရေးခဲ့ဖူးပါတယ်။

 နွေ
ညများမှတဆင့်ရောက်ရှိသွားသော အတိတ်မှ ပုံရိပ်များ
http://blog.irrawaddy.org/2013/04/blog-post_9090.html

အကျင့်သင်တန်းက မဆိုစလောက်ဆိုပေမယ့်၊ နောက်ပိုင်း ဖလူးစခန်းကျသွားတော့၊ ကျနော်တို့လည်း စခန်းမှာ အသစ်ရောက်လာတဲ့ လူသစ်တွေနဲ့အတူ
ဦးကြူလှိုင်နဲ့ ကိုစိုးလွင်တို့ ဦးစီးသင်ကြားပေးတဲ့ အခြေခံစစ်သင်တန်းကို တလခွဲကြာ တက်ရောက်ခဲ့ရတဲ့ အခါမှာ အတော်လေး အထောက်အကူဖြစ်ခဲ့တယ်။
(ဒီသင်တန်းအကြောင်း ကျနော့် ဆရာများ ၂ မှာ  အကျယ်ရေးပါမယ်)

ကျနော်တို့ သင်တန်းဆင်းပြီးတဲ့နောက်၊ တပ်မဟာ (၆) ဒေသထဲမှာ လှုပ်ရှားနေရင်း၊ ၁၉၉၀ လောက်မှာ အကျင်တို့နဲ့ ကျနော်တို့ကြား သဘောထား ကွဲမှုတွေရှိလာခဲ့တယ်။
နောက်ပိုင်းမှာ အဆက်အသွယ်ပါ ပြတ်သွားပါတယ်။ ကျနော်တို့လည်း ၁၉၉၂ ခုနှစ်မှာ ထွီဖါးဝီးကျိုး စစ်ပွဲအတွက် စစ်ကူလာရင်း၊ စစ်ပွဲပြီးသွားပေမယ့် တပ်မဟာ (၆)ကို မပြန်ဖြစ်တော့ဘဲ၊ ဒေါင်းဂွင်မှာ အခြေချဖြစ်ခဲ့တယ်။ ဒေါင်းဂွင်ကျသွားတော့လည်း အဆင်ပြေသလို၊ နေရာတွေ ရွှေ့ပြောင်းရင်း ၂၀၀၀ ပြည့်နှစ်မှာတော့ ကျနော်လည်း ABSDF မှာ မရှိတော့ဘူး။

၂၀၁၃ ခုနှစ် ဇူလိုင်လထဲမှာ ကျနော်ဘောလုံးကန်ရင်း ခြေထောက်အရိုးအက်သွားမှ Facebook ပေါ်မှာ ကျနော့်ပုံကိုတွေ့လိုက်တဲ့ အကျင်က ကျနော့်ကို တကူးတက ဆက်သွယ်လာပါတယ်။
အကျင်နဲ့ ကျနော်အဆက်အသွယ်ပြန်ရတော့ အကျင်က သမီး ၃ ယောက် သားတယောက်နဲ့၊ သြစတေးလျမှာ အခြေကျနေပါပြီ။
ခေါင်းတခေါင်းလုံးလည်း ဖြူဖွေးနေပြီ။ မိသားစုအတွက် တာဝန်ယူရင်း၊ ၀ါသနာပါတဲ့ ဂီတနဲ့ လူမှုရေးလုပ်ငန်းတွေ၊ ရံပုံငွေပွဲ တွေမှာ လိုက်လံ ကူညီနေတယ်လို့ ပြောတယ်။

တချိန်က ကျနော်တို့နဲ့ အကျင်တို့ကြား ဘယ်လိုပဋိပက္ခတွေရှိခဲ့ပေမယ့်၊ ကျနော်နဲ့ ပြန်အဆက်အသွယ်ရတော့ အကျင်က ကျနော့်ကို အရင်လိုပဲ၊ ရဲဘော်ရဲဘက်တယောက်လို၊ ညီရင်းအကိုတယောက်လို ဆက်ဆံပါတယ်။ သူအလုပ်အားတဲ့အချိန်၊ (ကျနော်ကလည်း ခြေထောက်ဒဏ်ရာရထားတော့ ကွန်ပျူတာရှေ့တချိန်လုံးရှိနေ) Facebook ပေါ်ကနေ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ၊ အတိတ်ကို သတိတရရှိကြနဲ့ပေါ့။
ကျနော့်စာတွေ ဖတ်ပြီး အကျင်က အရင်ကအကြောင်းလေးတွေ တတ်နိုင်သလောက် ပြန်ရေးဖို့လည်း အားပေးပါတယ်။

အရင်က ပြသနာတွေအပေါ် ပြန်ပြောကြပေမယ့်၊ ဒီတခါမှာတော့ တဖက်ကို တဖက် အပြစ်ပုံချတဲ့ သဘော၊ နာကျည်းတဲ့သဘော မဟုတ်တော့ဘူး။ ဖြစ်ခဲ့တာတွေအတွက် သင်ခန်းစာတွေယူ၊ ဘာကြောင့်ဖြစ်ခဲ့တာလို့ အေးအေးဆေးဆေး သုံးသပ်နိုင်တဲ့ အနေအထားမျိုးဖြစ်သွားပြီ။

ဘာဘဲဖြစ်ဖြစ် အကျင်ဟာ ကျနော်တို့ တောထဲစရောက်ကာစမှာ မရှိမဖြစ် သိထား၊ တတ်ထားသင့်တဲ့ စစ်ပညာတစိတ်တပိုင်းကို သူသိထားသလောက်၊ အပင်ပန်းခံ သင်ပေးခဲ့တဲ့ လက်ဦးဆရာတယောက်ပါပဲ။

ဟန်ပိုင် ~

ဒီဆောင်းပါး အပါအ၀င် ဟန်ပိုင်ရဲ့စာစုများကို http://blog.irrawaddy.org/search/label/Han%20Pai မှာ ဖတ်ရှုနိုင်ပါတယ်။
 

 




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...