Tuesday, October 8, 2013

ပုဂံခေတ်က တပ်မတော် (၄) ရပ်


Saturday, February 17. 2007

ခေတ်အဆက်ဆက်ကနေခုချိန်အထိ နိုင်ငံအသီးသီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်ဆိုပြီး တပ်မတော် ၃ ရပ်သာရှိလေ့ရှိကြပေမယ့် ပုဂံခေတ်က ရှေးမြန်မာ့တပ်မတော်မှာ ကြည်း၊ ရေ၊ လေ၊ မြေအောက်ဆိုပြီး တပ်မတော် ၄ ရပ်ရှိတယ်လို့ယူဆစရာပါပဲ....

ကျန်စစ်သားဟာ အရည်အချင်းကို မမီနိုင်လို့မနာလိုသူများရဲ့ ကုန်းချောစကားကြောင့် အကြောင်း သိ သော်လည်းအများအားကိုမလွန်ဆန်သာတဲ့ အနော်ရထာမင်းမြတ်ရဲ့ဟန်ဆောင်အမျက် ကို ရှောင်ရှားရင်း နန်းတော်က ထွက်ပြေးနေရစဉ်မှာ ထန်းတက်ကျွမ်းကျင်လွန်းသူငထွေးရူး၊ ရေကူး ကျွမ်းကျင်လွန်းသူ ညောင်ဦးဖီးနှင့် မြေတူးရေသွယ်လယ်စိုက်ကျွမ်းကျင်လှသူငလုံးလက်ဖယ် တို့ကိုတွေ့ရှိအကျွမ်းဝင်ခဲ့ ပါတယ်။ သည်လူတွေနဲ့ကျန်စစ်သားဟာ သူ့ခေတ်နဲ့သူ တပ်မတော် ၄ ရပ်ရအောင်ဖွဲ့နိုင်ခဲ့တဲ့ သူ့ရဲ့ စိတ်ကူးစိတ်သန်းဟာ အံ့မခန်းပါပဲ။

မွန်တို့ဌာနီသထုံပြည်ကိုဂျွမ်းစစ်သည်တို့လာတိုက်စဉ်က မြင်းသည်ကောင်း ၄ ဦးစေလွှတ်စစ်ကူပေးစဉ်က ဂျွမ်းစစ်သည်လေးသိန်းတပ်ပျက်ပြီး ထွက်ပြေးရလောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ သူတို့လေးဦးကို သမိုင်းမှာမော်ကွန်းတင်ခဲ့ရပါတယ်။ ဂျွမ်းစစ်သည်တို့ရဲ့ မှတ်ချက်က စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မြန်မာစစ်သားတွေဟာလူယောင်ဖန်ဆင်းထားသော နတ်ဘီလူးများဖြစ်နိုင်ပါတယ်။ သူတို့ဟာ မိုးပေါ်ကလည်းကျလာတယ်။ ရေထဲကလည်းတက်လာတယ်။ မြေကြီးထဲကလည်းဖောက်ထွက် လာပါတယ်တဲ့။

သည်စကားကိုစိတ်ဝင်စားလွန်းလို့ မွန်ပြည်နယ် ဘီးလင်း၊ သထုံဘက်ရောက်တုန်းပတ်ဝန်းကျင်ကို လေ့လာမိတော့ များလိုက်တဲ့ တွင်းတွေ ဥမင်လိုဏ်ခေါင်းတွေ...တအံ့တသြကိုတွေ့လိုက်ရပါတယ်။ ငလုံးလက်ဖယ်ရဲ့လက်ချက်လို့တွေးထင်စဉ်းစားမိလိုက်ပါတယ်။မြေအောက်လိုဏ်တူးစစ်တပ်လို့စိတ်ထဲက ကင်ပွန်းတပ်လိုက်မိပါတယ်။

မိုးပေါ်ကကျလာတယ်လို့ထင်ရတဲ့စစ်သားများကတော့ ငထွေးရူးရဲ့ စစ်သည်များဖြစ်ပါလိမ့်မယ်။ ပင်စည် လုံးချောထန်းပင်ကိုတောင် ထန်းတက်ကျွမ်းလွန်းတော့ တခြားသစ်ပင်လောက်ကတော့ အေးဆေးပေါ့။ လေတပ်လို့သတ်မှတ်နိုင်လောက်အောင်ကိုယ့်ကျွမ်းကျင်မှုကိုခေတ်နဲ့အညီအသုံးချနိုင်တဲ့ စစ်သည်တွေ လို့သတ်မှတ်လိုက်မိပါတယ်။

အပြောကျယ်လွန်းလှတဲ့ဧရာဝတီမြစ်ကိုတောင် အခေါက်ခေါက်အခါခါဖြတ်ကူးနိုင်တဲ့ ညောင်ဦးဖီးရဲ့ အဖွဲ့သားများဟာ တခြားမြစ်ချောင်းများကို မှုစရာတောင်မလိုတာကို စဉ်းစားစရာမလိုဘဲသိနိုင်ပါတယ်။ သူတို့ကတော့ ပုဂံခေတ်ရဲ့ ရေတပ်သားများပါပဲ။

ကျန်စစ်သားကတော့သည်ပွဲရဲ့စစ်သူကြီးပါပဲ။ သူ့ရဲ့သေနင်္ဂဗျူဟာကလျှို့ဝှက်နက်နဲကောင်းမွန်လွန်း ပါတယ်။ ရန်သူအ၀ိုင်းခံနေရတဲ့မြို့ထဲကိုသူ့ရဲ့စစ်တပ်ကြီးနဲ့လာလို့ဘယ်ရပါ့မလဲ။ ရန်သူရဲ့ထောက်လှမ်း ရေးတပ်ကို ကိုယ့်တပ်အကြောင်းပေးသိလို့ဘယ်ဖြစ်ပါ့မလဲလေ။ သည်တော့တောထဲမှာတပ်ကိုဝှက်ထား ခဲ့ပြီးစစ်သည်လေးဦးသာလွှတ်လိုက်လေဟန်ရန်သူတပ်ကိုအသိပေးလိုက်တာပါ။သည်တော့ဂျွမ်းစစ်သည် တွေက ဗမာစစ်ကူကိုလျှော့တွက်ပြီပေါ့။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်နဲ့ညောင်ဦးဖီးတို့ မွန်နန်းတွင်းကို ၀င်ရောက်အကြောင်းကြားနေစဉ်မှာကျန်ရစ်သူတပ်မှူးများကစစ်တိုက်ဖို့နေရာအကွက် အကွင်း၊ရန်သူ့အခြေအနေတို့ကိုကောင်းကောင်းကြီးစုံစမ်းအကွက်ချပြီးနေလောက်ပါပြီ။ကျန်စစ်သားရဲ့ ကြည်းတပ်ကတော့ ကျန်တဲ့ရေတပ်၊ လေတပ်၊ မြေအောက်တပ်တို့နဲ့အချိတ်အဆက်မိမိ ရန်သူကိုတိုက်ခိုက်နိုင်ခဲ့လို့ ဂျွမ်းစစ်သည်တို့နားမလည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ ကမ္ဘာ့သမိုင်းမှာ ပုဂံခေတ်ဟာ မြန်မာ့သမိုင်းတလျှောက်အတောက်ပဆုံးခေတ်ရယ်လို့ မှတ်ယူရလောက် အောင် အောင်မြင်ခဲ့ပါတယ်။


(ကြိုက်လို.သိမ်းထားတဲ့အဟောင်းလေးထဲကရှာတွေ.လို. ပြန်တင်လိုက်တယ် မူရင်းရေးသူဘယ်သူလဲတောင်မသိတော့ဘူး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...